← Chapters

တာအိုစနစ်၏ ၂၄ ခုမြောက် ကောင်းကင်ဘုံ

Vol. 99 Ch. 1302

တာအိုစနစ်၏ ၂၄ ခုမြောက် ကောင်းကင်ဘုံ

Vol. 99 Ch. 1302

အလွှာ ၃၀ ထပ်မြောက် ဟင်းလင်းပြင်ထဲတွင် ချင်မူသည် ကောင်းကင်ထက်သို့ တဟုန်ထိုး ပျံတက်၍ သူ၏ ခံစားချက်များကို လွတ်လပ်စွာ ပျံ့လွင့်စေရင်း နှစ်များစွာ စုဆောင်းထားခဲ့သော အသိအမြင်၊ အတွေးအခေါ်တို့အား ဖြန့်ကျက်ထား၏။

“ကောင်းကင်နဲ့ မြေကြီးရဲ့ မပြောင်းလဲသော စိတ်ဆန္ဒ… အဆုံးသတ်သို့ ပြန်‌ရောက်ခြင်း မူလချီရဲ့ မွေးဖွားမှု၊ မိမိကိုယ်တိုင်နဲ့ ကမ္ဘာ‌လောကကြီးကို မေ့လျော့ခြင်း၊ မဟာလမ်းစဉ်က ဘိုးဘေးနန်းတော်တွင် စတင်မယ်”

မိမိကိုယ်တိုင်နှင့် ကမ္ဘာလောကကြီးကို မေ့လျော့လိုက်သည့်အခါ ကောင်းကင်နတ်သိုင်း၏ ဆယ့်သုံးဆင့်မြောက်အဆင့် ဖြစ်တည်လာပြီးနောက် ဘိုးဘေးနန်းတော်က ဆယ့်လေးဆင့်မြောက် ဖြစ်လာသည်။

“ငုပ်လျှိုးနေတဲ့ ဖန်ဆင်းခြင်း”

သူက ဖန်ဆင်းခြင်းလမ်းစဉ်ကိုလည်း တစ်သားတည်း ထည့်ပေါင်းလိုက်ကာ မဟာကောင်းကင်နတ်သိုင်းအဖြစ် အသွင်ပြောင်းလိုက်သည်။ သူ၏ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းမှာ ဧရာမခေါင်းလောင်းကြီးနှင့် တူသည်။ ခေါင်းလောင်းမြည်လျှင် ကောင်းကင်နတ်သိုင်းသည် ဘိုးဘေးနန်းတော်၏ သာယာနာပျော်ဖွယ် တာအိုသံနှင့်အတူ ထွက်ပေါ်လာကာ အရာအားလုံးကို မွေးဖွားပေး၏။

“အသိစိတ်အလျဉ်လမ်းစဉ်က အရင်ဖြစ်ပေါ်တယ်”

သူ၏ ကောင်းကင်နတ်သိုင်းမှ ၁၅ ဆင့်မြောက် ကောင်းကင်နတ်ဘုံသည် အသိစိတ်အလျဉ်လမ်းစဉ်အား အသုံးပြု၏။ ၎င်းက ရှေးဟောင်းဘိုးဘေးနန်းတော်ဖြစ်လေသည်။ ရှေးရှေးတုန်းက ဘိုးဘေးများသည် အသိဉာဏ်ကင်းမဲ့ခဲ့ကြသည်။ ကောင်းကင်နှင့် မြေကြီးမှာ ပြီးပြည့်စုံစွာ တည်ရှိခဲ့သော်လည်း သူတို့မှာ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို နားမလည်ခဲ့ကြချေ။

