← Chapters

လန်ယွီတျန်းနှင့် ရှုရှန်းဟွာ

Vol. 99 Ch. 1303

လန်ယွီတျန်းနှင့် ရှုရှန်းဟွာ

Vol. 99 Ch. 1303

မဟာလေဟာနယ်ထဲတွင် ခိုင်ဧကရာဇ်သည် သူ၏တာအိုစနစ်အား လန်ယွီတျန်းဆီ လွှဲပြောင်းပေးနေ၏။ သူတို့နှစ်ယောက်သား အချိန်အတော်ကြာ စကားပြောခဲ့ကြပြီး ထိုတာအိုဆွေးနွေးမှုက ရွှင်ပျော်ပျော်ကျေးရွာနှင့် ဖန်တီးရှင်တို့အား အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေခဲ့သည်။

ခိုင်ဧကရာဇ်မှာ သူကိုယ်တိုင် တီထွင်ခဲ့သော တာအိုစနစ်အား သင်ကြားပေးနေသော်လည်း လန်ယွီတျန်းသည် ဥပမာတစ်ခုအပေါ် အခြေခံ၍ အယူအဆများ ပေါင်းထည့်ပေးနိုင်သဖြင့် သူ့ကို အကြီးအကျယ် အမြတ်ထွက်စေ၏။

ခိုင်ဧကရာဇ်က လေဟာနယ်တံတားအဆုံးရှိ အခန်းသုံးခန်းမှ တံခါးများကို ကိုယ်တိုင်ဖွင့်ပေးကာ လန်ယွီတျန်းနှင့် သူ၏နောက်လိုက်များအား ထာဝရငြိမ်းချမ်းအင်ပါယာသို့ လိုက်ပို့ပေးသည်။ “တာအိုညီတော်၊ နောင်ကျ ထပ်တွေ့ကြတာပေါ့”

“တာအိုနောင်တော်၊ ကျေးဇူးပြုပြီး စောင့်နေပါ” လန်ယွီတျန်းက သူ့ကို နှုတ်ဆက်သည်။

ခိုင်ဧကရာဇ်က တံခါးရှေ့တွင် တိတ်တဆိတ်ရပ်နေပြီး အချိန်အတော်ကြာမှ ထွက်သွားသည်။

သူ၏ မဟာကောင်းကင်ဆရာသခင်လေးဦးနှင့် ကောင်းကင်ဧကရာဇ်လေးပါးတို့သည် သူ့ကို တံတားတွင် စောင့်နေကြ၏။ တန်ခိုးရှင်သစ်ခုတ်သမားက မေးလေသည်။ “အရှင်မင်းကြီး၊ ကျွန်တော် အရှင်မင်းကြီးနဲ့ လန်ယွီတျန်းတို့ ဒီရက်တွေအတွင်း တာအိုအကြောင်း ဆွေးနွေးနေတာ နားထောင်နေခဲ့ပါတယ်…. အတော်လေးကို မှတ်သားစရာတွေလည်း ရခဲ့ပါတယ်… ဒါပေမဲ့ ရုတ်တရက်ကြီး ကြောက်စရာကောင်းတဲ့ အတွေးတစ်ခု တွေးမိတယ်.. အနာဂတ်မှာ ကောင်းကင်နတ်ဘုံကို တွန်းလှန်နိုင်ခဲ့ရင်တောင် လန်ယွီတျန်း တာအိုကို ရရှိနေသရွေ့ ကျွန်တော်တို့က ခေတ်ဟောင်းရဲ့ အုပ်ချုပ်သူတွေ ဖြစ်နေမှာပဲ…ခေတ်ဟောင်းက နတ်ဘုရားတွေကို ခေတ်အသစ်ရဲ့ နတ်ဘုရားတွေက ပြန်တွန်းလှန်ကြလိမ့်မယ်”

ခိုင်ဧကရာဇ်က ခေါင်းညိတ်၍ ပြုံးတော်မူသည်။ “ဒါဆိုရင် ကောင်းကင်ဆရာသခင်ကြီးက ပြောင်းလဲဖို့ သတ္တိနဲ့ ခံယူချက်တွေ ပျောက်ကွယ်သွားပြီလား”

