လုံရှောင်၏ လှောင်ပြောင်မှု
Vol. 99 Ch. 1292
ပိုယန်၏ စီးတော်ယာဉ် လုံရှောင်သည် အရွယ်ရောက်ပြီးသား ဟင်းလင်းပြင်သားရဲမိခင်ထက်ပင် ပိုမိုကြီးမား ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီးတစ်ကောင်ဖြစ်၏။ ထိုသို့ဖြစ်တည်မှုမျိုး ဆင်းသက်လာခြင်းက ချင်မူ ပုန်းနေသည့် ဟင်းလင်းပြင်အား ပြင်းပြင်းထန်ထန် တုန်ရီသွားစေသည်။ သူ ပုန်းနေရန် ခက်လာသည်။
လုံရှောင်ကား မှန်းဆမရလောက်အောင် ကြီးမားသည့် သတ္တဝါကြီးတစ်ကောင် ဖြစ်သည်။ ကမ္ဘာဦးခေတ်တွင်သာဆိုပါက ဖန်ဆင်းရှင်များ ကိုးကွယ်ပူဇော်ကြမည့် သားရဲမျိုးပင်။
“ဒီလောက်အင်အားကြီးတဲ့ သားရဲမျိုး မရှိနိုင်ဘူး…. မဟုတ်ဘူး… ရှိတယ်”
ချင်မူမှာ လုံရှောင် ငေးကြောင်ကြည့်နေမိရင်း ရေရွတ်လိုက်သည်။ “ဖန်ဆင်းရှင်တွေ လုံရှောင်ကို မဟာဧကရာဇ်လို ကိုးကွယ်ပူဇော်ကြတာနဲ့ လုံရှောင်လို အင်အားကြီးလွန်းတဲ့ ဧရာမသားရဲမျိုး ဖန်တီးနိုင်ကြတယ်”
ထိုအခိုက်အတန့်တွင် အဝေးရှိ သစ်နက်တောင်တန်းအတွင်း၌ ရှိနေသော နတ်ဘုရင်ရှုကျွင်းမှာ တစ်စုံတစ်ခု ခံစားလိုက်ရသည်။ သူက ခေါင်းမော့၍ ကောင်းကင်အား အံ့ဩမှင်သက်စွာ ကြည့်လိုက်လေသည်။
“ပိုယန်ရဲ့စီးတော်ယာဉ်၊ ဝူရှားမျိုးနွယ်စုရဲ့ အစောင့်အရှောက်… လုံရှောင်…”
သူက ရေရွတ်လိုက်သည်။ “မဟာဧကရာဇ်ပြီးရင် ဒုတိယလိုက်တဲ့ ဒီမဟာကမ္ဘာဦးသားရဲက သေသွားပြီမဟုတ်လား”
ဤသည်မှာ သူ ကမ္ဘာဦးခေတ်တွင် စိတ်ကူးယဉ်အိပ်မက်ခဲ့ဖူးသော သားရဲကြီးပင်။ သို့သော် သူက ကမ္ဘာဦးဘုရင်သုံးပါးထဲတွင် တတိယဖြစ်ကာ ပိုယန်ကတော့ ပထမဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပိုယန်သည် အသက်အကြီးဆုံးဖြစ်သည့်အပြင် ထိုက်ချူနတ်ကျောက်တုံး၏ အံ့မခန်းလိလိ အသုံးဝင်မှုများကို ရှာတွေ့ခဲ့သောကြောင့် ဖြစ်၏။
ကုန်းယွင်ကတော့ ဒုတိယဖြစ်ချေသည်။ နတ်ဘုရင်ကုန်းယွင်၏ နွီရှင်းမျိုးနွယ်စုမှာ အင်အားကြီးမားလှသော မျိုးနွယ်စုတစ်စု ဖြစ်သည့်အလျောက် ကုန်းယွင်၏ခွန်အားမှာ ရှုကျွင်းထက် မမြင့်မားသော်လည်း သူမက ဖန်ဆင်းရှင်များကြားတွင် သူရဲကောင်းတစ်ဦးအဖြစ် ရှုမြင်ခံရသည်။
