← Chapters

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း (၄၂)

Vol. 3 Ch. 42

“အဂတိသခင်မ …

လေဟာနယ်မြို့တော်…”

ဒိုအာချာ၏ နားထဲတွင် အသံတိုးတိုးက ပဲ့တင်ထပ်လာပြီး အဖြူရောင် လက်ညှိုးလေးများက သူ့ကို ထိုးနေကြောင်း မြင်လိုက်ရသည်။ တခဏအတွင်း သူ၏စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသလို ခံစားလိုက်ရသည် ။

အခြေအနေက တဖြည်းဖြည်း ဆိုးရွားလာကြောင်း နားလည်သွားသည့်အချိန်တွင် သူ၏ ပုံသဏ္ဍာန်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး လက်ညှိုးကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

သူ၏ ပတ်ပတ်လည်တွင် ရှိနေသော လေထုကလည်း လေးလံလာပြီး တစ်လွှာပြီး တစ်လွှာ ပျက်စီးလာခဲ့၏။ ထိုအရာက အလွန်ကြီးမားသော ဝဲကတော့ကြီးတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ဝဲကတော့ထဲသို့ ဆွဲခေါ်ခံလိုက်ရပြီး လက်ညှိုး၏ ထိုးစိုက်ခြင်းကို ခံလိုက်ရသည်။

ကူရှောင်စန်းက သူမ၏လက်ညှိုးကို ဆန့်ထုတ်လိုက်သည့်အချိန်တွင် ဒိုအာချာက စိတ်ဝိညာဉ်ကင်းမဲ့သွားကြောင်း တခြားလူများအားလုံးကလည်း တွေ့လိုက်ရ၏။ သူကတော့ ရှောင်တိမ်းရမည့်အစား အိမ်ပြန်ချင်နေသော ကလေးတစ်ယောက်ကဲ့သို့ သူမဆီသို့ ရောက်လာခဲ့သည်။

"ဒါက အမှောင်ကျင့်စဉ်တွေလား…"

မုန့်ချီက အလွန်ထူးဆန်းသော မြင်ကွင်းကိုကြည့်ပြီး အံ့ဩမှင်တက်နေခဲ့သည်။

လက်ညှိုးက ဒိုအာချာ၏ မျက်လုံးကြားထဲတွင် ကျရောက်နေခဲ့ပြီးနောက် ကူရှောင်စန်းက အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။

"အဂတိ သခင်မ ….

လေဟာနယ် မြို့တော်…"

ထိုစကားတစ်ခွန်းကြောင့် သူတို့က ကြက်သီးမွေးညင်းများ ထသလို ခံစားလိုက်ရသည်။

ဒိုအာချာကတော့ ကျေနပ်စွာ ပြုံးနေပြီး သူမ၏အနောက်မှနေ၍ လိုက်ရွတ်နေခဲ့၏။

"အဂတိသခင်မ … လေဟာနယ်မြို့တော်…"

ထိုအချိန်တွင် ဖောင်းကားနေသော သူ၏ခန္ဓာကိုယ်က လျင်မြန်စွာ ကြုံ့လာခဲ့၏။ သူ၏ အရေပြားနှင့် ကြွက်သားများကလည်း ပြောင်းလဲလာခဲ့သည်။ မျက်ခုံးကြားထဲတွင် သွေးရောင်များ စုလာပြီး ကူရှောင်စန်း၏ လက်ညှိုးနှင့် လက်ခလယ်ဆီသို့ စီးဝင်သွားခဲ့၏။

ထိုအချိန်တွင် သူမ၏အဖြူရောင်မျက်နှာလေးက တောက်ပလာပြီး ရွှေမှုန်များ ကြဲထားသလို ထင်မှတ်ရသည်။

"အဂတိ သခင်မ … လေဟာနယ်မြို့တော်…"

ဒိုအာချာက မြေပေါ်တွင် တိုးတိုးလေး ရွတ်ဆိုနေပြီး သူ့အသံက တဖြည်းဖြည်း တိုးသွားခဲ့၏ ။

