← Chapters

အခန်း (၄၃)

Vol. 3 Ch. 43

အခန်း (၄၃)

Vol. 3 Ch. 43

"မကြာခင် ပြန်လာခဲ့တော့..."

မီးခိုးရောင်စကားလုံးများ ပေါ်လာသည့်အချိန်တွင် လျှို့ဝှက်လမ်းကြောင်းထဲ၌ ရှိနေသော မီးတုတ်များက အလိုလိုပျောက်ကွယ်သွားပြီး သူတို့က အဖြူရောင်မြေကွက်လပ်ကြီးထဲသို့ နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့ကြသည်။

သူတို့၏လက်ရှိအာရုံနှင့်ပင် မုန့်ချီက သူ၏လက်ဝါးကို မမြင်ရတော့သလို အသံများကိုလည်း မကြားရတော့ပေ။ အလင်းရောင်များ နောက်တစ်ကြိမ် ပြန်ပေါ်လာသည့် အချိန်တွင် အဖြူရောင်မြေကွက်လပ်ကြီးက လူတိုင်း၏ ရှေ့တွင် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့၏။

"ပင်မတာဝန်ပြီးသွားပြီဆိုတော့ မင်းတို့အားလုံးက အခမဲ့ကုသခွင့်ရမယ်…"

အဝေးမှနေ၍ သံသရာအရှင်သခင်၏ အသံကို ကြားလိုက်ရပြီး မုန့်ချီတို့အားလုံးကို အဖြူရောင်အလင်းတန်းများ လွှမ်းခြုံသွားခဲ့သည်။

သူ၏ ဒဏ်ရာများက လှုပ်ရှားလာပြီး အေးစက်သော လေလှိုင်းများက အဆုတ်ထဲသို့ စိမ့်ဝင်လာခဲ့၏။ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများကလည်း အလွန်လျင်မြန်စွာ ပြန်ကောင်းလာနေသည်မှာ သာမန်မျက်လုံးနှင့်ပင် မြင်နေရသည်။

ထန်ရွှန်းကြောင့် ပျက်ဆီးသွားခဲ့သော သံချပ်ဝတ်အင်္ကျီကလည်း ပြန်ကောင်းလာနေခဲ့၏။ သူ၏အရေပြားနှင့် ကြွက်သားများကလည်း မူလတုန်းကကဲ့သို့ သိပ်သည်းသန်မာလာခဲ့သည်။

ကုသသည့် အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် မုန့်ချီက လက်နှစ်ဖက်ကို ဆန့်ထုတ်ကြည့်လိုက်ရာ သူ့ဆီတွင် အဆုံးမဲ့ စွမ်းအားများ ရှိနေသလို ခံစားနေရသည်။

“သံသရာအရှင်သခင်ရဲ့ ကုသမှုသာ မရှိဘူးဆိုရင် ဒဏ်ရာတွေကြောင့် ငါက အနာဂတ်မှာ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်…”

သိပ်မကြာခင်အတောအတွင်း သူက ဖြေဆေးများအကြောင်းကို ရှာဖွေကြည့်ခဲ့ပြီး သံချပ်ဝတ်အင်္ကျီကျင့်စဉ်နှင့် ကျမ်းစာတိုက်၏ ဒုတိယ အထပ်တွင် ရှိနေသော အကာအကွယ်ကျင့်စဉ်များအကြောင်းကို သေချာရှာ‌ဖွေဖတ်ရှုခဲ့သည်။

လူအများစုကတော့ ဒဏ်ရာများ ရှိနေသည့်အတွက် အသက်ကြီးပြီး သေဆုံးသွားကြခြင်းဖြစ်၏။ အနည်းစုကသာ သူတို့၏ အကူအညီနှင့် ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

အဓိကအကြောင်းအရာကတော့ အကာအကွယ်ကျင့်စဉ်ထဲတွင် ပြန်လည်ကုသနိုင်သော နှလုံးကျင့်စဉ်များ နည်းပါးမှုကြောင့် ဖြစ်သည်။ ထို့ပြင် ထိုအရာမျိုးကို အဓိကအလေးထားသည့် လူများကလည်း တိုက်ပွဲတွင် ဒဏ်ရာအနည်းငယ်ရပြီး ပြိုင်ဘက်ကို ကြီးကြီးမားမား ဒဏ်ရာရစေရန် အဓိက ရည်ရွယ်ကြသည်။

