← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

မီးတုတ်ကို မြှောက်လိုက်ပြီးနောက် မုန့်ချီက ကျောက်တုံးအခန်းထဲကို နောက်တစ်ကြိမ် စေ့စေ့စပ်စပ် ရှာ‌ဖွေကြည့်ခဲ့သည်။ သို့သော် မည်သည့်ကိုမျှမတွေ့ခဲ့ရပေ။ သူကိုယ်တိုင်က ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏ စိတ်ဝိညာဉ်ကျင့်စဉ် တစ်ခုကို ရရှိခဲ့သော်လည်း ထိုအရာက သုံး၍မရနိုင်သော သိုင်းကွက်တစ်ခုသာ ဖြစ်နေခဲ့သည်။ သို့သော် သူကတော့ ကျေနပ်‌သည်ထက်ပင် ပိုနေခဲ့၏။

အပြန်လမ်းတွင် သူ၏ရှာဖွေတွေ့ရှိမှုများကို တခြားသူများနှင့် မျှဝေသင့်မသင့် စဉ်းစားနေခဲ့သည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် အများစုကတော့ တစ်ယောက်တည်း လျှို့ဝှက်ထားမည်ဖြစ်ပြီး နောက်ဆုံးအခြေအနေမှသာ ထိုသိုင်းကွက်ကို သုံး၍ သူတို့၏အသက်ကို ကယ်တင်ကြမည် ဖြစ်သည်။

ထိုအရာက တရားမျှတပြီး သူတို့ကလည်း နားလည်ပေးနိုင်မည် ဖြစ်၏။ သို့သော် သူတို့က သံသရာတာဝန်ကို အတူတကွ ပြီးဆုံးအောင်လုပ်ရန် လိုအပ်နေသေးသည်။ သူတို့ကို အသိပေးလိုက်မည်ဆိုလျှင်လည်း သူတို့၏ပတ်သက်မှုကို မြှင့်တင်ပေးနိုင်မည် မဟုတ်ပေ။

ထို့ပြင် မုန့်ချီတွေ့ခဲ့သည်မှာ စိတ်ဝိညာဉ်လွှဲပြောင်းမှုသာ ဖြစ်၏။ သူတို့က ယူချင်လျှင်ပင် လုယူ၍ ရနိုင်မည်မဟုတ်ပေ။ မည်သို့ဖြစ်စေကာမူ သူကိုယ်တိုင်ကလည်း သုံးမရသော သိုင်းကွက်ကိုသာ ရရှိခဲ့ခြင်းဖြစ်၏။ အကယ်၍ အနာဂတ်တွင် သူတို့ထဲမှ တစ်ယောက်ယောက်ကသာ သစ္စာဖောက် ဖြစ်သွားခဲ့မည်ဆိုလျှင် ရန်သူက သူတို့၏ သိုင်းပညာများအားလုံးကို သိသွားနိုင်သည်။

မုန့်ချီ ပြန်လာသည်ကို မြင်သည့်အခါ အချိန်အတော်ကြာ တိတ်ဆိတ်နေသော ချီကျန်းရန်က မေးလိုက်၏။

"ညီလေးကျန်းတင် ရန်သူ တွေ့ခဲ့လား..."

ကျန်းယွင်ရှန်နှင့် ကျန်းကျိဝေတို့က မျက်လုံးမှိတ်နေကြပြီး သူတို့၏ ချီစွမ်းအင်များကို လှည့်ပတ်နိုင်အောင် ကြိုးစားနေကြသည်။ သူတို့ကတော့ စကားပြောရန် စိတ်ဝင်စားပုံ မရချေ။

ခဏကြာ စဉ်းစားနေပြီးနောက် မုန့်ချီက ဆုံးဖြတ်ချက်ချလိုက်၏။

"ကျွန်တော်က ဘာအန္တရာယ်မှ မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ နံရံပေါ်မှာ အနတ္တကျိန်စာဖျက်ဓားသိုင်းရဲ့ ပထမ ဓားသိုင်းကွက်ကိုတော့ တွေ့ခဲ့ရတယ်…"

သူက ရရှိခဲ့သော စိတ်ဝိညာဉ်လွှဲပြောင်းမှုကို တစ်ယောက်တည်း လျှို့ဝှက်ထားရန် ဆုံးဖြတ်ထားခဲ့သော်လည်း သူတို့၏ယုံကြည်မှုကို ရရှိရန်အတွက် သတင်းကို မျှဝေပေးရန် စဉ်းစားခဲ့သည်။ ထိုအရာက နောက်ပိုင်းသံသရာတာဝန်များတွင် အချင်းချင်း ယုံကြည်မှုကို ပို၍ခိုင်မာစေနိုင်၏။

"အနတ္တကျိန်စာဖျက် ဓားသိုင်းပညာလား..."

