နည်းလမ်းတစ်ခု
Vol. 23 Ch. 319
ဝရုန်း ...
မူလရေကန်၏ နက်ရှိုင်းသော တစ်နေရာတွင် ကြီးမားသော ရေတိုင်လုံးကြီးများသည် တစ်ခုနှင့်တစ်ခု ယှက်ဖြာ သွယ်ဆက်လျက်ရှိပြီး ကြီးမားသော ပိုက်ကွန်ကြီးသဖွယ် ဖြစ်ပေါ်နေကာ ပေတစ်ထောင်ကျော် ရှည်သည့် ရေနေသားရဲကြီးကို နှောင်ဖွဲ့ထားလျက်ရှိသည်။ ထိုအကောင်ကြီးသည် အပြင်းအထန် ရုန်းကန်နေခဲ့ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ရေပိုက်ကွန်ကို ပြင်းထန်စွာ ဝင်တိုးလျက်ရှိပြီး ထောင့်စွန်းများတွင်ပင် ကွေးညွှတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ဇူယွမ်မှာ ပိုက်ကွန်၏ အပြင်ဘက်တွင် ရက်နေခဲ့ပြီးနောက် လေးနက်သော အမူအရာဖြင့် ရုန်းကန်နေသည့် သားရဲကြီးကို စိုက်ကြည့်နေခဲ့သည်။
ကံအားလျော်စွာပင် ယဲ့ကယ် အားစိုက်ထုတ်ကာ ပြုလုပ်ခဲ့သည့် အဆင့်လေး မူလမှော်စာလုံး အစီအရင်ကြီးမှာ တော်တော်လေးကို ထိရောက်မှုရှိပြီး ပေတစ်ထောင် ရေနေသားရဲကြီး၏ ထပ်တလဲလဲ ထိုးနှက်ချက်များကို ကောင်းကောင်းကြီး တောင့်ခံနေခဲ့ပေသည်။
“သည်အရာက တကယ်ပဲ အဆင့်လေး အထွတ်အထပ်အဆင့် မူလမှော်စာလုံး အစီအရင်တစ်ခုပဲကိုး” ဇူယွမ်က အံ့အားသင့်စွာ မှတ်ချက်ချလိုက်သည်။
အဆင့်လေး မူလမှော်စာလုံးတစ်ခုနှင့် အဆင့်လေး မူလမှော်စာလုံး အစီအရင်တစ်ခုမှာ ကွဲပြားခြားနားသော အတိုင်းအတာ သတ်မှတ်ချက်များဖြင့် တည်ရှိနေကြောင်း လူတိုင်းသိပေသည်။
မူလမှော်စာလုံး အစီအရင်တစ်ခုသည် မူလ မှော်စာလုံးတစ်ခုကဲ့သို့ မူလ မှော်စာလုံးတစ်ခုတည်း ရေးဆွဲရုံဖြင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အမျိုးမျိုးသော အဆင့်သတ်မှတ်ချက်များ ရှိသည့် မှော်စာလုံးများစွာကို အတူတကွ ဆက်သွယ်ထားခြင်းသာ ဖြစ်ပေသည်။ နှိုင်းယှဉ်ကြည့်ပါက မူလမှော်စာလုံးတစ်ခုသည် တိုင်ကပ်နာရီမျက်နှာပြင်ပေါ်က စက္ကန့်၊ မိနစ်၊ နာရီတို့၏ အမှတ်အသား အစိတ်ကလေး ဖြစ်သည်ဆိုပါက မူလမှော်စာလုံး အစီအရင်သည် တိုင်ကပ်နာရီတစ်လုံး ဖြစ်သည်။
ထို့ကြောင့် မူလမှော်စာလုံးတစ်ခုကို ရေးဆွဲရန်မှာ တော်တော်လေးကို ရိုးရှင်းသော်လည်း မူလမှော်စာလုံး အစီအရင်ကို တည်ဆောက်ခြင်းက များစွာခက်ခဲပေသည်။
ထို့အပြင် ယဲ့ကယ်၏ မူလမှော်စာလုံးအစီအရင်မှာ အဆင့်လေး မူလမှော်စာလုံးများ အကြားတွင် ထိပ်တန်းအဆင့်ရှိပေသည်။ ဇူယွမ်၏ ထင်မြင်ချက်အရ မူလစဦး နဝမအဆင့်တစ်ယောက်ကို ပင်လျှင် ထိုအစီအရင်က ချုပ်နှောင်နိုင်ပေလိမ့်မည်။
ထိုအရာက ယဲ့ကယ်အနေဖြင့် ပေတစ်ထောင်သားရဲကို ဖမ်းဆီးရန် မည်မျှ အားစိုက်ထားသည်ကို ပေါ်လွင်နေစေပေသည်။
“ဒီအစီအရင်က အံ့အားသင့်ဖို့ ကောင်းနေပေမယ့်လည်း အချိန်အတိုင်းအတာ တစ်ခုသာရရင် သားရဲက ချိုးဖြတ်နိုင်မှာပဲ” ဇူယွမ်က တွေးတောနေရင်းမှ ပိုက်ကွန်ကို အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ ရူးသွပ်စွာဖြင့် ရုန်းကန်နေသော ရေနေသားရဲအား လှမ်းကြည့်လိုက်သည်။ သူ၏လက်ကို ဆုပ်လိုက်သည်နှင့် ကောင်းကင်ဘုံယွမ်စုတ်တံမှာ ပေါ်လာခဲ့ပြီး တိုက်ပွဲဝင် ပုံစံသို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
ဖန်း ...
