အခန်း (၄၅)
Vol. 3 Ch. 45
အလင်းနှင့်အရိပ်များက လွင့်မျောနေပြီး မီးခိုငွေ့များက မှေးမှိန်စွာ ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းတစ်ခုက မန့်ချီ၏ မျက်ခုံးကြားထဲတွင် လက်ညှိုးနှင့် ထိနေသကဲ့သို့ ပေါ်လာခဲ့၏။
ထိုအချိန်တွင် မုန့်ချီ၏စိတ်ထဲ၌ ခါးသီးမှုများ ပြည့်နှက်နေသော ဘုန်းတော်ကြီးတစ်ပါး နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့၏။ သူက ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်မှာ အလွန်လေးလံသော သံကြိုးတစ်ချောင်းနှင့် ချုပ်နှောင်ခံထားရသလို ဖြစ်နေသည်။ သို့သော် သူ၏ပတ်ပတ်လည်တွင် တည်ငြိမ်အေးချမ်းမှုသာ ရှိနေခဲ့၏။
ဓားအလင်းတန်း တောက်ပလာသည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ သိုင်းကွက်မျိုးစုံကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ လောဘ ၊ ဒေါသနှင့် စွဲလမ်းမှု ၊အချစ် ၊အမုန်းနှင့် ပြောင်းလဲမှုများအားလုံး ထွက်ပေါ်လာပြီး ကမ္ဘာလောကကြီးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဓားခုတ်ချက်နှင့်အတူ မမြင်ရသောသံကြိုးက ပျက်စီးသွားခဲ့၏။ အတားအစီးများအားလုံး ပျက်စီးသွားခဲ့ပြီး အဆုံးမဲ့ပင်လယ်ကြီးတစ်ခုသာ ထွက်ပေါ်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လွင့်မျောနေသော်လည်း ဒဏ်ရာရမှုများ ၊ လောင်ကျွမ်းမှုများကို ခံစားနေရသည်။ သို့သော် သူ့ဆီတွင် ခါးသီးမှုနှင့် ပျော်ရွှင်ဝမ်းသာမှုတို့ နှစ်ခုလုံးရှိနေပြီး နုလုံးသားအသစ်တစ်ခု ပေါ်လာသလို ခံစားလိုက်ရ၏။
မိသားစု၏ပျော်ရွှင်မှု ၊ မေတ္တာတရား၏ နွေးထွေးမှုကို နားလည်လာပြီး မိတ်ဆွေများ၏ သစ္စာရှိမှုနှင့် အောင်မြင်ကျော်ကြားမှုကို သိလာခဲ့သည်။ ထိုခံစားချက်များက တဖြည်းဖြည်း များပြားလာနေပြီး ရပ်တန့်ရန်ပင် ခက်ခဲလာ၏။
ပုံရိပ်ယောင်များ ပျောက်ကွယ်သွားချိန်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို မုန့်ချီ၏ ခေါင်းထဲတွင် ပြည့်ပြည့်ဝဝ နားလည်သွားခဲ့သည်။ သို့သော် သူက ဓားသိုင်းကွက်များကို မှတ်မိနေရုံနှင့် မလုံလောက်သေးပေ။ အကယ်၍ သူကသာ ထိုအရာကို အမှန်တကယ်အသုံးပြုချင်သည်ဆိုလျှင် ခန္ဓာကိုယ်နှင့်စိတ်က တသားတည်း ဖြစ်နေရန် လိုအပ်သည်။ သို့မှသာ အချိန်နေရာမရွေး လွတ်လပ်စွာ အသုံးပြုနိုင်မည်ဖြစ်၏။