ကျန်းကျိဝေက အလွန်အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး အနည်းငယ် မျက်လုံးပြူးသွားခဲ့သည်။ သူမ၏အမူအရာကို ကြည့်ရသည်မှာ ဟန်ဆောင်နေခြင်း မဟုတ်ချေ။

သူကတော့ သိုင်းလောက၏ သဘာဝအတိုင်း ရိုးရှင်းစွာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သူတို့၏အ‌ဖော်များကတော့ ပဋိပက္ခဖြစ်မှုကို ကာကွယ်ရန်အတွက် တခြားလူများ ရှာတွေ့သည့်အရာများကို မမေးသင့်ပေ၏။ မုန့်ချီ၏ ရိုးသားဖြူစင်မှုကြောင့် သူမက အံ့ဩသွားခဲ့ခြင်းဖြစ်၏။

ကျန်းယွင်ရှန်နှင့် ချီကျန်းရန်တို့ကလည်း မုန့်ချီကို အလွန်အံ့အားသင့်စွာ ကြည့်နေမိကြသည်။

"ဟုတ်တယ်..။ ဒါပေမဲ့ မပြည့်စုံတဲ့ ပထမ သိုင်းကွက် ဖြစ်နေတယ်…"

သူတို့က အလွန်အံ့သြနေသည်ကို မြင်သည့်အခါ သူက ခေါင်းညိတ်ပြလိုက်သည်။ ထိုအရာက သူလိုချင်နေသော အကျိုးသက်ရောက်မှုမျိုးဖြစ်၏။

"သုံးမရတဲ့ သိုင်းကွက်ဆိုလည်း ကိစ္စမရှိပါဘူး..။ လဲလို့ရတဲ့ စာရင်းထဲမှာ ပြည့်စုံတဲ့သိုင်းကွက်ကို မြင်မိသေးတယ်။ ရထားတာက ပိုပြီးတော့ ပြည့်စုံလေလေ လိုအပ်တဲ့ ကံကြမ္မာအမှတ်က ပိုပြီးတော့ နည်းလေလေပဲ။ အနိမ့်ဆုံး အဆင့်ကတော့ မူလတန်ဖိုးရဲ့ (၁၀)ရာခိုင်နှုန်းလောက် လျော့သွားနိုင်တယ်…"

ကျန်းကျိဝေက ပြုံးလိုက်သည်။

"ကိုရင်လေး...

တစ်ယောက်တည်း ရှာတွေ့တဲ့အရာကို ငါတို့သိအောင် မပြောသင့်ဘူးလေ။ လူတိုင်းမှာ လျှို့ဝှက်ချက်တွေ ရှိတာပဲ။ ငါ့မှာရှိနေသလို အစ်ကိုကြီးကျန်းနှင့် အစ်ကိုချီတို့မှာလည်း ရှိတယ်…"

"သုံးမရတဲ့ သိုင်းကွက်ကို ပြည့်စုံအောင် လုပ်လို့ရတာလား…."

မုန့်ချီက ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။

တိတ်ဆိတ်ငြိမ်သတ်ခြင်းခုတ်ချက်နှင့် ပတ်သက်၍ သူ၏နားလည်မှုများက အတော်လေးကိုပြည့်စုံသည်။ ထို့ကြောင့် သူက ထိုအရာကို နားလည်ရန် ကံကြမ္မာအမှတ် အမြောက်အများ သုံးရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူက အတော်လေးကို ဝမ်းသာသွားခဲ့၏။

