← Chapters

ဘိုးဘေးနန်းတော်၏ အမှောင်ဘက်ခြမ်း

Vol. 99 Ch. 1291

ဘိုးဘေးနန်းတော်၏ အမှောင်ဘက်ခြမ်း

Vol. 99 Ch. 1291

ချင်မူတို့အနေဖြင့် ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ် မရှိတော့လေရာ နေရာရွှေ့ပြောင်းခြင်း ကောင်းကင်နတ်သိုင်းကို အသုံးပြုလျှင်တောင်မှ မဟူရာသစ်ပင်ကြီး၏ သစ်နက်တောင်တန်းဆီသို့ ပြန်သွားရန် ရက်များစွာကြာပေလိမ့်မည်။ ချင်မူမှာ အနီးနားရှိတောင်တန်းတစ်ခုပေါ်တွင်သာ နေလိုက်လေသည်။

ဥထဲတွင် ထိုက်ရှီက သူနားလည်ထားသော ထိုက်ရှီတာအိုကို သင်ပြပေးနေသည်။ “ထိုက်ရှီ သတ္တုကြောရဲ့ စွမ်းအားကို အပြည့်အဝ မစုပ်ယူရသေးရင် ငါ့ကိုယ်ပိုင်မဟာတာအိုအပေါ် ငါ နားလည်ထားတာကတောင် မပြည့်စုံဘူး… ငါက ထိုက်ရှီတာအိုက မွေးဖွားလာတဲ့ နတ်ဘုရားတစ်ပါး ဆိုပေမယ့် ထိုက်ရှီတာအို မဟုတ်ဘူး… ထိုက်ရှီသတ္တုကြောရဲ့ စွမ်းအားကို အပြည့်အဝ စုပ်ယူပြီး စစ်မှန်တဲ့ အမြင့်ဆုံးအခြေအနေဆီ ရောက်မှသာ အစစ်အမှန်ထိုက်ရှီ ဖြစ်လာမှာ.. မဟုတ်ရင် ငါက တခြားရှေးဟောင်းနတ်ဘုရားတွေနဲ့ ဘာမှမကွာဘူး”

သို့ထိတိုင် ဥ နားလည်ထားသည့် ထိုက်ရှီတာအိုမှာ ချင်မူလိုက်မမှီနိုင်သော အရာတစ်ခု ဖြစ်နေသေးသည်။ ချင်မူမှာ ထိုက်ရှီတာအိုသင်္ကေတများကိုပင်လျှင် မရှင်းလင်းနိုင်ချေ။

သူက မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းသင်္ကေတများ သုံး၍ ထိုက်ရှီသင်္ကေတများကို သိမြင်နားလည်ခဲ့ရာ အစစ်အမှန်ထိုက်ရှီသင်္ကေတများ၏ သုံးပုံတစ်ပုံသာ ပါရှိခဲ့သည်။ အမှားများစွာလည်း ရှိနေသည်။

ဥထဲမှ ထိုက်ရှီ သင်ပေးသောအခါမှ ထိုအမှားများကို ပြင်ဆင်နိုင်သည်။

ထိုက်ရှီတာအိုမှာ အလွန်တရာ လေးနက်ပြီး နားလည်ရန် ခက်၏။ ချင်မူမှာ အိပ်မက်ကမ္ဘာကို အသက်သွင်း၍ မရေမတွက်နိုင်သော ကိုယ်ပွားများဖြင့် နားလည်အောင် ကြိုးစားနေသည့်တိုင် တိုးတက်နှုန်းက နှေးကွေးနေသေးသည်။

အိပ်မက်လမ်းစဉ် ဆိုသည်မှာ မရေမတွက်နိုင်သော အိပ်မက်ကမ္ဘာများစွာ ဖန်တီးခြင်းဖြစ်၏။ အိပ်မက်ကမ္ဘာထဲတွင် မရေမတွက်နိုင်သော ချင်မူ‌သေးသေးများသည် ကိုယ်ပိုင်သိမြင်ဉာဏ်တို့ဖြင့် ခက်ခဲနက်နဲသော ပြဿနာများကို အဖြေရှာနေကြလေ၏။

