ထိုက်ရှီကျောက်တုံးတွင်း၏ ဆန်းကြယ်မှုများ
Vol. 99 Ch. 1295
ကြောင်ဖြူမှာ နတ်အရှင်မယန် မကြာခဏ ပွေ့ထားလေ့ရှိသော ကြောင်ဖြူ ဖြစ်၏။ ၎င်းက ပေါ့ပါး၍ တိတ်ဆိတ်နေသော ခြေလှမ်းတို့ဖြင့် အမြှီးမြောက်ရင်း ချင်မူ့ရှေ့သို့ လျှောက်လာသည်။ ထို့နောက် လှည့်ပင်မကြည့်ဘဲ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ကျုပ် လမ်းပြပေးပါ့မယ်… ကျေးဇူးပြုပြီး ၀င်လာခဲ့ပါ”
ချင်မူက ပြုံး၍ သူ့အနောက်မှ လိုက်သွားသည်။
ကြောင်ဖြူရှောင်ချီက အရှေ့မှ အေးအေးဆေးဆေး လျှောက်နေပြီး စိတ်မပါလက်မပါ ပြော၏။ “ဒီကျောက်တုံးတွင်းက သာမန်ထက်ပိုပြီး အန္တရာယ်များတယ်… ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦး ဒီထဲ ဝင်လာရင်တောင် ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်ဘူး… ဒီနေရာကို ကျောက်တူးဖို့ လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးက နတ်ဘုရားတွေအကြားက အဆင့်မြင့်သိုင်းပညာရှင်တွေချည်းပဲ….ဒါပေမဲ့ ဒီနေရာကို အကြာကြီး ဝင်နေခဲ့လို့ ကျောက်တုံးတွင်းနဲ့ တစ်သားတည်း ဖြစ်သွားခဲ့ကြတယ်”
ချင်မူလည်း ကျောက်တူးသံများ ကြားရသဖြင့် အကြည့်ကို အာရုံစိုက်လိုက်သည့်အခါ တောင်နံရံပေါ်တွင် နတ်ကျောက်တုံးများ တူးနေသော နတ်ဘုရားတစ်ပါးအား တွေ့လိုက်ရ၏။
နတ်ကျောက်တုံး၏ ပတ်ပတ်လည်တွင် ထူးဆန်းသော သင်္ကေတများစွာ ဝိုင်းဖွဲ့နေသည်။ တောင်နံရံနှစ်ဖက်တွင်မူ နံရံပေါ်ရှိ နတ်ကျောက်တုံးများ ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလား ပုံရိပ်ဖမ်းထားသော ကြေးမုံများ ရှိနေသည်။
နတ်ဘုရားက ပေါက်တူးတစ်လက် ကိုင်ထားပြီး တစ်ချက် ပေါက်လိုက်တိုင်း တချွင်ချွင် မြည်သံများ ထွက်ပေါ်နေ၏။
ချင်မူက တခဏ ရပ်ကြည့်လိုက်သည့်အခါ ထိုနတ်ဘုရား ပေါက်တူး တစ်ခါပေါက်လိုက်တိုင်း သူ၏ခန္ဓာကိုယ်သည် အနည်းငယ်မှေးမှိန်သွားကြောင်း တွေ့လိုက်ရသည်။ သို့သော် သူ့မှာ သတိထားမိပုံမပေါ်ဘဲ နတ်ကျောက်တုံးကိုသာ ဆက်လက်တူးဖော်နေလေသည်။