တန်ခိုးရှင်သစ်ခုတ်သမားမှာ ထိတ်လန့်သွားပြီး ဦးညွှတ်ကာ လျှောက်တင်သည်။ “တျန်းကဲ အမြတ်နဲ့ အရှုံးကို သွားတွေးနေမိတာပဲ … သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး… လန်ယွီတျန်းက တန်ခိုးရှင်လမ်းစဉ်ကို ရောက်နေပါပြီ… ကျွန်တော့်အနေနဲ့ သူ့ကို တားဆီးမယ့်အစား သူ လုပ်နိုင်ပြီး ပိုပြီးမြန်မြန် သူတော်စင်တန်ခိုးရှင် ဖြစ်လာအောင် ကူညီပေးသင့်တာပါ”

“နောင်တစ်ချိန်ကျ လန်ယွီတျန်းက ပထမဆုံး သူတော်စင်တန်ခိုးရှင် ဖြစ်လာကောင်း ဖြစ်လာနိုင်တာပဲ”

ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ဓား၏ ဓားရိုးကို ကိုင်၍ ဓားပေါ်ရှိ အစင်းကြောင်းများကို လက်မဖြင့် စမ်းနေရင်း ပြော၏။ “ရွှင်ပျော်ပျော်ဓားကို အတိတ်တုန်းက ဖန်တီးခဲ့တာက ရွှင်ပျော်‌ပျော်ကျေးရွာကို တည်ဆောက်ဖို့အတွက်ပဲ… ဒါပေမဲ့ သူနဲ့ တာအိုကို ဆွေးနွေးသွားပြီးတဲ့အခါမှာတော့ ဒီဓားက ရွှင်ပျော်ပျော်ကျေးရွာအတွက် မဟုတ်ဘူးဆိုတာ သဘောပေါက်ခဲ့တယ်… လူသားမျိုးနွယ်နဲ့ တခြားသတ္တဝါတွေအားလုံးအတွက် တိုက်ခိုက်ပြီး လူသားမျိုးနွယ် ဘယ်အရာကိုမှ မစိုးရိမ်ရအောင် ဒီဓားကို အသုံးပြုရမှာ”

သူက ပြုံးလျက်ပင် ဆက်ပြောသည်။ “သူနဲ့ တာအိုအကြောင်း ဆွေးနွေးပြီးတော့ ငါ့ဓားတာအိုရဲ့ ၃၅ ဘုံမြောက် ကောင်းကင်ဘုံက ဖြည်းဖြည်းချင်း ရှင်းလင်းပြတ်သားလာခဲ့ပြီ….တျန်းကဲ မင်းကိုယ်မင်း အထင်သေးစရာမလိုပါဘူး… မင်းရဲ့ ၃၆၀ သော လမ်းစဉ်တွေက ခိုင်ဧကရာဇ်ခေတ် နှစ်ပေါင်းများစွာ တည်မြဲစေဖို့အတွက်ပဲလေ… မင်းကို တန်ခိုးရှင်လို့ ခေါ်ကြတာဟာ မင်းက ခိုင်ဧကရာဇ်ခေတ်အတွက် လမ်းစဉ်ပေါင်း ၃၆၀ ကို ကြိုတင်ပြင်ဆင်ပေးခဲ့လို့ပဲ… မင်းမှာ ခမ်းနားကြီးမြတ်တဲ့တဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့ပေမယ့်… ငါ့ရဲ့အသုံးမကျမှုကြောင့် ခိုင်ဧကရာဇ်ခေတ်ကတော့ နှစ်သန်းပေါင်းများစွာ မတည်မြဲခဲ့ဘူး…”

“ဖြစ်ခဲ့တာတွေက ကျွန်တော်တို့ကြောင့် မဟုတ်ပါဘူး... ခိုင်ဧကရာဇ်ကို အပြစ်တင်လို့ မရဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက လျှောက်တင်သည်။ “အဲဒီနေ့က ရှုံးနိမ့်မှုအတွက် ဒီနေ့ ပြန်ရမှာပါ”

