အပိုင်း (၄၈၅) – နောက်ကွယ်တွင် နေခြင်း
Vol. 005 Ch. 485
“ဒီသခင်လေးရဲ့ နာမည်များသိခွင့်ရမလား” ဘေဂုံရှုန်သည် အဖြူရောင်ဝတ်ထားသော လူအား မေးလေ သည်။
“ရှီယူပါ” ရှီမာယူယူသည် ကြုံရာနာမည်ကို စဉ်းစားလေသည်။
ဟုတ်သည်။ သိမ်းငှက်ဘုရင်နှင့် လိုက်လာသူမှာ ရှီမာယူယူဖြစ်သည်။
လွန်ခဲ့သည့်ရက်များတွင် သူတို့သည် ဘေဂုံမျိုးနွယ်သို့ သံသယကင်းစွာ ဝင်ရမည့်နည်းလမ်းကို စဉ်းစား ခဲ့သည်။ ငှက်လေးသည် ရုတ်တရက်မတ်တတ်ရပ်ကာ ပြတင်းပေါက်ဖွင့်ပြီး လှည့်ပတ်ကြည့်လေကာ ပြောလေ သည် “ယူယူ ငါ့မှာ အကြံရပြီ”
“ဘာအကြံလဲ”
“ငါ ငှက်မျိုးနွယ်ရဲ့ရောင်ဝါကို ခံစားမိတယ်” ငှက်လေး ပြောလေသည်။
“မင်းတို့ ဒီမှာစောင့်ကြ ငါတို့ အရင်သွားကြည့်မယ်” ရှီမာယူယူ၏ မျက်လုံးများ အရောင်တောက်သွား လေသည်။
သူမ ပြောပြီးနောက်တွင် ငှက်လေးနှင့် ထွက်သွားကာ ခဏအကြာတွင် မိခင်ကျောက်တုံးသည် တုန့်ပြန် လာလေသည်။
“ဒီနားမှာ သိမ်းငှက်မျိုးနွယ်ရှိနေတယ် ငါတို့သွားကြည့်နေတယ် ဖြစ်နိုင်မယ်ဆိုရင် သူတို့ကို အသုံးချပြီး ဘေဂုံမျိုးနွယ်ကို သွားလို့ရတယ် သတင်းစောင့်နေလိုက်” ရှီမာယူယူ၏ အသံသည် မိခင်ကျောက်တုံးမှ ထွက်လာ လေသည်။
“သမီး တစ်ယောက်တည်းသွားမလို့လား အဘိုးလည်းလိုက်ခဲ့မယ်လေ” ရှီမာလိုင်သည် စိုးရိမ်နေဆဲပင်။
“အဘိုးတို့က မြို့ကိုပဲ စောင့်ကြည့်ပေးပါ အချိန်ကျရင် အဘိုးအကူအညီလည်းလိုမှာပဲ” ရှီမာယူယူ ပြော လေသည် “အဘိုးတို့စိတ်ချပါ ငှက်လေးက သူတို့ဘုရင်ပါ ဘာမှမဖြစ်ပါဘူး”
ပြောပြီးနောက်တွင် သူမသည် အဆက်အသွယ်ဖြတ်လိုက်လေသည်။
သူတို့သည် မြိုကအပြင်ရောက်သောအခါ သိမ်းငှက်နှစ်ကောင်သည် ဟန့်တားလေသည်။ ထိုနေရာတွင် သိမ်းငှက်မျိုးနွယ်ရှိကြောင်းသိပြီးသည်နှင့် သူတို့သည် သိမ်းငှက်ဘုရင်အား ရှာကာ အကူအညီတောင်းလေ သည်။ သူတို့တိုက်ခိုက်မည့်အချိန်ရောက်လျှင်လည်း ရှီမာယူယူတို့၏ အကူအညီလိုနိုင်သည်လေ။
ငှက်လေးသည် ဘုရင်ဖြစ်လာကြောင်းကို ငှက်မျိုးနွယ်များ အားလုံးသိကြသည်။ ဒေသများ ပတ်ပတ် လည်မှ ငှက်များသည် သတင်းများကို ရထားပြီးဖြစ်လေသည်။ သို့သော် သူတို့သည် ဝေးလွန်းသဖြင့် အရိုအသေ လာမပေးနိုင်ခြင်းဖြစ်သည်။
ရှီမာယူယူနှင့် ငှက်လေးတို့ သိမ်းငှက်မျိုးနွယ်သို့ ဝင်သည်နှင့် ဘုရင်သည် မျိုးနွယ်ဝင်များကိုပါ ခေါ်ကာ နှုှတ်ဆက်လေသည်။