ကြောင်ဖြူရှောင်ချီက လှည့်ကြည့်လာသဖြင့် ချင်မူလည်း သူ့အနောက်မှ သွက်သွက် လိုက်သွားသည်။ လမ်းတွင် နတ်ဘုရားအချို့နှင့် ကျောက်တူးသမားများကို ထပ်မံတွေ့ရှိရ၏။
သူတို့မှာလည်း အလောင်းကောင်များသဖွယ် နတ်ကျောက်တုံးအသီးသီး တူးဖော်နေကြသည်။ လူတိုင်းရှေ့ရှိ ကျောက်နံရံများမှာ ထူးဆန်းသော သင်္ကေတများဖြင့် ပြည့်နှက်နေ၏။ သူတို့ဘေးတွင် ကျောက်နံရံပေါ်ရှိ နတ်ကျောက်တုံးများအား ပုံရိပ်ဖမ်းထားသည့် ကြေးမုံနှစ်ချပ်စီ ရှိကြသည်။
သူတို့က ခေါင်းငုံ့၍ အလုပ်ကြိုးစားနေကြပြီး ပေါက်တူးများကို လွှဲရမ်းကာ ကျောက်တူးနေကြ၏။
ရုတ်တရက် တစ်စုံတစ်ယောက်က ပျော်ရွှင်စွာအော်ဟစ်လိုက်ရင်း နတ်ကျောက်တုံးတစ်တုံးကို ကိုင်လိုက်သည်။ သူက မျက်ရည်များဖြင့် ပြောလေသည်။ “ငါ တူးနိုင်ခဲ့ပြီ… နတ်ကျောက်တုံးတစ်တုံး တူးလို့ရခဲ့ပြီ… ဒါက ငါ့ရဲ့တတိယမြောက် နတ်ကျောက်တုံးပဲ… ငါ အိမ်ပြန်နိုင်တော့မယ်”
ဝှစ်….
ပေါက်တူးတစ်လက်က သူ၏နောက်ကျောတွင် မြောက်တက်လာပြီး သူ့ခေါင်းကို ရိုက်ခွဲကာ ဦးခေါင်းပွင့်သွားစေသည်။ ထိုနတ်ဘုရားမှာ အသတ်ခံရသောကြောင့် ပွဲချင်းပြီးသွားချေပြီ။
သူ့ကို ချုံခိုတိုက်ခိုက်သူမှာလည်း နတ်ဘုရားတစ်ပါးသာ ဖြစ်သည်။ ထိုသူကို သတ်ဖြတ်ပြီးနောက် သူက မြေပေါ်ကျသွားသော နတ်ကျောက်တုံးကို ကပျာကယာ ကောက်ယူ၍ ရယ်လိုက်၏။ “အိမ်ပြန်တော့မှာ ငါပဲကွ… ဒီက ဘဝကြီးကို စိတ်ကုန်နေပြီ”
သူသည် ဝမ်းသာအားရစွာဖြင့် ကျောက်တုံးတွင်းထဲမှ အသည်းအသန် ပြေးထွက်သွားကာ အော်ဟစ်နေ၏။ “အကြီးအမှူး၊ အကြီးအမှူး… ကျုပ် နတ်ကျောက်တုံးတစ်တုံး တူးနိုင်ခဲ့ပြီ”
ကျောက်တူးနေသည့် ကျန်နတ်ဘုရားများမှာမူ သတိထားမိပုံမပေါ်ဘဲ ကျောက်နံရံများကိုသာ ဆက်လက်ထွင်းနေကြသည်။
ချင်မူ မျက်မှောင်ကြုတ်သွားမိသည်။
“နတ်အရှင်မက သတ္တဝါတွေအပေါ် ဂရုစိုက်တတ်တဲ့ စိတ်ထားရှိပြီး ကြင်နာသနားတတ်ပါသေးတယ်… ဒီကျောက်တူးသမားအားလုံးက ကောင်းကင်နတ်ဘုံရဲ့ မဟာအကျဉ်းထောင်မှာ သေဒဏ်ပေးခံထားရတဲ့သူတွေချည်းပဲ”