ထိုအရာက ပင်မသိုင်းကျမ်းတစ်ခုဖြစ်နေသည့်အတွက် သိုင်းကျမ်းထဲတွင် သိုင်းကွက်များကို အသေးစိတ် မှတ်တမ်းတင်ထားသလို တပည့်များကို သိုင်းကျမ်းဖတ်၍ လေ့ကျင့်ခိုင်းရမည့်အစား ဆရာတစ်ယောက်၏ လမ်းညွှန်မှုနှင့် သင်ကြားပေးတတ်၏။ ထိုအရာက စိတ်ဝိညာဉ်လွှဲပြောင်းခြင်းကဲ့သို့ အကျိုးသက်ရောက်မှုမရှိသည့်အတွက် သိုင်းကွက်များ၏အနှစ်သာရကို နားလည်နိုင်သော တပည့်များက အနည်းငယ်သာ ရှိနေသည်။ တပည့်အများစုကတော့ အသိနှင့် လှုပ်ရှားမူကို တသားတည်း အသုံးချနိုင်ခြင်းမရှိချေ။
မုန့်ချီကတော့ စိတ်ဝိညာဉ်လွှဲပြောင်းမှုကြောင့် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်အပေါ် အနည်းငယ် နားလည်သည်ဟု သတ်မှတ်နိုင်သည်။ သို့သော် သူက ထိုဓားသိုင်းကွက်ကို အမှန်တကယ် အသုံးပြုနိုင်ရန် အချိန်တစ်နှစ်ခွဲခန့် ပေးရန် လိုအပ်၏။ ထိုအရာက သူ၏ကြိုးစားမှုအတွက် တန်ပြန်ရလဒ်လည်း ဖြစ်နိုင်သည်။
သူက ခေါင်းထဲတွင် ဓားသိုင်းကွက်ကို သေချာလေ့ကျင့်ကြည့်နေပြီး အကြိမ်များစွာ အမှတ်ရနေအောင် ကြိုးစားခဲ့သည်။ ထိုအရာကို သေချာမှတ်မိသွားမှသာ မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်၏။
ထိုအချိန်တွင် တိမ်မုန်တိုင်းအပ်ကလည်း သူရှေ့တွင် လွင့်မျောနေပြီး အပ်များကလည်း ပြန်ရောက်နေပြီးသား ဖြစ်သည် ။ ထို့ပြင် ထိုအပ်ကို မည်သို့သုံးရကြောင်း၊ ပစ်လွှတ်လိုက်ပြီးလျှင် အဆိပ်အပ်ကို မည့်သို့ပြန်ယူရကြောင်း လမ်းညွှန်ချက်တစ်ခုလည်း ပါဝင်နေခဲ့၏။
ထို့ပြင် နတ်ဘုရားခြေလှမ်း(၈)သွယ်ထက် တစ်ဆင့်မြင့်သော ကျင့်စဉ်လည်း ရှိနေ၏။ ယခုတော့ ထိုအရာက လျှပ်စီးပြောင်းလဲမှုသိုင်းကျမ်း ဖြစ်သည်။
“အနတ္တကျိန်စာဖြတ်ဓားသိုင်းကျမ်းရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို ပြည့်ပြည့်ဝဝနားလည်ဖို့ ကံကြမ္မာအမှတ် (၁၁၀) ကုန်တယ်…”
“တိမ်မုန်တိုင်းအပ်ကို ပြည့်စုံဖို့အတွက် ကံကြမ္မာအမှတ် (၅၀)ကုန်တယ်။ အထူးသတိပေးချက် - ဒီပုလဲမုန်တိုင်းအပ်ကို တစ်ကြိမ်ပဲ အသုံးပြုလို့ရတယ်။ ဒါကြောင့် အခုအချိန်မှာ အများဆုံး (၂)ကြိမ်ပဲ သုံးလို့ရမယ်။ နောက်တစ်ကြိမ် ထပ်ပြင်မယ်ဆိုရင် ကံကြမ္မာအမှတ်(၄၀၀) လိုအပ်လိမ့်မယ်။ အခုအဲဒါကို ကံကြမ္မာအမှတ် (၃၀၀)နဲ့ လဲနိုင်တယ်။ ပြင်ပြီးသွားရင်တော့ ကံကြမ္မာအမှတ်(၅၀၀)နဲ့ လဲနိုင်တယ်…”
