← Chapters

ပြဿနာရှာလိုက်၊ ပြဿနာရှင်းလိုက်

Vol. 99 Ch. 1299

ပြဿနာရှာလိုက်၊ ပြဿနာရှင်းလိုက်

Vol. 99 Ch. 1299

ထိုက်ရှီကျောက်တုံးတွင်း၏ အလယ်ဗဟိုတွင် ချင်မူသည် ယဇ်လ္လင်ပေါ်၌ ထိုင်နေ၏။ စတုတ္ထမြောက် ပေါက်ကွဲမှုအား စတင်လှုံ့ဆော်တော့မည့်အချိန် ကောင်းကင်ထက်တွင် မြှောက်တင်ထားသော ကောင်းကင်နတ်အရှင်ရတနာက ထူးဆန်းသော အနေအထားဖြင့် ပေါက်ကွဲလာကြောင်း တွေ့လိုက်ရသည်။

နတ်အရှင်မယန်၏ သူမတူသော ရတနာမှာ ရိုးရှင်း‌သောအငွေ့အသက်ဖြင့် ဒယ်အိုးတစ်လုံးသာ ဖြစ်သည်။ ဒယ်အိုးသည် လေး‌ထောင်အသွင်သဏ္ဍာန် ရှိကာ ပါးစပ်ဝက အောက်သို့ မျက်နှာမူထားသည်။ ယခုမူ ၎င်းက ပေါက်ကွဲလာကာ ကောင်းကင်နှင့်မြေကြီးကို ပျက်စီးသွားစေသော အလင်းတန်းများ ထုတ်လွှတ်လျက် သီးသန့် အချိန်နှင့် နေရာဟင်းလင်းပြင်အား ကျောက်တုံးတွင်း၏ ပတ်ပတ်လည်တွင် ဖန်တီးကာ မည်သူမှ ဝင်ထွက်သွားလာမရနိုင်အောင် ပိတ်ပင်လိုက်တော့သည်။

“နတ်အရှင်မယန် ပြန်ရောက်လာပြီ”

ချင်မူမှာ ရင်တုန်စိတ်လှုပ်ရှားသွားပြီး ကျောက်တုံးတွင်းအား ထပ်မံပေါက်ကွဲစေမည့် အကြံကို လက်လျှော့လိုက်သည်။ သူက ထိုက်ရှီဥနှင့် ထိုက်ရှီမူလကျောက်တုံးကို သိမ်းဆည်း၍ ရိုးရိုးသားသား ထွက်လာသည်။

နတ်အရှင်မယန်က ကျောက်တုံးတွင်း အပြင်ဘက်သို့ ရောက်နေ၏။ သူမ၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း မျက်လုံးများကတော့ ဒေါသကို မဖုံးကွယ်နိုင်ချေ။

ဟုန်စုနှင့် ကြောင်ဖြူက အလျင်အမြန် ပြေးလာပြီး ‌ကြောင်ဖြူရှောင်ချီက သူမရင်ခွင်ထဲ ခုန်ဝင်လိုက်သည်။ ဟုန်စုက ခပ်တိုးတိုး ပြောသည်။ “အရှင်မ၊ ကောင်းကင်နတ်အရှင်မူက… သူ…”

နတ်အရှင်မယန်က မျက်ခုံးပင့်လိုက်သဖြင့် ဟုန်စုမှာ ချက်ချင်း ပါးစပ်ပိတ်သွားပြီး မည်သည်မှ မပြောရဲတော့ပေ။

နတ်အရှင်မယန်က ဟိုဟိုသည်သည် ကြည့်လိုက်သည့်အခါ ခြုံခိုတိုက်ခိုက်ရန် စောင့်စားနေကြသော နတ်ဘုရားများအား တွေ့လိုက်ရသည်။ သူတို့သည် ချင်မူ ထွက်လာသည်နှင့် သတ်ဖြတ်ရန် စောင့်နေကြခြင်းဖြစ်၏။ သူမက ခေါင်းရမ်းလိုက်သည်။ “ငါရှိနေပြီပဲ… ဒါတွေ မလိုအပ်တော့ဘူး”

