ချင်မူ တာအိုရရှိခြင်း
Vol. 99 Ch. 1300
ချင်မူ့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ ဘိုးဘေးနန်းတော်ထဲရှိ ကျောက်တုံးတွင်းတွင် ထိုက်ရှီဥသည် ဘေးကင်းလုံခြုံစွာ တည်ရှိနေ၏။
ဤကျောက်တုံးတွင်းထဲတွင် ယဇ်ပလ္လင်တစ်ခု အမှန်တကယ် ဖွဲ့တည်နေသည်။ ၎င်းက ထိုက်ရှီကျောက်တုံးတွင်းအစစ်ထဲရှိ ယဇ်ပလ္လင်နှင့်လည်း တစ်ထပ်တည်းနီးပါး တူသည့်အပြင် ရေဖြင့်လည်း ဖွဲ့တည်ထားလေသည်။
ထိုက်ရှီဥက ဤယဇ်ပလ္လင်ပေါ်တွင် ထောင်လျက် ရပ်နေသည်။ ၎င်းသည် လုံး၀န်းနေပြီး သူ့ဘေးတွင်လည်း ခပ်လုံးလုံး ထိုက်ရှီမူလကျောက်တုံးက နေရာယူထား၏။
“နည်းနည်း သေးပြီး အတုဆိုပေမယ့် ဘာမှမရှိတာထက်တော့ သာပါသေးတယ်” ထိုက်ရှီက စိတ်လှုပ်တရှား ရေရွတ်လိုက်သည်။
သူက ကျောက်တုံးတွင်းထဲရှိ စွမ်းအားကို အသက်သွင်းရင်း ထိုက်ရှီမူလကျောက်တုံးအား သန့်စင်ရန် ကြိုးစားနေသည်။
ချင်မူမှာ အနည်းငယ် စိတ်ပျက်လက်မှိုင်ကျနေသည်။ ‘ငါသာ နောက်ထပ် အကြိမ်နည်းနည်းလောက် လှုံ့ဆော်လို့ရရင် တကယ်ပဲ အတုကို အစစ်ဖြစ်အောင် သန့်စင်နိုင်လောက်မှာ…. ဒါ့အပြင် ထိုက်ရှီကျောက်တုံးတွင်းကို သန့်စင်ရုံနဲ့ မလုံလောက်သေးဘူး…. ငါ ထိုက်ရှီကျောက်တုံးတွင်း၊ ထိုက်စုကျောက်တုံးတွင်းနဲ့ ထိုက်ကျိကျောက်တုံးတွင်းတို့ကိုလည်း နောက်ထပ် အကြိမ်နည်းနည်းလောက် သန့်စင်နိုင်ရင်….”
ရုတ်တရက် ချင်မူမှာ ဆန်းပြားသော တုန်ခါမှုကို သူ၏ ကောင်းကင်ရတနာများနှင့် ဘိုးဘေးနန်းတော်ဆီမှ ခံစားလိုက်ရသည်။ ထိုက်ရှီဥ ကျောက်တုံးတွင်းထဲရှိ စွမ်းအင်များကို စုစည်း၍ ထိုက်ရှီမူလကျောက်တုံးကို သန့်စင်နေခြင်းဖြစ်သည်။
ချက်ချင်းဆိုသလို ချင်မူသည် မဟာတာအိုဆန်းကြယ်မှုမျိုးစုံ ပြေး၀င်လာသဖြင့် စိတ်လှုပ်ရှားသွား၏။ သူကိုယ်တိုင်ပင် သတိမထားမိဘဲ သိမြင်နားလည်သော အခြေအနေသို့ ဝင်ရောက်သွားတော့သည်
သူ့ခြေလှမ်းများက မရပ်တန့်သော်လည်း သူ့ခန္ဓာကိုယ်မှ ထူးဆန်းသော တာအိုသင်္ကေတများ ထွက်ပေါ်လာလေသည်။
ထိုက်ရှီ မူလကျောက်တုံးကို သန့်စင်နေခြင်းက သူကိုယ်တိုင် မူလကျောက်တုံးကို သန့်စင်နေသည့်အလားပင်။
သို့သော် ချင်မူအနေဖြင့် မူလကျောက်တုံးဆီမှ မဟာတာအိုစွမ်းအင်ကို လက်ခံမရရှိပေ။ တာအိုနှင့် ထိုက်ရှီတာအိုဒဿနများကိုသာ လက်ခံရရှိသည်။ သို့တိုင်အောင် သူ့တစ်ယောက်တည်း သိမြင်နားလည်အောင် ကြိုးစားရသည်ထက် စာလျှင် တော်သေးသည်။
