ကျောက်တုံးတွင်း၏ ပုန်ကန်မှု
Vol. 99 Ch. 1297
လျှို့ဝှက်ဆန်းကြယ်သော တာအိုသင်္ကေတများသည် ချင်မူ၏ ဒေါင်လိုက်မျက်လုံးထံမှ ထွက်ပေါ်လာကြပြီး ထိုက်ရှီတာအို၏ တာအိုအမှတ်အသားများလည်း ဖြာဆင်းလာသည်။ ၎င်းတို့မှာ အံ့ဖွယ်ကောင်းလောက်အောင် လှပနေသည်။ ၎င်းတို့ ဖြတ်သွားသည့်နေရာတိုင်းတွင် မြူခိုးများ ပျောက်ကွယ်သွားကြပြီး ပတ်ဝန်းကျင်သည် ရှင်းလင်းပြတ်သားလာ၏။
ထိုက်ရှီတာအို၏ တာအိုအမှတ်အသားများမှာ ဆန်းကြယ်လွန်း၍ နားလည်ရန် ခက်သည်။ ကိုယ်ပိုင်စနစ်တစ်ခုပင် ဖွဲ့တည်ထားကြလေသည်။ ချင်မူအနေဖြင့် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို သုံး၍ ဆန်းစစ်ဖူးသလို၊ ဥထဲရှိ ထိုက်ရှီထံမှ များစွာသင်ယူခဲ့ရသော်လည်း ဒေါင်လိုက်မျက်လုံးမှ ဖြာဆင်းလာသော တာအိုသင်္ကေတများမှာ သူ့အတွက် နားလည်ရန် မလွယ်သေးပေ။
မြူခိုး လုံးလုံးလျားလျား ပျောက်ကွယ်သွားသည့်အခါ သူသည် သဘာဝယဇ်ပလ္လင်တစ်ခုအလယ်သို့ ရောက်နေကြောင်း ရုတ်တရက် သဘောပေါက်လိုက်ရ၏။
ယဇ်ပလ္လင်ကာ အလွန်ကြီးမားပြီး ကိုက်ပေါင်းများစွာ ကျယ်၀န်းသည်။ အခြားယဇ်ပလ္လင်များထက် ကိုက်သုံးဆယ်ခန့် မြင့်မားနေသည်။
ယဇ်ပလ္လင်ကို စီးဆင်းနေသော ရေတို့ဖြင့် ဖွဲ့တည်ထားသဖြင့် သူ့မှာ ရေမျက်နှာပြင်ပေါ်တွင် ရပ်နေသယောင် ထင်ရလေသည်။ ရေအောက်တွင်မူ ရှုပ်ထွေးလှသည့် ထိုက်ရှီတာအိုအမှတ်အသားများက သင်္ကေတများအား ဖော်ဆောင်ထားကြသည်။
အရွယ်အစားမျိုးစုံရှိသည့် အမှတ်အသားများက အဆက်မပြတ် တောက်ပလျက် တဖျတ်ဖျတ် လက်နေကြသည်။
သူယဇ်ပလ္လင်ကို ကြည့်နေစဉ် ထိုက်ရှီဥက မျက်လုံးထဲမှ ခုန်ထွက်သွား၏။ ချင်မူက မတားပေ။
ထိုက်ရှီဥသည် လုံးဝန်းနေပြီး ရေမျက်နှာပြင်ပေါ်သို့ ဘုတ်ခနဲ ကျသွားသည်။ ၎င်းက သက်တောင့်သက်သာ နေရာတစ်နေရာ ရှာနေသည့်အလား နှစ်ကြိမ်မျှ လှည့်ပတ်နေ၏။
ချင်မူက ချောင်းဟန့်လိုက်ရင်း သတိပေးလိုက်သည်။ “တာအိုနောင်တော်၊ ဒီနေရာမှာ အသိုက်လုပ်လို့ မရဘူးနော်…. ဒီနေရာကို နတ်အရှင်မယန်က သိမ်းပိုက်ထားပြီးသား… အသိုက်သာ လုပ်လိုက်ရင် နတ်အရှင်မယန် ဖမ်းတာခံရလိမ့်မယ်… ကျွန်တော်တို့ အဓိက လုပ်ရမှာက ထိုက်ရှီမူလကျောက်တုံး ရှာဖို့ပဲ..”