ထိုအချိန်တွင် အသိစိတ်အလျဉ်ကား ပထမဦးဆုံး ဖြစ်တည်လာခဲ့သော အရာပင်။ ဖန်ဆင်းရှင်ဘိုးဘေးကြီးများသည် အသိစိတ်အလျဥ် သုံးလျက် အရာများစွာ ဖန်တီးခဲ့ကြ၏။ ချင်မူ၏ ဤအသိစိတ်အလျဉ်သိုင်းကွက်က ကမ္ဘာဦးခေတ်၏ ကြီးမားကျယ်ပြောသော ခံစားချက်မျိုး ခံစားရစေသည်။

“ဒါပေမဲ့ နဂါးဟန်က တိုက်ခိုက်တယ်”

ချင်မူသည် လူရိုင်းဆိုင်ပြီး ကြမ်းတမ်းခက်ထန်သော နဂါးဟန်ခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ ကောင်းကင်နတ်သိုင်းတစ်ခုပြီးတစ်ခုအား ခင်းကျင်းပြသနေသည်။ နဂါးဟန်ခေတ်မှ လူတို့သည် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြပြီး ကောင်းကင်နတ်သိုင်းတို့က အလှချင်းပြိုင်နေသော ပန်းများသဖွယ် ပွင့်လန်းနေကြသည်။ ခမ်းနားတင့်တယ်သော်လည်း သွေးချောင်းစီးသည့် တိုက်ပွဲများဖြင့် ပြည့်နှက်နေ၏။

“ချိမင်နတ်ဘုရားရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားပြီး ချုံဧကရာဇ်ရဲ့ လူသားလမ်းစဉ်က ပြီးပြည့်စုံခဲ့တယ်”

ထို မဟာကောင်းကင်နတ်သိုင်းနှစ်ခုကို ထုတ်ဖော်လိုက်သည့်အခါ ချင်မူ၏ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာတို့မှာ သန်မာအားကောင်းလာကြပြီး ကောင်းကင်နှင့်မြေကြီးကို နှစ်ခြမ်းခွဲပစ်နိုင်သည့် ‌ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် ဘီလူးကြီးအလား အလွှာ ၃၀ မြောက်ဟင်းလင်းပြင်းထဲ၌ သောင်းကျန်းနေသည်။

ချုံဧကရာဇ်၏ လမ်းစဉ်ကား လူသားတို့၏ အသက်သည် ကောင်းကင်ဘုံထက် ကြီးမြတ်သည်ဟူသော အယူအဆပင် ဖြစ်သည်။။ လူသားမျိုးနွယ်၏ သူရဲကောင်းများက အခက်အခဲဒုက္ခများကို ရင်ဆိုင်ကာ ကြိုးစားရှေ့တက်ခဲ့ကြရသည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီး၊ မတရားမှုတို့ကို ဒူပေနာပေ တိုက်ခိုက်ကာ အရှုံးမပေး လက်‌မလျှော့ခဲ့ကြချေ။ ဤသိုင်းကွက်တွင် မည်သို့မျှ အရှုံးမပေးသည့် စိတ်ခွန်းအားတို့ ကိန်းဝပ်နေသည်။

“ဧကရီရဲ့ ကောင်းကင်လမ်းစဉ်ကို ဖွင့်လှစ်ခြင်း… ထာဝရငြိမ်းချမ်းရေးအင်ပါယာက ထိုအတွက် တိုက်ခိုက်လိမ့်မယ်”

သူသည် သူရဲကောင်းစိတ်ဓာတ် အပြည့် ဖြစ်နေ၏။ ခိုင်ဧကရာဇ်‌ခတ်၏ ကမ္ဘာခေတ်နှောင်းတာအိုလမ်းစဉ်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကပ်ဘေးအထိ အခက်အခဲအားလုံးသည် သူ့လက်ထဲ၌ ကောင်းကင်နတ်သိုင်းဖြစ်လာသည်။