ဤနည်းမှာ ချင်မူ့အတွက် အချိန်ကုန်သက်သာပြီး အမြဲအောင်မြင်ခဲ့သော နည်းလမ်းပင်။

သို့သော် ထိုက်ရှီတာအိုကို နားလည်အောင် ကြိုးစားရာတွင် ပြဿနာတစ်ခု တွေ့ကြုံခဲ့ရသည်။

ထိုက်ရှီတာအိုကို သိမြင်နားလည်ရာ၌ ကြောက်စရာအကောင်းဆုံး အရာမှာ ဆိတ်သုဉ်းပျောက်ကွယ်သွားနိုင်မှု ဖြစ်သည်။

ဂရုမစိုက်ဘဲ တာအိုသိမြင်နားလည်ခြင်း အခြေအနေသို့ ဝင်ရောက်လိုက်ပါက ထိုက်ရှီအခြေအနေအဖြစ်သို့‌ ရောက်ရှိရလိမ့်မည်။ ထိုက်ရှီအခြေအနေသည် တည်ရှိသော်လည်း ကိုယ်တွယ်ထိတွေ့မရသော ရုပ်ခန္ဓာမဲ့ အသွင်သဏ္ဍာန်တစ်ခု ဖြစ်၏။

မူလဝိညာဉ်၊ ချီစွမ်းအင်၊ အသိစိတ်အလျဉ်နှင့် အတွေးအခေါ်အားလုံး လွင့်ပြယ်ကုန်ပြီး ဒြပ်ထုမရှိသည့် အသွင်သဏ္ဍာန်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

သူ၏အသိစိတ်အလျဉ်ပင် ပျောက်ကွယ်သွားပေလိမ့်မည်။

အကောင်အထည်ရှိသော ဒြပ်ထုတို့အတွက် ထိုက်ရှီအခြေအနေကို ထိန်းသိမ်းရန် မလွယ်သလို၊ ထိုက်ရှီအခြေအနေကလည်း ဒြပ်ထုများကို မထိန်းသိမ်းပေးပေ။

ထို့ကြောင့် သူ၏အိပ်မက်ကမ္ဘာများမှာ ဤထူးဆန်းသော အခြေအနေဖြင့် ဖျက်ဆီးခံလိုက်ရပြီး ဗလာနတ္ထိဖြစ်ကုန်ကြသည်။ အဆုံးသတ်တွင် အိပ်မက်များထဲမှ မနိုးထနိုင်တော့ဘဲ သူ၏အသိစိတ်အလျဉ်ကို ပြန်လည်မရုပ်သိမ်းနိုင်ဘဲ ဖြစ်လာနိုင်သည်။

ချင်မူသာ ကြောက်ရွံ့လာမိ၏။ သူ၏ခန္ဓာကိုယ်အစစ်အမှန်သာ ထိုက်ရှီတာအိုကို နားလည်နေလျှင် ဗလာနတ္ထိဖြစ်သွားပြီး မည်သည့်စိတ်ဆန္ဒမှမရှိသည့် အရာတစ်ခုဖြစ်သွားလိမ့်မည်။

သူ့အနေဖြင့် အိမ်မက်လမ်းစဉ်ကို ဖြည်းဖြည်းချင်းသာ အသုံးပြုရင်း ဂရုတစိုက် ဆင်ခြင်သုံးသပ်နေရသည်။ အိပ်မက်ထဲတွင် အဖြေရှာနေသည့်တိုင် တချို့အိမ်မက်များကို ထိုက်ရှီတာအိုထဲ နစ်မြုပ်မသွားအောင် စီမံထားရလေသည်။ စိတ်ကို သတိကပ်ထားပြီး ထိန်းချုပ်ရခက်သော အခြေအနေထဲ ရောက်သွားစေရန် သူ့ကိုယ်သူ ပြန်ပြန်နှိုးပေးနေရသည်။