“ထိုက်ရှီမူလကျောက်တုံးက ဒီနေရာမှာ”
ထိုက်ရှီမှာ အတော်လေး သက်တောင့်သက်သာ ဖြစ်သွား၏။ သူက နှာခေါင်းရှုံ့လိုက် ပြန်ပြောသည်။ “ကြာကြာနေလို့မရတာ ငါ သိပါတယ်ကွ… နေလိုက်ရင် နတ်အရှင်မယန်က ငါ့ကို သေချာပေါက် ဖမ်းမှာပဲ… သူက မင်းလို မဟုတ်ဘူး… ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနဲ့ အကျင့်စရိုက်တူတယ်….. စိတ်မပူပါနဲ့… ငါ တရေးတမော အိပ်ပြီးတော့ ငါ့ငယ်ဘဝကို ပြန်တွေးမလို့ပါ”
ချင်မူက ဟိုဟိုသည်သည် ကြည့်လိုက်သော်လည်း ထိုက်ရှီမူလကျောက်တုံးကို မတွေ့ရပေ။ သူက မနေနိုင်တော့ဘဲ မေးလိုက်သည်။ “တာအိုနောင်တော်၊ နတ်အရှင်မယန်က မကြာခင်ပြန်လာတော့မှာ… ကျွန်တော်တို့ မြန်နိုင်သမျှမြန်မြန် ထွက်သွားရမယ်... ထိုက်ရှီမူလကျောက်တုံးက ဘယ်မှာလဲ*
သူ ထိုသို့ပြောလိုက်သည်နှင့် ယဇ်ပလ္လင်မျက်နှာပြင်ထက်တွင် လှိုင်းများ ရုတ်တရက် ထလာသည်။ ရေစက်လုံးတစ်လုံးသည် သူနှင့် ထိုက်ရှီဥအကြားသို့ မြောက်တက်လာ၏။
ချင်မူက အသေအချာ အကဲခတ်ကြည့်ပြီးနောက် အံ့ဩမှင်သက်သွားသည်။ ရေစက်လုံးကို ထိတွေ့ရန် လက်ဆန့်တန်းလိုက်သော်လည်း သူ၏လက်ဖဝါးမှာ မထိနိုင်ခင် ပျောက်ကွယ်စပြုလာသည်။
သူ၏လက်ဖဝါးသည် စွမ်းအင်ကိုယ်ထည်အဖြစ်သို့ ပြောင်းလဲနေချေပြီ။
သူ့မှာ အံ့အားသင့်သွားပြီး အလျင်အမြန် လက်ရုတ်လိုက်ရသည်။
ထိုက်ရှီဥက ယဇ်ပလ္လင်၏ ရေအသိုက်ထဲမှ ထွက်လာကာ ပြောသည်။ “မင်း ဒီတိုင်း လက်ဆန့်လိုက်လို့မရဘူး…. ငါ သင်ပေးထားတဲ့ ထိုက်ရှီတာအိုကို သုံးရမှာ…. ထပ်ကြိုးစားကြည့်”
ချင်မူက သင်ယူထားသည့် ထိုက်ရှီသင်္ကေတများကို အသက်သွင်းရန် ကြိုးစားလိုက်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်ရင်း သူ၏လက်ဖဝါးအား သင်္ကေတများဖြင့် ဖုံးလွှမ်းသွားစေသည်။
ဤတစ်ကြိမ်တွင် ရေစက်လုံးကို ထိနိုင်သွားလေသည်။
ထိုအခိုက်အတန့်တွင် သူ၏မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။
သူ၏လက်ဖဝါးသည် ရေစက်လုံး၏ အလယ်ဗဟိုကို မည်သည့်အတားအဆီးမှမရှိဘဲ ဖောက်ထွက်သွား၏။
ချင်မူက လက်ဖဝါးကို လွှဲရမ်းကြည့်သော်လည်း ရေစက်လုံးကို မထိပေ။