ထိုစဉ် ခြေလက်ခြောက်ဖက်ဖြင့် ဧရာမသားရဲကြီးတစ်ကောင်က သူ့ကို ရှာတွေ့သွားသဖြင့် သူ့ထံ ပြေးဝင်လာသည်။ ထိုဧရာမသားရဲကြီး ချင်မူ့ဘေးသို့ ရောက်လာ၍ ၎င်း၏ သွေးသံတရဲရဲ ပါးစပ်ကြီးကို ဟလိုက်ချိန်တွင် ချင်မူ့ကို မကိုက်မိပေ။
ချင်မူ့ကို မထိနိုင်သည့်အလား၊ ချင်မူတွင် ရုပ်ခန္ဓာမရှိသည့်အလား ၎င်း၏ပါးစပ်ကြီးက ဖြတ်သွား၏။
ပို၍ထူးဆန်းသည်က ချင်မူမှာ ၎င်း သူ၏ခန္ဓာကိုယ်ကို ဖြတ်သွားသည်အား သတိထားမိပုံမပေါ်ပေ။
သားရဲကြီးမှာ အံ့အားသင့်နေပြီး မည်သည်တို့ ဖြစ်ပျက်နေမှန်း နားမလည်နိုင်သောကြောင့် ကြောက်ရွံ့တကြား ထွက်ပြေးသွားတော့သည်။
ချင်မူက တောအုပ်ထဲ ၀င်ရောက်သွားသည်။
အမိကမ္ဘာမြေ ဘိုးဘေးနန်းတော်သို့ လာရောက်ခဲ့သည့်အချိန်မှ စ၍ ဘိုးဘေးနန်းတော်ထဲတွင် သစ်တောများ ထူထပ်လာခဲ့၏။ သဘာ၀ပေါက်ပင်များသည် ပိုမို စိမ်းလန်းစိုပြည်လာပြီး အပင်စားသားရဲများဖြစ်သည့် ခွေ့ချီများလည်း တိုးပွားလာကြသည်။ ၎င်းတို့က ခေါင်းငုံ့၍ ပါးစပ်ဟလိုက်ပါက သစ်ပင်အမြင့်ကြီးတစ်ပင်ကို အမြစ်မှ ဆွဲနှုတ်ကာ တစ်ပင်လုံး ဝါးမြိုပစ်နိုင်လေသည်။
ချင်မူ တောအုပ်ထဲတွင် လမ်းလျှောက်နေစဉ် တောင်ငယ်တစ်လုံးအရွယ်ရှိသည့် ခေါင်းကြီးများ ကောင်းကင်ထက်မှ တွဲလောင်းကျနေကြောင်း တွေ့နေရသည်။ ခွေ့ချီတစ်ကောင်က ဧရာမသစ်ပင်ကြီးကို ဝါးမြိုနေပြီး ခွေ့ချီအချို့ကလည်း သူ့ကို ပြန်ဝါးမြိုနေကြသည်။ ခွေ့ချီတို့၏ ဧရာမ ခြေထောက်ကြီးများက ချင်မူ့အပေါ်သို့ တက်နင်းလိုက်သည်။
သို့သော် ထိုဧရာမသားရဲကြီးများ မည်မျှပင် စွမ်းအားကြီးမားစေကာမူ သူ့ကို မထိနိုင်ကြချေ။
ချင်မူသည် မဟူရာသစ်ပင်ကြီးရှိရာသို့ ဆက်လျှောက်နေ၏။ လမ်းစဉ်ဝင်ရောက်ခြင်းအဆင့်မှာ အင်မတန်ပင် အံ့သြဖွယ်ကောင်းသည်။ သူ့မှာ ထိုက်ရှီတာအိုပင်လယ်ထဲတွင် နစ်မျောနေသကဲ့သို့ ၎င်း၏ အရာအားလုံးကို ခံစားမိနေလေသည်။
ဤအခိုက်အတန့်တွင် ဥအထဲရှိ ထိုက်ရှီမှာလည်း ထူးဆန်းသည့် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ သူ ထိုက်ရှီဥကို သန့်စင်နေသည့် အမြန်နှုန်းမှာ မြင့်တက်လာကာ ပိုသွက်လာသည်။
သန့်စင်နှုန်းမှာ သူ ကျောက်တုံးတွင်းထဲတွင် သန့်စင်ခဲ့သည်ထက် မြန်လာသည်။
‘ဟုတ်သားပဲ… ကောင်းကင်နတ်အရှင်မူက ငါ့ အသုံးချပြီး ထိုက်ရှီမူလကျောက်တုံး သန့်စင်နေတာကနေတစ်ဆင့် ထိုက်ရှီတာအိုအပေါ် နားလည်အောင်လုပ်နေတာပဲ… သူက ထိုက်ရှီတာအိုကို သိမြင်နားလည်သွားပြီး သူ့ရဲ့ဝိညာဥ်သန္ဓေသားကို အသိပညာဖြည့်ပေးရင်း ကျောက်တုံးတွင်းကို ပိုပြည့်စုံလာအောင် လုပ်နေတာ’
