အပိုင်း (၄၇၇) – စည်းမျဉ်းနောက်တစ်ခုပေါ်လာခြင်း
Vol. 005 Ch. 477
ရှီမာယူယူနှင့်အဖွဲ့သည် တည်းခိုဆောင်တွင် ရက်အနည်းငယ်နေသော်လည်း သူတို့အား ပြဿနာလာ ရှာမည့်သူမရှိပေ။ သူတို့သည် ထိုပြဿနာအား တဖြည်းဖြည်းမေ့သွားကာ ဖြတ်လမ်းတည်ဆောက်မှုအသုံးပြုနုငိ မည့်နေ့ကို စောင့်နေကြလေသည်။
ထိုနေ့တွင် သူတို့သည် တည်းခိုဆောင် မြေညီထပ်တွင် လက်ဖက်ရည်သောက်နေရာ အံ့ဖွယ်အရှင် အဆင့်နှင့် အံ့ဖွယ်ဘုရင်အဆင့်တို့သည် လမ်းလျှောက်ဝင်လာလေသည်။
“သခင်လေးရှား ဒီနေ့ ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ၊ သခင်လေးတို့ အခန်းငှားမလို့လား” စားပွဲထိုး သည် ရှေ့ထွက်ကာ အပြုံးဖြင့်ပြောလေသည်။
အဝါရောင်ဝတ်ထားသော အမျိုးသားသည် အထက်စီးဆန်စွာဖြင့် ပြောလိုက်သည် “ဒီသခင်ကြီးက ဒီကို လာပြီးအခန်းငှားဖို့ အချိန်ရှိမနေဘူး ဒီနေ့ဒီကိုလာတာ လုပ်စရာရှိလို့”
“သခင်လေးရှား ဘာလိုအပ်တာများရှိလို့လဲ”
“ရှီမာယူယူ၊ ဘေဂုံထန်၊ ဝူရန်ဖေနဲ့ ရှီမာယူလင်းဆိုတဲ့လူတွေကို ခေါ်ပေး”
“သခင်ကြီးက သူတို့နဲ့ ကိစ္စများရှိလို့လား”
“ရှိတာပေါ့” အဝါရောင်ဝန်အမျိုးသားပြောလိုက်သည် “ငါ ရှားရှင်းရန်ရဲ့ ဂိုဏ်းတူတပည့်ကို ရိုက်ရဲတယ် ဟုတ်လား အဲလူက အသက်မရှင်ချင်တော့ဘူးထင်တယ် ဒီနေ့ ငါ့ညီမဝမ်းကွဲအတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ လာတာ မြန်မြန်သူတို့ကို သွားခေါ်လိုက် ငါ့ကို အကြာကြီးစောင့်ခိုင်းရင် ပေါက်ကွဲတော့မှာ”
ရှီမာယူယူနှင့် တခြားသူများသည် ထိုလူဝင်လာသည့် အစပိုင်းတွင် စိတ်ဝင်စားခြင်းမရှိပေ။ သို့သော် သူ ပြောသောစကားများကို ကြားသောအခါ သူတို့အားလုံးသည် မျက်ခုံးများပင့်လိုက်ကြသည်။
ရှားရင်ရင်ရဲ့ ဂိုဏ်းတူတပည့်လား။
သူတို့ ဒီရက်တွေကို ပြဿနာလာမရှာဘူးလို့ထင်နေတာ။ နောက်လိုက်တွေကို လွှတ်လိုက်တာလား။
ရှားရှင်းရန်သည် မလှုပ်မယှက်ရှိနေသော စားပွဲထိုးအားတွေ့သောအခါ တင်းမာသော မျက်နှာထားဖြင့် ဆူပူကြိမ်းမောင်းလိုက်သည် “ဘာလို့မသွားသေးတာလဲ ဒီနေရာကို ငါ့ဖျက်ဆီးပေးရမလား”
စားပွဲထိုးသည် အခန်းထောင့်ကို ညွှန်ပြကာ ပြောလေသည် “သခင်လေးရှား သူတို့က ဟိုမှာရှိပါတယ်”
ရှားရှင်းရန်သည် စားပွဲထိုးညွှန်ပြသောနေရာအား ကြည့်လိုက်ရာ လူ၄ယောက်သည် စားပွဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်ကို တွေ့လိုက်ရသည်။ သူ ပြောလိုက်သည် “မင်းတို့၄ယောက် ဒီသခင်ကြီးကို လာကြိုဆိုကြ”
တုန့်ပြန်မှုမရှိပေ။