ရှုကျွင်း တတိယဖြစ်ခြင်းက သင့်တင့်သည်။
ရှုကျွင်းသည် အလွန်တရာ သန်မာသော်လည်း ခွန်အားနှင့် စွမ်းအားအရာတွင် သူတို့နှစ်ယောက်ကို မယှဉ်နိုင်ပေ။ သူက ချင်မူ့အရှေ့တွင် မကြာခဏ ကြွားလုံးထုတ်လေ့ရှိသော်လည်း ချင်မူ ရှေးဟောင်းကမ္ဘာဦးခေတ်၏ သမိုင်းကြောင်းကို မသိ၍ အနိုင်ကျင့်နေခြင်းသာ ဖြစ်၏။
ကျန်သူနှစ်ယောက်နှင့် ရင်ဆိုင်ရပါက သူ့မှာ နိမ့်ကျနေသေးသည်။
သူ့မှာ နတ်ဘုရင်ပိုယန်၏ လုံရှောင်ကို အမြဲတမ်း လိုချင်ခဲ့သော်လည်း ပိုယန်နှင့် လုံရှောင်ကို အနိုင်မယူနိုင်မှန်း သိသဖြင့် ထိုက်ပူသားရဲကြီးကိုသာ ရွေးချယ်ခဲ့ရသည်။
ယခု လုံရှောင်အား မြင်တွေ့ရသည့်အခါ သူ့ရင်မှာ တဒိန်းဒိန်း ခုန်လာတော့သည်။
“ပိုယန်က သေသွားပြီ.. လုံရှောင်ကလည်း ပြန်ပေါ်လာခဲ့ပြီ…. မဟာဧကရာဇ်နဲ့ ကုန်းယွင်ကလွဲပြီး ငါ့ကို တားနိုင်တဲ့သူ မရှိဘူး”
သူက မဟူရာသစ်ပင်ကြီးဆီ ပျံသန်းသွားလိုက်ရင်း လုံရှောင် ဆင်းသက်လာသော နေရာသို့ ဦးတည်နေ၏။ သူ့ခန္ဓာကိုယ်မှာ စိတ်ဓာတ်ပြင်းပှုတို့ဖြင့် လောင်ကျွမ်းနေသည့်အလား ပူလောင်နေတော့သည်။ ‘နောက်ဆုံးတော့ ငါ့အချိန် ကျပြီ’
ထိုအခိုက်အတန့်တွင် နတ်အရှင်မယန်သည် လုံရှောင်၏ ဆင်းသက်လာမှုကြောင့် သတိအနေအထားဖြစ်သွား၏။ သူမက နန်းတော်ခန်းမမှ ထွက်လာကာ ကောင်းကင်မှ ဆင်းသက်လာနေသော ဧရာမသားရဲကြီးဆီသို့ ကြည့်လိုက်သည်။ သူမမျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွား၏။
“လုံရှောင်…”
“အဲ့ဒီသောက်ကျိုးနည်း အမိကမ္ဘာမြေက လုံရှောင်ကို မသတ်ခဲ့ဘူးပေါ့… အဲ့ဒီအစား သူက ဖွက်ထားခဲ့တာပဲ”
သူမမှာ ဒေါသူပုန်ထနေပြီး တစ်ချိန်တည်းမှာပင် သူမ၏မျက်နှာထက်တွင် အကြောက်တရားတို့ ပေါ်လွင်လာသည်။ ရှေးဟောင်းနတ်ဘုရားများနှင့် ဖန်ဆင်းရှင်တို့၏ စစ်ပွဲတွင် ကောင်းကင်နတ်ဧကရီတို့ ညီအစ်မသည် ပိုယန်ကို ရှင်းလင်းရန် တာ၀န်ယူခဲ့ပြီး အမိကမ္ဘာမြေကတော့ လုံရှောင်ကို တာ၀န်ယူခဲ့သည်။