သူ၏လက်အား ဆတ်ခနဲ လှုပ်ရှားလိုက်သည်နှင့် စုတ်တံထိပ်ဖျားမှ နှင်းဖြူရောင် အမျှဉ်များမှာ အဖြူရောင် စီးကြောင်းတစ်ခု အသွင်ဖြင့် အရှေ့သို့ တိုးထွက်သွားခဲ့သည်။
နှင်းဖြူရောင် အမျှင်များမှာ ပေတစ်ထောင် ရေသားရဲကြီး၏ ခန္ဓာကိုယ်သို့ စိုက်ဝင်သွားသော်လည်း သားရဲကြီး၏ ခန္ဓာကိုယ်ကိုတော့ အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။
ဇူယွမ်၏ မျက်လုံးအစုံမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့ပြီးနောက် ချိပ်ပိတ်ဟန် လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်ပြီး အော်ဟစ်လိုက်သည် “နဂါးကိုးကောင်နိယာမ၊ နဂါးရှစ်ကောင်”
ဝရုန်း ...
သူ၏ခေါင်းအထက်တွင် မူလချီမျာဖြင့် သားရဲရှစ်ကောင်၏ ပုံသဏ္ဌာန်မှာ ပေါ်ပေါက်လာခဲ့ပြီးနောက် ဟိန်းသံပြုလိုက်ကာ သူ၏အထက်တွင် စုဝေးသွားကြသည်။ သူတို့အားလုံးက ခေါင်းမှ အမြီးဖျားအထိ မျဉ်းဖြောင့်သဏ္ဌာန် အသွင်ယူလိုက်ပြီးနောက် ပိုက်ကွန်ထဲတွင်ရှိသော သားရဲ၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်သွားခဲ့သည်။
ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်သော လှိုင်းများက ပတ်ဝန်းကျင်ကို မွှေနှောက်ဖျက်ဆီးသွားပြီး ရေထုကို ရုန့်ရင်းကြမ်းတမ်းစွာ တုန်ခါစေပေသည်။
သို့သော်လည်း ရေထုမှာ တစ်ဖန်ပြန်လည် တည်ငြိမ်သွားပြီး ဇူယွမ်၏ မျက်ခုံးနှစ်ဖက်မှာလည်း ထိစပ်လုမတတ် ကွေးညွှတ်သွားခဲ့သည်။ သူထုတ်ဖော်လိုက်သော နဂါးရှစ်ကောင်မှာ ပေတစ်ထောင် ရေနေသားရဲကြီးအား မည်သည့်ထိလိုက်မှုမှ မဖြစ်ပေါ်စေခဲ့ပေ။
သို့သော်လည်း ထိုအရာက စဉ်းစားကြည့်ပါက သဘာဝကျပေသည်။ ရေနေသားရဲကြီးမှာ ပြင်းထန်သော ဒဏ်ရာရရှိထားသည့် အခြေအနေတွင် ရှိနေသော်လည်းပဲ ထိုအကောင်ကြီး၏ စွမ်းအားမှာ မူလစဦး နဝမမြောက် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှနေသေးသည် မဟုတ်ပါလား။
ဇူယွမ်ကတော့ အခြားတစ်ဖက်တွင် ရှိနေပြီး သူ၏ အကောင်းဆုံး အခြေအနေတွင်ပင် မူလစဦး ပဉ္စမအဆင့်နှင့်သာ ထိပ်တိုက် ရင်ဆိုင်နိုင်ပေသည်။
ဝုန်း ... ဝရုန်း ...