“ဒီသခင်ကြီးက မင်းတို့ကို လာစေချင်တယ်လေ၊ မကြားဖူးလား” ရှားရှင်းရန် အော်လေသည်။
“စိတ်လွတ်နေပြီ” ဘေဂုံထန်သည် ညင်သာစွာ ပြောလိုက်သည်။ သူမသည် သူ့အား အလေးအနက် မထားပေ။
“အဲဒါ ဘာတွေလုပ်နေကြတာလဲ ဒီသခင်ကြီးစကားတွေကို နားမလည်ဘူးလား”
ဝူရန်ဖေသည် လက်ဖက်ရည် တစ်ကျိုက်သောက်ကာ ပြောလိုက်သည် “စိတ်လွတ်နေရုံတင်မဟုတ်ဘူး ရူးပါနေတာ”
“စိတ်လွတ်နေတာလည်း နေမကောင်းတာပဲမဟုတ်ဘူးလား” ရှီမာယူလင်း မေးလိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူသည် လက်ဖက်ရည်ခွက်မြောက်ကာ ရှီမာယူလင်းနှင့် ခွက်ချင်းတိုက်လိုက် သည်။
“မင်းတို့က ဒီသခင်ကြီးကို အလေးအနက်မထားဘူးလား၊ ဒီသခင်ကြီးက ဒေါသထွက်ရင် ကြောက်စရာ ကောင်း…”
“ဒီလူက တော်ရုံရူးတာမဟုတ်ဘူး တော်တော်ကိုရူးနေတာပဲ” ဘေဂုံထန် ပြောလေသည်။
ရှားရှင်းရန်၏ ရောင်ဝါသည် အေးစက်သွားကာ တစ်ခန်းလုံးကို အေးခဲသွားတော့မည့်အတိုင်းပင်။ သူတို့ ၄ယောက်သည် မလှုပ်ကြပဲ သူ့ကို မရှိသလိုဆက်ဆံလေသည်။
“ရှားဒါ သူတို့ကို သတ်လိုက်တော့ အစက ခြေတွေလက်တွေလောက်ပဲ ချိုးပြီး အရှင်ထားမလို့ အခု တော့ သခင်ကြီးက သူတို့ကို ထပ်မကြည့်ချင်တော့ဘူး”
ရှီမာယူယူတွင် အဆင့်၃ အထွတ်အထိပ်သားရဲရှိသည်ကို သူသိသည်။ သို့သော် သူနှင့် ရှားဒါသည်လည်း အံ့ဖွယ်အရှင်များဖြစ်ကာ စာချုပ်သားရဲများသည်လည်း အဆင့်တူပင်ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့နှင့် ဖြေရှင်း ရန် သူ့တွင် စွမ်းရည်အလုံအလောက်ရှိသည်။
ထိုရှားဒါသည် စကားများများပြောတတ်သူမဟုတ်ပေ။ သူလျှောက်လာချိန်တွင် ဝိညာဉ်စွမ်းအင်လုံးကို ပစ်လိုက်သည်။ သို့သော် ထိုဝိညာဉ်စွမ်းအင်လုံးသည် လေတွင်ရပ်သွားကာ တဖြည်းဖြည်းပျောက်ကွယ်သွားလေ သည်။
ရှားရှင်းရန်နှင့်အတူ ထိုနေရာတွင်ရှိနေသော လူအားလုံးသည် အံ့သြသွားကြလေသည်။ ဒီဝိညာဉ်စွမ်းအင် လုံးက သူတို့ကို မတိုက်ခိုက်ခင်ကို ဘယ်လိုလုပ်လေထဲမှာ ရပ်သွားတာလဲ။
သူတို့ကို ကာကွယ်ပေးနေတဲ့ ကျွမ်းကျင်သူတစ်ယောက်ရှိနေတာလား။
သို့သော် တခြားသူ၏ ရောင်ဝါအား ဘယ်သူမှ မခံစားမိပေ။
“လေဟာပြင်ကို ကိုယ်တွယ်တဲ့စွမ်းရည်ကို ပထမဆုံးသုံးကြည့်လိုက်တာပဲ ရလဒ်ကတော့ မဆိုးဘူးလို့ မထင်ဘူးလား” ရှီမာယူယူသည် ပေါ့ပါးစွာ မှတ်ချက်ပေးလေသည်။
“မင်း စဉ်းစားလိုက်တာနဲ့ လေဟာပြင်ကို ဟန့်တားနိုင်တယ် မင်း လေဟာပြင်ကို ထိန်းချုပ်တဲ့နေရာမှာ ပိုပိုကောင်းလာတာပဲ” ရှီမာယူလင်း ပြောလေသည်။
“မင်းလည်း အဲလိုမဟုတ်ဘူးလား” ရှီမာယူယူ မေးလေသည်။