“နတ်ဘုရားခြေလှမ်း(၈)သွယ်က လျှပ်စီးပြောင်းလဲမှုအဖြစ် အဆင့်မြင့်သွားပြီ။ ကံကြမ္မာအမှတ်(၄၀)ကုန်တယ် …”
သံသရာအရှင်သခင်၏ ခံစားချက်ကင်းမဲ့သောလေသံကို ကြားလိုက်ရသည်။
မုန့်ချီက စိတ်ထဲတွင် ကျိန်ဆဲလိုက်မိ၏။ တိမ်မုန်တိုင်းအပ်ကို ပြန်လည်ပြုပြင်ရသည့် ဈေးနှုန်းက အလွန်မြင့်မားလှသည်။
“ငါက အသစ်တစ်ခုနဲ့ လဲတာပဲ ပိုကောင်းတယ်။ ဒီသံသရာအရှင်သခင်က တကယ့်ကို မရိုးသားတာပဲ…”
တစ်ကြိမ်သုံးနိုင်သော တိမ်မုန်တိုင်းအပ်က ကံကြမ္မာအမှတ်(၄၀၀)လိုအပ်သည်။ (၃)ကြိမ်အသုံးပြုနိုင်သော တိမ်မုန်တိုင်းအပ်က ကံကြမ္မာအမှတ်(၈၀၀)လိုအပ်သည်။ အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်သော တိမ်မုန်တိုင်းအပ်ကတော့ ကံကြမ္မာအမှတ်(၂)ထောင်ကျော်လိုအပ်သည်။
သို့သော် တိမ်မုန်တိုင်းအပ်က ဝေ့ကျင်းအဆင့်ကလွဲရင် အောက်အဆင့် ပညာရှင်များအပေါ် ထိရောက်မှုရှိသည်။ အကယ်၍ သူက မကြာခဏ သုံးနိုင်နေလျှင်လည်း အဖိုးထိုက်တန်တော့မည် မဟုတ်ချေ။
ထို့ကြောင့် သူက ဖန်တီးသည့်နည်းလမ်းကို လဲလှယ်ပြီး ကိုယ်တိုင်ဖန်တီးခြင်းကသာ ပို၍တန်ပါလိမ့်မည်။ တိမ်မုန်တိုင်းအပ်ကို ဖန်တီးသည့်နည်းလမ်းကတော့ ကံကြမ္မာအမှတ်(၅၀၀)သာ လိုအပ်သည်။
မုန့်ချီက စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီးနောက် အရာအာလုံးကို လျင်မြန်စွာ သိမ်းလိုက်၏။ တိမ်မုန်တိုင်းအပ်နှင့် ပြန်လဲသည့် ကံကြမ္မာအမှတ်က တခြားပစ္စည်းများကို လဲလှယ်နိုင်သော်လည်း ယခုချိန်တွင် သူ့အသက်က အရေးကြီးဆုံးဖြစ်သည်။
လဲလှယ်လိုက်ပြီးနောက် မုန့်ချီဆီတွင် ကံကြမ္မာအမှတ်(၅၀)သာ ကျန်တော့သည်။ ထို့ကြောင့် သူက အပြင်သို့ ပြန်လျှောက်လာပြီး ဓားသိုင်းတစ်ခုကို ရှာဖွေရန် ကျောက်စိမ်းစာအုပ်ကို လှန်ကြည့်လိုက်သည်။
ကျား(၅)ကောင်တံခါးဖျက်ဆီးခြင်း သိုင်းကျမ်းကပင် ကံကြမ္မာအမှတ်(၃၀)ရှိနေသည်။ ထိုအချိန်တွင် ကံကြမ္မာအမှတ်(၅၀)ရှိနေသော သိုင်းကျမ်းများက မုန့်ချီအတွက် ထူးထူးခြားခြား တိုးတက်မှုမရှိနိုင်ပေ။ ထိုသို့ဆိုလျှင်တော့ သူက တခြားသော ဓားသိုင်းကျမ်းများကို လဲရမည့်အစား ကျား(၅)ကောင်တံခါးဖျက်စီးခြင်းသိုင်းကျမ်းကို ဂရုစိုက်လျှင် ပို၍သင့်တော်သည်။