“သိမ်းငှက်ဘုရင် ကျွန်တော်တို့ ဘုရင်ကြီးတို့ကို အကူအညီတောင်းရမယ့် ကိစ္စလေးရှိလို့ပါ” ရှီမာယူယူ သည် တည့်တိုးပင်ပြောလိုက်သည်။
“ကျွန်တော်တို့ ကူညီနိုင်သရွေ့တော့ကူညီမှာပါ ပြောသာပြောလိုက်ပါ” သိမ်းငှက်ဘုရင် ပြောလေသည်။
ရှီမာယူယူသည် အခြေအနေတစ်ခုလုံးအား ပြောပြကာ သူမသည် ဘေဂုံမျိုးနွယ်သို့ဝင်ရန် သိမ်းငှက် မျိုးနွယ်ဝင်များကို ငှားချင်ကြောင်း၊ အခွင့်အရေးရှာကာ သူမ နေခဲ့ပြီး တစ်စုံတစ်ယောက်အား ရှာချင်ကြောင်းကို ပြောပြလေသည်။
“ဒါက ပြဿနာမဟုတ်ပါဘူး” သိမ်းငှက်ဘုရင် ပြောလေသည်။
“ပြီးတော့ ဘုရင်ကြီးတို့ကို ဆောင်းဦးလမြို့အပြင်မှာ လျှို့ဝှက်ပြီးစောင့်နေစေချင်တယ် ပြဿနာတစ်ခုခု ဖြစ်လာရင် ကျွန်တော်တို့ကို လာကူညီနိုင်မယ်လို့မျှော်လင့်ပါတယ်”
“ဒါလည်း ပြဿနာမဟုတ်ပါဘူး”
“ဒါဆိုရင် ဘုရင်ကြီးတို့ကို ဒုက္ခပေးရတော့မှာပဲ” သိမ်းငှက်ဘုရင်သည် အေးစက်ကာ ခက်ခဲမည့်ပုံ ပေါ်သော်လည်း ပြောရဆိုရလွယ်မည်ဟု ရှီမာယူယူ မထင်မိပေ။
သည်လိုနှင့် သိမ်းငှက်ဘုရင်သည် ရှီမာယူယူအား ဘေဂုံမျိုးနွယ်သို့ ခေါ်သွားလေသည်။
ဘေဂုံရှုန်သည် ရှီမာယူယူသည် တည်ငြိမ်လွန်းသည်ကို တွေ့ရသည်။ ထိုသည်မှာ လူတိုင်းဖြစ်နိုင်သည့် အရာမဟုတ်ပေ။ သိမ်းငှက်ဘုရင်ပင် သူ့အား ကိုယ်တိုင်ခေါ်လာသည်ကိုပါ ထည့်ပေါင်းလိုက်လျှင် သူ့သရုပ်မှန် သည် ရိုးရှင်းမည်မဟုတ်ပေ။ သူသည် အတွင်းပိုင်းဒေသများမှ လာခြင်းဖြစ်နိုင်သည်။
သူ ပြုံးပြီးမေးလိုက်သည် “သခင်လေးရှီက ဘယ်လိုဆေးမျိုးဖော်ချင်တာလဲ”
“ဧကရာဇ်ဆေး” ရှီမာယူယူ ပြောလိုက်သည်။
ဧကရာဇ်ဆေးသည် နတ်ဘုရားဆေးနှင့် အသုံးပြုပုံခြင်းတူသည်။ သက်ရောက်မှုသာ ကွာသွားသည်။ နတ်ဘုရားဆေးသည် အံ့ဖွယ်အဆင့်ကျော်ဖြတ်ရန်သုံးပြီး ဧကရာဇ်ဆေးသည် ဧကရာဇ်အဆင့်ကို ကျော်ဖြတ် ရန် သုံးသည်။
“ဧကရာဇ်ဆေးဟုတ်လား” ဆေးအမည်ကြားပြီးနောက် ဘေဂုံမျိုးနွယ်ဝင်များသည် အေးစက်စွာ ပင့်သက်ရှိုက်မိကြလေသည်။
ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလေသည် “အဲဒါ ဖော်နိုင်မလား”
ဘေဂုံရှုန်သည် ပြောလေသည် “မဖော်နိုင်ပါဘူး”
ရှီမာယူယူ မျက်ခုံးများပင့်သွားသည် “ဘာလို့လဲ”
“ဧကရာဇ်ဆေးဖော်တဲ့နည်းက ပျောက်နေတာ ကြာပြီ ကျွန်တော်တို့အတွက်ကတော့ နည်းမရှိပဲ လိုချင်တဲ့ဆေးကို ဖော်ဖို့ မဖြစ်နိုင်ပါဘူး” ဘေဂုံရှုန် ပြောလေသည်။
သူမ ထိုစကားကြားသောအခါ ရှီမာယူယူသည် စိတ်ချသွားကာ ပြောလိုက်သည် “ ဆေးနည်းက ပြဿနာမရှိပါဘူး ကျွန်တော့်မှာရှိပါတယ်”