သူက ရယ်ကာမောကာနှင့် ပြောလိုက်သည်။

"ငါတို့အားလုံးက သေရေးရှင်ရေး အခြေအနေကို အတူတူ ဖြတ်ကျော်လာခဲ့တာပဲ။ အနာဂတ်မှာလည်း သေချာပေါက် အတူတူလုပ်ဆောင်ကြရဦးမယ်။ တကယ်လို့ ငါကသာ ဒီဓားသိုင်းကွက်ကို လျှို့ဝှက်ထားလိုက်မယ်ဆိုရင် အနာဂတ် အစီအစဉ်တွေ သတ်မှတ်တဲ့အချိန်မှာ ငါ့ရဲ့အစွမ်းအပေါ် အလွယ်တကူ မှားယွင်းတွက်ချက်မိနိုင်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက သုံးမရတဲ့သိုင်းကွက် ဖြစ်ပေမဲ့ အဆင်ပြေပါတယ်…"

သူကတော့ နှစ်ဦးနှစ်ဖက် အခြေအနေကို သေချာရှင်းပြလိုက်သည်။ အဓိကအချက်ကတော့ လူတိုင်း၏အသိအမှတ်ပြုမှုကို ရရှိရန် ဖြစ်၏။

"ကိုရင်လေး...

အဲဒါက တကယ်ပဲ မလိုအပ်ဘူးလေ..။ တကယ်လို့ ငါတို့ရဲ့အစွမ်းအပေါ် တွက်ချက်စေချင်တယ်ဆိုရင်တောင် ကိုယ့်ဆီမှာရှိတဲ့ လျှို့ဝှက်သိုင်းကွက်တွေကိုတော့ ပြောပြဖို့မလိုဘူး…"

ကျန်းကျိဝေက အပြုံး‌နှင့်ပြောလိုက်သည်။

သူမက လိုအပ်သည်ဟု မတွေးသော်လည်း မုန့်ချီ၏ ရိုးသားမှုကြောင့် အလွန်ကျေနပ်သွားခဲ့၏။ အနည်းဆုံးတော့ မုန့်ချီက သူတို့ကို အစစ်အမှန် မိတ်ဆွေအဖြစ် သတ်မှတ်ထားခဲ့သည်။

မုန့်ချီက မှင်တက်သွားခဲ့၏။

"ငါက အဲဒီလိုမျိုး‌ မတွေးမိခဲ့ဘူး... "

ကျန်းကျိဝေက ရယ်လိုက်သည်။

ကျန်းယွင်ရှန်ကလည်း မနေနိုင်တော့ဘဲ တိုးတိုးလေး ရယ်လိုက်မိပြီး ခေါင်းခါလိုက်မိ၏။

"ညီလေးကျန်းတင် …

မင်းက ငါတို့နဲ့အတူရှိနေသေးတာတောင် အတော်လေး ကံကောင်းနေပြီ။ တကယ်လို့ ငါတို့မှာသာ ကောက်ကျစ်တဲ့ အတွေးမျိုး ရှိနေမယ်ဆိုရင် မင်းက အနတ္တကျိန်စာဖြတ်ဓားသိုင်းပညာကြောင့် အကုန်လုံးကို ဆုံးရှုံးရလိမ့်မယ်။ မင်းက အရမ်းကို ငယ်သေးတော့ သိုင်းလောက အတွေ့အကြုံတွေ မရှိသေးဘူးပဲ…”

သူ၏အကြည့်က နွေးထွေးနေပြီး အပြုံးက လှိုက်လှဲလွန်းလှသည်။ ယခု သူက မုန့်ချီကို ပို၍သဘောကျသွားပုံရသည်။

ချီကျန်းရန်ကလည်း အလွန်ရိုးသားသော မုန့်ချီကို ခေါင်းညိတ်၍ ပြောလိုက်၏။

"တစ်ခါတစ်လေ မင်းရဲ့အဖော်တွေကသာ မင်းရဲ့လျှို့ဝှက်သိုင်းကွက်တွေကို ကြိုသိနေမယ်ဆိုရင် ရန်သူနဲ့ရင်ဆိုင်တဲ့အချိန် သူတို့က တည်ငြိမ်နေလိမ့်မယ်။ အဲဒါက ရန်သူကို သတိထားမိသွားစေနိုင်ပြီး အလစ်ချောင်းတိုက်ခိုက်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားရလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ရည်ရွယ်ချက်က ရိုးသားပေမဲ့ တချို့အရာတွေကိုတော့ လျှို့ဝှက်ထားလိုက်ပါ…"

ထို့ကြောင့်လည်း သူက သတ်ဖြတ်ရေး ဓားပျံနှစ်ချောင်းကို မည်သူ့ကိုမျှ မပြောဘဲ တစ်ယောက်တည်း သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ ထိုအချက်အလက်များကို ဝေမျှလိုက်ပြီးနောက် လူတိုင်းက ပို၍ရင်းနှီးလာသလို ခံစားနေရ၏။