"ပြောရရင် ကျား(၅)ကောင်တံခါးဖျက်ဆီးခြင်းသိုင်းကွက်ကလည်း မဆိုးပါဘူး။ လှုပ်ရှားမှုတွေက လွယ်ပြီး အကျိုးသက်ရောက်မှုလည်းရှိတယ် သူရဲကောင်းဆန်တဲ့ အပြုအမူကိုလည်း ပြသနိုင်တယ်။ တကယ်လို့ နားလည်သွားမယ်ဆိုရင် နူးညံ့သိမ်မွေ့တဲ့ ဓားသမားတယောက်နဲ့ မကွာပါဘူး…"
ကျန်းယွင်ရှန်ကတော့ထိုနေရာတွင် ရပ်နေပြီး စနောက်၍ ပြောလိုက်သည်။
"ညီလေးကျန်းတင် …
တကယ်လို့ မင်းဆီမှာသာ ဓားနဲ့ပတ်သက်တဲ့ စွမ်းရည်တစ်ခုခုရှိနေမယ်ဆိုရင် မင်းက အခြေခံဓားသမားတစ်ယောက်ရဲ့ အနှစ်သာရတွေကို သိလာနိုင်တယ်။ ဒါဆိုရင် မင်းက ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်းသိုင်းကျမ်းတစ်ခုတည်းနှင့် ကမ္ဘာကြီးတစ်ခုလုံးကို အုပ်စိုးနိုင်လိမ့်မယ်။ အဲဒါက ဟွာမေ့တောင်ထိပ်မှာရှိတဲ့ ဆရာကြီးလုလိုပဲလေ။ သူက အရပ်မျက်နှာခြောက်ခု ဓားသိုင်းတစ်ခုတည်းကိုပဲ ဘဝတစ်လျှောက်လုံး လေ့ကျင့်ခဲ့တယ်။ နောက်ပိုင်းမှာတော့ လောကတစ်ခွင်ပထမဓားဆိုတဲ့ နာမည်ကို ရခဲ့တယ်…"
"ကျွန်တော်မှာစွမ်းရည်ရှိပေမယ့် ဓားပညာရဲ့အနှစ်သာရတွေကို နားလည်ဖို့ဆိုရင် နှစ်ပေါင်းများစွာ အချိန်ပေးရလိ့မ်မယ်။ ပြီးတော့ ကျွန်တော်က သံသရာတာဝန်ကိုလည်း အဓိကအလေးထားပြီး လုပ်ရဦးမယ်။ အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားနေတာလေ ကံကြမ္မာက ကျွန်တော်တို့ကို ကစားနေတာပဲ။ အဲဒါဆိုရင် သူရဲကောင်းတွေလည်း စိတ်ပျက်သွားနိုင်တယ်… "
မုန့်ချီက ရယ်ကာမောကာနှင့် ပြန်ဖြေလိုက်၏။
ထို့နောက် သူက အဝေးကိုစိုက်ကြည့်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
"လောကတခွင် ပထမဓားဟုတ်လား…"
ထိုနာမည်က အလွန်ကြီးမြတ်လွန်းလှပြီး အလွယ်တကူရယူရန် မဖြစ်နိုင်ပေ။ ရွှမ်ရှင်းက သိုင်းလောကပုံပြင်များ ပြောပြခဲ့သည့်အချိန်တွင် သိုင်းကျမ်းများနှင့် သူ၏ကိုယ်ပိုင်အတွေ့အကြုံများကိုသာ ပြောပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မုန့်ချီက သိုင်းလောကတွင် ရှိနေသော နာမည်ကျော်ပုဂ္ဂိုလ်များအကြောင်းကို အနည်းငယ်လေးသာ သိသည်။ သူက ဟွာမေ့တောင်ထိပ်နှင့် ဆရာကြီးလုဟူသောစကားကိုတော့ အမှတ်ရနေသေး၏။
“လောကတခွင် ပထမဓား” ဟူသောနာမည်ကို ကြားသည့်အချိန်တွင် ကျန်းကျိဝေကလည်း သူမသိထားသောအရာများကို မျှဝေပေးလိုက်သည်။