ချင်မူသည် ဆယ်ရက်ကျော် ဆင်ခြင်သုံးသပ်နေခဲ့၏။ သူ၏တိုးတက်နှုန်းမှာ နှေးကွေးသော်လည်း အတော်များများ သိခဲ့ရချေပြီ။ ဖြည်းဖြည်းချင်း ထိုက်ရှီတာအို၏ ဆန်းကြယ်မှုများကို ဖြေရှင်းလာနိုင်သည်။

ယနေ့ သူ အိပ်မက်မက်နေစဉ် တောင်တန်း၏ ကျောက်တုံးများထံမှ နူးညံ့သော အစိမ်းရောင်အမှတ်အသားများ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ အစိမ်းရောင်မြက်များနှင့် အပင်ပေါက်များ ဖြစ်ကြ၏။

အစိမ်းရောင်က တဖြည်းဖြည်း ထူထပ်လာပြီး အပင်ပေါက်များမှာလည်း အလိုအလျောက် ကြီးထွားလာသည်။ ချင်မူလည်း တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် ချက်ချင်း အိပ်မက်မှ နိုးထလာသည်

ထိုက်ရှီဥက သူ့‌ဘေးတွင် ဖြစ်ပြီး သူလည်း ဤအခိုက်အတန့်တွင် သတိအနေအထား ဖြစ်သွား၏။ လူတစ်ယောက်နှင့် ဥတစ်လုံး တောင်ပေါ်တွင် ရပ်၍ ဟိုဟိုသည်သည် အကဲခတ်နေကြသည်။ သစ်ပင်များက ပိုမိုမြင့်မားလာပြီး တောင်ပတ်ပတ်လည်ရှိ ချုံပုတ်များက ထူထဲလာကြလေသည်။

အစိမ်းရောင်က သာမန်မျက်စိဖြင့် မြင်ရနိုင်သော အမြန်နှုန်းဖြင့် အလျင်အမြန် ပျံ့နှံ့နေသည်။ မြစ်တစ်ဖက်တစ်ချက်စီကို ဖုံးအုပ်၍ တောင်ပေါ်သို့ တက်လာချေပြီ။

ထူထဲလှသော သစ်မြစ်များကြီးက လူးလွန့်နေသည့် နဂါးများကဲ့သို့ မြေပြင်မှ ထိုးထွက်လာကြသည်။ မကြာခဏဆိုသလို သစ်မြစ်ကြီးများက မြေပြင်မှ ဖောက်ထွက်၍ လမ်းအား ဖုံးအုပ်လိုက်ပြီးနောက် မြေကြီးထဲ ဖြည်းဖြည်းချင်း ပြန်ဝင်သွားကြတတ်ကြသည်။

“အမိကမ္ဘာမြေ”

ချင်မူ့မျက်နှာအမူအရာ တင်းမာလေးနက်သွားသည်။ ရက်စက်ကြမ်းကြုတ်သော အမိကမ္ဘာမြေကား ဘိုးဘေးနန်းတော်သို့ ရောက်လာခဲ့ပြီဖြစ်သည်။

အမိကမ္ဘာမြေတွင် ရန်သူများစွာ ရှိသော်လည်း သူ အမုန်းတီးဆုံး လူများထဲတွင် ချင်မူက ကျိန်းသေပေါက် နေရာယူထား၏။

‘သူ့အစွမ်းအစတွေက အရင်ကလောက် မကြီးမားတော့ပေမယ့် ရွှမ်တုဖြစ်ရပ်ပြီးတဲ့နောက် သူက ရက်စက်ကြမ်းကြုတ်လာပြီး မရေမတွက်နိုင်တဲ့ နတ်ဘုရားမိစ္ဆာတွေရဲ့ အဆီအနှစ်တွေကို စုပ်ယူခဲ့တယ်… သူ့အစွမ်းက ငါ့ထက် အများကြီးသာလွန်မှာ သေချာတယ်”