ကြောင်ဖြူရှောင်ချီက ရှင်းပြသည်။ “သူတို့က ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြပေမယ့် နတ်အရှင်မက ခွင့်လွှတ်ပေးခဲ့တယ်… နတ်ကျောက်တုံးသုံးလုံး တူးဖော်နိုင်သရွေ့ ပြစ်မှုမှန်သမျှ ပယ်ဖျက်ပေးပြီး အိမ်ကို ဂုဏ်ကျက်သရေရှိရှိ ပြန်ခွင့်ပေးထားတာလေ”
ချင်မူက ကျောက်တူးနေသည့် နတ်ဘုရားများကို အကဲခတ်လိုက်ရင်း ပြော၏။ “သူတို့ရဲ့ သိုင်းအဆင့်က နတ်ကျောက်တုံးသုံးလုံးကို ခံနိုင်ရည်မရှိလောက်ဘူး”
ရှောင်ချီက ကျောက်တူးသမားများကို တစ်ချက်ကြည့်ကာ မနှစ်မြို့သော အမူအရာဖြစ်သွားသည်။ “နတ်ကျောက်တုံးသုံးလုံးတဲ့လား.. နတ်ကျောက်တုံးတစ်လုံးကို ကျောက်တုံးတွင်းနဲ့ တစ်သားတည်းဖြစ်မသွားဘဲ တူးယူဖို့ဆိုရင် နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ရမယ်… နတ်ကျောက်တုံးသုံးလုံးကို တူးဖော်ဖို့ဆိုရင် အနည်းဆုံးတော့ ကျောက်စိမ်းမြို့တော်အဆင့် ရောက်နေမှ ရမယ်… နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တွေတောင် နတ်ကျောက်တုံးသုံးလုံး တူးဖော်ပြီးရင် သူတို့ရဲ့ခန္ဓာကိုယ်တွေ ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားကြလိမ့်မယ်… ထွက်သွားပြီးရင်လည်း အသုံးမကျတဲ့ နတ်ဘုရားတွေပဲ ဖြစ်ကုန်ကြမှာ”
ချင်မူက မရေမရာ ပြုံးလိုက်သည်။ “သူတို့ တကယ်ရော ထွက်သွားနိုင်မှာလား”
ရှောင်ချီက နှာခေါင်းရှုံ့၍ ဖြေ၏။ “နတ်အရှင်မက ကတိတည်တယ်… သူက ဘာလို့ လိမ်မှာလဲ…ဒါပေမဲ့ အခုအထိတော့ ဘယ်သူမှ ကျောက်တုံးတွင်းထဲက ထွက်မသွားနိုင်သေးဘူး… အဲဒီပုဂ္ဂိုလ်က ပထမဆုံး ဖြစ်လောက်တယ်”
သူတို့နှစ်ယောက်သား ကျောက်တုံးတွင်း၏ အနက်ပိုင်းထဲသို့ ဆက်လျှောက်သွားကြပြီး ကျောက်တူးသံများအား ကြားရပြန်သည်။ အနက်ပိုင်းထဲရှိ နတ်ဘုရားများသည် ကျောက်တုံးရိုင်းများကို တူးဖော်နေရပြီး သူတို့၏ ခြေထောက်များတွင် သံကြိုးများ ချည်နှောင်ထားမှန်း ချင်မူ သတိထားမိသည်။
သူတို့သည် ရှည်လျားသော သံကြိုးများကို တရွတ်တိုက် ဆွဲရင်း ကြေးမုံများသယ်ကာ ကျောက်တုံးတွင်းထဲ သွားလာနေကြသည်။ ကြေးမုံတို့ဆီမှ အလင်းရောင်က မြူကို လွင့်ပြယ်စေ၍ တောင်နံရံထက်တွင် တောက်ပလာစေသည်။