"ဆရာကြီးလုက အမည်မသိ ပညာရှင်တစ်ယောက်ရဲ့တပည့်လို့ ပြောကြတယ်။ သူက သာမန်မိသားစုတစ်ခုကနေ ရောက်လာတာလေ။ သူက အရပ်မျက်နှာခြောက်ခု ဓားသိုင်းနဲ့ ကန်ကျင်းစိတ်ကျင့်စဉ်ကို ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး တခြားကျင့်စဉ်တွေကို လုံးဝအာရုံမစိုက်ခဲ့ဘူး။ အန္တရာယ်တွေနဲ့ အတွေ့အကြုံများစွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ အချိန်မှာ သူက ဓားသမားတစ်ယောက်ရဲ့ အနှစ်သာရကို နားလည်သွားခဲ့တယ်…”
“ဒါကြောင့် အဲဒီသိုင်းပညာနှစ်ခုအပေါ် သူရဲ့နားလည်မှုက ပြိုင်ဘက်ကင်းဖြစ်လာပြီး ကန်ကျင်းအင်မော်တယ်ခန္ဓာကို သက်သေပြနိုင်ခဲ့တယ်။ ပြီးတော့ ဟွာမေ့တောင်ထိပ်ကျောင်းကိုလည်း တည်ထောင်နိုင်ခဲ့တယ်။ သူ့ရဲ့အတွေ့အကြုံတွေပေါ် အခြေခံပြီး သူက အဲဒီသိုင်းပညာကို နှလုံးသားဓားလို့နာမည်ပေးခဲ့တယ်…”
“ငါ့ဆရာက သူ့ဘဝတလျှောက်လုံး တခြားလူတွေကို လုံးဝအထင်မကြီးခဲ့ဘူး ။ ဒါပေမယ့် ဆရာကြီးလုကိုတော့ တော်တော်လေး အထင်ကြီးနေခဲ့တယ်။ သူက ဓားသမားတစ်ယောက်ရဲ့အနှစ်သာရတွေကို ပြည့်ပြည့်ဝဝ နားလည်သွားတဲ့အတွက် ချီးကျူးနေခဲ့တာ။ ငါ့ဆရာကလည်း ဓမ္မကာရအဆင့်ကို ရောက်ချင်နေတဲ့အတွက် သူနဲ့ ဓားချင်းယှဉ်ပြီး တိုက်ခိုက်ချင်နေတာ…"
ကျန်းကျိဝေ၏ စကားကိုကြားသည့်အချိန်တွင်တော့ မုန့်ချီ၏စိတ်ထဲတွင် စကားလုံးနှစ်ခုသာ ပေါ်လာခဲ့သည်။
“ထူးဆန်းမှုနှင့်မကောင်းဆိုးဝါးဆန်မှု…”
သူ၏အတွေ့အကြုံများကို တခြားလူများက တုပနိုင်မည် မဟုတ်ချေ။ မုန့်ချီကိုယ်တိုင်ပင် ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုး မချရဲပေ။ သံသရာတာဝန်များ၏ ဖိအားသာ မရှိလျှင်သူလည်း ဒီနေရာအထိ ရောက်လာခဲ့မည် မဟုတ်ကြောင်း မုန့်ချီက ရှင်းရှင်းလင်းလင်း သိနေ၏။
သူ၏စိတ်သဘာဝအရ ဤအဆင့်ကို ရောက်လာနိုင်မည် မဟုတ်သေးသော်လည်း တဖြည်းဖြည်းကြိုးစားလိုက်မည်ဆိုလျှင်တော့ တချိန်ကျလျှင် ရောက်လာနိုင်သည်။
"ကောင်းကင်မှတ်တမ်းမှာ ဆရာကြီးလုရဲ့အဆင့်က ဘယ်လောက်လဲ…"
လူငယ်မှတ်တမ်းကို သိခဲ့ရပြီးနောက် မုန့်ချီက ထိုမေးခွန်းကို မေးလိုက်သည်။
ကျန်းကျိဝေ၏မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့၏။ သူမက အပြုံးနှင ပြောလိုက်သည်။
"အဆင့်(၄)…
သူက ကျောင်းထိုင်ဆရာတော်ကုံဝမ်ထပ်တော့ နိမ့်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူက သိုင်းလောကကနေ ထွက်သွားတာ (၁၃)နှစ်လောက် ရှိနေပြီ။ တိုက်ခိုက်ရေးမှတ်တမ်းတွေကလည်း အရမ်းရှားတယ်…"