သူက ချီစွမ်းအင်ကို သုံးလျက် ရေစက်လုံးကို မ,ကြည့်သော်လည်း ၎င်းမှာ မတည်ရှိသည့်အလား ချီစွမ်းအင်ဖြင့် မ,ယူ၍ မရနိုင်ချေ။
“မူလကျောက်တုံးထဲမှာ ဒြပ်ထုမရှိဘူး… အသွင်သဏ္ဍာန်ပဲ ရှိတယ်… မြင်ရပေမယ့် ထိတွေ့လို့မရဘူး”
ဥက သူ့ခြေထောက်အနားသို့ လှိမ့်လာကာ ရှင်းပြသည်။ “ထိတွေ့ချင်ရင် သူ့ရဲ့ တည်ဆောက်ပုံကို ပြောင်းလဲရမယ်”
သူ ထိုသို့ပြောလိုက်သည်နှင့် ရေစက်လုံး၏ အသွင်သဏ္ဍာန်က ပြောင်းလဲသွားသည်။ ချင်မူလည်း ထူးဆန်းသော ကျောက်တုံးရိုင်းကို ထိတွေ့ကြည့်လိုက်ပြီး ထိတွေ့လိုက်သည်နှင့် ဖန်လုံးတစ်လုံးကို ထိလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ထူးဆန်းစွာဖြင့် မည်သည်ကိုမှ မကိုင်ထားသကဲ့သို့ မည်သည့်အပူချိန်မှ မခံစားရပေ။
“အဲ့ဒါက မင်းကို မမုန်းဘူးပဲ” ဥက ပြောသည်။
ချင်မူမှာ သူ၏လက်ဖဝါး တဖြည်းဖြည်း ပျောက်ကွယ်နေသည်ကို ခံစားနေရသည်။ ထိုက်ရှီသင်္ကေတများပင်လျှင် သူ၏ရုပ်ခန္ဓာကို အပြည့်အဝ မကာကွယ်ပေးနိုင်ပေ။ ကာကွယ်ခြင်း မခံထားရသည့် နေရာများမှာ ထိုက်ရှီမူလကျောက်တုံး၏ သက်ရောက်မှုအား ခံစားနေရပြီး သန့်စင်သောစွမ်းအင်အဖြစ် ပြောင်းလဲခံနေရသည်။
“ကျွန်တော် ဒီမူလကျောက်တုံးကို ဘယ်လိုယူသွားရမှာလဲ” သူ့မှာ အကြပ်ရိုက်နေတော့၏။
ဤထူးဆန်းသောကျောက်တုံးကို ယူသွားလျှင် သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဒြပ်ထုများ ပျောက်ကွယ်သွားကြလိမ့်မည်။ သူကိုယ်တိုင်မှာလည်း အသွင်သာရှိပြီး ဒြပ်ထုကင်းမဲ့နေသော ဆန်းကြယ်စွမ်းအင်ကိုယ်ထည်အဖြစ် ပြောင်းလဲသွားလိမ့်မည်။ သူ့အနားကပ်လာသူများလည်း ဟင်းလင်းပြင်ထဲ နစ်မြုပ်ပျောက်ကွယ်သွားကြလိမ့်မည်။
ပိုအရေးကြီးသည်က စွမ်းအင်ကိုယ်ထည်များသည် လွန်စွာမတည်ငြိမ်ပေ။ ထိုသို့စွမ်းအင်ကိုယ်ထည်များ နေရာတိုင်းတွင် တည်ရှိနေပါက ဧရာမပေါက်ကွဲမှုကြီး သေချာပေါက် ဖြစ်ပေါ်လာနိုင်သည်။
ထိုက်ရှီဥက ပြုံး၏။ “မင်း အဲ့ဒါကို စိုးရိမ်စရာမလိုပါဘူး…. ငါ ယူပြီးတော့ မူလကျောက်တုံးရဲ့ စွမ်းအားကို စုပ်ယူလိုက်လို့ရတယ်… အဲဒါဆို မူလကျောက်တုံးရဲ့ လွှမ်းမိုးမှုက တဖြည်းဖြည်း အားနည်းလာလိမ့်မယ်”