ရှီမာယူလင်းသည်လည်း လေဟာပြင်အား ထိန်းချုပ်သည့်နေရာတွင် တော်သည်။ သူသည်လည်း လေဟာပြင်ကို ခေတ္တမျှ ချိပ်ပိတ်နိုင်သည်။
“ဟုတ်တယ်”
ရှားဒါသည် နောက်ပြန်ကြည့်မိသည်။ သူသည် သူ့သခင်လေး၏ အခုဖြစ်နေသည့် အမူအရာကို ကြည့်ချင်သည်။
“တည်ဆောက်မှုသခင်” ရှားရှင်းရန် မျက်မှောင်ကြုတ်လိုက်သည်။ ဒါက အခက်တွေ့တာပဲ။ သူ့ဦးလေး သည် တစ်ဖက်လူမှာ တည်ဆောက်မှုသခင်ဖြစ်ကြောင်းကို မပြောလိုက်ပေ။ ထို့အပြင် အခြေအနေကို ကြည့်ရာ တွင်လည်း လာသည်မှာ သူတို့နှစ်ယောက်တည်းပင်။
သို့သော် သူ၏ ညီမသည် အခုချိန်တွင် အကျဉ်းကျနေသည်ကို စဉ်းစားလိုက်လျှင် စိတ်ထင့်မှုကို ဘေး ချိတ်ကာ ဇွတ်တိုးဝင်ကြည့်မည် “မင်းတို့က တည်ဆောက်မှုသခင်ဖြစ်တော့ ဘာလုပ်ရမှာလဲ ဒီသခင်ကြီး တည်ဆောက်မှုသခင်တွေ့ဖူးတာ မင်းတို့တင်မဟုတ်ဘူး အဲဒါနဲ့ ငါကကြောက်မယ်ထင်တာလား ရှားဒါ ဆက်လုပ်”
ရှားဒါသည် ခေါင်းညိတ်ကာ သူ၏ စာချုပ်သားရဲကို ခေါ်ထုတ်လိုက်လေသည်။ အဆင့်၃ အထွတ်အထိပ် သားရဲ ပေါ်လာသည်။ တည်ဆောက်မှုသခင်သည် တိုက်ပွဲတွင် အားကောင်းသည်။ အဆင့်မြင့်သော သူပင်လျှင် စောင့်ကြပ်ခြင်းမလုပ်နိုင်ပေ။
ရှီမာယူယူသည် ဟာစွန်အားခေါ်ထုတ်လိုက်လေသည်။ သူ၏ အားနှင့်ဆိုလျှင် သူတို့နှစ်ယောက်အား ဖြေရှင်းရာတွင် ပြဿနာမရှိပေ။ သူ့လို လေဟာပြင်ကို ထိန်းချုပ်ရာမှာတော်တဲ့ ဝိညာဉ်သားရဲကို ဘယ်သူ သိမှာလဲ။ ထို့အပြင် သူသည် တည်ဆောက်မှုသခင်နှင့်ပင် ယှဉ်ပြိုင်၍ရသည်။
“ဟာစွန် သူတို့ကို နှင်ထုတ်လိုက်” ရှီမာယူယူ အမိန့်ပေးသည် “ရှားမျိုးနွယ်က သခင်လေးမလား၊ မင်း အသက်ရှင်ချင်သေးတယ်ဆိုရင် ငါ့ကိုထပ်မတွေ့အောင်နေတာ ကောင်းမယ် မဟုတ်ရင် ငါ့ဝိညာဉ်သားရဲက မတော် တဆသတ်မိသွားလိမ့်မယ်”
“မမ ညီမလည်းထွက်ချင်တယ်” အိပ်မက်လေးသည် ရုတ်တရက်ပြောလေသည်။
အိပ်မက်လေး ဘာလုပ်ချင်သည်ကို ရှီမာယူယူ မသိတော့ပေ။ သို့သော် သူမသည် ထိုတိုင်းပြည်သို့ ရောက်ချိန်မှစပြီး အပြင်မထွက်ရပေ။ သူမ ထွက်ချင်သည်ဆိုမှာတော့ ဆန္ဒဖြည့်ပေးရတော့မှာပေါ့။
အမှုန့်များကြားတွင် အနက်ရောင်ဝတ်စုံတစ်ခု ပေါ်လာသည်။ တစ်ချက်ကြည့်လိုက်ရာ သူမသည် ဖြူစင် သော ကလေးငယ်ပုံစံဖြစ်သည်။ သို့သော် သူမ ရောင်ဝါအား ခံစားမိလိုက်ချိန်တွင် သူမသည် ဝိညာဉ်သားရဲဖြစ် ကြောင်းသိနိုင်သည်။
အိပ်မက်လေးသည် ထွက်လာပြီးနောက်တွင် ဘာမှမလုပ်ပေ။ သူမသည် ရှားရှင်းရန်နှင့် ရှားဒါတို့ကို ကြည့်ရုံမျှ ကြည့်လိုက်သည်။ ထို့နောက်တွင် သူမ ပြုံးကာ “သခင်”