သူက အလွှာ ၃၀ မြောက် ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး တစ်လောကလုံး၏ အမြင့်ဆုံး နေရာထက်တွင် ရပ်နေသည့်သယောင်ရသည်။ သူသည် ခေတ်အဆက်ဆက်၏ စိတ်ဓာတ်ခွန်အားတို့ ကိန်းအောင်းနေသော ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်ခင်းကျင်းနေသည့်အပြင် အရာအားလုံးမှာ သဘာဝအတိုင်း ချောမွေ့ပြေပျစ်နေသည်။

ဤမဟာကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည့်အခါတွင် ချင်မူ၏ ချုပ်နှောင်မခံထားရသည့် ကောင်းကင်နတ်သိုင်းနှင့် အရှိန်အဝါမှာ ရုတ်တရက် ချုပ်နှောင်ခံလိုက်ရ၏။

သူ၏ကောင်းကင်နတ်သိုင်းမှာ မှေးမှိန်လာပြီး သူ့လက်များလည်း နှေးကွေးလာကာ တာအိုသင်္ကေတများ ပြန့်ကြဲသွား၏။ သူ့အနေဖြင့် မဟာကောင်းကင်နတ်သိုင်းများအား တစ်ခုပြီးတစ်ခု ထုတ်ဖော်လျက် ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်၏ ၂၁ ခုမြောက် ကောင်းကင်ဘုံသို့ ဝင်ရောက်ခဲ့သည် မဟုတ်လော။ ယင်းက သူ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော အတွေးအခေါ်၊ အသိအမြင်တို့အား ကုန်ဆုံးသွားစေသည်။

သို့သော် သူ့တွင် ဖော်ပြရမည့် ခံစားချက်များ ရှိနေသေးသည်သာမက ဖြေရှင်းရမည့် အမြင်များလည်း ကျန်နေသေးသည်။

သူ၏ ကောင်းကင်နတ်သိုင်းများ ထွက်ပေါ်လာသည့် အမြန်နှုန်း တဖြည်းဖြည်း နှေးကွေးလာစဉ် ထိုက်စုတာအိုပါရှိသည့် ကောင်းကင်နတ်သိုင်းက ဖြည်းဖြည်းချင်း အသက်ဝင်လာ၏။ ထို့နောက် သူက ထိုက်ကျိလမ်းစဉ်နှင့် ထိုက်ရှီလမ်းစဉ်တို့ဖြင့် ကောင်းကင်နတ်သိုင်းများအား ဖန်တီးရန် ကြိုးစားသည်။

“ထိုက်စုက ဖရိုဖရဲကမ္ဘာဦးရဲ့ ပန်းဖူးတစ်ပွင့်ကို ဖွင့်လှစ်တယ်… ထိုက်ကျိက ယင်နဲ့ယန်ကို ပြောင်းလဲတယ်”

“ထိုက်ရှီက အသက်၀င်နေတဲ့ နွေဦးကို မေးခွန်းထုတ်တယ်”

နောက်ဆုံးသိုင်းကွက်ကို အသက်သွင်းလိုက်သည့်အခါ ချင်မူမှာ သူ့စိတ်ထဲတွင် ရုတ်တရက် ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ၏ ကောင်းကင်နတ်သိုင်းများ၊ ကျင့်စဉ်များနှင့် လမ်းစဉ်များသည် ရှေ့ဆက်မတိုးနိုင်တော့ဘဲ တာအိုအပေါ် သိမြင်နားလည်နေသော အခြေအနေမှ နိုးထလာ၏။

သူ့မှာ အလွှာ ၃၀ ထပ်မြောက် ဟင်းလင်းပြင်ထဲသို့‌ ရောက်ရှိနေခြင်း မဟုတ်လော။ နိုးလာသည့်အခါ ရုတ်တရက် ဟင်းလင်းပြင်ထဲမှ ကြီးမားပြင်းထန်သော အားတစ်ရပ်က ရုတ်တရက် ပြေးဝင်လာသောကြောင့် ချင်မူ၏ရုပ်ခန္ဓာမှာ ဟင်းလင်းပြင်ထဲသို့ နစ်မြုပ်သွားစ ပြုလာသည်။ သူ၏ရုပ်ခန္ဓာကား ကွဲကြေလာချေပြီ။