ချင်မူက အသက်တစ်ရှိုက် ရှူသွင်းလိုက်ပြီး ဟင်းလင်းပြင်ထဲ တိုးဝင်ရင်း ပုန်းခိုတော့မည့်အချိန် တောင်အောက်ရှိ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။ မရေမတွက်နိုင်သော သစ်ပင်များက အသည်းအသန် ပေါက်လာကြပြီး သစ်ကိုင်းများက ထူထဲလာကြ၏။ ရေနဂါးများကဲ့သို့ မြွေလိမ်မြွေကောက် ဖြတ်၍ သစ်ပင်များတွင် ရစ်ပတ်သွားကြသည်။

မကြာမီ တောင်အောက်ရှိ တောအုပ်မှာ သစ်ပင်များဖြင့် ပြုလုပ်ထားသော ဧရာမယဇ်ပလ္လင်ကြီးသဖွယ် ဖွဲ့တည်သွားလေသည်။

ချင်မူက အာရုံစိုက်၍ လှမ်းကြည့်လိုက်သည်။ အစိမ်းရောင်ယဇ်ပလ္လင်ထက်က သစ်ရွက်တစ်ရွက်စီတိုင်း၏ အပေါ်ရှိ အမှတ်အသားများမှာ ထူးဆန်းသော ယွမ်တုမဟာတာအိုဖြင့် ပေါင်းစည်းနေသည်။

ဤယစ်ပလ္လင်ကြီးကို ဖွဲ့တည်ထားသည့် သစ်ရွက်မည်မျှ ရှိနေသနည်း။

ထိုမျှရှုပ်ထွေးသော ယဇ်ပလ္လင်တစ်ခုကို သူ ပထမဆုံး မြင်ဖူးခြင်းပင်။

ပို၍ထူးဆန်းသည်က သစ်ကိုင်းများနှင့် သစ်ပင်များထဲတွင် စီးဆင်းနေသည်က ရေမဟုတ်ဘဲ နတ်သွေး ဖြစ်နေသည်။

နတ်သွေးက သစ်ကိုင်းများ၊ ပင်စည်များ၊ နွယ်များတွင် စီးဆင်းနေပြီး နတ်အလင်းတန်းများ ထုတ်လွှတ်နေသည်။ ၎င်းတို့က သစ်ပင်များကို ထွင်းဖောက်မြင်ရနိုင်သည့်အထိ ထွန်းလင်းတောက်ပနေကြပြီး ထူးဆန်းသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေတော့သည်။

နတ်သွေးစီးဆင်းနေစဉ် သစ်ကိုင်းများ၊ ပင်စည်များနှင့် နွယ်ပင်များပေါ်တွင် မရေမတွက်နိုင်သော သင်္ကေတများ ပေါ်လာသည်။ ထိုသင်္ကေတများမှာ ပို၍ကြည်လင်တောက်ပလာ၏။

ချင်မူမှာ အနည်းငယ် တုန်လှုပ်သွားပြီး ထိုက်ရှီဥကို ချက်ချင်း သိမ်းလိုက်သည်။ သူက နောက်သို့ ခုန်ထွက်၍ တောင်တန်းပေါ်မှ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ထဲ ရောက်ရှိသွားသည်။

ထိုက်ချူတာအိုနှင့် ပတ်သက်လျှင် သူ၏ အောင်မြင်မှုများမှာ ထိုက်ရှီတာအိုထက် များစွာသာလွန်သဖြင့် ဟင်းလင်းပြင်ထဲ ထွက်ပြေးရန် မခက်ခဲပေ။

သူ ဟင်းလင်းပြင်ထဲ ၀င်ရောက်လိုက်သည်နှင့် အစိမ်းရောင်ယဇ်ပလ္လင်မှာ ချက်ချင်း နှစ်ခြမ်းကွဲသွားပြီး အမျိုးသမီးတစ်ဦးက ဖြည်းဖြည်းချင်း ထရပ်လာသည်။