"အစ်ကိုချီက ဒဏ်ရာရပြီးနောက် တော်တော်လေးကို စကားများလာတာပဲ…"

မုန့်ချီက စနောက်၍ ပြောလိုက်ပြန်သည်။

ထို့နောက် ချီကျန်းရန်က မျက်နှာမပျက်ခင် ခေါင်းစဉ်ပြောင်း၍ ပြောလိုက်၏။

"အဲဒီမှာ တံခါးတစ်ချပ်လည်း ရှိတယ်။ အဲဒီတံခါးပေါ်မှာတော့ သစ္စာရှိပြီး သနားကြင်နာတတ်တဲ့သူတွေ မဝင်ရ...လို့ ရေးထားတယ်…"

သူက တွေ့ခဲ့သော အရာအားလုံးကို ပြောပြလိုက်သည်။ သူလည်း သူတို့ဆီမှ သဲလွန်စများ ရရှိနိုင်ချေရှိမရှိ သိချင်နေခဲ့၏။

………………..

ဒိုအာချာက အောက်ဘက်ကို သေချာကြည့်နေခဲ့သည်။ သူက သစ်တောထဲတွင် ကျန်နေခဲ့သော ခြေရာလက်ရာများကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်၏။

"မင်းတို့တွေက ပုန်းနေချင်သေးတာပဲ…"

မုန့်ချီနှင့် တခြားသူများ ကျန်နေခဲ့သည့် ခြေရာလက်ရာများအတိုင်း လိုက်လာခဲ့သည့်အတွက် ဒိုအာချာက သိပ်မကြာခင် ဧရာမအနီရောင် ကျောက်တုံးကြီး၏ အရှေ့ကို ရောက်လာခဲ့သည်။

"ဟမ်...”

ခြေရာလက်ရာများ ပျောက်ကွယ်သွားကြောင်း နားလည်လိုက်သည့်အတွက် သူက ပတ်ပတ်လည်ကို သတိထား၍ ကြည့်လိုက်မိ၏။ သူ၏ ခန္ဓာကိုယ်ကလည်း လှုပ်ရှားနေပြီး ပုခုံးမှနေ၍ ချွေးများ ကျဆင်းနေခဲ့သည်။ သူက အကောင်းဆုံး အခြေအနေမရှိသည်မှာ သေချာနေ၏။

သူက ပတ်ပတ်လည်သို့ လှည့်ကြည့်ပြီး မည်သူ့ကိုမျှ မတွေ့သည့်အချိန်တွင် ဒိုအာချာက စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူတို့က ပျံသန်းသွား၍မရသလို မြေလျှိုးသွား၍လည်း မရနိုင်ပေ။ သူတို့က မည်ကဲ့သို့ ထွက်သွားခဲ့ကြသနည်း။

သူတို့က ဤနေရာတွင် ခြေရာလက်ရာများကို ဖျက်ဆီးပစ်လိုက်ခြင်းပေလော။ ဒိုအာချာက အရှေ့အနောက် ပြန်လျှောက်နေပြီး ကျန်ရှိနေသော ခြေရာလက်ရာများကို စစ်ဆေးကြည့်လိုက်ရာ ဧရာမအနီရောင်ကျောက်တုံးကြီး၏ အနောက်တွင် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ တချို့ကတော့ တောင်နံရံ၏ ရှေ့တွင် ရပ်သွားခဲ့၏။

သူက ခဏကြာ တိတ်တဆိတ် စဉ်းစားနေပြီး ဧရာမကျောက်တုံးကြီး၏ အနောက်ကို လျှောက်သွားကြည့်ခဲ့သည်။ ထို့နောက် လက်နှင့် လိုက်စမ်းကြည့်နေပြီး လျှို့ဝှက်ယန္တရားတစ်ခု ရှိမရှိ ရှာဖွေကြည့်နေခဲ့၏။

တခြားလူများကို အရူးလုပ်၍ ရသော်လည်း သူ့လို သိုင်းလောက ထိပ်သီးပညာရှင် တစ်ယောက်ကို မည်သို့အရူးလုပ်၍ ရနိုင်မည်နည်း။ ထိုအရာက လျှို့ဝှက်လမ်းကြောင်းတစ်ခု မဟုတ်ပေလော။

ကျန်ရှိနေသော ခြေရာလက်ရာများက အလွန်ထင်ရှားလွန်းလှသည်။ ထို့ကြောင့် ထိုလူငယ်များက တောင်ထိပ်ပေါ်မှ ထွက်သွားရန် မဖြစ်နိုင်ပေ။ သူတို့ကို ကြည့်ရသည်မှာ သိုင်းလောက လူသစ်များကဲ့လို့ ထင်မှတ်ရ၏။ သို့သော် ထိုလူသစ်များက အမှန်တကယ်ကို အစွမ်းထက်လွန်းလှသည်။

…………….