နတ်ကျောက်တုံးသာ ကြေးမုံမှ အလင်းရောင်ကြောင့် တောက်ပလာခဲ့လျှင် ထိုကျောက်တူးသမားများသည် အဝတ်စုတ်များ သယ်၍ သံကြိုးများ တရွတ်တိုက် ဆွဲကာ အလျင်အမြန် ပြေးလာကြ၏။ ထို့နောက် လျှာထိပ်များ ကိုက်၍ နတ်ကျောက်တုံး ပတ်ပတ်လည်တွင် သွေးဖြင့် သင်္ကေတများ ရေးသားကာ ၎င်းထွက်မပြေးနိုင်အောင် တားကြသည်။
ထိုက်ရှီနတ်ကျောက်တုံးသည် အသွင်သဏ္ဍာန်သာ ရှိပြီး ဒြပ်ထုမရှိသည့် အံ့ဖွယ်ကျောက်တုံးတစ်တုံး ဖြစ်၏။ ၎င်းသည် အခြားနတ်ကျောက်တုံးများနှင့် မတူပေ။ ဒြပ်ထုမရှိသဖြင့် ဟိုဟိုဒီဒီ သွားလာနိုင်ကြသည်။
၎င်းကို ပိတ်လှောင်ထားဖို့ သင်္ကေတများ မလိုအပ်သလို ကြေးမုံများဖြင့်လည်း အလင်းဖြန့်ကျက်စရာမလိုပေ။ ထိုသို့ကျောက်တုံးမျိုးကို မည်သို့နည်းနှင့်မှ မတူးဖော်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် ဤလူများမှာ နတ်ကျောက်တုံးများအား ရှာဖွေရန် တာဝန်ပေးခံထားရသည်။
“အဲဒီလူတွေက မဟာအကျဉ်းထောင်က သေဒဏ် ချမှတ်ခံထားရတဲ့ သူတွေမဟုတ်ဘူး… သူတို့က ကောင်းကင်အကျဉ်းထောင်က သေဒဏ်ပေးခံထားရတဲ့သူတွေ... အမှားတွေ ပိုလုပ်ခဲ့တော့ ပေးဆပ်ရမယ့် အပြစ်တွေကလည်း ပိုများတယ်”
ကြောင်ဖြူရှောင်ချီက ရှင်းပြသည်။ “သူတို့ရဲ့သိုင်းအဆင့်ကလည်း ပိုမြင့်တယ်… ထွက်သွားနိုင်ဖို့ နတ်ကျောက်တုံး ၁၀၀ ရှာရလိမ့်မယ်”
ချင်မူက ပြေးလွှားနေကြသော ပုဂ္ဂိုလ်များအား ကြည့်ရင်း မေးလိုက်သည်။ “ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်တဲ့သူ ရှိဖူးလား”
ရှောင်ချီက ခေါင်းရမ်း၏။ “ဒီကျောက်တုံးတွင်းရဲ့ သူများနဲ့ မတူတဲ့ အချက်က ဒီနေရာမှာ စတာပဲ… ကျောက်တုံးတွေ ရှာတာနဲ့ နတ်ကျောက်တုံးတွေ တူးတာကို ကျိန်စာတိုက်ထားတယ်လို့တောင် ထင်ရတယ်.. များများရှာတွေ့လေ၊ များများတူးဖော်လေ… မြန်မြန် တစ်သားတည်းဖြစ်လေပဲ… ဟိုနားက တစ်ယောက်ကို ကြည့်လိုက်”
ချင်မူလည်း လှမ်းကြည့်လိုက်ရာ ဟင်းလင်းပြင်ထဲ ပျောက်ကွယ်တော့မည့် နတ်ဘုရားအိုတစ်ပါးကို တွေ့လိုက်ရသည်။ သို့သော် သူသည် သံကြိုးများကို ဆွဲ၍ ကြေးမုံအား မြှောက်ကာ ရှာဖွေနေဆဲပင်။