သံချပ်ဝတ်အင်္ကျီကျင့်စဉ်က ပျက်စီးသွားပြီးနောက် ဒဏ်ရာအနည်းအငယ်က ပြောပလောက်စရာ မရှိ‌ချေ။ သိပ်မကြာခင် ‌ပြန်ကောင်းလာနိုင်၏။ ထိုအရာက သူတို့၏ အသက်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိသလို စွမ်းအားက လျော့ကျသွားခြင်းလည်း မရှိပေ။ ထိုသို့ဆိုရာတွင် သူတို့၏အသက်က အဖိုးတန်ပြီး တစ်ခါတစ်ရံလည်း အလွန်ပျက်စီးလွယ်သည်။

အကယ်၍ ဒဏ်ရာများ ပြည့်ပြည့်ဝဝ ပြန်ကောင်းလာသည့်အချိန်ထိ စောင့်မနေနိုင်ဘဲ အကြိမ်ကြိမ် တိုက်ခိုက်ရမည်ဆိုလျှင် ဒဏ်ရာအသေးလေးများက တဖြည်းဖြည်း စုစည်းလာပြီး ခန္ဓာကိုယ်ထဲတွင် အတွင်းဒဏ်ရာများအဖြစ် နှစ်ပေါင်းများစွာ ရှိနေပါလိမ့်မည်။ ထိုအရာက ပြုပြင်၍မရနိုင်သော ပြဿနာများ အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်နေစေ၏။

ထို့ကြောင့် မုန့်ချီက သူ၏လက်ရှိတိုက်ခိုက်ရေး နည်းလမ်းများအပေါ် စိုးရိမ်နေခဲ့သည်။ သံသရာအရှင်သခင်၏ အစွမ်းထက်သော ကုသမှု ရှိနေသည်မှာ ကံကောင်းသွား၏။ ထို့ကြောင့် ကုသစွမ်းရည်က ဓမ္မကာရအဆင့် ပညာရှင်များထက်ပင် အဆပေါင်းများစွာ ပို၍အံ့ဩဖွယ် ကောင်းနေသည်။

သူတို့(၄)ယောက်ထဲတွင် သူ၏ဒဏ်ရာများက အပေါ့ပါးဆုံး ဖြစ်၏။ သူက ခြေလက်များကို အကြောလျော့ပြီးသွားသည့်အချိန်တွင် ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကတော့ အဖြူရောင်အလင်းတန်းများ လွှမ်းခြုံနေသေးကြောင်း တွေ့လိုက်ရသည်။

ထို့နောက် သူက လျှို့ဝှက်လမ်းကြောင်း၏အဆုံးတွင် ရှိနေသော ကျောက်တံခါးဆီသို့ သွားခဲ့သည့် အရာများကို ပြန်လည်စဉ်းစားနေခဲ့သည်။

"သစ္စာရှိပြီး သနားကြင်နာတတ်တဲ့သူတွေ မဝင်ရ…။ အဲဒါက ကောင်းတဲ့နေရာတစ်ခုတော့ ဟုတ်မယ်မထင်ဘူး၊ ပင်မကမ္ဘာကြီးထဲမှာရှိတဲ့ လျှို့ဝှက်လမ်းကြောင်းက နတ်ဆိုးနဲ့ တစ္ဆေတွေ ဖိနှိပ်ထားတဲ့နေရာကို ဦးတည်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီနေရာက ဘာလဲ။ အဲဒီနေရာမှာတော့ အဲဒီနတ်ဆိုးတွေ မရှိဘူး…”

မုန့်ချီက သူ၏လက်ရှိအစွမ်းနှင့် ထိုတံခါးကို မဖွင့်သင့်သေးကြောင်း သေချာပေါက် နားလည်‌နေသည်။

မည်သို့ဖြစ်စေကာမူ သူက လက်နှင့် ကိုင်ကြည့်ရုံသာ ရှိသေးသော်လည်း အလွန်နက်ရှိုင်းသော နတ်ဆိုးအကျဉ်းထောင်တစ်ခုထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။ သူ့ကိုယ်သူ ထိန်းထားနိုင်ခဲ့ခြင်း မရှိချေ။

“ငါက ဝေ့ကျင်းအဆင့်ကို ရောက်သွားရင်တော့ အဲဒီကျောက်တံခါးထဲကို ဝင်ကြည့်ရမယ်…"

ခေါင်းထဲတွင် ထိုအကြံပေါ်လာပြီးနောက် သူ့အရှေ့တွင် ရှိနေသော ကျောက်စိမ်းစာရွက်စာရင်းကို ဖွင့်ကြည့်လိုက်သည်။