"သစ္စာရှိပြီး သနားကြင်နာတတ်တဲ့လူတွေက တံခါးထဲကို မဝင်ရ ဟုတ်လား ငါက အဲဒီ စကားမျိုးကို လုံးဝမကြားဖူးဘူး…"

ကျန်းယွင်ရှန်က အလေးအနက် စဉ်းစားနေရင်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

သူက ထိုစကားများ ပြောလိုက်သည့်အချိန်တွင် အသံတစ်ခုကို ကြားလိုက်ရသည့်အတွက် လှည့်ကြည့်လိုက်၏။ ထိုအချိန်တွင် အမာရွတ်များ ပြည့်နေသော ဒိုအာချာက အပြင်ဘက်တွင် တိတ်တဆိတ် ရပ်နေကြောင်း တွေ့လိုက်ရ၏။ သူက လျှို့ဝှက်တံခါး ပြည့်ပြည့်ဝဝ ပွင့်လာမည့်အချိန်ကို စောင့်နေခြင်းဖြစ်၏။

"သူက ဘယ်လိုရှာတွေ့သွားတာလဲ…"

မုန့်ချီက ထိတ်လန့်သွားခဲ့သည်။

ချီကျန်းရန်ကလည်း အလွန်အံ့ဩသွားခဲ့ပြီး သူ့ကိုယ်သူ အပြစ်တင်နေခဲ့၏။

"ငါက ခြေရာလက်ရာတွေကို ရှင်းဖို့ မေ့သွားတယ်…"

ကောင်းကင်ပေါ်တွင် မိုးကြိုးလျှပ်စီးကြောင်းများ တိုက်ခတ်လာပြီး မုန်တိုင်းများ ထွက်ပေါ်လာခဲ့သည့် အချိန်တွင် သူနှင့် မုန့်ချီတို့ကတော့ ပုန်းကွယ်ရန် နေရာတစ်ခုကို ရှာဖွေရန်အတွက် အလုပ်များနေခဲ့ခြင်း ဖြစ်သည်။ သူတို့က ထိုကဲ့သို့ အတွေ့အကြုံမျိုး လုံးဝမရှိသည့်အတွက် ခြေရာလက်ရာများကို ရှင်းပစ်ရန် မေ့လျော့သွားခဲ့သည်။

ချီကျန်းရန်၏ စကားကို ကြားသည့်အခါ မုန့်ချီက မျက်နှာပျက်သွားခဲ့သည်။ ထိုအရာက သူတို့၏ လုပ်ရပ်ကြောင့်ပေလော။ သူကတော့ လက်မလျှော့နိုင်သေးပေ။ မုန့်ချီက ဝင်ပေါက်တံခါး ပြည့်ပြည့်ဝဝ ပွင့်မလာသေးခင် တံခါးဆီသို့ ပြေးဝင်သွားခဲ့၏။ သူက ယန္တရားကို ပိတ်ရန် ကြိုးစားလိုက်သည်။

သူက ဖြည်းညင်းစွာ ကပ်လာသော ဒိုအာချာကိုကြည့်ပြီး မည်သို့တားဆီးရမည် ဖြစ်ကြောင်း စဉ်းစားနေခဲ့၏။

“သူက ပုခုံးကစပြီး ဘယ်လက်တစ်ဖက်လုံးကို ဆုံးရှုံးသွားခဲ့ပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အရိုးဖြူတွေတောင် ထွက်နေတယ်။ တစ်ကိုယ်လုံးလည်း တုန်နေတယ်။ သူက ဆိုးဆိုးရွားရွား ဒဏ်ရာရနေတာပဲ ဖြစ်မယ်။ ဒါကြောင့် သူ့ဆီမှာ စွမ်းအားများများ မကျန်လောက်ဘူး…”