ညီအစ်မနှစ်ယောက်က ပိုယန်ကို အဆုံးသတ်မြို့ပျက်ထဲသို့ ထိုးသွင်းခဲ့ရင်း သူ၏ရုပ်ခန္ဓာနှင့် ဝိညာဉ်အား ဖျက်ဆီးပစ်ခဲ့၏။ အနက်ရောင်ဝိညာဉ်သဲမှုန်ပင်လျှင် မကျန်ရစ်ခဲ့သည့်အပြင် ပိုယန်၏ အသိစိတ်အလျဉ်မှာလည်း ပြာကျသွားခဲ့သည်။
ထိုတိုက်ပွဲမှာ သူတို့အတွက် အတော်လေး ပြင်းထန်ခဲ့သည်။
အမိကမ္ဘာမြေအတွက် လုံရှောင်နှင့် ရင်ဆိုင်ရသည်မှာ လွယ်ကူချေသည်။ သူမသည် လုံရှောင်သေသွားပြီဟု ပြန်ပြောခဲ့၏။
လုံရှောင်ကား ကမ္ဘာဦးခေတ်တွင် အင်အားအကြီးဆုံး ဧရာမသားရဲတစ်ကောင် ဖြစ်သည်။ ဧရာမသားရဲကြီးများအကြားတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည်ဟုပင် ပြော၍ရနိုင်၏။ အမိကမ္ဘာမြေကဲ့သို့ နတ်ဘုရားများအတွက် ယဇ်ပူဇော်ခံရသော ရှေးဟောင်းနတ်ဘုရားမျိုးပင်။
သို့သော် ၎င်းက ရှေးဟောင်းနတ်ဘုရားများကို ချေမှုန်းရန် ဖန်ဆင်းခဲ့သော စစ်လက်နက်တစ်ခု ဖြစ်သည်။
ကောင်းကင်နတ်ဧကရီ၏ ညီမပင်လျှင် ဤသားရဲကို ကြောက်ရွံ့ချေသည်။ မဟာဧကရာဇ် အင်အားမကြီးခဲ့စဉ်တုန်းက ရှေးဟောင်းနတ်ဘုရားများကို အုပ်ချုပ်ကျွန်ပြုခဲ့သူမှာ ကမ္ဘာဦးနတ်ဘုရင်သုံးပါးအနက်မှ နတ်ဘုရင်ပိုယန်ဖြစ်ပြီး သူက လုံရှောင်ကို အားကိုးခဲ့သည်။
ဤဧရာမသားရဲကြီးသည် သက်တမ်းအကြာဆုံး ယဇ်ပူဇော်ခံခဲ့ရသည့် ဖြစ်တည်မှုတစ်ခုပင်။ ၎င်း၏ အတိုက်အခိုက်စွမ်းရည်က ထိုခေတ်၏ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။
ပို၍အရေးကြီးသည်က ၎င်းသည် ဟင်းလင်းပြင်သားရဲများမှလွဲ၍ ဘိုးဘေးနန်းတော်ထဲရှိ သားရဲများအား ထိန်းချုပ်နိုင်၏။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ပင် ၎င်းကို ကြောက်ရွံ့ရလေသည်။
ကောင်းကင်နတ်ဧကရီတို့ ညီအစ်မပင်လျှင် အဆုံးသတ်မြို့ပျက် ၎င်းကို ဝါးမြိုသွားအောင် မစွမ်းဆောင်နိုင်ချေ။
ယခင်က နတ်ဘုရင်ပိုသည် ၎င်းကို အဆုံးသတ်မြို့ပျက်ထဲသို့ စီးနှင်လာ၍ အမှောင်ထုအနက်ပိုင်းထဲအထိ ၀င်ရောက်ခဲ့ဖူး၏။ အမှောင်ထုပင်လျှင် မည်သည့်အရာမှ မလုပ်နိုင်ခဲ့ပေ။
၎င်းက မဟာဧကရာဇ် မပေါ်လာခင် အချိန်အထိ ဖြစ်ခဲ့သည်။
မဟာဧကရာဇ်သည် ထိုက်ချူကို ထိန်းချုပ်ပြီး လုံရှောင်မှာ ထိုက်ချူအား မည်သို့မှ အန္တရာယ်မပြုနိုင်ပေ။ ဤသို့ဖြင့် မဟာဧကရာဇ်၏မျိုးနွယ်စုအား အင်အားတောင့်တင်းလာစေခဲ့သည်။