ချင်မူက ခေါင်းညိတ်သည်။ ထိုက်ရှီမူလကျောက်တုံးသည် အမှန်တကယ်ပင် အန္တရာယ်များ၏။ သူနှင့် အတူယူလာခြင်းက ချိန်ကိုက်ဆုံးအား ခါးပိုက်ထဲ ထည့်ထားရသည်နှင့် မခြားပေ။ သူသာ မူလကျောက်တုံးကို မထိန်းချုပ်နိုင်လျှင် လမ်း၌ ပေါက်ကွဲသွားလိမ့်မည်။ သူ ဂရုမစိုက်ပါက စွမ်းအင်ကိုယ်ထည်အဖြစ် ပြောင်းလဲခံရလိမ့်မည်။
သူ တစ္ဆေသင်္ဘောပေါ်တွင် ရှိနေခဲ့တုန်းက ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို ရင်ဆိုင်ရန် ထိုက်ရှီတာအိုကို အသုံးပြုခဲ့ဖူးသဖြင့် ၎င်းကို တစ်ခါတွေ့ကြုံခဲ့ရဖူးပြီး ဖြစ်သည်။
“ဒီမူလကျောက်တုံးက ကျောက်တုံးတွင်းငါးတွင်းထဲမှာ အန္တရာယ်အများဆုံး ဖြစ်နိုင်လောက်တယ်”
သူ ထိုက်ရှီဥနှင့် ထိုက်ရှီမူလကျောက်တုံးကို သိမ်းတော့မည့်အချိန်တွင် ထိုက်ရှီဥက ယဇ်ပလ္လင်ပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်ရင်း ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ယဇ်ပလ္လင်ကို မင်းနဲ့အတူ ယူလာခဲ့ပါ”
ချင်မူလည်း တခဏ တုံ့ဆိုင်းနေပြီး မှော်စွမ်းအင် ထုတ်လွှတ်၍ ယစ်ပလ္လင်အား သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးထဲတွင် သိမ်းဆည်းရန် ပြင်လိုက်သည်။ သူ၏ မှော်စွမ်းအင် ထွက်သွားသည့်အခါ သူက ယဇ်ပလ္လင်ကို လှုပ်ခါရန် ကြိုးစားလိုက်၏။ သို့သော် နောက်တစ်ခဏတွင် ကျောက်တုံးတွင်းတစ်တွင်းလုံးမှာ ရုတ်တရက် သောင်းကျန်းလာတော့သည်။
ကျောက်တုံးတွင်းသည် တုန်ရီလာပြီး ထိုက်ရှီနတ်ကျောက်တုံးများ ထိန်လင်းတောက်ပလာကြ၏။ ထူးဆန်းသော စွမ်းအင်လှိုင်းများက ထိုက်ရှီပလ္လင်ထံသို့ ပြေးဝင်လာကြချေပြီ။
အလင်းရောင် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အရာအားလုံး ဗလာနတ္တိဖြစ်ကုန်ကြ၏။ ကျောက်တူးနေသည့် နေရာများရှိ ရှေးဟောင်းနတ်ဘုရားများပင်လျှင် ရုပ်ခန္ဓာများနှင့် မူလဝိညာဉ်များ လုံးလုံးလျားလျား ပျောက်ကွယ်ကုန်ကြသည်။
ချင်မူမှာ ကြက်သီးမွေးညှင်းများ ထသွားပြီး သူ့အရှေ့ရှိ ဥကို အလျင်အမြန် ကာကွယ်လိုက်၏။ ထို့နောက် အလင်းတန်းများ အရပ်လေးမျက်နှာမှ ထွက်ပေါ်လာကြောင်း သတိထားမိလိုက်သည်။ သူ ဥထဲ ၀င်မသွားနိုင်သရွေ့ ၎င်းကို မခုခံနိုင်ချေ။