"(၁၃)နှစ်တောင် ရှိသွားပြီလား…"
မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်သည်။
ကျန်းယွင်ရှန်က ခေါင်းညိတ်ပြလိုက်ပြီး လေးလေးစားစား ပြောလိုက်၏။
"ဆရာကြီးလုနဲ့ သခင်မလုတို့က နက်နက်ရှိုင်းရှိုင်းကို ချစ်ခဲ့ကြတာ။ သခင်မလုက မတော်တဆမှုကြောင့် သေသွားတဲ့အချိန်မှာ သူလည်း အုတ်ဂူရှေ့မှာ တဲအိမ်လေးတစ်ခု ဆောက်ထားခဲ့တယ်။ သူကိုယ်တိုင်လည်း အဲဒီမှာ တစ်ယောက်တည်း ပန်းချီဆွဲပြီး နေတော့တယ်။ သူက သိုင်းလောကထဲကို လုံးဝပြန်မဝင်လာတော့ဘူး ။ ဒါကြောင့် ဆရာကြီးလုရဲ့အဆင့်က ရပ်တန့်သွားပြီလို့ ကြားခဲ့တယ်…"
"သူ့ရဲ့အဆင့်က ကျသွားတာလည်းဖြစ်နိုင်တယ်…"
ချီကျန်းရန်ကလည်း ဓားကျောင်းတစ်ခုဆီမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဓားပညာနှင့် ပတ်သက်ပြီး အစစ်အမှန် ထိပ်သီးပညာရှင်များကို စိတ်ဝင်စား၏။
မုန့်ချီက ပြုံးလိုက်သည်။
"ဒါပေမယ့် ကျွန်တော်က ဆရာကြီးလုကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ဒါကြောင့် ကျွန်တော်က ပိုပြီးကောင်းမွန်တဲ့ ဓားသမားအဖြစ်ပဲ ရွေးချယ်တာ ပိုကောင်းမယ်…"
ကျန်းယွင်ရှန်က ခေါင်းညိတ်ပြလိုက်သည်။
"ကျား(၅)ကောင်တံခါးဖျက်ဆီးခြင်း သိုင်းကျမ်းက တကယ့်ကိုသူရဲကောင်းဆန်တယ်။ ပြီးတော့ တိကျတဲ့ဦးတည်ချက်တစ်ခုလည်း ရှိတယ်။ တကယ်လို့ မင်းက ရွေးချယ်ချင်တယ်ဆိုရင် ထူးဆန်းတဲ့ဓားပညာတစ်ခုကိုပဲ ရွေးချယ်သင့်တယ်။ ဒါဆိုရင် မင်းက သူ့ရဲ့ထူးခြားမှုတွေကိုလည်း အောင်အောင်မြင်မြင်နားလည်နိုင်လိမ့်မယ်…"
"အစ်ကိုကြီးကျန်းပြောတာ အဓိပ္ပယ်ရှိတယ်…"
ကျန်းကျိဝေကလည်း ထောက်ခံလိုက်၏။
ထူးဆန်းသောဓားသိုင်းအကြောင်း စဉ်းစားမိသည့်အခါ မုန့်ချီ၏စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာခဲ့၏။ သူက ကျောက်စိမ်းစာအုပ်ဆီသို့ လျှောက်သွားခဲ့ပြီး သူမှတ်မိနေသော ဓားပညာတစ်ခုကို ရှာကြည့်လိုက်သည်။
“သွေးဓားသိုင်းကျမ်း …”
ထိုအရာက သွေးဓားဂိုဏ်း၏ သေမင်းလျှို့ဝှက်ချက်ထဲတွင် ရှိနေသော သိုင်းကျမ်းတစ်ခုဖြစ်၏။ သွေးဓားဘိုးဘေးများက ထိုဓားသိုင်းပညာကို ကြိုးစားခဲ့ကြပြီး ထိုဓားသိုင်း၏ထူးခြားမှုကြောင့် အလွန်နာမည်ကျော်ခဲ့သည်။ ဓားကွက်တွင် ခုတ်ချက်တိုင်းက မယုံကြည်နိုင်သော ဦးတည်ချက်များက တိုက်ခိုက်နိုင်၏။
“ကံကြမ္မာအမှတ်(၈၀)..”