မထင်မှတ်ဖွယ်ကောင်းစွာနှင့် ကမ္ဘာဦးစစ်ပွဲတွင် အမိကမ္ဘာမြေက လုံရှောင်အား သတ်ဖြတ်နိုင်ခဲ့၏။
အနည်းဆုံးတော့ သူတို့အားလုံး ထိုသို့ထင်မှတ်ထားခဲ့သည်။
‘အမိကမ္ဘာမြေက အဲ့ဒါကို ဖွက်ထားပြီးတော့ ငါနဲ့ တခြားရှေးဟောင်းနတ်ဘုရားတွေကို ရှင်းပစ်ဖို့ လုပ်ခဲ့တာပဲ… သူ့အကြံအစည်က အရင်ထဲက ကြီးမားပက်စက်ခဲ့တာ’
နတ်အရှင်မယန်က နန်းတော်ခန်းမအရှေ့တွင် ရပ်လျက် ကောင်းကင်ထက်ရှိ နှိုင်းယှဉ်မရနိုင်အောင် ကြီးမားသော နဂါဦးခေါင်းကိုးလုံးကို မော့ကြည့်နေသည်။ သူမမှာ ဒေါသမထွက်မိဘဲ မနေတော့ပေ။ “အဲ့အပျက်မနဲ့ ငါက ပိုယန်ကို သတ်ခဲ့တော့ လုံရှောင်က သေချာပေါက် ကလဲ့စားချေမှာပဲ… သူ့ အကြံအစည်က မဆိုးဘူး… ဒါပေမဲ့ ဖန်ဆင်းရှင်တွေရဲ့ ခေတ်က ကုန်သွားခဲ့ပြီ… ကောက်းကင်နတ်အရှင်တွေ ရှေ့မှောက်မှာ လုံရှောင်တောင် ဘာမှမလုပ်နိုင်ဘူး”
ကောင်းကင်ထက်တွင် ဧရာမသားရဲကြီး၏ ဦးခေါင်းကိုးလုံးက ရုတ်တရက် ပေါ်လာခဲ့သည်။ သို့သော် အမိကမ္ဘာမြေ မည်မျှပင် ဆင့်ခေါ်ပါစေ လုံရှောင်အား အပြည့်အ၀ ဆင့်ခေါ်၍ မရပေ။
ပြိုင်ဘက်ကင်းသားရဲကြီးက အမိကမ္ဘာမြေအား လှောင်ပြောင်သော မျက်နှာအမူအရာဖြင့် ကြည့်နေ၏။
“လုံရှောင်၊ ကမ္ဘာဦးခေတ်ရဲ့ အင်အားအကြီးဆုံးဖြစ်တည်မှု… အရင်က ငါ နင့်ကို သက်ညှာပေးခဲ့ပြီး ကမ္ဘာဦးစစ်ပွဲမှာ အသက်ချမ်းသာပေးခဲ့တယ်”
ယဇ်ပလ္လင်ပေါ်ရှိ အမိကမ္ဘာမြေက ခပ်မာမာ ပြောသည်။ “အခုက နင့် ငါရဲ့သနားညှာတာမှုကို ပြန်ပေးဆပ်ရမယ့် အချိန်ပဲ… ငါ ဆင့်ခေါ်တာကို တုံ့ပြန်ပြီး ဘိုးဘေးနန်းတော်အနောက်ကနေ ထွက်မလာဘူးလား”
ဧရာမနဂါးသားရဲကြီးက ခေါင်းကိုးလုံးက ရုတ်တရက် ရယ်မောလိုက်သည်။ “သနားစရာ ကမ္ဘာဦးသစ်ပင်လေး… အရင်တုန်းက မင်းက သိပ်ကို စိမ်းလန်းစိုပြည်ခဲ့ပြီးတော့ မင်းရဲ့အရိပ်က တစ်လောကလုံးကို လွှမ်းခြုံခဲ့တယ်…. မိုင်တစ်ထောင် ရှည်လျားတဲ့ ခွန်ပန်တွေက ငါးပေါက်လေးတွေလို မင်းကို ရစ်ပတ်ကူးခတ်ခဲ့ကြတယ်… အခုတော့ မင်းက အပင်ပေါက်လေး ဖြစ်နေပါရောလား… ငါ့ကို ဆင့်ခေါ်နိုင်တဲ့ စွမ်းအား မရှိတော့ဘူး”