“သူက နတ်ကောင်းကင်အဆင့် သိုင်းပညာရှင်၊ ပတုကောင်းကင်ဘုံရဲ့ အုပ်ချုပ်သူပဲ… သူက ကောင်းကင်နတ်ဘုံကို အာခံခဲ့လို့ သေဒဏ်ပေးခံရပြီး ကောင်းကင်အကျဉ်းထောင်မှာ အပြစ်ခံနေခဲ့ရတာ… သူက နတ်ကျောက်တုံး ၆၂ခုကို ရှာတွေ့ခဲ့ပြီးပြီ ... ဒါပေမဲ့လည်း သေလုနီးပါးဖြစ်နေပါပြီ”
ကြောင်ဖြူက ထူးဆန်းစွာ ပြုံး၏။ “အရေးအကြီးဆုံးအချက်က သူ မကြာခင် သေတော့မယ်ဆိုတာ သူ မသိဘူး.. ကျောက်တူးတဲ့ နေရာရဲ့ အံ့ဩစရာတွေပေါ့… ထားပါ…ဒီလူတွေ သေခါနီးဖြစ်နေတာတောင် အရှင်မကို ကူညီနိုင်အောင် လုပ်နိုင်သမျှ လုပ်ကြပါစေ”
သူက ပြုံးလိုက်ရင်း ပြော၏။ “အဲဒါတွေက နတ်ကျောက်တုံးတွေပဲလေ…. အဲ့ဒါတွေကို ရှာတွေ့ပေမယ့် မပိတ်လှောင်ထားရင် ချက်ချင်း ပျောက်ကွယ်သွားမှာ… ရှို့ဟုန်စု ဒီနေရာကို ဘာလို့မလာရဲသလဲ ခင်ဗျားသိသလား”
ချင်မူက ခေါင်းရမ်းသည်။
“သူက မူလကျောက်တုံးကို သုံးခါတောင် မြင်ဖူးခဲ့တယ်လေ”
ကြောင်ဖြူက ပြုံးလျက် ရှင်းပြနေ၏။ “ပထမတစ်ခါတုန်းက ကြည့်ရုံနဲ့တင် သူ သေသွားတော့မလို့… ကမန်းကတန်း ထွက်ပြေးလာပြီးတော့ အဲဒီကျောက်တုံးရိုင်းအပိုင်းအစကို မသွန်းလုပ်ရဲခဲ့ဘူး.. ဒုတိယတစ်ကြိမ်ကျတော့ သေချာပြင်ဆင်ပြီး ကျောက်တုံးတွင်းထဲ နောက်တစ်ခါ ထပ်ဝင်သွားခဲ့တယ်… ဒါပေမဲ့ ပထမတစ်ကြိမ်နဲ့ အတူတူပဲ…. ကျောက်တုံးရိုင်းကို မြင်တော့ သူ့ရဲ့ပြင်ဆင်မှုတွေက လုံးဝမလုံလောက်ဘူးဆိုတာ သိခဲ့ရတယ်လေ…အဲဒါနဲ့ နောက်တစ်ခါ အသက်လုပြီး ထွက်ပြေးခဲ့ရပြန်တာပေါ့.. တတိယတစ်ကြိမ်မှာတော့ မဝင်ခင် အရှင်မဆီက ရတနာတစ်ခု တောင်းခဲ့တယ်”
ချင်မူက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “ပြီးတော့ ဘာဆက်ဖြစ်လဲ”
ကြောင်ဖြူထံမှ အင်မတန် ထူးဆန်းသော ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ ခင်ဗျား မသိဘူးလား… ခင်ဗျားမှာ သိပ်ကို ကြီးမားတဲ့ အားနည်းချက်ကြီးတစ်ခု ရှိနေတယ်.. သိပ်စပ်စုတဲ့စိတ်ပဲ… ဒီအားနည်းချက်က ခင်ဗျားကို စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေ တွေ့ကြုံနိုင်စေပေမယ့် မရှုမလှ သေသွားအောင်လည်း လုပ်ပေးနိုင်တယ်”