ယဇ်ပလ္လင်က ပြန်ပိတ်သွားပြီး ၎င်းအလယ်တွင် အမျိုးသမီးတစ်ဦး ရပ်နေသည်။ ထိုအမျိုးသမီးမှာ အမိကမ္ဘာမြေကလွဲ၍ တခြားမဟုတ်ပေ။

သို့သော် ယခုအမိကမ္ဘာမြေသည် အတိတ်က အမိကမ္ဘာမြေ၏ ဟန်ပန်သွင်ပြင်များ မရှိတော့။ ထိုအစား အသက်အဖြတ် အရှိန်အဝါတို့က သူမ၏ခန္ဓာကိုယ်ကို ၀န်းရံထားပြီး သူမဆီမှ အသတ်အဖြတ်စိတ်ဆန္ဒတို့ ဒ‌လဟော စိမ့်ထွက်နေကြသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အန္တရာယ်အငွေ့အသက်မှာလည်း အင်မတန် အားကောင်းလွန်းသည်။ ထိုသို့ဖြစ်နေခြင်းမှာ သူမလက်ထဲတွင် ဝိညာဉ်များစွာ အငြိုးကြီးစွာ သေဆုံးခဲ့ရခြင်းကြောင့်ပင်။

သေဆုံးခဲ့ရသည့် ဝိညာဉ်များသည် ရွှမ်တု၌ ကောင်းကင်နတ်ဘုံ နေရာချထားသည့် နတ်ဘုရားများဖြစ်ကြ၏။ သို့သော် အမိကမ္ဘာမြေမှာ ယိုတုမဟာတာအိုအကြောင်း နလုံးတကန်းမှ နားမလည်သဖြင့် အန္တရာယ်အငွေ့အသက်များကို မဖယ်ရှားနိုင်ပေ။

ထိုအငွေ့အသက်တို့က သူမ၏ ဆင်ခြင်တုံတရားနှင့် ဘဝအပေါ် သက်ရောက်မှု ရှိသည်။

အမိကမ္ဘာမြေက ယစ်ပလ္လင်ပေါ်တွင် ရပ်၍ မန္တန်ကို အသက်သွင်းတော့သည်။

ချင်မူက ဟင်းလင်းပြင်ထဲတွင် ပုန်းရင်း တခဏ အကဲခတ်နေသည်။ အမိကမ္ဘာမြေ၏ အစွမ်းအစတို့သည် ပြန်မပြည့်ကြသေးပေ။ သူ၏အတိုက်အခိုက်စွမ်းရည်သည် ကောင်းကင်နန်းဆောင် ရှစ်ဆောင်မှ ကိုးဆောင်အထိရှိသည့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှသည်။ မှန်ပါသည်။ သူမက ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သောကြောင့် ကမ္ဘာဦးသစ်ပင်၏ ရုပ်ခန္ဓာတစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားသေး၏။

သို့သော် သူမ၏ အစွမ်းအစကို ကောင်းကင်ရတနာများ၊ ကောင်းကင်နန်းဆောင်များနှင့် တိုင်းတာမရနိုင်ပေ။

ချင်မူက သေချာ အကဲခတ်လေ့လာနေမိသည်။ အမိကမ္ဘာမြေ၏ ဆင့်ခေါ်ခြင်းယဇ်ပလ္လင်က ဖန်ဆင်းရှင်များ၏ ယဇ်ပလ္လင်နှင့် ဆင်တူလေသည်။ အတော်လေး ဆင်သော်လည်း အမိကမ္ဘာမြေ၏ ယဇ်ပလ္လင်က ပိုမိုရှုပ်ထွေးသည်။

“အမိကမ္ဘာမြေက ယွမ်တုမဟာတာအိုကို နက်နက်နဲနဲ လေ့လာခဲ့တာပဲ…. ဆင့်ခေါ်ခြင်းယဇ်ပလ္လင်ကို ဖန်ဆင်းရှင်တွေ ဖန်ဆင်းခဲ့ကြတာ… အမိကမ္ဘာမြေက ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေတဲ့အတွက် အဲဒါကို မသင်ယူနိုင်ဘူး… ဒါပေမဲ့ သူက ယွမ်တုမဟာတာအိုကို သုံးပြီးတော့ ပြန်လည်တွက်ချက်ခဲ့တယ်”