ဇူယွမ်၏ တိုက်ခိုက်မှု တစ်ခုပြီးတစ်ခု အပြီးတွင် ပေထောင်ရှည်သည် သားရဲကြီးမှာ ထပ်တလဲလဲ ရိုက်နှက်ခံနေရမှုကြောင့် စိတ်အနှောက်အယှက် ဖြစ်နေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ထိုကောင်ကြီးက ရူးသွပ်စွာဖြင့် ပိုက်ကွန်အား တစ်ကြိမ်ပြီးတစ်ကြိမ် ဝင်ဆောင့်နေခဲ့တော့သည်။
အရူးအမူး ရုန်းကန်မှုအောက်တွင် ရေပိုက်ကွန် အစီအရင်အရင်မှာ တဖြည်းဖြည်း လှိုင်းဂယက်များ ထလာတော့သည်။
ပိုက်ကွန်မှာ သူ၏ အကန့်အသတ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။
“ငွေအရိပ်ကို အသုံးပြုမှ ရနိုင်တော့မလားပဲ” ဇူယွမ်မှာ မျက်မှောင်ကြုတ်လျက် မိမိဘာသာ ရေရွတ်လိုက်သည်။ ပေတစ်ထောင် ရေနေသားရဲကြီးသည် အစောပိုင်း၌ ခုန်းစိန်၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ကာ ၎င်း၏ တိုက်ပွဲဝင် စွမ်းအားမှာ မူလစဦး သတ္တမအဆင့်မျှထိ ကျဆင်းသွားခဲ့သည်။ ဇူယွမ်သာ ငွေအရိပ်ကို အသက်သွင်းလိုက်ပါက ထိုအကောင်ကြီးကို တိုက်ခိုက်နိုင်ပြီဖြစ်သည်။
သို့သော်လည်း ငွေအရိပ်မှာ သူ၏ ဝှက်ဖဲတစ်ချက်ဖြစ်ပြီး ထိုအရာကိုသာ အသုံးပြုလိုက်ပါက လူပေါင်းများစွာ သတိပြုမိသွားမည် ဖြစ်သည်။ သူတွင် အခြားရွေးချယ်စရာ မရှိလျှင်ပင် ငွေအရိပ်ကို တော်ရုံနှင့် အသုံးပြုလိမ့်မည် မဟုတ်ပေ။
ဤသို့ဖြင့် သူက မိမိကိုသာ တီးတိုးပြောလိုက်ပြီးနောက် ရေပိုက်ကွန်သာ ငေးကြည့်နေတော့သည်။
***
ထိုစဉ် ... ရေပြင်ပေါ်၌။
ဒင် ...။
ခုန်းစိန်မှာ ရေပြင်ပေါ်တွင် ရပ်လျက်ရှိပြီး သူ၏ အနက်ရောင်ဓားကြီးအား အောက်သို့ ခုတ်ပိုင်းချလိုက်သည်နှင့် ပေတစ်ရာကျော် ရှည်လျားသော အနက်ရောင်ဓားချီ ဖြစ်ပေါ်လာကာ သူထံသို့ တိုးဝင်လာသည့် ကြာပဒုမ္မာဓားသွားများကို လွင့်စဉ်သွားစေခဲ့သည်။
ကြီးမားသော အက်ကွဲကြောင်းကြီး အဖြစ် ရေပြင်မှာ ဆုတ်ဖြဲသွားပြီးနောက် အက်ကြောင်းကြီး ဖြစ်ပေါ်လာခဲ့ပြီး အချိန်အချို့ ကြာပြီးနောက် ရေများဖြင့် ပြန်လည် ပြည့်နှက်သွားခဲ့သည်။
ခုန်းစိန်မှာ အမူအရာကင်းမဲ့စွာဖြင့် ရေအောက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ပြုံးလိုက်ပြီး “လီချင်းချန် ရေပိုက်ကွန်ထဲက ရေနေသားရဲကြီး လွတ်မြောက်တော့မယ်။ မင်းအားကိုးနေတဲ့ ကောင်လေးကတော့ တော်တော်လေး ကူကယ်ရာမဲ့နေတဲ့ပုံ ပေါ်တယ်” လီချင်းချန်မှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမအနေဖြင့်လည်း အောက်တွင်ဖြစ်နေသော အရာများကို အတိုင်းသားမြင်နိုင်ပြီး ဇူယွမ်မှာ မည်သည့်မှ လုပ်နိုင်စွမ်း ရှိမနေသည်ကိုလည်း မြင်တွေ့ခဲ့ပြီးဖြစ်သည်။