ဥထဲတွင် ထိုက်ရှီက တစ်ယောက်တည်း တွေးနေသည်။ ‘ဒါက ငါ မူလကျောက်တုံးကို သူနဲ့အတူတူ သန့်စင်နေတာနဲ့ ညီမျှတယ်… မဟုတ်သေးဘူး နှစ်ယောက်အတူ လုပ်တာထက်တောင် ပိုကောင်းသေးတယ်…. ဒီလိုဆို ငါ စောစောမွေးလာနိုင်လိမ့်မယ်”
ချင်မူသည် တာအိုအား ဆင်ခြင်သုံးသပ်နေဆဲဖြစ်၍ မည်သည့်အရာမှ မခံစားရသော်လည်း သူ၏အမြန်နှုန်းက မြန်ဆန်လှ၏။ လက်ရှိနှုန်းနှင့် ဆိုလျှင် ဘိုးဘေးနန်းတော်၏ တောင်တန်း၊ မြစ်များအား ငါးရက်အတွင်း ဖြတ်ကျော်၍ မဟူရာသစ်ပင်ကြီးဆီသို့ ရောက်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးသည် ရုတ်တရက် တုန်ရီသွားပြီး ကောင်းကင်မှာ နှိုင်းယှဉ်မရလောက်အောင် တောက်ပလာသည်။ သူမတူသော ရတနာများစွာက ကောင်းကင်ထက်တွင် ဝဲပျံနေကြပြီး ၎င်းတို့အားလုံးမှာ ကောင်းကင်တာအိုရတနာများ ဖြစ်ကြသည်။ တာအိုရတနာတို့က စွမ်းအားများ ထုတ်လွှတ်လျက် အဆက်မပြတ် ကျဆင်းလာကြချေသည်။
မြေပြင်မှာ လှုပ်ခါသွားကာ အမိကမ္ဘာမြေ ပေါ်လာသည်။ သူမက ကမ္ဘာဦးသစ်ပင်အနှစ်သာရကို အသည်းအသန် အသက်သွင်းကာ ခုခံလိုက်၏။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကိုက်သုံးထောင်မြင့်မားသော ခန္ဓာကိုယ်ကြီးမှာ နတ်ရောင်နတ်ဝါတို့ဖြင့် ကွန့်မြူးတောက်ပနေသည်။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ထီးတစ်လက် ကိုင်ဆောင်ရင်း လျှောက်လှမ်းလာသည်။
ကောင်းကင်မှာ ချက်ချင်းပင် မည်းမှောင်သွားလေသည်။
သူ ဖြတ်သွားသည့် နေရာတိုင်းတွင် ကောင်းကင်တာအိုရတနာက သူအနောက်မှ အရိပ်ကဲ့သို့ လိုက်လာပြီး သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကပ်၍ ဘိုးဘေးနန်းတော်ထဲတွင် ရွှမ်တုကမ္ဘာနောက်တစ်ခုကို ဖန်တီးလိုက်သည်။
ဤရွှမ်တုကမ္ဘာမှာ ရွှမ်တုအစစ်ထက် များစွာသေးငယ်သော်လည်း အင်မတန်မှ သိပ်သည်းကျစ်လစ်ပြီး မိုင်တစ်သောင်းဧရိယာကို ဖုံးလွှမ်းထားချေသည်။ ကောင်းကင်တာအိုရတနာက ကောင်းကင်ထက်တွင် ပျံဝဲလျက် အမိကမ္ဘာမြေအား အဆက်မပြတ် တိုက်ခိုက်ရင်း အလွတ်မပေးချေ။
“အမိကမ္ဘာမြေ၊ ခင်ဗျားက ကျုပ်ရဲ့ တပည့်ကို သတ်ခဲ့တယ်… ဒီနေ့ ခင်ဗျားကိုလည်း ပြန်သတ်ပေးမယ်”
ရှေးဟောင်းနတ်ဘုရားဘုရင်၏ လေသံမှာ အရေးမပါသော ကိစ္စတစ်ခုကို ပြောနေရသကဲ့သို့ ပျင်းရိပျင်းတွဲ ဖြစ်နေသည်။ သူ့ကို ဒေါသထွက်စေသည့် ပုရွက်ဆိတ်တစ်ကောင်ကို သတ်နေသည့်အလားပင်။