၎င်း၏ ခေါင်းတစ်လုံးက ကောင်းကင်ထဲမှ ထွက်ပေါ်လာပြီး ချင်မူ ပုန်းနေသည့် ဟင်းလင်းပြင်ရှေ့တွင် ခဏရပ်သွားသည်။ ၎င်း၏ ထူထဲလှသော လည်ပင်းကြီးတွင် နဂါးအကြေးခွံများက ဟင်းလင်းပြင်ကိုပင် ဖောက်ထွက်လာကြလေသည်။
နဂါးအကြေးခွံများမှာ နှိုင်းယှဉ်မရနိုင်အောင် ချောမွတ်နေပြီး ချင်မူနှင့် ထိုက်ရှီဥ၏ ပုံရိပ်ကို ရောင်ပြန်ဟပ်ကာ သူတို့အား ပုန်းမရအောင် ဖြစ်သွားစေသည်။
ချင်မူမှာ အံ့သြမှင်သက်နေမိသည်။
နဂါးရှောင်မှာ မဟာဧကရာဇ်လောက် အစွမ်းမထက်သော်လည်း သိပ်ပြီး မကွာလှချေ။
လုံရှောင်၏ ဦးခေါင်းက ယစ်ပလ္လင်ထက်ရှိ ကောင်းကင်သို့ ရောက်ရှိသွားကာ သူ၏ဦးခေါင်းအရိပ်ကြီးက တောင်တန်းများကို ဖုံးလွှမ်းသွားသည်။ အမိကမ္ဘာမြေ၏ ယဇ်ပလ္လင်မှာ ကြီးမားသော်လည်း နဂါးဦးခေါင်းအရှေ့တွင်တော့ မပြောပလောက်တော့ပေ။
“ငါက ဘိုးဘေးနန်းတော်အနောက်မှာ အေးချမ်းနေခဲ့တာ…. စိတ်ပူစရာတွေလည်းမရှိသလို အဲဒီမှာ နေထိုင်မျိုးပွားနေကြတဲ့ ဧရာမသားရဲတွေလည်း အများကြီးပဲ… ဖန်ဆင်းရှင်တွေ မရှိရင် ငါတို့က သခင်မရှိဘဲ လွတ်လပ်တယ်”
နဂါးဦးခေါင်းက ဖွင့်ဟပြောနေခြင်း မဟုတ်ပေ။ သူ၏ အသိစိတ်အလျဉ်မှာ အားကောင်းလွန်းသဖြင့် ၎င်း၏ အတွေးများကို ထုတ်ဖော်နေသည်။
သူ့ထံမှ အတွေးတစ်ချက်က ကောင်းကင်နှင့် မြေပြင်တစ်လျှောက် ပုံရိပ်ယောင်မျိုးစုံ ပေါ်လာစေ၏။ သူ လျှပ်စီးအကြောင်းတွေးလျှင် ကောင်းကင်သည် လျှပ်စီးတို့ဖြင့် ပြည့်နှက်သွားလိမ့်မည်။ သူ တောင်တန်းများအကြောင်း တွေးပါက တောင်များသည် တဝုန်းဝုန်း မြည်ဟီးလျက် မြေပြင်မှ မြောက်တက်လာကြလိမ့်မည်။ ပင်လယ်ကြီး၏ ပြင်းထန်လှသော လှိုင်းလုံးကြီးများကို တွေးလိုက်ပါက ပင်လယ်တစ်စင်း မြေတွင် ပေါ်လာပြီး လှိုင်းဂယက်များ၊ မိုးသက်မုန်တိုင်းများ ထွက်ပေါ်လာကြမည်ဖြစ်၏။
'ဒီလုံရှောင်ရဲ့ အသိစိတ်အလျဉ်က မဟာဧကရာဇ်အောက် နိမ့်ကျမနေဘူး… ဒါပေမဲ့ မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဥ်လောက်လည်း မစင်ကြယ်ဘူး”’