မုန့်ချီက ယန္တရားကို ထိလိုက်ပြီး ဒိုအာချာ၏ အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

ဒိုအာချာက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လေလှိုင်းများ တိုက်ခတ်လာသည့်အတွက် ရှေ့သွားရန် ကြိုးစားနေသော မုန့်ချီက အနောက်သို့ လွင့်သွားခဲ့သည်။ ဝင်ပေါက်ကိုတော့ မပိတ်နိုင်ခဲ့ပေ။ မုန့်ချီက ရင်ဘတ်နှင့် ဗိုက်တွင် ဒဏ်ရာရသွားခဲ့ပြီး အသက်ရှူရန်ပင် ခက်ခဲသွားခဲ့၏။

ထို့ကြောင့် သူ့အကြံကို ချက်ချင်း ပြောင်းလိုက်ရသည်။ အကယ်၍ ဒိုအာချာဆီ၌ စွမ်းအားများများ မကျန်လျှင်ပင် သူနှင့် ချီကျန်းရန်တို့က ဒိုအာချာ၏ ပြိုင်ဘက် မဟုတ်နိုင်ပေ။ သူတို့က မည်သို့လုပ်ရမည်နည်း။

သူ၏ အစွမ်းထက်ဆုံး သိုင်းကွက်ဖြစ်သော အနတ္တကျိန်စာဖျက် ဓားသိုင်းကွက်ကလည်း မပြည့်စုံသော သိုင်းကွက်တစ်ခုသာ ဖြစ်နေသည်။ မပြည့်စုံသော သိုင်းကွက်ဟူသည်မှာ လိုအပ်ချက် ရှိနေသောကြောင့် ဖြစ်သည်။ သူက အစောပိုင်းအဆင့်များကို ပြည့်ပြည့်ဝဝ နားလည်နိင်မှသာ ပြီးပြည့်စုံသော ဓားသိုင်းကွက်ကို လုပ်ဆောင်နိုင်မည်ဖြစ်၏။ သူက ဒိုအာချာကို ခြောက်လှန့်ရန် ကြိုးစား၍ကော ရမည်လော။

“ဟုတ်တယ် ။ ဒိုအာချာက ဆိုးဆိုးရွားရွား ဒဏ်ရာရထားတယ်…”

သူက ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် မည်သည့်သိုင်းကွက်မှန်း သေချာမသိဘဲ နောက်ဆုတ်သွားရန် ခက်ခဲသည်။ လက်ရှိအချိန်တွင် သူတို့၏ တာဝန်က ပြီးဆုံးခါနီးနေပြီဖြစ်၏။

မုန့်ချီ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာနေခဲ့သည်။ သိပ်မကြာခင် သူက ဆုံးဖြတ်ချက်ချလိုက်ပြီး လက်ထဲတွင် ဓားကို တင်းတင်းဆုပ်၍ မတ်တပ်ရပ်လိုက်၏။

တံခါးပေါက်က လုံးဝပွင့်သွားသည့်အချိန်တွင် ဒိုအာချာက ချက်ချင်း တိုက်ခိုက်ခြင်းမရှိဘဲ တောင်နံရံဆီသို့ တိတ်တဆိတ် ရောက်လာခဲ့သည်။ သူက စကားတစ်ခွန်းမျှ မပြောသလို သူတို့ကို ဖိအားပေးနေခြင်းလည်း မရှိပေ။

ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့က သူတို့၏ဒဏ်ရာများ ကုသနေခြင်းကို ရပ်တန့်လိုက်ပြီး ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်သည်။ သူတို့ကလည်း သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်ထားကြ၏။

"သေဖို့ အသင့်ပြင်ထားလိုက်တော့..."

ဒိုအာချာက ခြိမ်းခြောက်လိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။

မုန့်ချီကတော့ မပြည့်စုံသော သိုင်းကွက်ကို လှုပ်ရှားပြီး သူ၏ဓားနှင့် ခုခံတိုက်ခိုက်ရန် အသင့်ပြင်ထား၏။ သို့သော် ထိုအချိန်တွင် ဒိုအာချာက ရုတ်တရုတ် အနောက်သို့ ရောက်သွားပြီး အလွန်ကြီးမားသော သစ်ပင်ကြီးကို လက်သီးနှင့် ထိုးလိုက်သည်။