သူက ချက်ချင်း ဆုံးဖြတ်ချက် ချ၍ အလွှာ ၃၀ ထပ်မြောက် ဟင်းလင်းပြင်ထဲမှ ထွက်ပြေးလာတော့သည်။

ယခုလို နက်ရှိုင်းလှသည့် ဟင်းလင်းပြင်ထဲသို့ သူ ရောက်ဖူးသည်မှာ ပထမဦးဆုံး အကြိမ်ဖြစ်သောကြောင့် ချင်မူ ဇဝေဇဝါဖြစ်နေသည်။ “ထူးဆန်းလိုက်တာ… ငါ ဘာလို့ ဒီကိုရောက်နေတာလဲ… ၃၀ ထပ်မြောက် ဟင်းလင်းပြင်က ငါ လာနိုင်တဲ့နေရာ မဟုတ်ပါဘူး…”

သူက ၂၉ ထပ်မြောက် ဟင်းလင်းပြင်ထဲသို့ အလျင်အမြန် ဆုတ်လာခဲ့သော်လည်း ဟင်းလင်းပြင်၏ စွမ်းအားမှာ နှိုင်းယှဉ်မရလောက်အောင် ပြင်းထန်းလွန်းသဖြင့် သူ၏ရုပ်ခန္ဓာမှာ ခုခံနိုင်စွမ်း မရှိချေ။

အတိတ်တုန်းက သူ့တွင် ထိုက်ချူမူလကျောက်တုံး ရှိခဲ့ပြီး ဤနေရာသို့ ရောက်နိုင်ရုံသာ ရောက်ရှိခဲ့သည်။ သို့သော် ကြာကြာ မနေနိုင်ခဲ့ချေ။ ထိုက်ချူမူလကျောက်တုံး မရှိတော့သည့်အတွက် သူ၏အသိစိတ်အလျဉ်အင်အားမှာ ယခင်ကထက် များစွာနိမ့်ကျ၏။ သူ့အနေဖြင့် ဤမျှ အန္တရာယ်များသော နေရာတစ်နေရာသို့ ရောက်လာနိုင်စရာ အကြောင်းမရှိပေ။

သူသာ ပုံမှန်စိတ်ဆိုပါက ယခုလို ဟင်းလင်းပြင်အမြင့်ပိုင်းထဲသို့ အသက်စွန့်ဆံဖျား ဝင်ရောက်မည်မဟုတ်ပေ။ သိမြင်နားလည်နေသည့် အခြေအနေတွင်မူ မည်သည်ကိုမှ စိတ်မပူခဲ့ချေ။

၃၀ ထပ်မြောက် ဟင်းလင်းပြင်မှ ၂၉ ထပ်မြောက် ဟင်းလင်းပြင်ထဲသို့ ရောက်သည်နှင့် ချင်မူက ခေါင်းမော့၍ ဟင်းလင်းပြင်အနက်ပိုင်းထဲသို့ မြင်ရရန် ကြိုးစားလိုက်သည်။ သို့သော် မည်သည့်အရာကိုမှ မမြင်ရသောကြောင့် အနည်းငယ် နောင်တရနေမိ၏။

“အန္တိမဟင်းလင်းပြင်မှာ ဘာတွေရှိလဲ သိချင်လိုက်တာ…”

၂၉ ထပ်မြောက် ဟင်းလင်းပြင်မှ ၂၈ ထပ်မြောက် ဟင်းလင်းပြင်ထဲသို့ ရောက်သည့်အခါမှသာ ချင်မူ အနည်းငယ် စိတ်သက်သာရာရသွားသည်။ သို့သော် ၂၈ ထပ်မြောက် ဟင်းလင်းပြင်သည် သူ့အသိစိတ်အလျဉ် လက်ခံနိုင်သည့် နောက်ဆုံးအတိုင်းအတာ ဖြစ်သည်။ ထိုက်ချူမူလကျောက်တုံး မရှိတော့သည့်အတွက် သူ၏အသိစိတ်အလျဉ်နှင့် ရုပ်ခန္ဓာတို့မှာ သိသိသာသာ အားနည်းသွားခဲ့သည်။