ကူရှောင်စန်းက ညာလက်ကို ရုပ်သိမ်းလိုက်ပြီး မုန့်ချီနှင့် တခြားလူများကို လှည့်ကြည့်လိုက်သည်။ အစောပိုင်း သူမ၏အမူအရာများနှင့် ယှဉ်လိုက်လျှင် ယခုသူမက ပို၍လန်းဆန်းတက်ကြွနေခဲ့၏။ သူမက အလွန်လှပလွန်းသည့်အတွက် တခြားလူများကပင် နိမ့်ကျသွားသလို ခံစားလိုက်ရသည်။

"တကယ်လို့ အရင်တစ်ခေါက် ငါ့ရဲ့ရှုံးနိမ့်မှုကြောင့်သာ မဟုတ်ရင် ငါက ကံကြမ္မာအမှတ်တွေကို ဆုံးရှုံးရမှာ မဟုတ်ဘူး။ ဒါဆိုရင် ငါကိုယ်တိုင်လည်း လှုပ်ရှားရမှာ မဟုတ်ဘူး။ ဒါပေမယ့် လူတစ်ယောက်ကို သတ်ဖို့တော့ ငါ့မှာ အစွမ်းရှိနေသေးတယ် … "

ကူရှောင်စန်းက သစ်ကိုင်းလေးတစ်ကိုင်းကို ချိုးလိုက်ပြီး ဝင်ပေါက်ဆီသို့ အပြုံးနှင့် လျှောက်လာခဲ့သည်။

"တပ်မှူးကို အဂတိလက်ညှိုးနဲ့ တိုက်ခိုက်လိုက်ပြီဆိုတော့ သူက လေဟာနယ်မြို့တော်ကိုပြန်ဖို့ အချိန်ပေးရဦးမယ်။ ဒီအချိန်က တိုပေမယ့် လူတစ်ယောက်ကို သတ်ဖို့ လုံလောက်ပါတယ်…"

သူမကတော့ အလွန်ရှုပ်‌ထွေးနေသော တခြားလူများကိုကြည့်ပြီး သစ်ကိုင်းလေးကို ဝှေ့ယမ်းပြလိုက်သည်။

"တော်တော်လေးကို အံ့ဩစရာကောင်းတဲ့ ကံကြမ္မာတစ်ခုပဲ။ တကယ်လို့ ကျရှုံးမသွားဘူးဆိုရင် ငါက အခုချိန်ထိ အဲဒီနေရာမှာ ဘာမှမတတ်တဲ့ လူတစ်ယောက်လို ဆက်ဆံခံနေရမှာ…”

“နင်တို့တွေထဲမှာ ငါက ဘယ်သူ့ကို အရင်ဆုံး သတ်သင့်လဲ။ တော်တော်လေးတော့ ခက်တာပဲ။ ဘာကြောင့် နင်တို့ကိုယ်တိုင် မရွေးချယ်ရတာလဲ။ ငါက နင်တို့ရွေးတဲ့ တစ်ယောက်ကို အရင်ဆုံး သတ်ပေးမယ်။ ကျန်တဲ့လူတွေကတော့ ကိုယ့်လမ်းကို သွားလို့ရပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ပြန်ရောက်ရင် နောက်တစ်ကြိမ် ထပ်တွေ့မှာမှ မဟုတ်တော့တာ…"

သူမက ပါးကို လက်ညှိုးနှင့်ထောက်ပြီး မျက်မှောင်ကြုတ်နေမိ၏။

ထိုမေးခွန်းက အတော်လေး ပြဿနာများလွန်းလှသည်။ အကယ်၍ ဤနေရာ၌ တစ်စုံတစ်ယောက်သာ ရှိနေမည်ဆိုလျှင် သူက သေချာပေါက် ထွက်လာပြီး ထိုမိန်းမလှလေးကို ဖျော်ဖြေပေးပါလိမ့်မည်။

မုန့်ချီ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့၏။ ထို့ပြင် သူတို့၏ စိတ်ထဲတွင်တော့ ရှင်းလင်းနေပြီး ထိုမိန်းကလေး၏ သွေးဆောင်မှုကို ပါသွားခဲ့ခြင်း မရှိချေ။ သူတို့အားလုံးက ဝင်ပေါက်ရှေ့တွင် မတ်တပ်ရပ်နေပြီး တန်ပြန်တိုက်ခိုက်ရန် ကြိုးစားနေကြ၏။