သူက သံသရာကမ္ဘာထဲရှိ တချို့နေရာများကို တစ်လတိတိ ပြန်သွားနိုင်သော အရာတစ်ခုကို တွေ့လိုက်ရသည်။ သူက ထိုကမ္ဘာထဲတွင် တစ်လနေထိုင်ရန်အတွက် ကံကြမ္မာအမှတ်(၁၀၀) ပေးရမည်ဖြစ်ပြီး ထိုအရာကိုတော့ ပြန်လည်ဝင်စားခြင်း တံဆိပ်ဟုခေါ်သည်။

သူပေးလိုက်သော ကံကြမ္မာအမှတ်က ပို၍များလေလေ ထိုကမ္ဘာကြီးထဲတွင် နေနိုင်သော အချိန်က ပိုကြာလေလေဖြစ်သည်။ သို့သော် ထိုအရာကို လဲလှယ်ရမည့် စာရင်းထဲတွင် မရနိုင်ပေ။ သူက သံသရာတာဝန်များ လုပ်ဆောင်နေစဉ် အတောအတွင်း သို့မဟုတ် တာဝန်ပြီးဆုံးသွားပြီးနောက် ထူးချွန်သည့် အချိန်မျိုးတွင်သာ ရနိုင်သည်။

"တာဝန်သုံးသပ်ချက်...

ကျန်းယွင်ရှန်၊ ကျန်းကျိဝေနဲ့ ချီကျန်းရန်တို့က သာမန်ပဲ ၊ တစ်ယောက်ကို ကံကြမ္မာအမှတ်(၂၀)ဆီ ဆုအဖြစ် ရမယ်။ ကျန်းတင်က တော်တယ်။ သူက ကံကြမ္မာအမှတ်(၃၀)အပြင် မဲနှိုက်ဖို့ အခွင့်အရေးတစ်ခုလည်း ရမယ်။ မဲနှိုက်တဲ့ ပစ္စည်းရဲ့တန်ဖိုးက ဝေ့ကျင်းအဆင့် ပစ္စည်းအထိ သက်ရောက်မှုရှိမယ်…"

ကျန်းကျိဝေနှင့် တခြားသူများ ကုသမှု ပြီးသွားသည့်အချိန်တွင် သံသရာအရှင်သခင်က ကောက်ချက်ချလိုက်သည်။

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။

"ဒါဆိုရင် တာဝန်တွေ လုပ်ဆောင်တဲ့အပြင် လျှို့ဝှက်ချက်တွေကို ရှာဖွေတာကလည်း အရေးပါတဲ့အရာတစ်ခုပဲ…"

"ကံကြမ္မာဖတ် တုတ်တံလား..."

မုန့်ချီက ထိုအရာအသစ်ကို ရခဲ့သည့်အချိန်တွင် ကျန်းကျိဝေကလည်း စိတ်ဝင်တစား လျှောက်လာခဲ့၏။

မုန့်ချီက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့ပြီး လက်နှစ်ဖက်ကို ပွတ်လိုက်သည်။

"ဝေ့ကျင်းအဆင့် ပစ္စည်းတွေတောင် ပါတာလား၊ ဒီပမာဏကတော့ အရမ်းကို ကျယ်ပြန့်သွားပြီ။ တကယ်လို့ ငါသာ လော်ဟန့်လက်သီးသိုင်း ဒါမှမဟုတ် သာမန်သံဓားတစ်ချောင်းပဲ ရမယ်ဆိုရင်တော့ ဒီလိုအခွင့်ကောင်းကို ဖြုန်းတီးမိသလို ဖြစ်တဲ့အတွက် ဝမ်းနည်းမိမှာပဲ …”

မုန့်ချီက မီးခိုးရောင်အိုးတစ်လုံးကို ကိုင်ထားကြောင်း မြင်လိုက်သည့်အခါ ကျန်းကျိဝေက တိုးတိုးရယ်လိုက်သည်။

"ဘာတွေစိုးရိမ်နေတာလဲ။ အေးအေးဆေးဆေးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက မထင်မှတ်ထားတဲ့ ကံတရားတစ်ခုပဲလေ…"