ချင်မူက ခေါင်းညိတ်၍ ထောက်ခံ၏။ “ငါ့ရဲ့သိချင်စိတ်က ငါ့ကို သတ်လိမ့်မယ်လို့ ပြောခဲ့တဲ့ သူတစ်ယောက် ရှိတယ်… ဒါပေမဲ့ လူတစ်ယောက်က သိချင်စိတ် မပြင်းပြရင် တိုးတက်မှာမဟုတ်ဘူး.. ဒါကြောင့် ငါ့အနေနဲ့ ငါ့အတွက် အကျိုးရှိသလား အကျိုးယုတ်သလားဆိုတာ ဆုံးဖြတ်နိုင်စွမ်းရှိတယ်”
ကြောင်ဖြူက ဆက်ပြောသည်။ “သူ ဒီကျောက်တုံးတွင်းထဲကို တတိယတစ်ကြိမ် ဝင်လာပြီး မူလကျောက်တုံး ရှာတွေ့ခဲ့တယ်… အရှင်မ ပေးခဲ့တဲ့ အကာအကွယ်ရတနာကို အသက်သွင်းပြီး ကျောက်တုံးကို တည်ငြိမ်စေဖို့ ကြိုးစားခဲ့ပေမယ့် အရှင်မရဲ့ ရတနာကလည်း အလျင်အမြန် ပျောက်ကွယ်နေတာကို တွေ့ခဲ့ရတယ်…. အံ့မခန်းမူလကျောက်တုံးကို မတည်ငြိမ်နိုင်စေရင် အဲဒီရတနာက ဗလာနတ္ထိ ပျောက်ကွယ်သွားမှာ… ရှို့ဟုန်စုအနေနဲ့ ပြန်ဆုတ်ဖို့ တစ်လမ်းပဲ ရှိခဲ့တယ်… ဟိုနားကို ကြည့်လိုက်… အဲ့ဒါက အရှင်မ သွန်းလုပ်ခဲ့တဲ့ ရတနာပဲ”
ချင်မူ လှမ်းကြည့်လိုက်ရာ အမှန်တကယ် ရတနာပုံစံတစ်ခုအား တွေ့လိုက်ရသည်။ ၎င်းသည် အသွင်သဏ္ဍာန်သာ ရှိ၍ ဒြပ်ထုမရှိသည့် အခြေအနေသို့ ရောက်ရှိခဲ့သော လွန်းပျံတစ်စင်းပင်။
ကောင်းကင်နတ်အရှင်များ သွန်းလုပ်သည့် ရတနာများပင်လျှင် ဤနေရာ၏ ထူးဆန်းမှုကို ခံနိုင်ရည် မရှိပေ။
သူက သက်ပြင်းချလိုက်ရင်း ပြော၏။ “ရှို့ရှို့က အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ရတာပဲ… ကျေးဇူးတင်ပါတယ် ရှောင်ချီ.. ငါ့ကို အများကြီး ပြောပြပေးခဲ့တာ”
နှစ်ယောက်သား ကျောက်တုံးတွင်း၏ အနက်ရှိုင်းဆုံး နေရာအထိ ရောက်ရှိလာခဲ့သည့်အခါ မြူများမှာ ပို၍ထူထပ်သိပ်သည်းလာသည်။ နတ်ကျောက်တုံးကို ရှာနေကြသည့် နတ်ဘုရားများကို မမြင်ရတော့သော်လည်း ဟင်းလင်းပြင်ထဲ ပျောက်ကွယ်ပြီးသည့် နတ်ဘုရားခန္ဓာကိုယ်များကိုတော့ မကြာခဏ ဖြတ်သန်းမိကြသည်။
ထိုနတ်ဘုရားများက မည်သည့်အရာမှ မခံစားရ၊ မည်သည့်စိတ်ဆန္ဒမှ မရှိဘဲ ထိုနေရာတွင်သာ မလှုပ်မယှက် ရပ်နေကြလေသည်။
ကြောင်ဖြူက ရယ်သည်။ “ကျုပ် ခင်ဗျားကို အများကြီး ပြောပြပေးခဲ့တာက ခင်ဗျား သေတော့မှာမလို့ပဲ ကောင်းကင်နတ်အရှင်မူ”