အိပ်မက်လေး ဘာလုပ်လိုက်သည်ကို ရှီမာယူယူသိသောကြောင့် ပြုံးကာ သူမခေါင်းအား ပုတ်လိုက် သည်။
ဟာစွန်သည် သွက်လက်စွာဖြင့် လေဟာပြင်အား ချိပ်ပိတ်လိုက်သည်။ သူသည် လူနှစ်ယောက်နှင့် သူတို့သားရဲများကို ကန်လိုက်ရာ လမ်းပေါ်သို့ ကျသွားလေသည်။
ပွဲကိုကြည့်နေသော လူများသည် သူ အားကောင်းသည်ကို တွေ့သောအခါ ရှီမာယူယူကို ငေးမောစွာ ကြည့်မိကြလေသည်။
ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူမ မေးစေ့အားကိုင်လိုက်သည်။ သူမသည် ဟာစွန်အား ကြည့်ပြီး အပြုံးဖြင့် ပြောလေသည် “ဟာစွန် မင်းကတော့ ပိုသန်မာလာပြီ”
“အမြဲတမ်းဒီလိုပါပဲ” ဟာစွန်သည် သူပေါ်လာပြီးသည်နှင့် ပြန်ပြောရမည်ကို ပျင်းရိကာ ရှီမာယူလင်း ဘေးသွားထိုင်လေသည်။
“အိပ်မက်လေး ခုနကဘာလုပ်လိုက်တာလဲ” ဘေဂုံထန်သည် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
“ဘာမှမဟုတ်ပါဘူး သူတို့ဆီကို အဆုံးမရှိတဲ့ အိပ်မက်ဆိုးပေးလိုက်တာပါ” အိပ်မက်လေးသည် ကျိုးနွံ စွာ ပြောလေသည်။
“ကောင်မလေး အဲဒါတွေ ဘယ်ကသင်လာတာလဲ” ရှီမာယူယူသည် သူမ နှာခေါင်းအား ဆွဲဆိတ် လိုက် သည်။
“အစ်ကိုကြီးဖက်တီးလေ အဲလူတွေက မုန်းစရာကြီးလို့ပြောတယ် ဒါပေမဲ့ သူတို့ကို သတ်လို့လည်းမရ ဘူး အဲတော့ သူတို့ တစ်ဘဝလုံးစိတ်ဆင်းရဲ သွားအောင် လုပ်လိုက်တာ” အိပ်မက်လေးသည် စိတ်အား ထက်သန် စွာပြောလေသည် “အိပ်မက်လေးလည်း သခင်ကို ကာကွယ်နိုင်ပါတယ်”
“အိပ်မက်လေးက တကယ့် မိန်းမကောင်းလေးပဲ” ရှီမာယူယူသည် အပြုံးဖြင့် ပြောလေသည်။
ရှားရှင်းရန်နှင့် ရှားဒါတို့သည် အချိန်တစ်ခုလောက်တော့ ငြိမ်သွားမည်ဟု ထင်သည်။
“စားပွဲထိုး ဒီကိုလာပါဦး” ဝူရန်ဖေသည် စားပွဲထိုးအား လက်ယပ်ခေါ်လေသည်။
စားပွဲထိုးသည် ကြောက်ရွံ့ကာ တုန်ယင်ပြီးလာလေသည်။ ထိုလူများသည် အံ့ဖွယ်အရှင်ကိုတောင် လွင့် သွားအောင်လုပ်နိုင်သည်။ သူတို့က လူကြမ်းတွေပဲ။
“ဧည့်သည်တော်တို့ လိုချင်တာများရှိလို့လား”
“ရှားရှင်းရန်ရဲ့ နောက်ခံကဘယ်လိုလဲ ရှားရင်ရင်နဲ့ဘယ်လို တော်တာလဲ” ဝူရန်ဖေမေးလေသည်။
“ရှားမျိုးနွယ်က အစိမ်းရောင်မြို့တော်မှာ မျိုးနွယ်ကြီးထဲက တစ်ခုပဲ နန်းတော်ခွဲသခင် ရှားကျုံးက ရှားရန်ရန်ရဲ့ အဖေဖြစ်နေတာ အဲဒါတာကြောင့် သူတို့ကလက်လွတ်စပယ် ပြုမူနေကြာတာ ရှားကျုံးနဲ့ ရှားရှင်းရန် ရဲ့အဖေတွေက ညီအစ်ကိုတွေ”
ရှီမာယူယူသည် မေးစေ့အား ကိုင်လိုက်သည်။ သွေးသား ညီအစ်ကိုတွေ….
ထိုအချိန်တွင် ရင်းနှီးသော အသံသည် တံခါးဝမှထွက်လာသည် “ယူယူ မင်းတို့ဒီရောက်နေတာလား”