မုန့်ချီက လိုအပ်သောကံကြမ္မာအမှတ်ကို ကြည့်လိုက်ပြီး သူဆီတွင် ကံကြမ္မာအမှတ်လဲလှယ်၍ ရမရ စဉ်းစားနေခဲ့၏။
ကျန်းကျိဝေက မုန့်ချီ၏ကျောက်စိမ်းစာရွက်ကိုကြည့်ပြီး ရယ်လိုက်သည်။
"ဒီသိုင်းကျမ်းက တကယ်ပဲ သင့်တော်တယ်။ ကိုရင်လေး ကံကြမ္မာအမှတ် ချေးချင်သေးလား။ ငါက စိတ်ကောင်းရှိပါတယ်။ ပြန်ပေးတဲ့အချိန်ကျရင် အပိုထပ်မတောင်းပါဘူး ။ ဒါပေမယ့် အနတ္တကျိန်စာဖြတ်ဓားသိုင်းကို လေ့ကျင့်ပြီးသွားရင်တော့ ငါနဲ့အတူ လေ့ကျင့်ပေးရမယ်…"
"ကောင်းပြီ…"
မုန့်ချီက စဉ်းစားမနေဘဲ ပြန်ဖြေပေးလိုက်သည်။ သူက တိမ်မုန်တိုင်းအပ်နှင့် လဲလှယ်ခြင်းကလွဲလျှင် အမှတ်ရအောင် လုပ်နိုင်သောတခြားနည်းလမ်းလည်း မရှိချေ။ ထို့ကြောင့် အဖွဲ့ဆီမှချေးယူ၍ ပြန်ပေးခြင်းကသာ သူ့အတွက် ပို၍သက်သာသည်။
"ညီလေးကျန်းတင်…
မင်းရဲ့အကြံပေးမှုက ငါ့အတွက်အဖိုးမဖြတ်နိုင်ဘူး ။ ဒီတော့ ငါကလည်း အမှတ်အပိုပေးဖို့ မတောင်းပါဘူး။ ငါမင်းကိုအမှတ်(၂၀)ချေးပေးနိုင်တယ်။ နောက်တစ်ကြိမ် တာဝန်ပြီးသွားရင် ငါ့ကိုပြန်ပေးပေါ့…"
ကျန်းယွင်ရှန်က ပြောလိုက်သည်။
ချီကျန်းရန်ကလည်း ခံစားချက်ကင်းမဲ့နေသောအမူအရာနှင့် ပြောလိုက်၏။"
“ငါက (၁၀)မှတ်ချေးပေးမယ်ဆိုရင် မင်းကငါ့ကို (၁၂)မှတ်ပြန်ပေးရမယ်။ ငါက မင်းကို အမှတ်(၃၀) ချေးပေးနိုင်တယ်…."
ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ဆီက ရသောအမှတ်များက မုန့်ချီအတွက် လုံလောက်သွားပြီဖြစ်သည်။ ထို့ကြောင့် ချီကျန်းရန်က ပြောလိုက်ခြင်းဖြစ်၏။
မုန့်ချီကတော့ သူတို့၏အပြုအမူကြောင့် စိတ်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"အစ်ကိုကြီးချီ …
ဘယ်အချိန်တုန်းကများ ဒီလောက်တောင် ရက်ရောသွားရတာလဲ…."
"နောက်တစ်ကြိမ်တာဝန်မှာ မင်းက ဓားသိုင်းညံ့လို့ သေသွားမယ်ဆိုရင် ရန်သူက မင်းရဲ့တိမ်မုန်တိုင်းအပ်ကို ကောက်ယူသွားနိုင်တယ်။ အဲဒါက ငါတို့အတွက် အရမ်းကိုအန္တရယ်များလွန်းတယ်…"
ချီကျန်းရန်က လေးလေးနက်နက် ပြောလိုက်သည်။
"ဒီတစ်ကြိမ် မင်းက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်တော့မှာ မဟုတ်လား…"
ကျန်းယွင်ရှန်က ရုတ်တရက် မေးလိုက်သည်။
ချီကျန်းရန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ကျွန်တော်က ဂါနိုဒါးမားစွမ်းအင်ပြန်ဖြည့်ဆေးတစ်လုံး လဲထားတယ်။ တစ်လကြာရင်တော့ ကောင်းကင်တံခါးဆေးလုံးကိုသုံးပြီး အဆင့်တက်ဖို့ ကြိုးစားရမယ်။ အဲဒီအချိန်ကျရင်တော့ ဂိုဏ်းက အကြီးအကဲတွေနဲ့အတူ အပြင်မှာ စီးပွားရေးလုပ်ဖို့ လမ်းစရှာရမယ်။ ဒါဆိုရင်တော့ အပြင်မှာ အခွင့်ကောင်းကြုံခဲ့တာလို့ ဆင်ခြေပေးလို့ ရသေးတယ်…"