ပြင်းထန်သောလေလှိုင်းများ ကြားထဲတွင် ခေါင်းလောင်းသံကဲ့သို့ ရယ်သံလေးတစ်ခုကိုလည်း ကြားလိုက်ရသည်။ ထို့နောက် သစ်ပင်နောက်မှနေ၍ အဖြူရောင်အရိပ်တစ်ခု ခုန်ထွက်လာပြီး ထိုလက်သီးချက်ကို လှလှပပ ရှောင်တိမ်းလိုက်၏။

ဧရာမသစ်ပင်ကြီးက နှစ်ခြမ်းကွဲသွားပြီး နောက်သို့ လဲကျသွားခဲ့၏။ အဖြူရောင်အရိပ်ကလေးက အနားတွင် ကပ်နေပြီး ထိုအရာကတော့ အလွန်လှပသော မိန်းမပျိုတစ်ယောက် ဖြစ်နေသည်။

"လျှို့ဝှက်လမ်းကြောင်းကို တွေ့ရတာ အလွန်အံ့ဩစရာကောင်းတယ်။ ဒါပေမဲ့ ရှင်က ကျွန်မကို ရှာတွေ့သွားလိမ့်မယ်လို့ ထင်မထားဘူး…"

မိန်းကလေးက ရယ်လိုက်သည်။

"ရှင်က သူတို့အားလုံးကို သတ်ပြီးမှပဲ ကျွန်မက ရှင့်ကို သတ်ဖို့ စဉ်းစားထားတာ…"

မုန့်ချီက ထိုမိန်းကလေးကို ကြည့်ပြီး အံ့ဩသွားခဲ့သည်။

"မိန်းကလေးကျိလား…"

ပုံစံကို ကြည့်ရသည်မှာတော့ ထိုအရာက မိန်းကလေးကျိ ဖြစ်သည်။ မူလတုန်းက မိန်းကလေးကျိက အလွန်လှပသည်ဟု သတ်မှတ်နိုင်သော်လည်း သူမ၏ အလှအပ ပြည့်စုံမှု မရှိချေ။ ယခုတော့ အလွန်ထူးခြားလွန်းလှပြီး ပြိုင်ဘက်ကင်း မိန်းမလှလေး တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူမ၏အလှက ကျန်းကျိဝေထက် လျော့ကျနေခြင်း မရှိပေ။

"မိန်းကလေးကျိ ဟုတ်လား...အဲဒီအရူးမ အကြောင်း မပြောနဲ့…"

ထိုမိန်းမပျိုက အပြုံးနှင့် တုန့်ပြန်လိုက်သည်။

"ငါ့နာမည်က ကူရှောင်စန်း…"

"ကူရှောင်စန်း ဟုတ်လား..."

မိန်းကလေးကျိက ထိုနာမည်ကို ပြောခဲ့ဖူးကြောင်း မုန့်ချီက ကြားခဲ့ဖူးသည်။ သူမကလည်း မိန်းကလေးကျိနှင့် တစ်ပုံစံတည်း ဖြစ်နေသည့်အတွက် သူက ထူးဆန်းသလို ခံစားနေရ၏။

သူတို့ စကားပြောနေသည့်အချိန်တွင် ဒိုအာချာက ဆက်၍ တိုက်ခိုက်နေခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ အနက်ရောင်တိမ်တိုက်များ မိုးကြိုးများ လျှပ်စီးကြောင်းများ မရှိဘဲ ပြင်းထန်သော လေလှိုင်းများသာ ထွက်ပေါ်လာနေခဲ့၏။

ကူရှောင်စန်းကတော့ စိုးရိမ်ထိတ်လန့်နေခဲ့ခြင်း မရှိပေ။ သူမ၏ ဝတ်စုံလေးက လေထဲတွင် လှုပ်ရှားကခုန်နေသကဲ့သို့ ထင်မှတ်ရပြီး မုန့်ချီနှင့်ပင် စကားပြောနေနိုင်သေး၏။

"ကူရှောင်စန်း…တကယ် သူပါပဲလား..."