ကူရှောင်စန်းက သူတို့ကိုကြည့်ပြီး ပြုံးလိုက်သည်။

"နင်တို့က ရွေးဖို့ ခက်နေတာလား။ ဟူး... ဟုတ်ပါတယ်လေ။ ဟွမ်ဟွာဓားဂိုဏ်းက သာမန်တပည့်တစ်ယောက်ကို သတ်တာက ဘာမှအသုံးမဝင်ဘူး။ ငါ့ရဲ့လက်မှာသွေးစွန်းပြီး ကံကြမ္မာအမှတ်တွေ ကုန်တာပဲရှိမယ်…"

ချီကျန်းရန်က မျက်နှာပျက်နေသည် ။ ထိုအရာက ရန်စကားဖြစ်ကြောင်းသိနေသော်လည်း သူက ဒေါသထွက်နေခဲ့၏။ ဘာကြောင့် သူက သူမထက် နိမ့်ကျနေရသနည်း။

ထို့နောက် သူမက ကျန်းယွင်ရှန်ကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ကျန်းဝူဂိုဏ်းမှာရှိတဲ့ လူငယ်လက်ရွေးစင်(၃)ယောက်ထဲက တစ်ယောက်….

တကယ်လို့ ငါသာ နင့်ကို သတ်လိုက်မယ်ဆိုရင် ကျန်းဝူဂိုဏထဲမှာ သေချာပေါက် အတွင်းရေး ပဋိပက္ခတွေ ဖြစ်သွားနိုင်တယ်…"

ကျန်းယွင်ရှန်က သူမကိုစိုက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ငါတို့ရဲ့အကြီးအကဲတွေက ဘာမှအတွေးအခေါ်မရှိတဲ့လူတွေလို့ နင့်လိုစုန်းမက ထင်နေတာလား…"

"နင်ပြောတာလည်း မှန်ပါတယ်…"

သူမက ဝမ်းသာစွာ ခေါင်းညိတ်ပြလိုက်သည်။

"အဆင့်အတန်းခွဲခြားမှုတွေက အခြေအနေတွေ ဘယ်လိုဆက်ဖြစ်လာမယ်ဆိုတာကို ငါမသိဘူး ။ ဒီတော့ ငါက အဖိုးတန်တဲ့ ကံကြမ္မာအမှတ်ကို ကျန်းဝူဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေနဲ့ အလဲအလှယ် မလုပ်ချင်ဘူး။ ဒီလူသတ်မှုကို သူတို့အပေါ် အပြစ်ပုံချဖို့ ဆိုတာက တော်တော်လေး ခက်တယ်…”

“တကယ်လို့ ငါက အတွင်းရေး ပဋိပက္ခတွေ မဖြစ်စေဘဲ နင့်ကို သတ်ပစ်လိုက်ရမယ်ဆိုရင် ငါရဲ့ကံကြမ္မာအမှတ်တွေ အလကား ဆုံးရှုံးရလိမ့်မယ်။ ကျန်းဝူဂိုဏ်းထဲမှာ ရန်ဟယ်နဲ့ ယောင်ညီအစ်ကိုတွေ ရှိနေသေးတယ်။ သူတို့အားလုံးက သိုင်းပညာအရရော စွမ်းရည်အရပါ နင့်ထက် ပိုပြီးတော့ ထူးချွန်ကြတယ်။ နင်ကတော့ အခုချိန်ထိ ကျန်းဝူလက်ဝါး(၇)ချက်နဲ့ ထိုက်ကျိသိုင်းပညာ အနှစ်သာရကိုတောင် နားမလည်နိုင်သေးဘူးလေ။ နင်က တခြားလူတွေထက် ပိုပြီးတည်ငြိမ်နေလို့သာ အကြီးအကဲတွေက နင့်ကို အရေးပေးနေတာ…"