ဟုန်စုလည်း လက်ရမ်းလိုက်ကာ နတ်ဘုရားများအား ထွက်ခွာသွားစေ၏။

နတ်အရှင်မယန်က ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် မျက်နှာပျက်သွားသည်။ ကျောက်တုံးတွင်းထဲမှ လွတ်မြောက်လာခဲ့သူ များများစားစားမရှိဘဲ တစ်ဝက်မျှ သေဆုံးသွားခဲ့ကြချေပြီ။

“ကောင်းကင်နတ်အရှင်မူ၊ ငါ နင့်ကို မူလကျောက်တုံးယူခိုင်းခဲ့ပေမယ့် နင်က ပြဿနာ အကြီးကြီး ရှာခဲ့တာပဲ... ငါ့ကို နင့်စိတ်တိုင်းကျ ဆက်ဆံလို့ရမယ် ထင်နေတာလား”

သူမက နှာခေါင်းရှုံ့၍ ကျောက်တုံးတွင်းထဲ ဝင်ရောက်သွားသည်။

ကြောင်ဖြူမှာ စိတ်လှုပ်ရှားနေသည်။ ၎င်းက သူမ လက်မောင်းပေါ်တွင် ခေါင်းအပ်လျက် ၎င်းခြေဖဝါးများကို လျက်ရင်း တွေးနေ၏။ ‘အရှင်မတော့ ဒေါသထွက်နေပြီ… ငါတောင် ဖြောင်းဖျလို့မရတော့ဘူး… ကောင်းကင်နတ်အရှင်မူ၊ ခင်ဗျား ဒီတစ်ခါတော့ လွတ်မယ်မထင်နဲ့”

ဟုန်စုက နတ်အရှင်မယန် အနောက်သို့ လိုက်လာရင်း မျက်နှာရိပ်မျက်နှာကဲ ကြည့်ကာ လျှောက်တင်သည်။ “အရှင်မ၊ ကောင်းကင်နတ်အရှင်မူက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ရာထူးအမြင့်ဆုံးအကြီးအကဲပါ… သူ အရှင်မရဲ့လက်ထဲမှာ သေသွားရင် မသင့်တော်မှာ စိုးရိမ်မိပါတယ်… သူ့ကို တခြားကောင်းကင်နတ်အရှင်တွေက တိုက်ခိုက်ကြမှာပဲ… အရှင်မ သူ့ကို သေစေချင်ရင် ကျွန်မကို သတ်ခွင့်ပေးပါ”

နတ်အရှင်မယန်က မည်သည်မှမပြောဘဲ ရှေ့ဆက်လျှောက်နေသည်။ ကျောက်တုံးတွင်းထဲမှ မလွတ်မြောက်နိုင်ခဲ့သူများသည် ဟင်းလင်းပြင်ထဲ နစ်မြုပ်နေကြကြောင်း တွေ့နေရ၏။ သူတို့တွင် ရုပ်ခန္ဓာရော အသိစိတ်အလျဉ်ပါ မရှိကြတော့ချေ။ အားလုံးမှာ ‌ငူငိုင်နေကြသည်။

သူတို့ကြားထဲတွင် သူမ စိတ်ရောကိုယ်ပါ နှစ်၍ သင်ကြားပေးခဲ့သော မိန်းကလေးတပည့်များပင်လျှင် ပါရှိသည်။

နတ်အရှင်မယန်၏ မျက်နှာအမူအရာမှာ ပို၍တင်းမာလာပြီး သူမ ဆက်လျှောက်နေသည်။ သူမ၏သိုင်းအဆင့်သည် ပြိုင်ဘက်ကင်းအောင် အံ့သြဖွယ်ကောင်းသည့်အတွက် ကျောက်တုံးတွင်း၏ ထူးဆန်းမှုပင်လျှင် သူမအပေါ် သက်ရောက်နိုင်စွမ်းမရှိပေ။