ကျန်းယွင်ရှန်က အလေးအနက် ရေရွတ်လိုက်မိသည်။

ကျန်းကျိဝေကလည်း နှုတ်ခမ်းကို ကိုက်လိုက်မိပြီး ချီကျန်းရန်ကတော့ အနောက်ကို သတိလက်လွတ် ပြန်ဆုတ်သွားမိ၏။ ကြည့်ရသည်မှာ ကူရှောင်စန်းက အတော်လေး နာမည်ကျော်ကြားပုံရသည်။

ကူရှောင်စန်းကတော့ အနည်းငယ်ဆီ ခုခံနေရင်း ရယ်မောကာ ပြောလိုက်၏။

"တပ်မှူး …

ရှင်သာ နောက်တစ်ကြိမ် တိုက်ခိုက်မယ်ဆိုရင် ကျွန်မက ထပ်ပြီးတော့ ထိန်ချန်မနေတော့ဘူး။ ရှင်က သူတို့ကို အရင်သတ်ပြီးမှ ကျွန်မက ရှင့်ကို သတ်မယ်လေ။ ဘယ်လိုလဲ…"

"မင်း… မင်းနဲ့ သူတို့က တစ်ဖွဲ့တည်း မဟုတ်ဘူးလား…"

ဒိုအာချာက နှာ‌ခေါင်းရှုံ့လိုက်ပြီး ပို၍ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်သည်။

“တကယ်လို့ ရှင်ကသာ ဒဏ်ရာ မရထားရင် ကျွန်မနှစ်ယောက် ပေါင်းရင်တောင် ရှင့်ကို အနိုင်မတိုက်နိုင်ဘူး။ ဒါပေမဲ့ ရှင့်ရဲ့ဘယ်မျက်လုံးက ကန်းနေပြီး ခေါင်းကိုလည်း ဓားနဲ့ တိုက်ခိုက်ခံထားရတယ်။ ပြီးတော့ ဆရာတော်ရှင်းကျိရဲ့ လက်ဝါးနဲ့လည်း အရိုက်ခံထားရတယ်။ ရှင့်မှာ စွမ်းအား ဘယ်လောက်ကျန်မှာလဲ။ (၃၀) ရာခိုင်နှုန်းလား.. (၂၀) ရာခိုင်နှုန်းလား.. ဒါမှမဟုတ် (၁ဝ)ရာခိုင်နှုန်းလား…"

ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်ပြီး ဒိုအာချာ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေခဲ့သည်။

"ဒီလိုဆိုရင်တောင် နင့်ကိုတော့ သတ်နိုင်သေးတယ်…"

ဒိုအာချာက အလွန်ကြောက်စရာကောင်းစွာ တိုက်ခိုက်နေရင်း ရုတ်တရက် ဦးတည်ချက်ပြောင်း၍ သစ်တော၏ အပြင်ဘက်သို့ ပျံသန်းသွားခဲ့သည်။

"ဘာလဲ ထွက်ပြေးချင်နေတာလား…"

သူက အမှန်တကယ်ကို ရက်စက်ကြမ်းကြုတ်သော လူရိုင်းတစ်ယောက် ဖြစ်သည်။ ကူရှောင်စန်းကတော့ ဝိညာဉ်တစ်ကောင် ၊ နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေပြီး သူမက ဒိုအာချာ၏ရှေ့တွင် အလွယ်တကူ ရင်ဆိုင်နိုင်နေသည်။

ထိုအချိန်တွင် သူမက ဒိုအာချာ၏ ရှေ့တွင် ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်၍ လက်ညှိုးနှင့် လက်ခလယ်ကို ဓားတိုတစ်ချောင်းပုံစံဖန်တီး၍ ဒိုအာချာ၏ မျက်ခုံးကြား အလယ်တည့်တည့်ကို ချိန်လိုက်သည်။

တစ်ချိန်တည်းတွင် သူမက တစ်စုံတစ်ခုကို ရေရွတ်နေခဲ့၏။ ထိုအချိန်တွင် အသံတစ်ခုကိုသာ တီးတိုးကြားနေရသည်။

"သာမန်ကမ္ဘာကြီးဆိုတာက အကျဉ်းထောင်တစ်ခုလိုပဲ ။ သက်ရှိတွေအားလုံးက ခံစားနေကြရတာ ။ ပြန်လည်ဝင်စားခြင်းသံသရာက လုံးဝ အဆုံးမရှိဘူး။ လူတွေအပေါ် သနားညှာတာပေးဖို့အတွက် နတ်ဘုရားတွေက ငါတို့ကို တာဝန်ပေးထားတယ်...

အဂတိသခင်မ ...

လေဟာနယ်မြို့တော်…”

Translated by Hein Htet

All Chapters