သူမက ရယ်သံလေးနှင့် သူတို့၏အားနည်းချက်များကို တည့်တည့်ထိုးနှက်နေခဲ့သည်။

ကျန်းယွင်ရှန်က ရယ်လိုက်၏။

"သိုင်းပညာနဲ့ ပတ်သက်ပြီး ငါ့ရဲ့နားလည်မှုတွေက တကယ်ပဲ ငါ့ဂိုဏ်းက လူတွေကထက် နိမ့်တယ် ။ ဒါကလည်း ကံကြမ္မာပဲလေ။ ကောင်းကင်ဘုံက ငါ့ရဲ့အားနည်းချက်တွေကို တခြားအရာနဲ့ ဖြည့်ဆည်းပေးထားတာပဲ။ ငါက ဘာလို့မကျေမနပ် ဖြစ်နေရမှာလဲ။ ငါသာ ဝိရိယ စိုက်ထုတ်ပြီး ကြိုးစားလိုက်မယ်ဆိုရင် ဘာလို့မျှော်လင့်ချက်မရှိရမှာလဲ…"

ကူရှောင်စန်းက သူ့ကို စကားလုံးနှင့် ထိုးနှက်ချင်နေမှန်း သိသည့်အတွက် ကျန်းယွင်ရှန်ကလည်း သူမနှင့်အတူ လိုက်ပါစီးမျောပေးနေခြင်းဖြစ်သည်။ သူက စကားကို အချိန်ဆွဲ၍ ပြောနေခဲ့၏။ ဒိုအာချာ သေသွားသည့်အတွက် အရာအားလုံးက အဆင်ပြေသွားမည်သာ ဖြစ်သည်။

ကူရှောင်စန်းက အံ့ဩမှင်တက်သွားပြီး အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမက တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။

"နင်ပြောတဲ့စကားတွေကို ကြားလိုက်ရတဲ့အချိန်မှာ ငါက နင့်ကို တကယ်ပဲ သတ်ပစ်ချင်တယ်…"

ထို့နောက် သူမက ဟန်ဆောင်၍ ပြုံးလိုက်ပြီး ကျန်းကျိဝေကို လှည့်ကြည့်လိုက်၏။

"မိန်းကလေးကျန်းကတော့ လူငယ်တွေထဲမှာ အလားအလာ အကောင်းဆုံး ပညာရှင်တစ်ယောက်လို့ ကြားဖူးတယ်။ ပြီးတော့ အနာဂတ်မှာ သေချာပေါက် နာမည်ကျော် ဓားသမားတစ်ယောက် ဖြစ်လာနိုင်တယ်။ ငါက နင့်နဲ့တွေ့ချင်နေပြီး နင့်ကို သတ်ပစ်ချင်နေတာ ။ အခုတော့ အခွင့်အရေးတစ်ခုရှိနေပြီ ထင်တယ်…"

ကျန်းကျိဝေကတော့ သူမ၏စကားကြောင့် ဒေါသထွက်နေခြင်း မရှိသလို စိုးရိမ်နေခဲ့ခြင်းလည်း မရှိချေ။ သူမက တည်ငြိမ်စွာ ပြောလိုက်၏။

"တကယ်လို့ အဲဒီလိုအခွင့်အရေးရှိနေလား သိချင်ရင် ငါ့ရဲ့ဓားကို မေးကြည့်လိုက်လေ..”

အနည်းငယ်လေးပင် ကြောက်လန့်သွားခြင်း မရှိသော ကျန်းကျိဝေကိုကြည့်ပြီး ကူရှောင်စန်းက မျက်မှောင်ကြုတ်လိုက်သည်။

"နင့်ဆီမှာ အနန္တဓားကိုသုံးဖို့ စွမ်းအား ရှိသေးလို့လား။ နင်က ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေတာလေ။ အဲဒါမဖြစ်နိုင်ဘူး။ နင်က ကောင်းကင်နတ်ဆိုး သတ်ဖြတ်ရေးကျင့်စဉ်လို အသေခံသိုင်းကွက်တစ်ခုကို လဲထားတာလား.."