သို့သော်လည်း သူမတွင် ရွေးချယ်စရာမရှိပေ။ သူမအနေဖြင့် အစောပိုင်းက ယောင်ယောင်၏ ယုံကြည်မှု ရှိနေမှုအတွက် ဇူယွမ်ကို အနည်းငယ် မျှော်လင့်မိသော်လည်း သူမ၏ မျှော်လင့်ချက်မှာ လက်တွေ့မကျနိုင်တော့ပေ။
တကယ်ကိုပင် နောက်ဆုံး၌ ဇူယွမ်မှာ မူလစဦး ဒုတိယအဆင့်သာ ဖြစ်သဖြင့် သည်အရာကို ရင်ဆိုင်ရန် အရည်အချင်း ပြည့်မီခြင်း မရှိပေ။
သူမ၏ မျက်ဝန်းတွင် စိတ်ပျက်မှုများ ပေါ်လာသော်လည်း သူမျက်နှာကား ပကတိအတိုင်းပင် ရှိနေသေးသည်။
ခုန်းစိန်က အသာအယာပြုံးကာ ပြောလိုက်သည် “ရေနေသားရဲသာ ရေပိုက်ကွန်ကို ချိုးဖြတ်နိုင်ခဲ့လို့ရှိရင် ရေနက်ပိုင်းထဲ တိုးဝင်ပြီး လွတ်မြောက်သွားလိမ့်မယ်။ သည်လိုသာဆိုရင် ငါတို့နှစ်ဖက်လုံး ဒီနေ့ လက်ဗလာနဲ့ ပြန်ရမှာပဲ ... ညီမတော် ချင်းချန် မင်းသာ ငါ့ကိုခွင့်ပြုလိုက်ရင် သည်အကြွေးကို အမြဲအမှတ်ရနေမှာပါ”
သူ၏လေသံမှာ အဆုံးထိ စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေပေသည်။
သို့သော်လည်း လီချင်းချန်မှာ မထုံတတ်သေး မျက်နှာနှင့်သာ ရှိနေပြီး သူ၏ ကမ်းလှမ်းချက်ကြောင့် လှုပ်ရှားသွားခြင်း မရှိပေ။ ခုန်းစိန်နှင့် ယဲ့ကယ်တို့၏ ပူပေါင်းခြင်းက သူမအား ဒေါသထွက်စေသည်မှာ သေချာပေသည်။ ထို့ကြောင့် ခုန်းစိန် လွယ်လွယ်ကူကူ အနိုင်ရရှိရန် မည်သို့ကြောင့် ခွင့်ပြုပေးရမည်နည်း။
ခုန်းစိန် ထိုအရာအား ရရှိသွားခြင်းထက် သူတို့နှစ်ယောက်လုံး ထိုအရာအား မရခြင်းက ပိုကောင်းပေသည်။
လီချင်းချန်က ရေအောက်သို့ လှမ်းကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်သည်။ တကယ်တော့ သူမနှလုံးသား၏ နက်ရှိုင်းသော တစ်နေရာတွင် အံဖွယ်ကိစ္စတစ်ခု ဖြစ်ပွားလာမည်လား ဆိုသည်ကို မျှော်လင့်နေဆဲပင် ဖြစ်သည်။
ဇူယွမ်အနေဖြင့် ပေတစ်ထောင် ရေနေသားရဲကို ရင်ဆိုင်ရန် နည်းလမ်း ရှာတွေ့နိုင်မည်လား ...
လီချင်းချန်ဖက်မှ တုံ့ပြန်မှု မရှိခြင်းကြောင့် ခုန်းစိန်မှာ ပိုမို ဒေါသထွက်လာခဲ့ပေသည် “ကြည့်ရတာ မင်းခွင့်မပြုပေးနိုင်ဘူးပဲ။ မင်းက တကယ်ကိုပဲ မူလစဦး ဒုတိယအဆင့် ကောင်လေး တစ်ယောက်ဆီမှာ မျှော်လင့်ချက်တွေ ထားထားတာပဲ”
“ညီမတော် ချင်းချန် မင်းဘယ်အချိန်ကတည်းက နုံအသွားတာလဲ ...”