အမျိုးသမီးနှစ်ယောက်၊ ကြောင်တစ်ကောင် ကျောက်တုံးတွင်းအနက်ပိုင်းထဲသို့ ရောက်ရှိလာကြသည်။ ရုတ်တရက် သူတို့အရှေ့တွင် အလင်းတန်းတစ်တန်း ပေါ်ထွက်လာပြီး တစ်စုံတစ်ယောက် ကောင်းကင်နတ်သိုင်းအား အသက်သွင်းနေမှန်း တွေ့လိုက်ရ၏။

သူတို့က ရှေ့သို့ ခပ်သုတ်သုတ် လျှောက်သွားကြသည့်အခါ စွမ်းအင်ကိုယ်ထည်ဖြစ် ပြောင်းလဲပြီးသည့် လူရိပ်တစ်ခုနှင့် ချင်မူ့ကို တွေ့လိုက်ရသည်။ ချင်မူ ကောင်းကင်နတ်သိုင်းကို ထိုလူရိပ်ပေါ်တွင် အသက်သွင်းနေစဉ် ဒြပ်ထုမရှိတော့သော နတ်ဘုရားမှာ ဖြည်းဖြည်းချင်း ရုပ်ခန္ဓာ ပြန်လည်ဖွဲ့တည်လာနေသည်။

နတ်အရှင်မယန်က အံ့ဩသွားပြီး ချင်မူကို သတ်ဖို့ပြင်နေသည့် ဟုန်စုက လက်ကာ၍ တားဆီးလိုက်သည်။ သူမက ခပ်တိုးတိုး ပြော၏။ “သူ့ကို မနှောင့်ယှက်နဲ့…. သူ ဘယ်လိုလုပ်သလဲ ကြည့်ရအောင်”

ချင်မူ့လက်များက အထက်မှ အောက်သို့ ရွေ့လျားနေပြီး သူ့ခန္ဓာကိုယ်ထဲရှိ တာအိုအသံများ ပျံ့လွင့်နေသည်။ သူ၏လက်များက ယင်နှင့်ယန်ချီကို ဆွဲထုတ်လာပြီး ယင်ယန်လမ်းစဉ်ကို အသက်သွင်းလျက် ထိုက်ကျိစက်၀န်းအသွင် ပြောင်းကာ နတ်ဘုရား၏ ပုံရိပ်အား စက်၀န်းထဲတွင် ပေါင်းထည့်လိုက်၏။

တခဏကြာသော် နတ်ဘုရားသည် ဟင်းလင်းပြင်ထဲမှ ခန္ဓာဖွဲ့တည်လာကာ ဟိုဟိုသည်သည် ငေးကြောင်လျက် ကြည့်နေသည်။ ထို့နောက် သူက သူ့လက်များသူ ပြန်ကြည့်၍ ခန္ဓာကိုယ်ကို ကိုင်ကြည့်ရင်း ဇဝေဇဝါဖြစ်နေပုံပင်။

ချင်မူက နဖူးမှ ချွေးကို သုတ်၍ အပြုံးဖြင့် ပြောနေသည်။ “နောင်တော်၊ အသက်ပြန်ရှင်လာခဲ့ပြီ”

နတ်ဘုရားမှာ နားမလည်နိုင်ပေ။ “ငါ ဘယ်တုန်းက သေသွားခဲ့တာလဲ….ငါ အစထဲက ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေပါသေးတယ်… ဘာလို့ ဒီနေရာကို ခေါ်လာခဲ့တာလဲ…. ငါ ကျောက်တူးရဦးမယ်”

ဖြောင်း…ဖြောင်း.. ဖြောင်း

လက်ခုပ်တီးသံ ထွက်ပေါ်လာကာ အသံတစ်သံက ပြုံးယောင်သမ်းလျက် ပြောသည်။ “မှော်ဆရာကြီး၊ စွမ်းရည်တွေက အံ့မခန်းပါပဲ… ဖျက်ဆီးမရနိုင်ဘူးဆိုတဲ့ အတိုင်းပဲ… ဒီကောင်းကင်နတ်သိုင်းက သေခြင်းနဲ့ ရှင်ခြင်းကြားက အတားအဆီးကို ချိုးဖျက်ခဲ့တယ်… ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင် နင့်ကို ဘာလို့ကာကွယ်နေမှန်း ငါ အခုတော့ နားလည်သွားပြီ”