သူမကတော့ စိတ်ထဲတွင် အမှန်တကယ် ရှုပ်ထွေးနေခဲ့သည်။

"နင်ကိုယ်တိုင်စမ်းကြည့်ရင် သိမှာပဲလေ…"

ကျန်းကျိဝေက ပြုံးရုံလေး ပြုံးလိုက်၏။ သူမ၏ဖြူဖပ်ဖြူရော်မျက်နှာလေးက အတော်လေး ဆွဲဆောင်မှုရှိနေသည်။

ကူရှောင်စန်းကတော့ သူမနှင့် စကားပြောနေခြင်းကို ရပ်လိုက်ပြီး မုန့်ချီကိုကြည့်၍ အပြုံးနှင့် ပြောလိုက်သည်။

"သခင် …

ရှင်က ကျွန်မအသတ်ချင်ဆုံးလူတစ်ယောက်ပဲ…"

ထိုစကားကြောင့် မုန့်ချီက လုံးဝနားမလည်နိုင်သလို ခံစားလိုက်ရသည်။ ချီကျန်းရန်နှင့် ယှဉ်လိုက်မည်ဆိုလျှင်ပင် သူက ပိုပြီးနိမ့်ကျ၏။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် အားအနည်းဆုံး လူတစ်ယောက်ဖြစ်နေသည်။

မုန့်ချီကို စိုက်ကြည့်နေရင်း သူမ၏မျက်နှာလေးက အနည်းငယ်နီရဲလာခဲ့၏။

"မိန်းကလေးကျိက နင့်ကို တော်တော်လေးသဘောကျနေတာထင်တယ်…"

"ဒါက ဘယ်လိုအကြောင်းပြချက်ကြီးလဲ…"

မုန့်ချီကလည်း စကားပြောပြီး တတ်နိုင်သမျှ အချိန်ဆွဲချင်နေခဲ့သည်။

ထို့နောက် သူမက ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး မြေခွေးတစ်ကောင်ကဲ့သို့ပြုံးလိုက်၏။

"အဲဒါက အကောင်းဆုံးအကြောင်းပြချက်ပဲလေ။ သူသဘောကျတဲ့အရာတိုင်းကို ငါက ဖျက်ဆီးပစ်ချင်နေတာ …”

“သေစမ်း…"

မုန့်ချီ၏ စိတ်ထဲတွင်တော့ ထိုအတွေးတစ်ခုသာ ပေါ်လာခဲ့သည်။

“ဒါကြောင့် စိတ်အေးအေးထားပါ သခင်…အော်မီတော်ဖော်…."

ကူရှောင်စန်းက သစ်ကိုင်းခြောက်လေးကို လွှင့်ပစ်လိုက်ပြီး လက်အုပ်ချီ၍ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ပြောလိုက်၏။

မုန့်ချီက သက်ပြင်းချလိုက်မိစဉ် သူ၏ပတ်ဝန်းကျင်က ပုံရိပ်ယောင်သဖွယ် ပြောင်းလဲသွားသည်။ သူ့မျက်လုံးထဲတွင်တော့ သူမတယောက်တည်းသာ ရှိတော့၏။ သူ၏နှလုံးသားကလည်း သန့်စင်သွားသလို ခံစားလိုက်ရပြီး ဓားကိုမြှောက်၍ သူမကို ချိန်ထားလိုက်၏။

သူမကတော့ အခြားလူများအားလုံးကို လျစ်လျှူရှုလိုက်ပြီး သူ့ဆီကို အပြုံးနှင့် လျှောက်လာနေခဲ့သည်။ ရုတ်တရက်ဆိုသလို ဆူညံသံများအားလုံးက လေဟာနယ်ထဲကို စုပ်ယူခံလိုက်ရသလို ထင်မှတ်ရ၏။ လေသံမိုးသံများကို မကြားရတော့သလို မည်သည့်အသံကိုမျှ မကြားရတော့ပေ။ အရာအားလုံးက တည်ငြိမ်အေးချမ်းနေခဲ့၏။ သူမ၏အပြုံးကလည်း လေထဲတွင် ရပ်တန့်သွားခဲ့သည်။

မုန့်ချီက ဓားကို မြှောက်၍ တိုက်ခိုက်လိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ တည်ငြိမ်မှုက ပျက်စီးသွားသည့်အချိန်တွင် ဆူညံသံများက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ကူရှောင်စန်း၏နားထဲတွင် ကလေးများကို လှမ်းခေါ်နေသော မိခင်များ၏အသံကို ကြားနေရပြီး အတိတ်တွင် ဖြစ်ခဲ့သော ကောင်းခြင်း ဆိုးခြင်းအရာအားလုံးက သူမ၏ခေါင်းထဲတွင် ပြန်ပေါ်လာ၏။