“ချီးပဲ… ဟုတ်သားပဲ… ထိုက်ရှီမူလကျောက်တုံး”
သူက သူ၏ခန္ဓာကိုယ်ကို အလျင်အမြန် ကျုံ့လိုက်ရင်း ထိုက်ရှီမူလကျောက်တုံးထဲ လှစ်ခနဲ ဝင်ရောက်သွားသည်။ ရေစက်လုံးနှင့် တူသည့် မူလကျောက်တုံး၏ အလယ်တွင် ထိုင်နေသော ချင်မူပိစိလေးအဖြစ် ပြောင်းလဲသွား၏။
မရေမတွက်နိုင်သော နတ်ကျောက်တုံးများက ထိုက်ရှီမူလကျောက်တုံးအပေါ်တွင် တောက်ပနေကြပြီး ကျောက်တုံးတွင်းအား ဖရိုဖရဲဖြစ်သွားစေသည့် ထိုလူကလေးအား အစဖျောက်ရန် ကြိုးစားနေကြသည်။
“တာအိုနောင်တော်ထိုက်ရှီ” ချင်မူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထိုက်ရှီဥက ထိုက်ရှီမူလကျောက်တုံးကို အလျင်အမြန် အသက်သွင်းလိုက်သည်။ ဘုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ မူလကျောက်တုံးသည် နတ်ကျောက်တုံးများနှင့် တိုက်ခိုက်နေသကဲ့သို့ ထွန်းလင်းတောက်ပလာ၏။
အလင်းတန်းများ ဝင်တိုက်သွားပြီး တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် လှိုင်းဂယက်များက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ အလင်းတန်းတစ်တန်းက ကောင်းကင်ထက်သို့ ပြေးတက်သွားကာ ဘိုးဘေးနန်းတော်ထဲတွင် မျက်စိကျိန်းမတတ် တောက်ပသွားစေလေသည်။
ထိုအခါ ကျောက်တူးသည့် နေရာများရှိ နတ်ကျောက်တုံး၏ အလင်းတန်းကို ရှောင်ခဲ့သည့် ကျောက်တူးသမားများမှာ ထွက်ပြေးရန်ပင် အချိန်မရလိုက်ဘဲ ဒုတိယအလင်းတန်း၏ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။ တစ်ယောက်ပြီးတစ်ယောက် ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားပြီး ဒြပ်ထုမရှိသော စွမ်းအင်အခြေအနေသို့ ရောက်ရှိကုန်ကြသည်။
ကြောင်ဖြူရှောင်ချီက ကျောက်တုံးတွင်း၏ အပြင်ဘက်တွင် ဖြစ်သည်။ သူက ရုတ်တရက် လှည့်ကြည့်လိုက်ရာ ကျောက်တုံးတွင်းထဲရှိ အလင်းတန်းသည် ရေလှိုင်းများအလား သူ့ဆီ ပြေးဝင်လာနေကြောင်း တွေ့လိုက်ရ၏။ သူ့မှာ အော်ဟစ်လျက် ထွက်ပြေးသွားတော့သည်။
တစ်ချိန်တည်းမှာပင် ရှို့ဟုန်စုက သတိအနေအထားဖြင့် ရှိနေပြီး ကျောက်တုံးတွင်းအထက်တွင် မြှင့်တင်ထားသော ကောင်းကင်ရတနာကို ကပျာကယာ အသက်သွင်းလိုက်သည်။