နတ်ဘုရားက အသံလာရာသို့ ကြည့်လိုက်ပြီး မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွား၏။ သူက အလျင်အမြန် ဦးညွှတ်အရိုအသေပေးကာ နှုတ်ဆက်သည်။ “အရှင့်မိဖုရားကို ဂါဝရပြုပါတယ်”

ချင်မူက ပြုံးနေလျက် လှမ်းကြည့်လိုက်သည်။ “အရှင်မပါလား… ကျွန်တော်ဖြင့် လန့်သွားတာပဲဗျာ…. ကျွန်တော် ဒီမှာ လုပ်စရာတွေအများကြီးပဲ… အဲဒီနတ်ဘုရားတွေ ရုပ်ခန္ဓာတွေနဲ့ အသိစိတ်အလျဉ်တွေ ပြန်ရလာအောင် ကူညီပေးရဦးမယ်… စကားကြာကြာတော့ ပြောလို့မရဘူးဗျာ”

နတ်အရှင်မယန်က ညင်သာစွာ ချီးကျူးသည်။ “ကောင်းကင်နတ်အရှင်မူက တကယ်ကို ဖြောင့်မတ်ပါပေတယ်… အဲဒီနတ်ဘုရားတွေကိုယ်စား ငါကပဲ ကျေးဇူးစကားပြောပါရစေ… ကဲ နင့်ကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး” သူမက ထိုသို့ပြောပြီးနောက် ကြောင်ကို ပိုက်လျက် ဟုန်စုနှင့်အတူ ထွက်ခွာသွားသည်။

ဟုန်စုနှင့် ရှောင်ချီသည် တစ်ခုခုပြောချင်သော်လည်း ချုပ်တည်းထားကြ၏။

သူတို့ နန်းတော်၏ ပင်မခန်းမသို့ ရောက်သည့်အချိန်တွင် ဟုန်စုမှာ စိတ်မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။။ “အရှင်မ၊ ကောင်းကင်နတ်အရှင်မူက ပြဿနာရှာခဲ့တာလေ… ဘာလို့ သူ့ကို ရိုကျိုးနေရတာလဲ”

“သူက ပြိုင်ဘက်ကင်း မဟာမှော်ဆရာကြီး ဖြစ်နေလို့လေ”

နတ်အရှင်မယန်က ဖြေသည်။ “ကျောက်တုံးတွင်းထဲမှာ ပေါက်ကွဲမှု သုံးခု တွေ့ကြုံခဲ့ရတာတောင် သူ မသေခဲ့ဘူး… ဒြပ်ခန္ဓာ မဲ့သွားကြတဲ့သူတွေကိုလည်း ပြန်ကုပေးနိုင်တယ်… ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်တောင် ဒီလိုမျိုး မလုပ်နိုင်ဘူး… ငါလည်း မလုပ်နိုင်ဘူး… သူ အဲဒီစွမ်းရည်ကို ထုတ်ပြတာက သူ ပြဿနာရှာပြီးရင် ပြန်ဖြေရှင်းနိုင်တဲ့အကြောင်း ပြောချင်တာပဲ… သူ့မှာ ဖျက်ဆီးပြီး ပြန်လည်တည်ဆောက်နိုင်စွမ်း ရှိတယ်… သူ့ကို အသက်ရှင်လျက်ထားတာ ပိုပြီး အသုံးဝင်လိမ့်မယ်”

ဟုန်စုနှင့် ကြောင်ဖြူရှောင်ချီမှာ ဇဝေဇဝါ ဖြစ်နေကြသေးသည်။ နတ်အရှင်မယန်သည် အခုလေးတွင် ဒေါသမီးများ တောက်လောင်နေခဲ့သော်လည်း ကောင်းကင်နတ်သိုင်းလေးတစ်ခု ပြသလိုက်ရုံနှင့် ချင်မူ့ကို လွှတ်ပေးခဲ့သည်လော။