လီချင်းချန်က သူ့အား လျစ်လျူရှုထားလိုက်ပြီးနောက် သူမ၏ စွမ်းအားပြည့်ဝသော မူလချီများက ပြန်လည် ထွက်ပေါ်လာခဲ့ပြီး သူတိုက်ခိုက်မှု၏ ရုန့်ရင်းကြမ်းတမ်းမှုကို ပိုမိုတိုးစေခဲ့သည်။
မူလရေကန်၏ နက်ရှိုင်းသော တစ်နေရာတွင်။
ဇူယွမ်မှာ ယခင်နေရာတွင်သာ လွင့်မြောလျက်ရှိနေခဲ့ကာ မူလမှော်စာလုံး အစီအရင်ကို ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ရှိပြီး သူ၏ မျက်လုံးများတွင် ခပ်မှိန်မှိန်အလင်းတစ်ခု တောက်ပလျက်ရှိသည်။
“ဟေး ... နင်လုပ်နိင်လား မလုပ်နိုင်ဘူးလား။ ရေနေသားရဲသာ လွတ်သွားလို့ကတော့ ငါတို့ ဘာမှ ရမှာမဟုတ်တော့ဘူးနော်” ဇူယွမ် စဉ်းစားတွေးတောနေစဉ် အတွင်း အေးစက်စက် အသံတစ်ခုက ရုတ်တရက် ရေပြင်ကိုဖြတ်ကာ ရောက်ရှိလာပြီး သူ၏နားအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ဇူယွမ်၏ အမူအရာမှာ လှုပ်ရှားသွားပြီး ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူ့ဆီသို့ သည်အသံလှိုင်း ပို့လိုက်သူက လီချင်းချန်ပင် ဖြစ်ပေလိမ့်မည်။
သူမကလည်း ဇူယွမ်အနေဖြင့် ရေနေသားရဲကို ရင်ဆိုင်နိုင်ခြင်း မရှိသေးသည့် မြင်ကွင်းကို မြင်တွေ့နေဟန်ရသည်။
ဇူယွမ်က ရယ်မော လိုက်ပြီးနောက် သူ၏ မူလချီများကို အသုံးပြုကာ သူ၏ စကားသံကိုလည်း ရေပြင်ပေါ်သို့ ရောက်အောင် ပို့လိုက်သည် “အစ်မတော်လီ၊ အနာဂါတ်မှာ ယောက်ျားတစ်ယောက်ကို သူလုပ်နိုင်လား မလုပ်နိုင်ဘူးလားဆိုတာ သွားမမေးပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒီမေးခွန်းက ယောက်ျားလေးတိုင်းကို အရှက်ရစေတဲ့ မေးခွန်းပဲ”
ရေမျက်နှာပြင်ပေါ်ရှိ လီချင်းချန်၏ မျက်နှာလေးမှာ ဒေါသနှင့်ရှက်ရွံမှုများ ရောထွေးနေခဲ့ပြီး သူမမေးရိုးများ ကြေမွလုနီးပါးအထိ အံကြိတ်ထားလျက်ရှိသည်။
“ကပ်သပ်သပ်နဲ့ကောင် ...”
“နင့်ရဲ့ ထက်မြတ်လှတဲ့ လျှာက ရေနေသားရဲနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ဘယ်လို အကူအညီပေးမလဲ ကြည့်ရအောင်”
ရေကန်ထဲရှိ ဇူယွမ်မှာ လီချင်းချန်၏ ဒေါသနှင့် ရှက်ရွံ့မှုများ ရောယှက်နေသည့် မျက်နှာလေးအား ကြည့်ရင်း ရယ်မောလိုက်သည်။ သို့သော်လည်း မကြာမီပင် သူက ထိုအသုံးမဝင်သော အကြောင်းများကို ဆက်မတွေးတော့ပဲ မှန်းဆ၍ မရနိုင်သော အကြည့်တစ်ခုဖြင့် မူလမှော်စာလုံး အစီအရင်ကို လှမ်းလိုက်ပြီးနောက် သူ၏လက်တစ်ဖက်က နောက်ကျောဘက်ဆီသို့ ရောက်သွားခဲ့သည်။
“သည်ရေနေသားရဲကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး ...”