ကောင်းကင်နတ်အရှင်ရတနာ၏ စွမ်းအားက ဖိချလိုက်သည့်အခါ ဝီခနဲ အသံနှင့်အတူ စွမ်းအားမှာ အလင်းတန်း၏ ဖယ်ရှားခြင်းခံလိုက်ရသည်။ ကောင်းကင်နတ်အရှင်ရတနာသည်ပင် မည်သည့်စွမ်းအားမှ မထုတ်ဖော်နိုင်လိုက်ချေ။
ရှို့ဟုန်စုသည် အခြေအနေမကောင်းမှန်း မြင်နေရသဖြင့် အပြင်သို့ ကမန်းကတန်း ထွက်ပြေးသွားသည်။ သူမက စိတ်ထဲတွင် ခါးသီးစွာ အော်ဟစ်နေတော့သည်။ ‘ကောင်းကင်နတ်အရှင်မူ ကျောက်တုံးတွင်းထဲ ဝင်သွားတာနဲ့ ဒီလိုထူးဆန်းတဲ့ကိစ္စတွေ ဖြစ်လာတယ်… အဖျက်သမားချင်က သူသွားတဲ့ နေရာတိုင်းကို ဖျက်ဆီးပစ်တယ်ဆိုတဲ့ ဒဏ္ဍာရီတွေက အမှန်များလား’
အလင်း၏အရှိန်မှာ အလွန်လျင်မြန်ပြီး တောင်တစ်လုံးစလုံးအား လွှမ်းခြုံသွားးချေပြီ။ ကျောက်တုံးတွင်းထဲရှိ ကျန်နတ်ဘုရားများမှာလည်း ကြောက်လန့်တကြား ပြေးနေကြသည်။ တချို့မှာ နှေးကွေးကြသဖြင့် အလင်းတန်း၏ ဖုံးလွှမ်းခြင်းခံရကာ စွမ်းအင်ကိုယ်ထည်များအဖြစ် လျင်မြန်စွာ ပြောင်းကုန်ကြသည်။
ရှို့ဟုန်စုလည်း တစ်ချက်လှည့်ကြည့်လိုက်ရာ မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွားတော့သည်။ အချိန်တိုအတွင်း ကျောက်တုံးတွင်းထဲရှိ နတ်ဘုရားများကား ပျောက်ကွယ်သွားလေသည်။
“ဘာလို့ ရှင့်ရဲ့ မဟူရာသစ်ပင်ကြီးကျ သွားမဖျက်ဆီးရတာလဲ… ကောက်ကျစ်ယုတ်မာတဲ့ ကောင်းကင်နတ်အရှင်” သူမမှာ ဂုဏ်သိက္ခာကိုပင် မငဲ့နိုင်တော့ဘဲ ဆဲရေးလိုက်မိသည်။
နောက်ဆုံးတော့ အားလုံး ကျောက်တုံးတွင်းထဲမှ လွတ်မြောက်လာကြ၏။ အလင်းရောင်သည် ကျောက်တုံးတွင်း၏ အစွန်းနားအထိသာ ရောက်ရှိပြီး ဆက်လက်မပြန့်ကားလာတော့ပေ။
ရှို့ဟုန်စုက မျက်နှာကြီးက မည်းမှောင်လျက် မော့ကြည့်လိုက်ရာ ကျောက်တုံးတွင်းအလယ်ဗဟိုမှ အလင်းတန်းတစ်တန်း ကောင်းကင်ထက်သို့ မြင့်တက်သွားကြောင်း တွေ့လိုက်ရသည်။ အလင်းတန်းက အချိန်အတော်ကြာသည်အထိ မမှေးမှိန်သွားသဖြင့် ကောင်းကင်ပင်လျှင် မှေးမှိန်စပြုလာသည်။
ကောင်းကင်အနက်ပိုင်းထဲရှိ ရှေးဟောင်းနတ်ဘုရားတို့၏ ချိပ်တံဆိပ်မှာလည်း လျော့ရဲလာသောကြောင့် အပြင်လောကနှင့် ဆက်သွယ်ပေးထားသည့် အပေါက်ကြီးတစ်ပေါက် ပေါ်လာစေ၏။
“ပုဆိန်လက်”