ထိုအိုးက အလွန်နက်ရှိုင်းလွန်းလှပြီး မည်သည့်အရာကိုမျှ မမြင်ရပေ။ ကျန်းယွင်ရှန်နှင့် ချီကျန်းရန်တို့ကလည်း သူတို့အနားကို ရောက်လာကြပြီး အိုးကို စိတ်ဝင်တစား လှုပ်နေသည့် မုန့်ချီကိုစောင့်ကြည့်နေကြသည်။

ကျန်းယွင်ရှန်ကတော့ အပြုံးနှင့် အားပေးလိုက်၏။

"ညီလေးကျန်းတင် …

မင်းက ကိုရင်တစ်ပါးပဲလေ။ ကံကြမ္မာတုတ်တံအိုးကို လှုပ်တာက မင်းတို့လုပ်နေကျအလုပ်ပါပဲ။ ဒီတော့ မင်းက ပစ္စည်းကောင်းတစ်ခု ရမယ်လို့ ထင်တယ်...”

မုန့်ချီက အနည်းငယ်ရှုံမဲ့သွား၏။

"အစ်ကိုကြီးကျန်းက ကျွန်တော့်ကို အထင်ကြီးနေတာပဲ။ ကျွန်တော် လူမှန်းသိတတ်စကတည်းက စပြီး အခုအချိန်ထိ တစ်ခါမှ ကံမကောင်းဖူးသေးဘူး…"

သူက အိုးကိုယူပြီး ပြင်းပြင်းထန်ထန် လှုပ်လိုက်သည်။ ထိုအချိန်၌ အိုး၏အဝတွင် အလင်းကန့်လန့်ကာတစ်ခု ဖုံးလွှမ်းနေပြီး ပစ္စည်းမျိုးစုံက ဆက်တိုက်နေရာ ပြောင်းလဲနေသည်။ သူ၏မျက်လုံးထဲတွင်တော့ ထိုအရာများကို ရှင်းရှင်းလင်းလင်း မြင်ရရန်ခက်ခဲ၏။

အိုးကို ခဏကြာ လှုပ်ရှားနေပြီးနောက် ကျန်းကျိဝေက ခေါင်းခါလိုက်မိသည်။ သူမကလည်း မည့်သည့်အရာကိုမျှ မမြင်ရကြောင်း အချက်ပြလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် သူက အိုးကို နှစ်ကြိမ်တိတိ ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်ရာ သူ့ရှေ့တွင် အဖြူရောင်မီးခိုးငွေ့လေး တစ်ခု ပေါ်လာခဲ့သည်။

အလင်းနှင့် အရိပ်များက တဖြည်းဖြည်း နှေးကွေးသွားခဲ့သည်။ သူက တောက်ပနေသော ဓားရှည်တစ်ချောင်းကို ပထမဆုံး မြင်လိုက်ရသည့်အချိန်တွင် ရင်ထဲ၌ လှုပ်ရှားသွားခဲ့သည်။ ထိုအရာက သန့်စင်လက်နက်တစ်ချောင်းဖြစ်မည်ဟု တွေးခဲ့မိ၏။

သို့သော် ထိုဓားက ဖြည်းညင်းစွာ ကျော်သွားခဲ့ပြီး မီးခိုးရောင်သိုင်းကျမ်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုသိုင်းကျမ်းအပေါ်တွင်တော့ သတ်ဖြတ်ရေးဓားသိုင်း(၁၃)သွယ် ဟုရေးထားသည်ကို တွေ့လိုက်ရ၏။

"ဒါလည်း ကောင်းတာပဲ…"

မုန့်ချီက အလွန်ဝမ်းသာသွားသော်လည်း ထိုသိုင်းကျမ်းက တဖြည်းဖြည်း အိုးထဲတွင် ပြန်ပျောက်သွားပြီး အပြာဖျော့ရောင် ဆေးပုလင်းလေး(၃)လုံး ပေါ်လာခဲ့သည်။

"ဂါနိုဒါးမား စွမ်းအင်ပြန်ဖြည့်ဆေး…"

ထိုဆေးပုလင်းက သူလဲလှယ်ခဲ့ဖူးသော အရာဖြစ်သည့်အတွက် ချီကျန်းရန်က မှတ်မိသွားသည်။

မုန့်ချီကတော့ လေကို တဝကြီး ရှူထုတ်လိုက်၏။ သူက စိတ်ပျက်သွားခြင်းမရှိသလို ဝမ်းသာသွားခြင်းလည်း မရှိပေ။ လက်ရှိအချိန်တွင် ထိုရလဒ်က သူ့အတွက် အတော်လေး မျှတသည်ဟု ဆိုနိုင်၏။ ထိုအရာက သတ်ဖြတ်ရေး ဓားသိုင်း(၁၃)သွယ်နှင့် သန့်စင်လက်နက်တစ်ခုကို မယှဉ်နိုင်သော်လည်း ယခုလို ရနိုင်သည့် အခွင့်အရေးသာ မရှိခဲ့လျှင် ထိုဆေးလုံးကို လဲလှယ်ရန် မဖြစ်မနေ ရွေးချယ်ရမည် ဖြစ်သည်။