သူမ၏မျက်နှာအမူအရာကလည်း အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ရသည်။ ထိုကိုရင်လေးက ထိုမျှကြောက်စရာကောင်းသော ဓားသိုင်းကို မည်သည့်အချိန်တွင် နားလည်သွားသနည်း။

ကူရှောင်စန်း နောက်ဆုတ်သွားသည်ကိုကြည့်ပြီး မုန့်ချီကတော့ ယန္တရား၏ခလုတ်ကို နှိပ်လိုက်သည်။ သူမက အာရုံပြန်မစိုက်နိုင်သေးခင် သူက ဓားနှင့်အတူ ဝင်ပေါက်ကို ပိတ်လိုက်၏။ ထို့နောက် ဓားကို အနီရောင်ကျောက်တုံး ရှိနေသည့်နေရာသို့ ပစ်လွှတ်လိုက်သည်။

တဖန် သူက အံကြိတ်လိုက်ပြီး အတွင်းထဲတွင် ရှိနေသော ယန္တရားကိုလည်း လက်သီးနှင့်ထိုး၍ ဖျက်စီးလိုက်သည်။

"မင်းဘာလုပ်တာလဲ…"

ချီကျန်းရန်က အံ့အားသင့်စွာ မေးလိုက်သည်။

"ယန္တရားကို ဖျက်ဆီးလိုက်ပြီဆိုတော့ ငါတို့က ထွက်သွားလို့ မရတော့ဘူး။ ဒါပေမယ့် သူလည်း အထဲကို ဝင်လာဖို့ မျှော်လင့်ချက်မရှိတော့ဘူး…"

မုန့်ချီက ထိုင်ချလိုက်ပြီး ကျောက်တုံးနံရံကိုမှီ၍ အားနည်းစွာ အသက်ရှူနေရသည်။

ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်၏။

"ဒိုအာချာ‌ သေသွားပြီဆိုမှတော့ ငါတို့က တိုက်ရိုက်ပြန်သွားလို့ရပြီ။ ဒီနေရာမှာ ပိတ်မိနေရင်လည်း ကိစ္စမရှိဘူး…”

“ဒါက အကြံကောင်းပဲ…"

ကျန်းယွင်ရှန်ကလည်း ပြုံးလိုက်၏။

ချီကျန်းရန်က ဓားနှင့်အတူ ဝင်ပေါက်နားတွင် ရပ်နေပြီး အထဲတွင် ရှိနေသော ယန္တရားက လုံးဝပျက်စီးမသွားမှာကို စိုးရိမ်နေသေးသည်။

ကျန်းကျိဝေက မုန့်ချီကို ကြည့်ပြီး ပြုံးလိုက်၏။

"နင်က တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ရဲ့ အဓိပ္ပာယ်ကို နားလည်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…"

မုန့်ချီက သူ၏ဓားကွက်နှင့် ကူရှောင်စန်းကို ခြောက်လန့်ရန် ဟန်ဆောင်ခဲ့ကြောင်း သူမက သိခဲ့သည်။ ထိုအရာက တံခါးကိုပြန်ပိတ်ရန် သူတို့အတွက် အချိန်ယူလိုက်ခြင်းလည်း ဖြစ်၏။

"လုံးဝပြည့်စုံတာတော့ မဟုတ်သေးဘူး။ တကယ်လို့ နားလည်ချင်တယ်ဆိုရင် နှလုံးကျင့်စဉ်အတိုင်း လေ့ကျင့်ဖို့လည်း လိုအပ်သေးတယ်။ အဲဒါမှပဲ အလုပ်ဖြစ်လိမ့်မယ်…."