“ရှိတာလား”
“ဟုတ်ပါတယ်” ရှီမာယူယူ ပြန်ဖြေလေသည် “ကျွန်တော် နည်းလမ်းမြင်ဖူးပါတယ် အဆင့်၈ ဆေးပါ လူကြီးမင်းတို့ဆီမှာ အဆင့်၈ အဂ္ဂိရတ်ပညာရှင်ရှိရင် ရပါပြီ”
“ကျွန်တော်တို့မှာ အဆင့်၈ အဂ္ဂိရတ်ပညာရှင်ရှိပါတယ်” ဘေဂုံရှုန် ပြောလေသည် “ဒါပေမဲ့ အဆင့်မြင့် လေ အောင်မြင်မှုရာခိုင်နှုန်းနည်းလေပဲ ကျွန်တော်တို့ အဂ္ဂိရတ်ပညာရှင်က အရင်က တစ်ခါမှ မဖော်ဖူးတော့ အောင်မြင်ဖို့က ပြောဖို့ခက်ပါတယ် ကျွန်တော်တို့ ဆေးဖော်တာမအောင်မြင်ဘူးဆိုရင် ပြန်လျော်ပေးဖို့ ကျွန်တော်တို့မှာ နည်းလမ်းမရှိပါဘူး”
ရှီမာယူယူ သက်ပြင်းချကာ ပြောလေသည် “ကျွန်တော်လည်း အဂ္ဂိရတ်ပညာရှင်ပါပဲ ဆေးဖော်တဲ့ လောကရဲ့ စည်းကမ်းတွေကိုသိပါတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က ဆေးဖက်ဝင်ပစ္စည်းတွေကို အများကြီး မပြင်ဆင်လာဘူး ကျွန်တော့်မှာ အများဆုံး၃မျိုးပဲရှိတယ် အဲဒါကြောင့် ဗုဒ္ဓရွှေကြာကို ရှာတာပါ လူကြီးမင်းလည်း အဲဒါကိုသိမှာပါ အဲဒါက ပိုပြီးအကျိုးရှိတဲ့အပြင် ဆေးအောင်တဲ့ရာခိုင်နှုန်းကိုလည်း မြင့်စေတယ် လေ ကျွန်တော့်မှာ တခြားနည်းမရှိတော့ဘူး ကျွန်တော့်မျိုးနွယ်က လူကြီးက အိုမင်းလာပြီ ဧကရာဇ်ဆေးကပဲ သူ့အသက်ကို ဆွဲဆန့်ပေးနိုင်တော့မှာ”
“ဒါဆိုရင် ဆေးဖော်တာကိုဘယ်တော့ စချင်လဲ” ဘေဂုံရှုန်သည် ဘယ်လိုမျိုးနွယ်က ဒီလိုအခြေအနေ ကြုံရသလဲဆိုသည်ကို စဉ်းစားရင်းနှင့် မေးလေသည်။
“နောက်၂ရက်နေရင်” ရှီမာယူယူ ပြောလေသည် “ဘာလို့လဲဆိုတော့ နောက်ဆုံး ပါဝင်ပစ္စည်းက နောက် ၂ရက်နေမှ ရင့်မှည့်မှာမို့လို့ပါ အဲအချိန်ကျရင် လူတစ်ယောက်က ကျွန်တော့်ကို ပို့ပေးမှာပါ ကျွန်တော် က အရင်လာပြီး ပြောထားတာပါ”
“အဲလိုဆိုရင် ဒီ၂ရက်ကို ဒီမှာပဲ နေလိုက်ရင်ဘယ်လိုလဲ ပါဝင်ပစ္စည်းတွေ ဒီရောက်တာနဲ့ ကျွန်တော်တို့ ဆေးစဖော်လို့ရတာပေါ့” ဘေဂုံရှုန် ပြောလေသည်။
“ကောင်းပါပြီ ဆေးအောင်တာဖြစ်စေ မအောင်တာဖြစ်စေ ကျွန်တော်တို့ တန်ရာတန်ကြေး ကောင်းကောင်းပေးမှာပါ” ရှီမာယူယူ ပြောလေသည်။
ဘေဂုံရှုန်သည် တောင်းဆိုစရာအများကြီးမရှိပေ။ တစ်ဖက်လူမှာ အဂ္ဂိရတ်ပညာရှင်စြဖ်သောကြောင့် အဂ္ဂိရတ်ပညာရှင်တွေ၏ အဆင့်တိုင်းကို သိပြီးသားဖြစ်မည်။ သူသည် ကတိမပျက်နိုင်လောက်ပေ။ ထို့အပြင် သူတို့ကို သိမ်းငှက်ဘုရင်မှ ခေါ်လာခြင်းဖြစ်သည်။ ဈေးနှုန်းကို ပြောရမည်မှာ အတော်ခက်သည်။ အခုတော့ တစ်ဖက်လူသည် ချောချောမွေ့မွေ့ပြောသွားသဖြင့် အခကြေးငွေမှာ မနိမ့်လောက်ဘူးဟု ထင်သည်။