လုံရှောင်သည် မဟာဧကရာဇ်အောက် နိမ့်ကျမှန်း ချင်မူ ချက်ချင်း သိလိုက်ရ၏။ သူ့တွင် ထိုက်ချူကျောက်တုံး၊ မဟာခြုံလွှမ်းအသိစိတ်အလျဉ် သို့မဟုတ် အခြားမည်သည့်ကျင့်စဉ်မှ ရှိပုံမရပေ။ သူ့ခန္ဓာကိုယ်ထဲရှိ အားကောင်းလှသော အသိစိတ်အလျဉ်ကို မသန့်စင်နိုင်သလို အသိစိတ်အလျဉ်လမ်းစဉ်ကိုလည်း နားမလည်နိုင်ချေ။ ရလဒ်အနေဖြင့် သူကား မဟာဧကရာဇ်အောက် နိမ့်ကျခဲ့၏။
“မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေအရ မင်းဟာ မရှုမလှ ရှုံးနိမ့်ခဲ့တာပဲ.. ဝိညာဥ်ပဲ ကျန်တော့တယ် … မူလခန္ဓာကိုယ်ကိုပါ ဆုံးရှုံးခဲ့ရတာပေါ့”
လုံရှောင်၏ လှောင်နေသော မျက်နှာအမူအရာမှာ ပို၍ပင်ထင်ရှားလာသည်။ သူက အေးအေးလူလူ ပြော၏။ “မင်းက ကိုယ့်ကိုကိုယ် တိုးတက်လာစေဖို့ ကောက်ကျစ်စဥ်းလဲတဲ့ နည်းလမ်းတွေ သုံးပြီး တခြားသူတွေရဲ့ ချီနဲ့သွေးကိုတောင် စုပ်ယူခဲ့တာပဲ… မမြင်နိုင်တဲ့ အန္တရာယ်တွေလည်း ဖြစ်ပေါ်လာစေခဲ့တယ်…. အတိတ်တုန်းက မင်းက အမိကမ္ဘာမြေ… သက်ရှိမှန်သမျှအပေါ် ကာကွယ်ပေးဖို့ တာဝန်ရှိခဲ့တယ်… အဲဒါကြောင့် မင်းက အပြစ်ဒဏ်ကို မသေဘဲ ကျော်ဖြတ်နိုင်ခဲ့တာ… အခုတော့ မင်းက မင်းရဲ့သိက္ခာကို လုံးဝဖျက်ဆီးပစ်လိုက်ပြီ… မင်း သေရလိမ့်မယ်”
သူက နှာခေါင်းရှုံ့လိုက်ရင်း ဆက်ပြော၏။ “မင်းက ဓားလေးတစ်လက်စီကနေ ခုခံပေးဖို့ ငါ့ကို ခေါ်လိုက်တာပဲ.. အဟက်… အမိကမ္ဘာမြေ မင်းက အကြံဉာဏ်ကောင်းပေမယ့် တုံးအလွန်းတယ်”
သူ၏ဦးခေါင်းက ဖြည်းဖြည်းချင်း မြောက်တက်သွားပြီး အခြားဦးခေါင်းများသည် တစ်ခုပြီးတစ်ခု ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
ယဇ်ပလ္လင်ပေါ်တွင် အမိကမ္ဘာမြေက ခက်ထန်စွာ တုံ့ပြန်ခဲ့သည်။ “လုံရှောင်၊ ငါ နင့်အသက်ကို ချမ်းသာပေးခဲ့တယ်… အခု ငါ့ကို ကျေးဇူးပြန်ဆပ်ရမယ့် အချိန်ပဲ”
လုံရှောင်မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။ “ချမ်းသာပေးခဲ့တယ်တဲ့လား… မင်းက ငါ့မျိုးဆက်တွေရဲ့ အသက်နဲ့ ငါ့ကို ခြိမ်းခြောက်ခဲ့တာ.. အဲဒီတုန်းက မင်းက ငါ့ပြိုင်ဘက်မှမဟုတ်တာ… ဘယ်လိုလုပ် ငါ့ကို အသက်ချမ်းသာပေးလို့ရမှာလဲ… ငါနဲ့ ငါ့မျိုးဆက်တွေကို ရန်လာမစနဲ့...”