မုန့်ချီက သူ၏စွမ်းအားတစ်ချို့ကို ပြန်ရလာပုံပေါ်သည်။ ချီကျန်းရန်က ထိုကဲ့သို့ လှုပ်ရှားမှုအကြောင်းကို အနည်းငယ်လေးသာ သိနေသည်။ ထို့ကြောင့် သူက များများမမေးခဲ့ပေ။

ကျန်းယွင်ရှန်ကတော့ ကျန်းဝူလက်ဝါး(၇)ချက်နှင့် ထိုက်ကျိသိုင်းပညာ၏ အခြေခံကိုပင် နားမလည်နိုင်သေးပေ။ ထို့ကြောင့် သူ၏အသိပညာက အလွန်နည်းပါးလှ၏။ သူကတော့ ဆရာအဘိုး၏ သိုင်းကျမ်းများအတိုင်း လေ့ကျင့်နေခြင်းသာဖြစ်သည်။

ကျန်းကျိဝေက မုန့်ချီကိုကြည့်ပြီး ပြုံးလိုက်၏။ တခြားနှစ်ယောက်က သူတို့ကို ကြည့်မနေသည့်အချိန်တွင် သူမက တိတ်တဆိတ် ရေရွတ်လိုက်သည်။

မုန့်ချီက သူမနှင့်အနီးကပ်ဆုံး ဖြစ်သည့်အတွက် သူမပြောချင်သော စကားကို ချက်ချင်းနားလည်နေ၏။

“ယှဉ်ပြိုင်မှု…..”

………………..

တောင်နံရံ၏ရှေ့တွင် …

ကူရှောင်စန်းကတော့ ပိတ်နေသော ဝင်ပေါက်ကို စိုက်ကြည့်နေမိခဲ့သည်။ သူမက ခေါင်းမော့နေပြီး မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ရှိနေ၏။ ထို့နောက် သူမက ပြန်လှည့်ပြီး သစ်တောထဲမှ ထွက်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူမက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ဒိုအာချာ၏မျက်လုံးများကို မှိတ်ပေးလိုက်၏။

………….

"ကူရှောင်စန်းဆိုတာ ဘယ်သူလဲ…"

မုန့်ချီက ခေါင်းစဉ်ပြောင်းပြီး ထိုမိန်းမပျိုအကြောင်းကို စိတ်ဝင်စားစွာ မေးလိုက်သည်။

ကျန်းယွင်ရှန်က ပြောလိုက်၏။

"မင်းက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ကို သိလား"

“သိတယ်လေ…."

မုန့်ချီက ရွှမ်ရှင်းဆီမှ ကြားခဲ့ဖူးသည်။

ကျန်းယွင်ရှန်က ခေါင်းညိတ်ပြလိုက်၏။

"ကူရှောင်စန်းက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ထဲက လော်အဖွဲ့အစည်းရဲ့ နတ်ဘုရားမပဲ။ သူ့ရဲ့ဂိုဏ်းက အဂတိသခင်မရဲ့နေအိမ်လို့ ပြောလို့ရပြီး ကမ္ဘာကြီးကိုတော့ လေဟာနယ်မြို့တော်အဖြစ် သတ်မှတ်ထားတယ်။ သူတို့ရဲ့ဂိုဏ်းက ကူရှောင်စန်းကို အဂတိသခင်မ ဝင်စားတယ်လို့ သတ်မှတ်ထားကြတာ…”

“ငါတို့အားလုံးက သူ့ကိုသိတယ်လေ ။ သူက (၃)ကြိမ်ကြိမ်တိတိ အဆင့်ကျော် တိုက်ခိုက်နိုင်ခဲ့တယ်။ပြီးတော့ လူငယ်မှတ်တမ်းမှာလဲ အဆင့်(၄) …"

ကျန်းကျိဝေက ပြောလိုက်သည် ။

"လူငယ်မှတ်တမ်းဆိုတာဘာလဲ …မြေပြင်မှတ်တမ်းနဲ့ ကောင်းကင်မှတ်တမ်းဆိုတာကရော ဘာလဲ…"

မုန့်ချီက ထိုအရာများကို သိချင်နေခဲ့သော်လည်း မေးရန် အခွင့်မရခဲ့ပေ။

ကျန်းယွင်ရှန်က‌ တိုးတိုးလေး ရယ်လိုက်၏။

"ကျင်းအင်ပါယာထဲမှာရှိတဲ့ အတော်ဆုံးပညာရှင်တွေကို အဆင့်သတ်မှတ်ထားတယ်လေ။ အဲဒီအဆင့်က လူတွေရဲ့စိတ်ထဲမှာ ယှဉ်ပြိုင်လိုစိတ်ကို လှုံ့ဆော်ပေးနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်စေနိုင်တယ်…”