ချင်မူက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ “မင်းရဲ့စကားက နားဝင်ခါးပေမယ့် အမှန်ပါပဲလေ… အဲဒီမူလကျောက်တုံးကို ရှာတွေ့ရင်တောင် ငါ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပြီး ဒီလောကမှာ မရှိတော့မှာ စိုးရိမ်မိတယ်”
ကြောင်ဖြူက ခေါင်းရမ်း၍ ရုတ်တရက် တဖြည်းဖြည်း ထရပ်လိုက်ပြီး ငွေရောင်လှံနှင့် သံချပ်ကာ ဝတ်ဆင်ထားသော နတ်တပ်မှူးတစ်ယောက်အသွင် ပြောင်းလဲသွားသည်။ သူသည် နူးညံ့ပြီး ချောမောခန့်ညားသော အသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး ချင်မူ့ဘက်လှည့်၍ ပြုံးပြကာ လှံဖြင့် ချိန်ရွယ်လိုက်၏။ “ကျုပ် ပြောချင်တာ အဲဒီအဓိပ္ပာယ်မဟုတ်ဘူး… ခင်ဗျား မူလကျောက်တုံးလက်ချက်နဲ့ သေသွားအောင် လွှတ်ထားပေးလိုက်ရင် ဘယ်လိုလုပ် ပျော်စရာကောင်းတော့မှာလဲ… ကျုပ်ရဲ့ရည်ရွယ်ချက်က ခင်ဗျားကို ကိုယ်တိုင်သတ်ဖို့ပဲ”
သူက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောသည်။ “ခင်ဗျား ကျုပ်ကို လှည့်စားခဲ့တယ်… ခင်ဗျားရဲ့ မျက်ခုံးနှစ်ဖက်ကြားက မျက်လုံးနဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကို ကျုပ် ရသွားတယ်ထင်အောင် လုပ်ခဲ့တယ်.. ကျုပ်ကို ကောင်းကင်နတ်အရှင်ခြောက်ပါးက တိုက်ခိုက်ခဲ့ကြလို့ သေအံ့ဆဲဆဲတောင် ဖြစ်ခဲ့ရတယ်… ကလဲ့စားချေဖို့ နောက်မကျသေးဘူး… ကျုပ်ကိုယ်တိုင် ကလဲ့စားချေချင်တယ်”
သူ၏မျက်လုံးများတွင် အမုန်းတရားတို့ တဟုန်းဟုန်း တောက်လောင်လာပြီး သူက အေးစက်စွာ ပြော၏။ “ဒါ့အပြင် ခင်ဗျားက အရှင်မနဲ့လည်း အနေနီးတယ်… အရှင်မက ကျုပ်အပိုင်ပဲ.. ခင်ဗျားက ရုပ်ချောတာနဲ့ပဲ အရှင်မကို ကျုပ်ဆီကနေ လုသွားလို့ရမယ် မထင်နဲ့… သေလိုက်တော့”
“ငါက ချောတယ်လားဟ”
ချင်မူမှာ ဝမ်းသာပီတိဂွမ်းဆီထိသွားကာ သူ့မျက်နှာကို စမ်းကြည့်နေလေသည်။ နတ်အရှင်မယန်၏ စကားနာထိုးမှုကြောင့် သူ၏ရုပ်ရည်အပေါ် ယုံကြည်ချက်ပျောက်ဆုံးသွားခဲ့သော်လည်း အခုတော့ ရှောင်ချီ၏ စကားကြောင့် ယုံကြည်ချက် ပြန်ပြည့်သွားလေပြီ။