သူ ထိုသို့တွေးနေစဉ် ကောင်းကင်ထက်တွင် အလင်းတန်းတစ်တန်း ဖျက်ခနဲ တောက်ပသွားသည်။ သူမဆင့်ခေါ်လိုက်သော ဧရာမသားရဲကြီးများကား ကမ္ဘာလောကများ၏ နောက်ကွယ်မှ ဘိုးဘေးနန်းတော်သို့ ဆင်းသက်လာကြချေပြီ။

အမိကမ္ဘာမြေ ယခင်က ဆင့်ခေါ်ခဲ့သည့် ဧရာမသားရဲများမှာ ငယ်ရွယ်သေးသော်လည်း ယခု ဆင့်ခေါ်ခဲ့သည့်သားရဲများက ပိုမိုကြီးမားသန်မာကြ၏။

“အမိကမ္ဘာမြေ ဘာတွေကြံနေတာများလဲ” ချင်မူမှာ နားမလည်နိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် ကောင်းကင်တစ်ပြင်လုံး မည်းနက်သွားသည်။ ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်သည် ဧရာမကြေးခွံကြီးများဖြင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။ နဂါးဦးခေါင်းနှင့်တူသော ခေါင်းကြီးတစ်လုံးက အမိကမ္ဘာမြေကြောင့် ကမ္ဘာလောကများနောက်ကွယ်မှ ဆင့်ခေါ်ခံလိုက်ရချေပြီ။

“ကမ္ဘာဦးနတ်ဘုရင်သုံးပါးအနက်မှ… နတ်ဘုရင်ပိုရဲ့ စီးတော်ယာဉ် လုံရှောင် … ဘိုးဘေးနန်းတော်ရဲ့ အမှောင်ထုထဲမှာ နေထိုင်တဲ့ အရှင်သခင် .... လောကထဲကို ဆင်းသက်လာပါတော့”

အမိကမ္ဘာမြေ၏ အသံ ထွက်ပေါ်လာသည်နှင့် ကောင်းကင်မှာ ပို၍မုန်တိုင်းထန်သွားသည်။ ဧရာမ နဂါးဦးခေါင်းသားရဲကြီးက မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာကာ ကောင်းကင်ကို မျက်စိကျိန်းမတတ် တောက်ပသွားစေ၏။ နေနှစ်စင်း ရုတ်တရက် ပေါ်လာသည့်အလားပင်။

ထို့နောက် ကောင်းကင်မှာ ပို၍ပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ နောက်ထပ် ဧရာမဦးခေါင်းကြီးက ထွက်ပေါ်လာ၏။ ထို့နောက် တတိယမြောက်… စတုတ္ထမြောက်…

ကောင်းကင်ထက်တွင် ဦးခေါင်းကိုးလုံး ပြည့်နှက်သွားပြီး လုံရှောင်၏ ခေါင်းကိုးလုံးက မျက်လုံးများ ဖွင့်လိုက်ကြသည်။ ကောင်းကင်ထက်တွင် နေ ၂၈ စင်း ပေါ်လာပြီး တောင်တန်းများ၊ မြစ်များကို လောင်ကျွမ်းသွားစေတော့သည်။

ချင်မူမှာ ခေါင်းနပန်းကြီး၍ ချွေးသီးချွေးပေါက်များ ကျလာတော့သည်။ ‘ပိုယန်က ကမ္ဘာဦးနတ်ဘုရင်သုံးပါးရဲ့ ခေါင်းဆောင် ဖြစ်ခဲ့တာ အံ့သြစရာ မရှိဘူး… ရှုကျွင်းကတော့ ရှုကျွင်းပဲ… ဒါဆို ရှုကျွင်းက ဘုရင်သုံးပါးထဲမှာ အငယ်ဆုံးပေါ့”

All Chapters