“ကောင်ကလေး”
အမိကမ္ဘာမြေက ဒေါသတကြီးဖြင့် ခပ်မာမာ အော်ဟစ်လိုက်သည်။ “နင့်အသက်က ဘယ်လောက်ရှိသေးလို့တုန်း… ငါနာမည်ကြီးခဲ့တုန်းက ငါက ဘိုးဘေးနန်းတော်ထဲမှာ မားမားမတ်မတ် ရပ်တည်နေခဲ့တာ… ငါ့သစ်ပင်ထိပ်ဖျား ကောင်းကင်ကို ဖုံးလွှမ်းခဲ့ပြီး ငါက ဘိုးဘေးနန်းတော်ထဲမှာ အကြီးမားဆုံး သစ်ပင်ပဲ… ဖန်ဆင်းရှင်တွေတောင် ငါ့ကို တလေးတစား ပူဇော်ပြီး ငါ့ပတ်ပတ်လည်မှာ ယဇ်ပလ္လင်တွေ တည်ဆောက်ခဲ့ကြရတယ်… ကပ်ဘေးကြီးဆယ်ပါးနဲ့ မရေမတွက်နိုင်တဲ့ ကပ်ဘေးငယ်လေးတွေ လည်း ကြုံတွေ့ခဲ့ရပြီးတဲ့ ငါ့ကို နင်လို ငချွတ်လေးက မသတ်နိုင်ဘူး”
သူမက အားကုန်ခုခံနေစဉ် ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်သည်။ မရေမတွက်နိုင်သော ဧရာမသားရဲကြီးများသည် ရှေးဟောင်းနတ်ဘုရားဘုရင်၏ ရွှမ်တုကမ္ဘာဆီသို့ ပြေးတိုက်ကာ ရွှမ်တုတစ်ခုလုံးအား တောက်ပလာစေသည်။ ၎င်းက သေစေနိုင်သည့် အန္တရာယ်ပင်။
ကမ္ဘာဦးသားရဲများ၏ စွမ်းအားကား အားကောင်းပြင်းထန်းလွန်းသည်။
အမိကမ္ဘာမြေဖြစ်သည့် သူမသည် ထိုဧရာမသားရဲကြီးများကို ထိန်းချုပ်နေပြီး တစ်ချိန်တည်းမှာပင် ရွှမ်တုကိုလည်း တိုက်ခိုက်နေသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်ပင်လျှင် အခက်တွေ့နေရ၏။
“အမိကမ္ဘာမြေ ခင်ဗျားမှာလည်း နည်းလမ်းတွေ ရှိပေမယ့် ကျုပ်ရှေ့မှာတော့ အားလုံး အသုံးမဝင်ဘူး”
ရှေးဟောင်းနတ်ဘုရားဘုရင်က ထီးတစ်လက် ကိုင်ထားပြီး ၎င်းမှာ ပြီးပြည့်စုံသည့် ကောင်းကင်နှင့် မြေကြီးပမာ ထင်ရသည်။ ထီးက ပိုမိုရှည်လျားကျယ်ပြန့်လာရင်း ရွှမ်တုကမ္ဘာကို ထောက်ပံ့ပေးထားသည့် မဟာတာအို ၄၉ ခုအဖြစ် ပြောင်းလဲသွားတော့သည်။
အမိကမ္ဘာမြေမှာ ၎င်းကို မြင်လျှင် တုန်လှုပ်ချောက်ခြားသွားသည်။ ရုတ်တရက် သူမက ခေါင်းမော့ကာ အော်ဟစ်လိုက်၏။ “ကောင်းကင်နယ်စားမင်း…. ရှင့်သားကို ဘာမှ မလုပ်တော့ဘူးလား”
ရှေးဟောင်းနတ်ဘုရားဘုရင်က နှာခေါင်းရှုံ့လိုက်သည်။ “ကျုပ်အဖေ ဘိုးဘေးနန်းတော်ထဲ ဆင်းလာရင်တောင် စွမ်းအားများများစားစား ထုတ်ဖော်နိုင်မှာမဟုတ်ဘူး… ရွှမ်တုကို ကာကွယ်ဖို့ သူ့ရဲ့ အဓိကခန္ဓာကိုယ်ကို ထားခဲ့ရမှာလေ…. သူ့ရဲ့ကိုယ်ပွား ဆင်းလာရင်ရော ကျုပ်ကို ဘာလုပ်နိုင်မှာမလို့လဲ… အဖေ သတ္တိရှိလား”
သူက ကောင်းကင်ကို မျက်နှာမူကာ ဟိန်းဟောက်လိုက်သည်။