‘ကောင်းကင်နတ်အရှင်မူရဲ့ မသေနိုင်ဘူးဆိုတဲ့ ဂုဏ်သတင်းက ထိုက်တန်ပါပေတယ်… သူပြောတာ အမှန်ပဲ… ကောင်းကင်နတ်အရှင်ဆယ်ပါးက မနိုင်လောက်ဘူး… ငါ နှစ်ဖက်လုံးမှာ လောင်းကြေးထပ်သင့်တယ်’

နတ်အရှင်မယန်က ပျော့ပျောင်းစွာ ပြောသည်။ “သူ့ကို မူလကျောက်တုံး ပေးလိုက်လို့လည်း ကိစ္စမရှိဘူး… သိပ်မတွေးကြနဲ့…. ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ သဘောထားကြီးမှုကို နင်တို့ နားမလည်ဘူး”

သူတို့နှစ်ယောက်လုံး ငြိမ်ကျသွားသည်။

ချင်မူသည် ဂရုတစိုက်ဖြင့် ကျောက်တုံးတွင်းထဲရှိ နတ်ဘုရားအားလုံးကို ကုသပေးနေရ၏။ သူ့မှာ ပင်ပန်းလွန်းသဖြင့် အသက်ပင် လုရှူနေရတော့သည်။

နတ်အရှင်မယန်က သူ့ကို အသေအချာ အလေးထားပြီး အားလုံးကို စုဝေးကာ ချင်မူ့အား ဒူးထောက်ဂါဝရပြုစေ၏။ ၎င်းက အတော်လေး ကြီးကျယ်ပေသည်။

ကြောင်ဖြူရှောင်ချီမှာ မနာလိုဖြစ်နေသော်လည်း သူ့အဆင်အတန်းဖြစ်စေ၊ သိုင်းအဆင့်ဖြစ်စေ ချင်မူ့အား ယှဉ်မရနိုင်သည်ကို သိထား၏။ နတ်အရှင်မယန်၏ နှလုံးသားထဲရှိ သူ့နေရာကို ချင်မူက ကျော်တက်သွားလေပြီ။

သူသည် ထက်မြတ်သူတစ်ဦးဖြစ်သည့်အလျောက် ၎င်းကို လက်ခံထားလိုက်၏။

“ကောင်းကင်နတ်အရှင်မူ၊ မူလကျောက်တုံး ရလိုက်လား” နတ်အရှင်မယန်က ချင်မူ့အား ကျောက်တုံးတွင်း အပြင်ဘက်သို့ ကိုယ်တိုင်လိုက်ပို့ရင်း မေးသည်။

ချင်မူက တခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်သည်။ “ကျွန်တော် မူလကျောက်တုံးကို ရခဲ့ပါတယ်”

နတ်အရှင်မယန်၏ အကြည့်က ဖျတ်ခနဲ တောက်ပသွား၏။ “နင် အဲဒီပုံရိပ်ယောင်ခန္ဓာကိုယ်တွေကို ကုပေးနိုင်တာ မူလကျောက်တုံးကြောင့်မလား”

ချင်မူက တဟားဟား ရယ်လျက် ခေါင်းရမ်းသည်။ “အရှင်မ၊ ကောင်းကင်ရတနာစနစ်နဲ့ ကောင်းကင်နန်းဆောင်စနစ်က နေရာတိုင်းမှာ ကောင်းပေမဲ့ တာအိုအပေါ် ခင်ဗျားရဲ့ သိမြင်နားလည်မှုက ခိုင်ဧကရာဇ်ချင်ယဲ့ တီထွင်ထားခဲ့တဲ့ တာအိုအဆင့်စနစ်ထက် အများကြီး နိမ့်ကျတယ်… အရှင်မက ကောင်းကင်ရတနာစနစ်နဲ့ ကောင်းကင်နန်းဆောင်စနစ်ကို အကြာကြီး ကျင့်ကြံခဲ့တဲ့အတွက် တာအိုနားလည်မှုက မနက်နဲဘူး…. ကျွန်တော် သုံးခဲ့တဲ့နည်းလမ်းက ထိုက်ရှီမူလကျောက်တုံး မပါဟုတ်ဘူး… ထိုက်ကျိတာအိုနဲ့ မပြောင်းလဲသော ဒြပ်ထုပဲ… အရှင်မသာ တာအိုအဆင့်ကို ကျင့်ကြံခဲ့ရင် အခုလို မှားပြီး ခန့်မှန်းမိမှာမဟုတ်ဘူး”