ယခုတစ်ကြိမ်တော့ သူက သံသရာအရှင်သခင်ကို အားကိုးပြီး သူ၏စွမ်းရည်များကို မြှင့်တင်လိုခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ သူက ဒန်တျန်ကို ဖွင့်ပြီးသွားပြီ ဖြစ်သည့်အတွက်သူ၏ အုတ်မြစ်က ခိုင်မာမှုမရှိသေးချေ။ အကယ်၍ နောက်တစ်ကြိမ် သုံးလိုက်မည်ဆိုလျှင် မထင်မှတ်ထားသော ပြဿနာများ ဖြစ်လာနိုင်၏။

ထို့ကြောင့် မုန့်ချီက သူ၏ဒန်တျန်ကို နောက်တစ်ကြိမ် အာရုံမစိုက်ခင် ထိုဆေးလုံး၏ အကူအညီနှင့် အဆင့်မြင့်ချီစုဆောင်းရေးအဆင့်ကို အောင်မြင်ရန် ကြိုးစားရမည် ဖြစ်သည်။

ဂါနိုဒါးမားစွမ်းအင်ပြန်ဖြည့်ဆေးကတော့ ချီစုဆောင်းရေးအဆင့်အတွက် အကောင်းဆုံး ဆေးလုံးတစ်လုံး ဖြစ်သည်။ သူက ကုန်ဆုံးသွားသော ချီစွမ်းအင်များကို ပြန်ဖြည့်ပေးနိုင်ပြီး အညစ်အကြေးများလည်း မရှိပေ။ ထို့ပြင် ဆေးလုံးက စုပ်ယူရန် လွယ်ကူပြီး စွမ်းအင်များကို အလွန်လျင်မြန်စွာ ဖြည့်ဆည်းရန် ကူညီပေးနိုင်သည်။

အိုးနှင့် အဖြူရောင်မီးခိုးများ ပျောက်ကွယ်သွားပြီးနောက် အပြာဖျော့ရောင်‌ကြွေပုလင်းလေး(၃)လုံးသာ ကျန်နေခဲ့သည်။ မုန့်ချီက ထိုပုလင်းလေး(၃)လုံးကို ယူလိုက်၏။

ပုလင်းလုံးတစ်လုံးကို ဖွင့်ကြည့်လိုက်ရာ အတွင်းထဲတွင် ကြာပွင့်ကဲ့သို့ ဆေးလုံး(၁၂)လုံးကို မြင်လိုက်ရသည်။ ပုလင်းထဲမှနေ၍ မွှေးပျံ့သောရနံ့တစ်ခု ထွက်လာနေသည့်အတွက် သူလည်း စွမ်းအင်များ ပြည့်နှက်လာသလို ခံစားလိုက်ရ၏။

"တော်တော်ကောင်းတဲ့ ဆေးလုံးတွေပါလား..."

မုန့်ချီက ချီးကျူးလိုက်မိသည်။ ထို့နောက် ပုလင်းကို ပိတ်လိုက်ပြီး အင်္ကျီလက်ထဲတွင် သိမ်းလိုက်သည်။ သူက ချီစုဆောင်းခြင်းအဆင့်ကို မြန်မြန်အောင်မြင်ရန်အတွက် (၅)ရက်ကြာတိုင်း ဆေးလုံးတစ်လုံးသောက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအရာကို မြင်သည့်အခါ ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်၏။

"ကိုရင်လေး …

နင်က ကံကြမ္မာအမှတ်(၃၀) သက်သာသွားပြီ။ အခုနင်က တကယ့်ကို ချမ်းသာသွားပြီပဲ…"

မုန့်ချီက ဂါနိုဒါးမားစွမ်းအင်ပြန်ဖြည့်‌ဆေးကို လဲရန် စဉ်းစားနေကြောင်း သူမက ခန့်မှန်းမိခဲ့သည်။