ချင်မူက ဟင်းလင်းပြင်အလွှာများထဲမှ ထွက်လာ၏။ ၂၃ ခုမြောက် ဟင်းလင်းပြင်သို့ ရောက်သည့်အခါမှသာ သူ၏ရုပ်ခန္ဓာအပေါ် ထိခိုက်မှုများ လျော့ကျသွားသည်။

သူက ချွေးသီးချွေးပေါက်များ သုတ်လိုက်သည်။ စိတ်နှင့်လူမကပ်ဘဲ ၃၀ ထပ်မြောက် ဟင်းလင်းပြင်အထိ ရောက်သွားခြင်းမှာ အန္တရာယ်များလှပေသည်။

ယခုတွင် အန္တရာယ်မရှိတော့သဖြင့် လမ်းစဉ်ဝင်ရောက်တုန်းက သိခဲ့ရသမျှအား ချက်ချင်း ပြန်စဉ်းစားနေသည်။

ချင်မူသည် ရှုရှန်းဟွာကို အားကျပြီး လမ်းစဉ်သို့ ၀င်ရောက်၍ ကောင်းကင်နတ်သိုင်း၏ နဝမမြောက် ကောင်းကင်ဘုံအား နားလည်သိမြင်ခဲ့ချိန်မှစ၍ သူ၏အသိအမြင်များ ပိုမိုကျယ်ပြန့်လာခဲ့၏။ ထိုက်ကျိတာအို၊ ထိုက်စုတာအို၊ ထိုက်ရှိတာအိုနှင့် ထိုက်ချူတာအိုအပေါ် နားလည်မှုတို့မှာလည်း ပိုမိုထူးကဲလာခဲ့သည်။

ကမ္ဘာဦးခေတ်၊ နဂါးဟန်၊ ချိမင်၊ ချုံဧကရာဇ်၊ ခိုင်ဧကရာဇ်တို့အပေါ် နားလည်မှုသည်လည်း တိုးပွားလာခဲ့သည်။ နောက်ဆုံးတွင် သမိုင်းကြောင်းပင် ဖြစ်စေ၊ သူ၏တာအိုအပေါ် နားလည်မှုပင် ဖြစ်စေ သူ လမ်းစဉ်ဝင်ရောက်သည့်အခါ ယင်းတို့အားလုံးက ဆန်းကြယ်‌သော ကောင်းကင်နတ်သိုင်းများ ဖြစ်လာတော့သည်။

“ကောင်းကင်နတ်သိုင်းရဲ့ နဝမမြောက် ကောင်းကင်ဘုံကနေ ၂၄ ဆင့်မြောက် ကောင်းကင်ဘုံအထိ တစ်ဆက်တည်း ဖြစ်သွားတာပဲ… ငါ့ရဲ့ တာအိုအဆင့်က ၂၄ ခုမြောက် ကောင်းကင်ဘုံအထိ တိုက်ရိုက်ရောက်သွားပြီ ဆိုရမယ်”

ချင်မူက ဟင်းခနဲ သက်ပြင်းချလိုက်သည်။ ထိုက်ရှီမူလကျောက်တုံးမှ ရရှိသည့် အကျိုးအမြတ်များမှာ ကောင်းမွန်လွန်းပေသည်။