နတ်အရှင်မယန်၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားသည်။ “ထိုက်ရှီမူလကျောက်တုံးတဲ့လား… ကောင်းကင်နတ်အရှင်မူက ဒီကျောက်တုံးရဲ့ နာမည်ကို သိတယ်ပေါ့”

ချင်မူမှာ မျက်လုံးပြူးသွားပြီး စကားမှားမိမှန်း သိလိုက်ရတော့သည်။ သူက တစ်ချက် ရယ်လျက် ပြောသည်။ “ဒီတိုင်း တွေ့ကရာနာမည် ကောက်ပေးလိုက်တာပါဗျာ… အရှင်မ၊ အတည်မှတ်ထားစရာ မလိုပါဘူး”

နတ်အရှင်မယန်က ပြုံးတော်မူ၏။ “ကောင်းကင်နတ်အရှင်မူက သိပ်ကြင်နာတတ်တာပဲ… ကျောက်ယန်ခန်းမက အဲ့ဒီတာအိုအစ်ကိုတော်ကိုလည်း နှုတ်ဆက်တယ်လို့ ပြောပေးဦး… လိုက်မပို့တော့ဘူး‌နော်”

ချင်မူက နတ်အရှင်မယန်အား လေးနက်စွာ ကြည့်လိုက်ရာ သူမက ပြုံးနေသည်။

“အရှင်မက တကယ်ကို ထက်မြကတ်တဲ့ အမျိုးသမီးတစ်ယောက်ပါပဲ”

ချင်မူက လှည့်၍ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။ သူက အဝေးမှ လက်ရမ်းပြရင်း ပြော၏။ “အရှင်မ၊ ကျွန်တော်တို့ အပေးအယူကို မေ့မသွားနဲ့နော်”

နတ်အရှင်မယန်က မဆိုစလောက် ဦးညွတ်လိုက်ကာ ဖြေသည်။ “အဲ့တာအိုအစ်ကိုတော်ကို မစိုးရိမ်ဖို့ ပြောလိုက်ပါ… ငါ့မှာ နတ်ကျောက်တုံး ငါးဆယ်ရာခိုင်နှုန်း ဒီမှာရှိသေးတယ်… အနာဂတ်မှာ သူနဲ့ လဲလှယ်လို့ရတာပေါ့”

“သိပ်ကို ဉာဏ်ကောင်းတဲ့ အမျိုးသမီးပဲ”

ထိုက်ရှီက ဆွေးဆွေးမြေ့မြေ့ သက်ပြင်းချလိုက်သည်။ “မင်းရဲ့ စကားတစ်ခွန်းကနေ အဖြေအများကြီး ထုတ်သွားတာ… ငါ့ကိုဆို သူ စားပစ်မှာ သေချာတယ်”

ချင်မူက ပြုံး၏။ “ကျွန်တော် ခင်ဗျားကို စော်ကားပြီး အပေးအယူ လုပ်လိုက်ရင် ဘယ်သူက ပိုပြီးအမြတ်ထွက်မလဲ… နတ်အရှင်မက အကောင်းဆုံးရွေးချယ်မှုကို ဆုံးဖြတ်လိမ့်မှာပါ”

နတ်အရှင်မယန်က သူတို့ကို နှုတ်ဆက်၍ တစ်ယောက်တည်း တွေးနေသည်။ ‘တာအိုအဆင့်တဲ့လား… ငါ မကျင့်ကြံချင်တာ မဟုတ်ဘူး… ဒါပေမဲ့ တာအိုအဆင့်က ကောင်းကင်ရတနာနဲ့ ကောင်းကင်နန်းဆောင်တွေထက် ပိုပြီး ခက်တယ်…’

All Chapters