လန်ယွီတျန်းသည် တပည့်ငါးထောင်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ခေါ်သွားပြီး ဟိုဟိုသည်သည် လမ်းရှာနေ၏။ သို့သော် သူ့အနောက်မှ လိုက်လာကြသည့် နတ်ဘုရားငါးထောင်လုံးမှာ သူတို့၏ဆရာ လမ်းရှာတွေ့လျှင်တောင်မှ လမ်းပျောက်နေဦးမည်ဖြစ်ကြောင်း ကောင်းကောင်းသိကြသည်။

“ဆရာ၊ ဘယ်ကိုသွားဖို့ စီစဉ်ထားပါသလဲ” နတ်ဘုရားမတစ်ဦးက မေးသည်။

“ငါ မသိဘူး” လန်ယွီတျန်းက ခပ်မြူးမြူး‌ ဖြေသည်။

လူတိုင်း တိတ်ဆိတ်သွားကြသည်။ နတ်ဘုရားတချို့က တိတ်တဆိတ် ထွက်ခွာသွားကြ၏။

လန်ယွီတျန်းက ပြုံး၍ ပြောသည်။ “စိတ်စေရာအတိုင်း လုပ်ကြတာပေါ့… တစ်ယောက်ယောက် ငါ့ကို အရှေ့မှာစောင့်နေတာ ခံစားမိတယ်”

အားလုံးမှာ မယုံသင်္ကာဖြစ်နေကြသည်။ ရက်အနည်းငယ် လမ်းလျှောက်လာကြပြီးနောက် မဟာမိုးခြိမ်းသံကျောင်းတော်နှင့် ကျောင်းတော်ထက်တွင် လှဲလျောင်းတော်မူနေသော ဗုဒ္ဓကို တွေ့လိုက်ရသည်။

လှဲလျောင်းတော်မူနေသည့် ဗုဒ္ဓအရှင်တော်မြတ်သည် ဗုဒ္ဓရောင်ဝါတို့ဖြင့် ဝန်းရံခံထားရပြီး နှစ်နှစ်ခြိုက်ခြိုက် ကျိန်းစက်နေ၏။ ဗုဒ္ဓရောင်ဝါက ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံ ၂၀တစ်လျှောက် ပြန့်ကျက်လျက် မြင့်မိုရ်တောင်နှင့် ချိတ်ဆက်နေပြီး ဗြဟ္မာဘုံဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေသည်။

ဗုဒ္ဓထောင်သောင်းပေါင်းများစွာနှင့် ‌ဗောဓိသတ်များသည် လှဲလျောင်းတော်မူသော ဗုဒ္ဓ၏ အိပ်မက်ကမ္ဘာထဲတွင် ထိုင်နေကြပြီး တရားအားထုတ်နေကြ၏။ သူတို့၏ ဗုဒ္ဓနာမတော်ကို ကျယ်လောင်စွာ ရွတ်ဖတ်နေကြရာ ဗုဒ္ဓသံတို့က သာယာနာပျော်စွာ ပျံ့လွင့်နေလေသည်။

လှဲလျောင်းနေသည့် ဗုဒ္ဓသည် အင်မတန်မှ အာရုံဖမ်းစားနိုင်၏။ လျောင်းတော်မူနေသည့် ဗုဒ္ဓ၏ ခန္ဓာကိုယ်မှာ မိစ္ဆာမျောက်ဝံကြီးတစ်ကောင် ဖြစ်ပြီး အလွန်ကြီးမားသည်။ သူက အိပ်နေရင်း ဟောက်နေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အ‌မွှေးမတို့မှာ တုန်ရီနေရာ အနက်ရောင်တောအုပ်ထဲတွင် လေပြေတိုက်ခတ်နေသကဲ့သို့ စည်းချက်ကျကျ နိမ့်ချည်မြင့်ချည် လှုပ်ခါနေသည်။

ဗုဒ္ဓ၏ ရုပ်ခန္ဓာမှာ အလွန်သပ္ပါယ်ပါသော်လည်း မိစ္ဆာသယောင်၊ သို့မဟုတ် လူသယောင် ထင်ရသည်။ အမှန်တကယ်တွင် ဗုဒ္ဓတစ်ပါး ဖြစ်သည်။