ရှို့ဟုန်စုက ခပ်ပြတ်ပြတ် အမိန့်ပေးသည်။ “နင် သေချာ ပုန်းနေပြီး လူယုတ်မာကောင်းကင်နတ်အရှင် ကျောက်တုံးတွင်းထဲက ထွက်လာတာ စောင့်နေ… ပြီးရင် နင့်ရဲ့ဓားမတွေ ပုဆိန်တွေ အကုန်လုံး သုံးပြီးတော့ သူ့ကို အပိုင်းပိုင်း ခုတ်ပစ်လိုက်… အသားစလေးတစ်စပဲဖြစ်ဖြစ် ကျန်ခဲ့လို့ကတော့ နင် ငါနဲ့တွေ့မယ်”
ကြောင်ဖြူက မေးသည်။ “အစ်မတော်ရှို့၊ ကောင်းကင်နတ်အရှင်မူက ပေါက်ကွဲမှုမှာ အသက်ရှင်ကျန်ခဲ့လိမ့်မယ် ထင်လား”
ရှို့ဟုန်စုက နှာခေါင်းရှုံ့လိုက်သည်။ “သူ အထဲမှာ သေသွားရင် အကောင်းဆုံးပဲ”
နောက်ဆုံးတွင် အလင်းရောင်ကား တဖြည်းဖြည်း လွင့်ပျယ်သွားသည်။
ကျောက်တုံးတွင်းထဲတွင် ထိုက်ရှီဥက ကတုန်ကယင် မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ အသက်ရှိသေးရဲ့လား”
“မသိတော့ဘူး...”
ချင်မူမှာလည်း အံ့အားသင့်နေသည်။ သူသည် ထိုက်ရှီမူလကျောက်တုံး၏ အလယ်တွင် ထိုင်နေပြီး ကျောက်တုံးတွင်းထဲရှိ မရေမတွက်နိုင်သော ထိုက်ရှီနတ်ကျောက်တုံးများ၏ အလင်းရောင်မှ ကျန်ရစ်ခဲ့သော ထူးဆန်းသည့် ထိုက်ရှီတာအိုအမှတ်အသားမျိုးစုံက သူ၏ခန္ဓာကိုယ်တွင် ထင်းလင်းနေကြသည်။
ထိုတာအိုအမှတ်အသားများမှာ အလွန်တောက်ပကြ၏။ နတ်ကျောက်တုံး၏ အမှတ်အသားများအပြင် မူလကျောက်တုံး၏ အမှတ်အသားများလည်း ရှိနေသည်။
ပို၍ထူးဆန်းသည်က ထိုအမှတ်အသားများသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်၀င်နေကြ၏။ ချင်မူမှာ ဒြပ်ထု ပျောက်ကွယ်၍ သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲနေသလို ခံစားနေရသည်။
သေသလား၊ ရှင်သလားပင် မသိတော့ချေ။
“ဟီးဟီး… ဒီအခြေအနေက တစ္ဆေသင်္ဘော ပေါက်ကွဲတုန်းကလိုပဲ… အခုကတော့ ပိုဆိုးတာပေါ့”
ထိုအခိုက်အတန့်တွင် သူ၏၀ိညာဉ်သန္ဓေသား ကောင်းကင်ရတနာက တုန်ရီလာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများမှာ ခေါ်သံတစ်ချက် ကြားလိုက်ရသည့်အလား သူ၏ရုပ်ခန္ဓာကို တိုက်စားနေခြင်း တုံ့ခနဲ ရပ်တန့်သွားပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲသို့ ပြေးဝင်သွားကြ၏။