"ဟုတ်တယ်။ တကယ်လို့ မိန်းကလေးကျန်းက ကံကြမ္မာအမှတ်တွေ နောက်တစ်ကြိမ် ချေးချင်တယ်ဆို ငါ့ကို အများကြီးပြန်ပေးဖို့ မလိုတော့ဘူး…”

မုန့်ချီက စနောက်၍‌ ပြောလိုက်သည်။

ယခုတစ်ကြိမ် သူ၏ သံသရာတာဝန်ထဲတွင် ပင်မတာဝန်(၁)ကို ပြီးဆုံးသည့်အတွက် ကံကြမ္မာအမှတ် (၅၀)၊ မျက်နှာတစ်ရာ လူသတ်သမားကို သတ်ဖြတ်ရာတွင် ပါဝင်မှုအတွက် အမှတ်(၂၀)၊ နယ်လှည့်မျက်လှည့်ဆရာကို သတ်ဖြတ်ခြင်းအတွက် ကံကြမ္မာအမှတ်(၅၀)ရခဲ့သည်။ ဒုတိယတာဝန်ကို ပြီးဆုံးသွားသည့်အတွက် ကံကြမ္မာအမှတ်(၁၀၀)ရခဲ့ပြီး ဆုလက်ဆောင်အဖြစ် ကံကြမ္မာအမှတ်(၃၀)ရခဲ့သည်။ ထို့ကြောင့် သူ့ဆီတွင်ကံကြမ္မာအမှတ် စုစုပေါင်း(၂၅၀)ရှိနေခဲ့၏။

ကျန်းကျိဝေက ရယ်လိုက်သည်။

"ငါက နင့်ထက်ပိုပြီး ကံကြမ္မာအမှတ်များပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က လိုအပ်တယ်ဆိုရင်တောင် ငါက ချေးပေးလို့ရတယ်…"

သူမက ပင်မတာဝန်ပြီးဆုံးသည့်အချိန်တွင် ကံကြမ္မာအမှတ်(၅၀)ရခဲ့ပြီး မျက်နှာတစ်ရာ လူသတ်သမားကို သတ်ဖြတ်ရာတွင် ပါဝင်မှုအတွက် ကံကြမ္မာအမှတ်(၃၀)ရခဲ့သည်။ နယ်လှည့်မျက်လှည့်ဆရာအတွက် ကံကြမ္မာအမှတ် (၂၀) ရပြီး ဒိုအာချာကို သတ်ဖြတ်ခြင်းအတွက် ကံကြမ္မာအမှတ်(၁၀၀)ရခဲ့သည်။ သူမကလည်း ဒုတိယမြောက် ပင်မတာဝန်ကို ပြီးဆုံးခဲ့သည့်အတွက် ကံကြမ္မာအမှတ်(၁၀၀)ရခဲ့ပြီး ဆုလက်ဆောင်အဖြစ် ကံကြမ္မာအမှတ်(၂၀) ရခဲ့သည်။‌ ပြောရလျှင် သူမက ကံကြမ္မာအမှတ် (၃၂၀)ရခဲ့၏။

မုန့်ချီအတွက်ကတော့ စိတ်ဝိညာဉ်လွှဲပြောင်းမှုကလည်း အဖိုးမဖြတ်နိုင်သော အရာတစ်ခု‌ ဖြစ်ကြောင်း စဉ်းစားမိခဲ့သည်။ လက်ရှိအချိန်တွင် သူက ထိုအရာကို သံသရာအရှင်သခင်နှင့် အလဲအလှယ်လုပ်၍မရကြောင်း သိနေ၏။

ကျန်းယွင်ရှန်နှင့် ချီကျန်းရန်တို့ကို ကြည့်ပြီး သူက ပြုံးလိုက်သည်။

"အစ်ကိုကြီးကျန်း၊ အစ်ကိုကြီးချီ...