အားလုံးက ဧရာမဗုဒ္ဓကြီးဆီသို့ မော့ကြည့်လိုက်ကြ၏။ တခဏကြာသော် လန်ယွီတျန်းက ခေါင်းခါ၍ ပြောသည်။ “ငါ့ကို စောင့်နေတာ သူမဟုတ်ဘူး… ဆက်သွားကြစို့”

ဤသို့ဖြင့် ဆယ်ရက်ကျော် လျှောက်လာကြပြီး တောင်တန်းမြစ်ချောင်းများအား ကျော်ဖြတ်လာခဲ့ကြသည်။ အဝေးမှကြည့်သောအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စွမ်းအင်အကူးအပြောင်းတံတားကို တွေ့မြင်လိုက်ကြရ၏။ သင်္ဘောများက တံတားမှာ ဝင်လိုက်ထွက်လိုက် သွားလာနေကြလေသည်။

သူတို့ စွမ်းအင်အကူးအပြောင်းတံတားအောက်သို့ ရောက်လာကြချိန်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေ‌သော လူတချို့ကို တွေ့လိုက်ရသည်။ တာအိုရသေ့ငယ်တစ်ဦးက ခပ်ချောချော နတ်ဘုရားတစ်ပါး၏ အင်္ကျီစကို “ရှုရှန်းဟွာ၊ မင်း ထွက်သွားလို့မရဘူး… ဒီရတနာက သန့်စင်ဖို့ တန်ရုံလောက်လေးပဲ ရှိတာ…. မင်းက ထွက်သွားချင်နေပြီပေါ့.. ငါတို့ကိုကျ အလုပ်ကြိုးစားခိုင်းပြီး မင်းကတော့ လွယ်လွယ်သွားတော့မှာပေါ့လေ”

ရှုရှန်းဟွာဟု‌ခေါ်သည့် လူချောက ရုန်းထွက်ရန် ကြိုးစားနေပြီး ကူကယ်ရာမဲ့စွာ ပြောသည်။ “ငါ ဂိုဏ်းသခင်ချင် ပေးထားတဲ့ ပုံကြမ်းတွေကို သေချာဖြေရှင်းပြီးပြီလေ… မင်း ပုံကြမ်းတွေအတိုင်း သန့်စင်လို့ရတာပဲ…ကျန်တဲ့ကိစ္စတွေက အသေးအမွှားတွေလေကွာ.. ငါ ဒီနေရာမှာ နှစ်ငါးဆယ်လောက် ဘယ်လိုလုပ်နေလို့ရမှာလဲ… ဘိုးဘေးနန်းတော်ကို သွားရဦးမှာ… အဲဒီနေရာမှာ ကောင်းတာတွေ ရှိတယ်လို့ ဂိုဏ်းသခင် ပြောသွားတာ ကြာလှပြီ”

လန်ယွီတျန်းသည် ထိုတာအိုရသေ့ကိုလည်း မှတ်မိသည်။ သူ့နာမည်က လင်းရွှမ်ဖြစ်ပြီး တာအိုဂိုဏ်း၏ တာအိုဆရာသခင်ဖြစ်၏။ သူကား ကိစ္စတစ်ခုခုကြောင့် ရှုရှန်းဟွာနှင့် ရန်ဖြစ်နေလေသည်။

“မင်းက ထွက်လာခဲ့ပြီးပြီလေ… မင်း ထွက်သွားတာ ဘယ်လောက်ကြာပြီလဲတောင် ငါ မမှတ်မိတော့ဘူး… မင်းရဲ့သမီး ရှုမုန်ချင်းဆို လက်ထပ်သင့်တဲ့ အရွယ်တောင် ရောက်ရင် ရောက်တော့မှာ… မင်း ပြန်လာရင် မြေးချီနေရလိမ့်မယ်”

လန်ယွီတျန်းမှာ ထိုသို့ပြောလိုက်သူကိုလည်း မှတ်မိသည်။ သူက ကျောက်စိမ်းမြို့တော်ငယ်မှ နတ်ဝိဇ္ဇာတစ်ဦး ဖြစ်သည်။ သူ့နာမည်က ၀မ်မူရန်ဖြစ်ကာ သူ့ကို နတ်ဝိဇ္ဇာဝမ်ဟု သိကြလေသည်။ သူ၏စွမ်းဆောင်နိုင်စွမ်းတို့ကလည်း မြင့်မားသည်။