သို့သော် နောက်ဆုံးကောင်းကင်ဘုံ သုံးဘုံမှာ မပြည့်စုံသေးပေ။

ထိုက်စု ဖရိုဖရဲကမ္ဘာဦး၏ ပန်းဖူးတစ်ပွင့်ကို ဖွင့်လှစ်ခြင်း။

ထိုက်ကျိ ယင်နှင့်ယန်အဖြစ် ပြောင်းလဲခြင်း။

ထိုက်ရှီ ပွင့်လန်းနေသော နွေဦးကို မေးခွန်းထုတ်ခြင်း။

ဤအဆင့်သုံးဆင့်၊ ကောင်းကင်ဘုံသုံးဘုံအပေါ် သူ၏နားလည်မှုမှာ ပြီးပြည့်စုံသည့်အထိ မရောက်သေး၍ ကောင်းကင်နတ်သိုင်းသုံးခုစလုံး မပြည့်စုံကြသေးချေ။

အမှန်တွင် သူ ထိုမဟာကောင်းကင်နတ်သိုင်းသုံးခုအား ဖန်တီးခဲ့စဉ်က အလွန်ခက်သည်ဟု ခံစားခဲ့ရသည်။ သူ့တွင် မည်သည့်အသိပညာမှ မရှိခဲ့သော်လည်း ထိုအချိန်တုန်းက တာအိုအပေါ် သိမြင်နားလည်နေသော အခြေအနေ ဖြစ်သည်။ သူ့အနေဖြင့် လေးကြိုးအပေါ် တင်ထားသော မြားတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ဤ ကောင်းကင်နတ်သိုင်းသုံးခုသည် အရှေ့ကောင်းကင်နတ်သိုင်းများထက် များစွာအစွမ်းထက်၏။ ဆက်လက်ပြုပြင်မွမ်းမံ၍ ပြီးပြည့်စုံအောင် လုပ်ရပေဦးမည်။ မဟုတ်လျှင် အနာဂတ်တွင် ၃၆ ဆင့်မြောက် ကောင်းကင်ဘုံသို့ တက်ရောက်ခြင်းအပေါ် သက်ရောက်မှုကြီး ရှိပေလိမ့်မည်။

သူက အေးအေးလူလူ လျှောက်ရင်း မဟူရာသစ်ပင်ကြီးရှိရာသို့ ဦးတည်နေသည်။ ချင်မူသည် လမ်းလျှောက်နေစဉ် လက်ဝှေ့ရမ်းရင်း သူဖန်တီးခဲ့သော ကောင်းကင်နတ်သိုင်းများအား တစ်ခုပြီးတစ်ခု အသက်သွင်းကြည့်ကာ လေ့လာနေ၏။

‘တာအိုစနစ်ရဲ့ ၂၄ ခုမြောက် ကောင်းကင်ဘုံအဆင့်က ကောင်းကင်ရတနာစနစ်နဲ့ ကောင်းကင်နန်းဆောင်စနစ်မှာ ဘယ်လိုညီမျှမလဲ မသိဘူး’

သူ သိချင်မိလာသည်။ ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်နှင့် ယှဉ်ပါက အဆင့်သတ်မှတ်ရာတွင် သေချာဆုံးဖြတ်မရနိုင်သော အချက်များရှိ၍ အတိုက်အခိုက်စွမ်းရည်ကို ခွဲခြားရန် ခက်လေသည်။

“ထူးဆန်းတာက ကောင်းကင်ရတနာနဲ့ ကောင်းကင်နန်းဆောင်စနစ်ကို ကျင့်ကြံတဲ့ နတ်ဘုရားမိစ္ဆာတွေက တာအိုစနစ်ကိုလည်း ကျင့်ကြံနိုင်ကြတယ်… ဒါက ကျင့်ကြံစနစ်နှစ်ခုကို ပေါင်းစည်းလိုက်သလိုပဲ… ဥပမာပြောရရင် ခိုင်ဧကရာဇ်ရဲ့အဆင့်က ကောင်းကင်နန်းဆောင်အဆင့်ဆိုပေမယ့် သူ့ရဲ့ တာအိုစနစ်မှာတော့ ၃၄ ခုမြောက် ကောင်းကင်ဘုံကို ရောက်ပြီးနေပြီ... သူက ကောင်းကင်နတ်အရှင်တွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ”

ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်သည် မှော်စွမ်းအင်ကို အဓိကထားပြီး တာအိုစနစ်ကတော့ တာအိုအ‌ပေါ် သိမြင်နားလည်ကို အာရုံစိုက်၏။ တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီလှသည်။

ဤသည်က ခိုင်ဧကရာဇ်၏ ပြုပြင်ပြောင်းလဲမှု ဖြစ်ကာ ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်အတွက် တိုးတက်မှုဖြစ်သည်။ သူ၏ ကောင်းမှုက ကြီးမားလွန်းသောကြောင့် ကောင်းကင်နတ်အရှင်ယွီအောက် မနိမ့်ကျပေ။

“ခေတ်နောက်ကျနေတာ နှမြောစရာပဲ”

ချင်မူက ပခုံးတွန့်လိုက်သည်။ အနာဂတ်တွင် အမှန်တကယ် အစွမ်းထက်သူများသည် လန်ယွီတျန်း ထူထောင်ခဲ့သည့် မဟာဘိုးဘေးနန်းတော်၏ တာအိုစနစ်မှ ပေါ်ထွက်လာလိမ့်မည်။ ကောင်းကင်နန်းဆောင်စနစ်နှင့် တာအိုစနစ်တို့က ၎င်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်။

“အခုကတော့ ကောင်းကင်ရတနာစနစ်၊ ကောင်းကင်နန်းဆောင်စနစ်နဲ့ တာအိုစနစ်ရဲ့ အခမ်းနားဆုံးခေတ်ပဲ… နောက်ဆုံး အဆုံးသတ်လည်း ဖြစ်တယ်… လန်ယွီတျန်း အောင်မြင်သွားရင် ခမ်းနားကြီးကျယ်တဲ့ တော်လှန်ပြောင်းလဲမှုကြီးက ရေလှိုင်းကြီးလို အရာအားလုံးကို လွှမ်းမိုးပြီး ဖြုတ်ချပစ်လိမ့်မယ်”

ချင်မူ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ဘိုးဘေးနန်းတော်၏ တောင်တန်းမြစ်ချောင်းများအား မြင်လိုက်ရသည်။ ‘အဲ့လိုဆိုရင် ငါ လန်ယွီတျန်းနဲ့ ကောင်းကင်နတ်အရှင်ယွီကို ဘာလုပ်သင့်သလဲ … သူ့ရဲ့ တစ်ပိုင်းတစ်စ ဝိညာဉ် ရှာပြီး ကောင်းကင်နတ်အရှင်ယွီအဖြစ် ပြောင်းလဲပစ်လိုက်ရမလား”

ထိုအခိုက်အတန့်တွင် ဘိုးဘေးနန်းတော်ထဲ၌ ကြောက်လန့်တကြား ပြေးလွှားနေကြသော သားရဲများအား တွေ့လိုက်ရသည်။ အင်မတန်ပင် အုံးအုံးကြွက်ကြွက် ဖြစ်နေလေသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်ကလည်း ကောင်းကင်နယ်စားမင်း၊ မြေအောက်‌ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေတို့ကို ရိုက်နှက်နေ၏။

“သူတို့ ဘာလို့တိုက်ခိုက်နေကြတာတုန်း”

ချင်မူမှာ ဇဝေဇဝါဖြစ်သွားပြီး လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ သူ၏အကြည့်က နဂါးချီလင်နှင့် ဟင်းလင်းပြင်သားရဲမိခင်တို့ တဆတ်ဆတ် တုန်နေကြသော ၁၇ ထပ်မြောက် ဟင်းလင်းပြင်ဆီ ရောက်သွားသည်။

All Chapters