အစ်ကိုကြီးတို့ နှစ်ယောက်စလုံးကတော့ ကျွန်တော့်ထက်ပိုပြီး ကံကြမ္မာအမှတ်တွေ များမယ်ထင်တယ်…”

ဒဏ်ရာမှ ပြန်ကောင်းလာပြီးနောက် ချီကျန်းရန်ကတော့ မပြုံးမရယ် အနေအထားကို နောက်တစ်ကြိမ် ပြန်ရောက်သွား၏။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ငါက ကံကြမ္မာအမှတ်(၂၆၀)ရတယ်။ နဂိုကျန်နေတဲ့ အမှတ်နဲ့ ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်း(၂၈၀)ရှိတယ်…"

သူက သတ်ဖြတ်ရေးဓားပျံနှစ်ချောင်းကို လဲလှယ်လိုက်ပြီးနောက် ကံကြမ္မာအမှတ်(၂၀) ကျန်‌နေသေးသည်။ သူ၏ပထမဆုံး ပင်မတာဝန်က ကံကြမ္မာအမှတ်(၅၀)၊ မျက်နှာတစ်ရာ လူသတ်သမားကို သတ်ဖြတ်ခြင်းက ကံကြမ္မာအမှတ်(၁၀)၊ နယ်လှည့်မျက်လှည့်ဆရာကို သတ်ဖြတ်ခြင်းအတွက် ကံကြမ္မာအမှတ်(၈၀) ရခဲ့သည်။ ဒုတိယ ပင်မတာဝန်ပြီးဆုံးခြင်းအတွက် ကံကြမ္မာအမှတ်(၁၀၀)ရခဲ့ပြီး ဆုလဘ်အဖြစ် ကံကြမ္မာအမှတ်(၂၀)ရခဲ့၏။

"ကြည့်ရတာ ငါက ကံကြမ္မာအမှတ်အများဆုံး ရတယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ညီမလေးကျန်းဆီက ကံကြမ္မာအမှတ်(၂၀)လည်း ရဦးမယ်…”

ကျန်းယွင်ရှန်က ပြောလိုက်သည်။

“အခု ငါ့ဆီမှာ စုစုပေါင်း (၃၁၀)ရှိတယ်…”

သူ၏ ပင်မတာဝန်အတွက် ကံကြမ္မာအမှတ် (၁၅၀)ရခဲ့သည်။ တခြားအရာများကတော့ သူ၏အဖော်များကဲ့သို့ (၅၀)၊ (၅၀)၊ (၂၀)၊ (၂၀)အသီးသီး ရခဲ့၏။ သူကလည်း ဆုလာဘ်အဖြစ် ကံကြမ္မာအမှတ်(၂၀)ရခဲ့၏။

လူတိုင်းက သူတို့၏ကံကြမ္မာအမှတ်များကို ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီးနောက် ကျန်းယွင်ရှန်က အလေးအနက် ပြောလိုက်၏။

"ငါတို့ လဲသင့်တယ်အရာတွေကို စဉ်းစားကြရအောင်။ ငါတို့က နောက်ထပ် တာဝန်တွေ လုပ်တဲ့အချိန်မျိုးမှာ ဆရာတော်ရှင်းကျိလို လူတွေနဲ့ အမြဲတမ်းတွေ့ရမှာ မဟုတ်ဘူး။ ပြီးတော့ ကူရှောင်စန်းလို ငါတို့ကို နှောင့်ယှက်နိုင်တဲ့လူတွေကိုလည်း တွေ့နိုင်သေးတယ်။ အဲဒီအချိန်ကျရင် ငါတို့က ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာ…"

"ငါကတော့ အရင်ဆုံး နေဖောက်သက်တန့်ဓားကို ပြန်ပြီးပြင်ရမယ်။ မဟုတ်ရင် ငါက ဆရာ့ကို ဘယ်လိုရှင်းပြရမလဲ မသိဘူး…"

ကျန်းကျိဝေက ပြောလိုက်ပြီး သူမ၏ဓားကို လက်နှင့်ပုတ်လိုက်သည်။ ဒိုအာချာ၏ တိုက်ခိုက်မှုကြောင့် သူမ၏ဓားပေါ်တွင် အက်ကွဲကြောင်းငယ်လေးများစွာ ပေါ်လာခဲ့သည်။

မုန့်ချီနှင့် တခြားလူများက ခေါင်းညိတ်ပြလိုက်၏။ သူတို့ကတော့ သူမ၏ ဆုံးဖြတ်ချက်ကို တားဆီးလိုခြင်း မရှိကြပေ။ သူတို့က လဲလှယ်သင့်သည့်အရာများကို ဆွေးနွေးနေသော်လည်း သူတို့ဆီတွင် သီးခြားအမြင်များ ရှိပြီးသား ဖြစ်သည်။ မည်သူ့ကိုမျှ တွန်းအားပေးလိုသော ရည်ရွယ်ချက်မရှိကြပေ။