အံ့မခန်း တာအိုအမှန်အသားများကား ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ ဘိုးဘေးနန်းတော်ထဲသို့ ရောက်ရှိလာကာ ထိုက်ရှီကျောက်တုံးတွင်းထံ ပျံသန်းသွားကြချေပြီ။
ချင်မူမှာ ပါးစပ်အဟောင်းသားဖြစ်နေမိသည်။ ထို့နောက် စွမ်းအင်ကိုယ်ထည်အဖြစ်မှ ရုပ်ခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်ပြောင်းလဲနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
သို့ထိတိုင် အဆန်းကြယ်ဆုံး ပြောင်းလဲမှုကတော့ သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် ဖြစ်၏။
သူ၏ ဘိုးဘေးနန်းတော်ရှိ ကောင်းကင်ရတနာများပေါ်မှ တာအိုအမှတ်အသားများက ထိုက်ရှီကျောက်တုံးတွင်းထဲသို့ ဝင်ရောက်နေကြသည်။
ချင်မူသည် သင်ယူခဲ့ရသော ထိုက်ရှီတာအိုဖြင့် ထိုက်ရှီကျောက်တုံးတွင်းကို ဖွဲ့တည်ထားခြင်းဖြစ်သည်။ တည်ရှိသော်လည်း အသုံးမဝင်လှပေ။
သို့သော် ထိုတာအိုသင်္ကေတများ ကျောက်တုံးတွင်းထဲ ဝင်ရောက်သွားသည့်အချိန်တွင် သူ၏ဝိညာဉ်သန္ဓေသားကျောက်တုံးတွင်းမှာ အံ့ဩဖွယ်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို ချင်မူ တွေ့လိုက်ရသည်။
ကျောက်တုံးတွင်းကား ဖြည်းဖြည်းချင်း ပြီးပြည့်စုံလာနေ၏။ ထိုမျှသာမက ကျောက်တုံးတွင်းထဲတွင် ရေနှင့်တူသော ပလ္လင်တစ်ခုက ဖြည်းဖြည်းချင်း ဖွဲ့တည်လာနေသည်။
“ဒါက တကယ်ကို အံ့သြစရာပဲ”
ချင်မူက ထိုက်ရှီဥအား စိတ်လှုပ်ရှားစွာ ပြောပြလိုက်၏။ “တာအိုနောင်တော်၊ ခင်ဗျား ကျောက်တုံးတွင်းထဲမှာ ဥပေါက်လာစရာ မလိုတော့ဘူး…. မူလကျောက်တုံးကို ကျွန်တော့်ရဲ့ ကောင်းကင်ရတနာ ကျောက်တုံးတွင်းထဲ ယူသွားပြီး အဲဒီနေရာမှာ ဥပေါက်လာဖို့ မူလကျောက်တုံးကို စုပ်ယူချည်..”
ထိုက်ရှီဥမှာ အံ့အားသင့်သွားပြီး ရေရွတ်လိုက်၏။ “မင်းရဲ့ကျောက်တုံးတွင်းက အတုလေ… ငါ့ကို ဥမပေါက်စေလောက်ဘူး…”
“ဒါဆိုရင် ထပ်လုပ်ကြည့်ကြစို့”
ချင်မူက ချီစွမ်းအင်က အသက်သွင်းလိုက်ကာ ကျောက်တုံးတွင်းထဲရှိ နတ်ကျောက်တုံးများ၏ ပုန်ကန်မှုအား ထပ်မံလှုံ့ဆော်နေသည်။ သူက ပြုံး၍ ပြောလိုက်၏။ “နောက်ထပ် အကြိမ်နည်းနည်းလောက် အမှတ်အသား ခတ်နှိပ်ကြည့်ပြီး အတုကို အစစ်ဖြစ်အောင် ပြောင်းကြည့်ကြစို့”