ရုတ်တရက် ရွှမ်တုကမ္ဘာသည် နှစ်ခြမ်းကွဲသွားပြီး ကောင်းကင်ထက်မှ အဖြူရောင်အလင်းတန်းတို့ ဆင်းသက်လာ၏။ ထို့နောက် အဖြူရောင်မျက်ခုံးမွှေးများ၊ အဖြူရောင်မျက်လုံးများဖြင့် ကောင်းကင်နယ်စားမင်းအဖြစ် ပြောင်းလဲသွားသည်။ သူက သက်ပြင်းချလျက် ပြော၏။ “မိုက်လိုက်တဲ့ကလေး ရပ်လိုက်စမ်း… မင်းကို ငါကိုယ်တိုင် တားစေချင်နေတာလား”
ရှေးဟောင်းနတ်ဘုရားဘုရင်က ကျယ်လောင်စွာ ရယ်၍ ရုတ်တရက် ရွှမ်တုကမ္ဘာအား ချိပ်ပိတ်လိုက်သည်။ “အဖေ၊ ကျွန်တော် ဒီနေ့ အဖေ့ခန္ဓာကိုယ်ပေါ်မှာ လမ်းစဉ်တစ်ခု ချန်ပေးမယ်…. ခန္ဓာကိုယ်အစစ်ပေါ်မှာတော့ နောက်တစ်နေ့နေ့ပေါ့”
သူက ဝတ်ရုံကို ဖွင့်ဟ၍ ရှေ့သို့ တက်လာသည်။ သူ၏အနီရောင်ဝတ်ရုံ ကားထွက်လာသည့်အချိန်တွင် ၎င်းအောက်၌ ကောင်းကင်နန်းဆောင်များ ဖွဲ့တည်လာသည်။ ၎င်းတို့က မြောလွင့်လျက် ကောင်းကင်နတ်ဘုံတစ်ခုအား ဖော်ဆောင်ထားသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်၏ မှော်စွမ်းအားတို့က ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်အစစ်က ကောင်းကင်နယ်စားမင်းနှင့် အမိကမ္ဘာမြေကို ပြိုင်တူတိုက်ခိုက်ရန် လှုပ်ရှားလိုက်ချေပြီ။
ကောင်းကင်နယ်စာမင်းနှင့် အမိကမ္ဘာမြေတို့မှာ အစွမ်းကုန် ခုခံကြသော်လည်း မကြာမီ ဒဏ်ရာရသွားကြသည်။ အမိကမ္ဘာမြေက ဒေါသတကြီး ကြိမး်မောင်းသည်။ “ကောင်းကင်နယ်စားမင်း၊ အသုံးမကျတဲ့အဘိုးကြီး… ဒီလောက်ပဲလား”
ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားမှာ အရှက်ရစွာဖြင့် ဖြေသည်။ “ငါ့မှာ အကူအညီတွေ ရှိပါသေးတယ်… ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ်က ကျိုးပျက်သွားပြီမလို့ မြေအောက်ဘုံအရှင်သခင်ကလည်း ဒီကိုလာနေပြီ… တာအိုမိတ်ဆွေ… တာအိုမိတ်ဆွေ... မင်း လာမကူညီတော့ဘူးလား”
သူ့စကား ဆုံးသည်နှင့် မြေပြင်မှာ တုန်ရီသွားပြီး ပွက်ပွက်ဆူနေသည့် ချော်ရည်ပူများ ပန်းထွက်လာသည်။ ယိုတုမိစ္ဆာချီတို့လည်း စိမ့်ထွက်လာပြီး အမှောင်ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ချော်ရည်မြေအောက်ဘုံအရှင်သခင်က ချော်ရည်ပူများနှင့် မိစ္ဆာချီတို့ကြားမှ ထွက်လာသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်၏ မျက်နှာကို ထိုးချလိုက်ရာ မြေအောက်ဘုံအရှင်သခင်မှာ ချော်ရည်ထဲမှ လွင့်ထွက်သွားတော့သည်။
“အဘိုးအဘွားကြီး သုံးယောက်က အတူတိုက်ခိုက်ကြမယ်ပေါ့လေ” ရှေးဟောင်းနတ်ဘုရားဘုရင်က တဟားဟား လှောင်ရယ်နေသည်။