“သခင်လေးရှီ ကျွန်တော်တို့နဲ့ ဆေးဖော်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ကျွန်တော်တို့ကို အရင် ဆေးနည်းပေး ထားတာ ဘယ်လိုလဲ အောင်မြင်မှုနှုန်းမြင့်အောင် ကြိုလေ့လာထားဖို့လေ”
ရှီမာယူယူသည် ဘာပြောရမှန်းမသိဖြစ်သွားသည်။ ထိုသည်မှာ ပျောက်ဆုံးနေသော ဆေးနည်းဖြစ် သည်။ တစ်ဖက်လူကို ပေးရာမှ တစ်စုံတစ်ရာဖြစ်လာပါ သူမဆီမှာပါ တစ်သက်လုံး ပျောက်သွားမည်ဖြစ်သည်။
ဘေဂုံရှုန်သည် ရှီမာယူယူ၏ အပြုအမူကို တွေ့သောအခါ နားလည်သွားသည်။ သူသာဆိုလျှင်လည်း အကြပ်ရိုက်သွားပေမည်။ ထို့အပြင် ထိုအရာသည် သေးငယ်သောကိစ္စမဟုတ်ပေ။
သို့သော် နောက်ဆုံးတွင် ရှီမာယူယူသည် ဆေးနည်းထုတ်လိုက်သည်။ ရှေးကျသော စာရွက်သည် ထိုဆေးနည်းမှာ ရှေးဟောင်းအချိန်ကတည်းက ရှိခဲ့သည်ကို ပြနေလေသည်။ အတုမဟုတ်ပေ။
“ကျွန်တော် ဘေဂုံမျိုးနွယ်ကို ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူသည် ဆေးနည်းကို ဘေဂုံထန်အား ပေး လိုက်လေသည်။
“ကျွန်တော်တို့ သေချာလေ့လာပြီးတာနဲ့ ပြန်ပေးပါမယ်” ဘေဂုံရှုန် ပြောလေသည် “သခင်လေးနားဖို့ အောက်ထပ်ကိုလိုက်ပို့ခိုင်းလိုက်ပါမယ်”
“ကောင်းပါပြီ”
သိမ်းငှက်ဘုရင်သည် အိမ်နှင့်ပတ်သတ်လျှင် ဇီဇာကြောင်သည်။ သူသည် ဆူညံသံမကြိုက်သဖြင့် ဘေဂုံရှုန်သည် သူ့အား အနောက်ဘက်ကျသော အိမ်တွင် ထားလေသည်။
သိမ်းငှက်ဘုရင်သည် တောင်နှင့်နီးသောအိမ်လိုချင်သဖြင့် တောင်နှင့်နီးသော မည်သည့်ခြံဝန်းမဆို အဆင်ပြေသည်ဟု ပြောလေသည်။ သည်လိုနှင့် သူတို့သည် အနောက်ဘက်တောင်နှင့် နီးသော ခြံဝန်းအား စီစဉ်ပေးလေသည်။
ရှီမာယူယူသည် ဘေဂုံထန်အရင်က ပြောဖူးသော ခြံဝန်းအကြောင်းကို အဆက်မပြတ်စဉ်းစားလေ သည်။ ထိုအိမ်သည် သူတို့နေရမည့် အိမ်နှင့် မဝေးကြောင်း သိရလေသည်။
“သွားလို့ရပါပြီ ကျွန်တော်တို့ ဘုရင်က လူသားတွေ လာတာကိုမကြိုက်ပါဘူး” သိမ်းငှက်သည် လမ်းပြ သောလူများအား ပြောလိုက်လေသည်။
သိမ်းငှက်များသည် လူသားများနှင့် ပတ်သတ်ရသည်ကို မကြိုက်သည်ကို သိကြသည်။ ထို့ကြောင့် သံသယမဝင်ပဲ ထွက်သွားကြလေသည်။ ဘေဂုံရှုန်သည် ထိုအကြောင်းအားကြားသောအခါ အားလုံးကို ထိုနေရာနှင့် ဝေးဝေးနေရန် အမိန့်ပေးလေသည်။