သူ၏အစီအစဉ်က အလွန်ချောမွေ့လှသည်။ မည်သို့ဖြစ်စေကာမူ ဟွမ်ဟွာဓားဂိုဏ်း၏ သာမန်တပည့်တစ်ယောက်သာ ဖြစ်နေသည့်အတွက် သူ့ဆီတွင် ထူးခြားသောအကျိုးသက်ရောက်မှုများ မရှိချေ။
အကယ်၍ သူကသာ ပြင်ပမှ အရာများကို အားကိုးခြင်းမရှိဘဲ ဉာဏ်အလင်းပွင့်မှုအဆင့်သို့ ရုတ်တရက်ရောက်သွားမည်ဆိုလျှင် ဂိုဏ်းက သံသယဝင်သွားနိုင်သည်။ မည်သို့ဖြစ်စေကာမူ ထိုကဲ့သို့သော ဂိုဏ်းကြီးတစ်ခုထဲတွင် ကောင်းကင်တံခါးဆေးလုံးတစ်လုံးကို ရှာတွေ့ခြင်းက အသေးအဖွဲ့ကိစ္စတစ်ခုသာ ဖြစ်၏။
"တကယ်လို့ မင်းသာ ဉာဏ်အလင်းပွင့်မှုအဆင့်ကို အောင်မြင်သွားရင် အလင်းတန်းနဲ့ ဆောင်းဦးရာသီဓားသိုင်းကိုသင်မှာ မဟုတ်လား။ ဒါဆိုရင် မင်းက တခြားဓားသိုင်းတွေကို လဲဖို့မလိုတော့ဘူး…"
ကျန်းယွင်ရှန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"အလင်းတန်းနှင့်ဆောင်းဦးရာသီဓားသိုင်းကို သင်ပြီးသွားရင်တော့ ကျွန်တော်က အဲဒီအရာတွေကို သံသရာအရှင်သခင်ဆီမှာ ပြန်လဲလို့ရသေးတယ်…"
ယခုချိန်တွင် ချီကျန်းရန်က ဖုံးကွယ်ထားခြင်းမရှိတော့ချေ။
ဂိုဏ်းကြီးတစ်ခု ဖြစ်သည့်အတွက် ဟွမ်ဟွာဓားဂိုဏ်းတွင် ရှိနေသော ဓားပညာအများစုက အစွမ်းထက်ကြသည်။ အလင်းတန်းနှင့် ဆောင်းဦီးရာသီဓားသိုင်းလည်း အပါအဝင် ဖြစ်သည်။ မြစ်ကမ်းရှည်ဓားသိုင်းကျမ်းတွင်လည်း နေကျနှလုံးကျင့်စဉ် ပါဝင်နေခဲ့၏။
ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ဆီတွင်လည်း ကိုယ်ပိုင်ရွေးချယ်မှုများ ရှိနေပြီး တခြားသူများ၏ အရေးကိစ္စကို ဝင်ပါလိုခြင်း မရှိချေ။ ထို့ပြင် ဟွမ်ဟွာဓားဂိုဏ်းက သူတို့၏ဓားဂိုဏ်းနှင့် မတူချေ။ ချီကျန်းရန်က အဖော်များကို သစ္စာမဖောက်လျှင် အဆင်ပြေသည်။
မုန့်ချီကတော့ ကျန်းယွင်ရှန်နှင့် ချီကျန်းတို့ ချေးပေးထားသော ကံကြမ္မာအမှတ်များကြောင့် သွေးဓားသိုင်းကျမ်းကို ရယူနိုင်ခဲ့သည်။
သူတို့၏စကားကို ကြားသည့်အခါ သူက အံအားသင့်စွာ ပြောလိုက်၏။
"အစ်ကိုချီက လျှို့ဝှက်ကျင့်စဉ်တစ်ခုခုကို လဲတော့မလိုလား…"
အလင်းတန်းနှင့် ဆောင်းဦးရာသီသိုင်းကျမ်းကိုပင် သံသရာအရှင်သခင်ဆီသို့ လဲလှယ်ချင်နေသည့်အတွက် ချီကျန်းရန်က မည်သည့်အရာကို လဲရန် စဉ်းစားထားသနည်း။
Translated by Hein Htet.