တစ်ဖက်တွင် ကျန်းကျိဝေက ဓားသမားတစ်ယောက်ဖြစ်သည်။ ဓားကောင်းတစ်လက်က သူမကိုပို၍ အစွမ်းထက်လာစေနိုင်၏။ ထို့ကြောင့် သူမ၏ ဓားကို အရင်ဆုံးပြုပြင်သည်မှာ သေချာပေါက် ပြဿနာမရှိနိုင်ချေ။

"ထန်ရွှန်းကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ငါ့ဓားကလည်း သုံးလို့မရတော့ဘူး။ ဒါပေမဲ့ ငါ့ဓားကတော့ သာမန်သံဓားတစ်ချောင်းပါပဲ။ ငါက အိမ်ပြန်ရောက်ရင် နောက်ထပ် ဓားတစ်ချောင်း ယူလို့ရတယ်…"

ကျန်းယွင်ရှန်က ကျန်းကျိဝေကိုကြည့်ပြီး ပြောလိုက်သည်။

"ညီမလေးကျန်းက ဘာလိုချင်တာလဲ…"

ကျန်းကျိဝေ၏ မျက်နှာလှလှလေးပေါ်တွင် အလင်းရောင်များ တောက်ပသွားပုံရသည်။ သူမက ပြောလိုက်၏။

"အရင်တစ်ခေါက် ကျွန်မက စာရင်းထဲမှာရှိတဲ့ ဓားကျင့်စဉ်တွေကို ရှာကြည့်ခဲ့တယ်။ အဲဒါတွေကိုတော့ လောလောဆယ် မတတ်နိုင်သေးတဲ့အတွက် ခဏချန်ထားဦးမယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုရှိတယ်။ အဲဒါကတော့ ဉာဏ်အလင်းပွင့်မှုအဆင့်မှာရှိတဲ့ ဓားသိုင်းကျမ်း(၂၂)ခုထဲမှာတောင် နံပါတ်(၁)လို့ ပြောလို့ရတယ်…”

“အဲဒီစာအုပ်ထဲမှာတော့ ဂရုဏာဓားသိုင်းကွက်က ကံကြမ္မာအမှတ်(၂၀၀)ပဲ တန်ကြေး ရှိတယ်။ ဂရုဏာမဲ့ ဓားသိုင်းကွက်ကတော့ ကံကြမ္မာအမှတ် (၆၀၀)တောင် မရှိဘူး။ ဒါပေမဲ့ (၂၃)ခုမြောက် ဓားကျင့်စဉ်ကို ရောက်လာရင်တော့ သူက ဝေ့ကျင်းအဆင့် ဓားပညာအထိ တိုးတက်သွားနိုင်တယ်။ သံသရာအရှင်သခင်ရဲ့ စကားအရ အဲဒီအရာကို ရဖို့အတွက် ကံကြမ္မာအမှတ် (၁၀၀၀)ကျော် လိုတယ်…”

“ဒီဓားသိုင်းကျမ်းကိုမြင်တဲ့အချိန်ကျရင် ငါ့ဆရာကလည်း သေချာပေါက် သံသယ ဝင်နေလိမ့်မယ်။ ဒီဓားပညာရဲ့ အရှေ့နဲ့ အ‌နောက်ကြားထဲမှာ အရမ်းကို ကြီးမားတဲ့ အနှစ်သာရ ကွာဟမှုကြီးတွေ ရှိနေနိုင်တယ်…”

ဓားသိုင်းနှင့် ပတ်သက်လာလျှင် သူမက‌တော့ အလွန်ထူးချွန်လွန်းလှသည်။ မည်သူကမျှ သူမကို အထင်မသေးရဲပေ။

"မိန်းက‌လေးကျန်း... အဲဒါက ဘယ်လို ဓားသိုင်းမျိုးလဲ…"

သူမပြောသည့်စကားကို ကြားသည့်အချိန်တွင် မုန့်ချီက တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရပြီး အတော်လေးအံ့သြသွားခဲ့၏။

သူ၏ အမူအရာကို မြင်သည့်အခါ သူက ထိုဓားသိုင်းကျမ်းများကို ဖတ်ပြီးသွားပြီ ဖြစ်ကြောင်း သူမလည်း နားလည်သွားသည်။ ထို့ကြောင့် ခေါင်းညိတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"အဲဒါက နင်စဉ်းစားနေတဲ့အရာပဲ။ အဲဒါက အထွဋ်အမြတ်ဝိညာဉ်ဓားသိုင်းကျမ်းလေ...”

Translated by Hein Htet.

All Chapters