ချော်ရည်မြေအောက်ဘုံအရှင်သခင်မှာ ဒေါသထွက်လာပြီး ကြာပွတ်ကြီးဖြင့် လှမ်းရိုက်လိုက်သည်။
အင်အားကြီးမားသော ပုဂ္ဂိုလ်လေးဦးသည် တိုက်ကွက်မျိုးစုံသုံး၍ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ရွှမ်တုကမ္ဘာထဲတွင် အဆက်မပြတ် တိုက်ခိုက်နေကြ၏။ အမိကမ္ဘာမြေ၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်တို့၏ ခြေလှမ်းများမှာ အလွန်တရာ သွက်လက်ပြီး သူတို့၏ တိုက်ကွက်များက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်နေစေသည်။ သို့သော် သူတို့မှာ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ရွှမ်တုကမ္ဘာထဲမှ ထွက်ပြေးမလွတ်မြောက်နိုင် ဖြစ်နေကြ၏။
“အဖေ၊ ဦးလေး၊ ဒေါ်လေး…. ကျုပ်ရဲ့ ရွှမ်တုကမ္ဘာက ခင်ဗျားတို့ ထင်ထားတာထက် မာတယ်မလား”
ရှေးဟောင်းနတ်ဘုရားဘုရင်က ကျယ်လောင်စွာ ရယ်မောနေပြန်သည်။ “ဒါက ဒီနှစ်တွေအတွင်း ကျုပ် သိမြင်နားလည်ခဲ့တာလေ… ကောင်းကင်တာအိုကနေ အစောကြီးထဲက လွတ်မြောက်ခဲ့ပြီး ပိုပြီးကောင်းတဲ့အရာကို သင်ယူပြီးနေပြီ…ခင်ဗျားတို့တွေကတော့ တစ်ယောက်မှ မထွက်ပြေးနိုင်ဘဲ ကျုပ်ရဲ့ ဝါးမြိုတာကို ခံရတော့မယ်”
“သားမိုက်…” ကောင်းကင်နယ်စားမင်းမှာ အမျက်ထွက်လွန်းသဖြင့် မုတ်ဆိတ်ကြီးပင် တုန်ရီနေချေသည်။
ထိုအခိုက်အတန့်တွင် ချင်မူက ရွှမ်တုကမ္ဘာထဲ ဝင်လာကာ ထိုသူလေးယောက်ကို ဖြတ်ကျော်သွား၏။
နတ်ဘုရားလေးပါး၏ ရုပ်ခန္ဓာများသည် ကြီးမားကြသည့်အပြင် သူတို့၏ ကောင်းကင်နတ်သိုင်းစွမ်းအားတို့က အကန့်အသတ်မဲ့လေသည်။ သို့သော် ချင်မူ ထိုကောင်းကင်နတ်သိုင်းများအကြား ဖြတ်သန်းသွားသည့်အခါ မည်သည့်အရာကိုမှ ထိမိပုံမပေါ်ချေ။
သူတို့လေးယောက်စလုံး ရပ်၍ လူပိစိကလေးကို ကြောင်ကြည့်နေကြသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ငေးကြောင်နေမိသည်။ သူ၏ ဖျက်ဆီးမရနိုင်သည့် ရွှမ်တုကမ္ဘာထဲသို့ ချင်မူသည် ဝင်ရောက်လာခဲ့ပြီး မည်သည့်အရာကိုမှလည်း ထိတွေ့မိပုံမပေါ်ပေ။
ဤကမ္ဘာက သူ ဂုဏ်အယူရဆုံး အောင်မြင်မှုတစ်ခု ဖြစ်ပြီး ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်စေရဲသော သတ္တိလည်းဖြစ်သည်။ သို့သော် ချင်မူက ထိုအတိုင်း ဝင်လာခဲ့သည်။
ချင်မူကား မည်သည့်အရာကိုမှ မခံစားရသည့်အလား နတ်ဘုရားကြီးလေးပါးအား အဖက်ပင် မလုပ်ဘဲ ရှေ့ဆက်လျှောက်နေ၏။