“မူလစာရင်းတွေကတော့ လော့ရန်မှာပဲ ထိန်းသိမ်းထားတယ်။ လူတိုင်းက ဒီအဆင့်တွေရဲ့ ရည်ရွယ်ချက်ကို သိနေပေမယ့် သိုင်းလောကမှာ ရှိနေတဲ့ လူတွေက ငွေကြေး ၊ ပျော်ရွှင်မှု၊ အရက်နဲ့မိန်းမလှတွေကို စိတ်မဝင်စားဘဲ နေမှာလား။ ပြီးေဉာဏ်အလင်းပွင့်မှုကလွဲရင် သူတို့တွေထဲမှာ ဘယ်သူရော နာမည်ကျော်ကြားမှုကို မလိုချင်ကြလို့လဲ။ ဒါကြောင့် လူတိုင်းက အဲဒီစာရင်းကို စိတ်ဝင်စားနေပြီး မကြာခဏ တိုက်ပွဲတွေဖြစ်နေတာ…."

ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းကင်မှတ်တမ်းမှာ ရှိနေတာက ဓမ္မကာရအဆင့်တွေပဲ ။ အဲဒီမှာ အဆင့်သတ်မှတ်ချက်တွေ ရှိနေပေမယ့် အဲဒီအဆင့်မှာတော့ အများဆုံး (၁၄)ယောက် (၁၅)ယောက်ပဲ ရှိတယ် ။ အခုဆိုရင်တော့ (၇)ယောက်၊ (၈)ယောက်လောက်ပဲ ရှိတော့မယ် ထင်တယ်။ နင်တို့ ကျောင်းထိုင်က အဲဒီမှာ အဆင့်(၃)…”

“မြေပြင်မှတ်တမ်းမှာ ရှိနေတဲ့ လူတွေအားလုံးကတော့ ဓမ္မကာရအဆင့်ကလွဲရင် နာမည်ကျော်ပညာရှင်တွေလို့ သတ်မှတ်နိုင်တယ်။ ပထမဆုံးအယောက်(၂၀၀)က‌တော့ ဝေ့ကျင်းအဆင့် ထိပ်တန်းပညာရှင်တွေလို့ ပြောနိုင်တယ်။ ငါ့ဆရာကတော့ အဲဒီမှာ အဆင့်(၁)ပဲ…"

သူမက ထိုအချက်နှင့်ပတ်သက်ပြီး အနည်းငယ်ဂုဏ်ယူနေပုံရသည်။

"လူငယ်မှတ်တမ်းဆိုတာကတော့ လူငယ်ပညာရှင်တွေကို ရည်ရွယ်တာ။ ဉာဏ်အလင်းပွင့်မှု အဆင့်ဆိုရင် တခြားလူတွေကို အဆင့်ကျော် တိုက်ခိုက်လို့ ရနိုင်တယ်။ တကယ်လို့ နင်က တံခါး(၉)ပေါက် ပွင့်နေပြီ‌ဆိုရင်တော့ အဆင့်ဝင်ဖို့ အခွင့်အရေး မရှိနိုင်တော့ဘူး … "

ကျန်းယွင်ရှန်က ပြောလိုက်သည်။

မု့န်ချီက ကျန်းကျိဝေကို ဆက်မေးရန် ပြင်လိုက်စဉ် နံရံပေါ်၌ မီးခိုရောင်စကားလုံးများ ပေါ်လာခဲ့၏ ။

"တပ်မှူးဒိုအာချာက သေသွားပြီ။ ကူရှောင်စန်းက ကံကြမ္မာအမှတ်(၂၀၀)ရတယ်။ ကျန်းကျိဝေက (၁၀၀)ရတယ် ၊ ကျန်းယွင်ရှန်က (၅၀)ရတယ် ..”

“ဒိုအာချာက သေသွားပြီး ရှောင်လင်ဂိုဏ်းက ကျဆုံးသွားပြီ ပင်မတာဝန်(၂)လည်း ပြီးဆုံးသွားပြီ။ လူတိုင်းက ကံကြမ္မာအမှတ်(၁၀၀)ဆီရတယ်။ အမြန်ပြန်လာခဲ့ကြတော့..."

Translated by Hein Htet.

All Chapters