ရှုရှန်းဟွာက ပြော၏။ “နတ်ဝိဇ္ဇာဝမ်၊ ငါ့သမီးအကြောင်း မပြောပါနဲ့”

နတ်ဝိဇ္ဇာဝမ်က ပြုံး၍ ပြောသည်။ “မင်း စိတ်ပူရာမှာ ဂိုဏ်းသခင်ချင်ဟ… မင်း မရှိတဲ့အချိန် သူ့ကို မြှူဆွယ်မှာ သတိထား”

“ငါ သူ အရွယ်ရောက်လာမှာကို ဘယ်တုန်းကမှ စိတ်မပူခဲ့ဘူး... တာအိုမိတ်ဆွေတို့၊ ငါ ဘိုးဘေးနန်းတော်ကို သွားမှဖြစ်မယ်… ဂိုဏ်းသခင်က ငါ့ကို သွားဖို့ ပြောပြီးပြီ… အဲဒီနေရာက ငါ့တာအိုလမ်းစဉ်အတွက် သော့ချက်တစ်ခုလို့ အမြဲတမ်း ခံစားခဲ့ရတာ”

ရှုရှန်းဟွာက လင်းရွှမ်လက်ထဲမှ ရုန်းထွက်၍ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အားလုံးရဲ့ စေတနာတွေကို နားလည်ပါတယ်… ဒါပေမဲ့ ငါ လမ်းစဉ်ထဲ ဝင်ရောက်နိုင်မှာကို တားကြမလို့လား… မင်းတို့ ငါ့ကို အနိုင်မယူနိုင်ဘူးနော်”

အားလုံးက သူ့စကားကို ကြားဖြတ် ပြောကြသည်။ “မင်းကတော့ ပျော်ပျော်ကြီး ထွက်သွားပြီး ငါတို့ကတော့ ဒီမှာပဲ ဒုက္ခခံရဦးမှာပေါ့….. ရပါတယ်လေ ထားလိုက်ပါတော့… ငါတို့လည်း မင်းကို အနိုင်ယူနိုင်တာမှမဟုတ်တာ… သွားလိုက်တော့”

ရှုရှန်းဟွာက ထရပ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက လန်ယွီတျန်းကို မြင်သွားသဖြင့် တအံ့တဩ မေးလေသည်။ “ညီလေးလန်၊ မင်း လမ်းပျောက်နေပြန်ပြီလား”

လန်ယွီတျန်းက ခေါင်းတဆတ်ဆတ် ညိတ်ပြရင်း ပြုံးလိုက်သည်။ “ကျွန်တော် အရင်တစ်ခါက အစ်ကိုကြီးရှုနဲ့ တွေ့ခဲ့ဖူးတယ်နော်….ဒီတစ်ခါတော့ ဒုက္ခပေးရဦးမယ်ဗျာ”

ရှုရှန်းဟွာက တစ်ခဏစဉ်းစားပြီးနောက် မေး၏။ “ငါ ဘိုးဘေးနန်းတော်ကို သွားမလို့… မင်းလည်း သွားချင်လား”

“ဟုတ်”

ရှုရှန်းဟွာက လက်ယမ်းပြကာ တည်ကြည်လေးနက်စွာ နှုတ်ဆက်သည်။ “လူကြီးမင်းတို့၊ မင်းတို့ ငါ့ကို ထပ်တားရင် ငါနဲ့တကယ် တိုက်ခိုက်ရမှာနော်”

အားလုံးက အလျှိုလျှို လူစုခွဲသွားကြလေသည်။

ရှုရှန်းဟွာက လန်ယွီတျန်းကို စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ခေါ်သွားသည်။ သူက အနောက်ရှိ နတ်ဘုရားငါးထောင်ကို ကြည့်ကာ အံ့အားသင့်သွားသော်လည်း မမေးချေ။ “ဒီရက်ပိုင်းတွေမှာ ငါ ကိစ္စမျိုးစုံနဲ့ အလုပ်ရှုပ်နေခဲ့တော့ ဘိုးဘေးနန်းတော်ဆီ သွားဖို့ အခွင့်မသာခဲ့ဘူး….အခု ပြန်စဉ်းစားကြည့်လိုက်တော့ ငါ့ကို တားနေခဲ့တာ အဲဒီကိစ္စတွေ မဟုတ်ဘူး… ငါ မင်းကို စောင့်နေခဲ့မိတာပဲ… ကြည့်ရတာ မင်းနဲ့ ငါ့အတွက် လမ်းစဉ်က ဘိုးဘေးနန်းတော်မှာ ရှိနေတယ်နဲ့ တူတယ်”

လန်ယွီတျန်းကလည်း တုံ့ပြန်လိုက်သည်။ “ကျွန်တော်လည်း အဲ့လိုခံစားရတယ်… အစ်ကိုကြီး ကျွန်တော့်ကို စောင့်နေတယ်လို့ ခံစားခဲ့ရတာ… ဒီခရီးက အတော်ကို အံ့သြဖို့ကောင်းမှာပဲ”

နတ်ဘုရားငါးထောင်က စွမ်းအင်အကူးအပြောင်းတံတားပေါ်သို့ သူတို့နောက်မှ လိုက်လာသည်။ အချိန်အတော်ကြာသော် သူတို့သည် အခြားတစ်ဖက်ရှိ ယဇ်ပလ္လင်မှ ထွက်လာကြကာ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ချိပ်တံဆိပ်ကို တွေ့လိုက်ရသည်။

“ဆရာ၊ ဒီမှာ ‌ချိပ်တံဆိပ် ရှိပေမယ့် ဟိုနေရာမှာတော့ အပေါက်ဖြစ်နေတယ်… ချိပ်တံဆိပ် မရှိဘူး…” တစ်စုံတစ်ယောက်က အော်လိုက်၏။

ဘိုးဘေးနန်းတော်၏ ဝင်ပေါက်မှာ ချင်မူ ထိုက်ရှီကျောက်တုံးတွင်း၏ စွမ်းအားကို အသက်သွင်းခဲ့တုန်းက ထိုးဖောက်ခံခဲ့ရသည်။

ရှုရှန်းဟွာနှင့် လန်ယွီတျန်းက တစ်ချက်ကြည့်လိုက်ပြီး ရှုရှန်းဟွာက ခေါင်းရမ်း၏။ “ဝေးလွန်းတယ်… အဝင်ဝကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ ငါ မသိဘူး… ဒီအက်ကွဲကြောင်းက ပိုနီးတော့ ဒီကနေပဲ ဝင်ကြတာပေါ့”

“ဒီနေရာမှာ ချိပ်တံဆိပ် ဆယ့်တစ်မျိုး ရှိတယ်… တစ်ခုက ငါ့ညီလေး ထားခဲ့တာပဲ”

လန်ယွီတျန်းက သူ့ကို အကဲခတ်၍ ပြောသည်။ “သူ့ ချိပ်တံဆိပ်ကို ချိုးဖျက်ပစ်ဖို့ မခက်ဘူး..”

ရှုရှန်းဟွာကလည်း သူ့ကို ခေါင်းအစခြေအဆုံး ကြည့်၍ ပြန်ပြော၏။ “သူ့ချိပ်တံဆိပ်ကို ချိုးဖျက်ပစ်ဖို့က တကယ်ကို မခက်ဘူး… သွားကြစို့”

သူတို့နှစ်ယောက်သား နတ်ဘုရားငါးထောင်ကို ခေါ်၍ ချင်မူ ချန်ထားခဲ့သော ချိပ်တံဆိပ်ထဲ ဝင်ရောက်သွားကြသည်။

ဘိုးဘေးနန်းတော်ထဲတွင် ချင်မူက ၁၇ ခုမြောက် ဟင်းလင်းပြင်ထဲသို့ ရောက်ရှိလာပြီး ဇဝေဇဝါမေးလိုက်၏။ “လုံပိ၊ မင်းတို့ ဘာကိုကြောက်နေကြတာလဲကွ”

“ဂိုဏ်းသခင်၊ မဟာဧကရာဇ် ရောက်နေတယ်ဗျ” နဂါးချီလင်က ကြောက်ဒူးတုန်စွာဖြင့် ဖြေသည်။

All Chapters