ကောင်းကင်ဘုံရနံ့တာအိုပန်းအစေ့
Vol. 1 Ch. 8
ဟုန်ယွီယဲ့၏ အကြည့်က ကျန်းဟောင်ပေါ်တွင် ရစ်ဝဲနေပြီးမှ စာရင်းကိုပိတ်လိုက်သည်။" ထူးချွန်သူတွေ သိပ်မပါဘူးပဲ"
"အများစုက အပြင်စည်းတပည့်တွေပါ အတွင်းစည်းက သစ္စာဖောက်နဲ့ သံသယရှိတွေက နည်းပါတယ် အခြားတပည့်တွေအတွက် ဆရာနဲ့ အကြီးအကဲတွေ စောင့်ကြည့်ရမှာဖြစ်လို့ အချိန်ပိုလိုပါတယ်" ပိုင်ကျီက ပြောသည်။
သံသယရှိသူစာရင်းတွင် အရေးပါသူတစ်ဦးမှ မပါဝင်ခဲ့ပေ။ သို့သော် ဂိုဏ်းချုပ် သံသယရှိနေသည့်အတွက် စာရင်းတွင် အရေးကြီးသူများပါနိုင်သည်။ အချိန်တိုအတွင်း ၎င်းတို့ကို ဖော်ထုတ်ရန်မှာမဖြစ်နိုင်ပေ။
"တချို့က အရိပ်ထဲမှာ ပုန်းကွယ်နေတော့ ဖော်ထုတ်ရခက်မှာပဲ" ဟုန်ယွီယဲ့က တည်ငြိမ်စွာပြောသည်။ သူမက စာရင်းကိုပြန်ကြည့်ပြီး အကြည့်က နောက်ဆုံးနာမည်ထံ ရောက်သွားပြန်၏။
"အသည်းကွဲကမ်းပါးက ကျန်းဟောင်ရဲ့ နောက်ခံက ဘာလဲ"
"သူ့နောက်ကြောင်းက ရှင်းပါတယ် ဂိုဏ်းကို ငယ်ငယ်တည်းက ရောင်းစားခံရတာပါ ပါရမီကတော့ သာမန်ထက် မြင့်ပါတယ်"
"သူ စာရင်းမှာ ပါလာရတာက ကောင်းကင်ရွှင်ပျော်စံအိမ်က သစ္စာဖောက်နဲ့ ဆက်စပ်နေလို့ပါ သူ့ရဲ့ တိုးတက်မှုကတော့ နည်းနည်းဆန်းပါတယ် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခရီးထွက်ခဲ့ပြီး ကျင့်ကြံခြင်းက အတော်လေးခုန်တက်သွားခဲ့တယ် သူပြောတာကတော့ ထူးဆန်းတဲ့သစ်သီးစားမိခဲ့လို့ပါတဲ့ "
"
သိပ်မကြာသေးခင်က သူ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်နိုင်ခဲ့တယ် သစ္စာဖောက်က သူနဲ့ သိပုံရပြီး သူ့လက်ထဲမှာပဲ သေသွားတယ် ကောင်းကင်ရွှင်ပျော်စံအိမ်က ဒီကိစ္စအတွက် သိပ်မကျေနပ်ဘူးလို့ကြားပါတယ်"
"သူ့ရဲ့ ပုံမှန်အလေ့အထကရော "
"သူက ကြင်နာတတ်တဲ့ သဘောရှိပါတယ် ရန်သူလည်း မရှိသလို သာမန်လူတွေကိုလည်း အနိုင်ကျင့်တာမျိုးမရှိဘူး သူက မိ.. သာမန်ဂိုဏ်းသားပုံစံနဲ့တော့ မတူဘူး" ပိုင်ကျီမှာ မိစ္ဆာဂိုဏ်းသားနှင့် မတူဟုပြောရန်ပြင်ပြီးမှ ဂိုဏ်းချုပ်ရှေ့တွင် မသင့်တော်၍ စကားပြောင်းလိုက်ရသည်။
ဟုန်ယွီယဲ့က ဘာမှမပြောပေ။
"ကျန်းဟောင်က ကောင်းကင်ရွှင်ပျော်စံအိမ်က လူကိုသတ်ခဲ့တယ် သူမက ကျန်းဟောင်ကိုပါ ဂိုဏ်းကို သစ္စာဖောက်ဖို့ မြူဆွယ်ခဲ့တယ်လို့ပြောတယ် သူက သစ္စာဖောက်ဆိုတဲ့ သက်သေမရှိပေမဲ့ သံသယဖြစ်စရာတော့ကောင်းပါတယ်"
"ဒါဖြင့် သူ့ကို စမ်းသပ်ကြတာပေါ့ သူ့ကို ငါးစာအဖြစ်သုံးပြီး အမှောင်ထဲက သူလျှိုတွေပါ မျှားထုတ်ရမယ်" ဟုန်ယွီယဲ့ ပြောသည်။
"ဂိုဏ်းချုပ် ဆိုလိုတာကို ပိုင်ကျီ နားမလည်ပါဘူး" သူမ စိတ်ရှုပ်ထွေးစွာ ခေါင်းငုံ့လိုက်သည်။
ထို့နောက် အလင်းဖျော့ဖျော့ကို မြင်ရသဖြင့် မော့ကြည့်ရာ အစေ့တခုရှိနေသည်ကို တွေ့ရသည်။ ၎င်းက တဝက်ဖြူ တဝက်မည်းပြီး ငုံးဥအရွယ်လောက်ရှိလေသည်။
ပိုင်ကျီ မျက်လုံးပြူးသွား၏။" ဒါ..."
ဟုန်ယွီယဲ့က ရယ်လိုက်ပြီး "ဒါကို သူ့ကိုပေးလိုက် သေသေချာချာစိုက်ပျိုးဖို့ပြော ပုန်းနေတဲ့လူတွေ ပေါ်လာဖို့ သိပ်ကြာမှာမဟုတ်ဘူး"
"ဒါပေမဲ့ .." ပိုင်ကျီမှာ ရှော့ရလျက် "သူ ဒါနဲ့ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"
"အဲ့ဒါကို ဂရုစိုက်ဖို့က မင်းတာဝန်မဟုတ်ဘူးလား" ဟုန်ယွီယဲ့က ကြည့်သည်။
ပိုင်ကျီလည်း ဘာမှမပြောရဲတော့ပေ။ "ကျမ အကောင်းဆုံးလုပ်ပါမယ်"
...
ပန်းတစ်ရာရေကန်မှ ထွက်လာပြီးနောက် သူမ၏ အကြောက်တရားများ လျော့ပါးသွားပြီး နဂိုအတိုင််း မြင့်မြတ်အားကောင်းသည့် ပုံစံမျိုးပြန်ဖြစ်သွားသည်။
သူမက တောင်တန်းတောအုပ်ထဲ လျှောက်လာသည်။ ကာကွယ်သူဖြစ်စေ အကြီးအကဲဖြစ်စေ သူမကိုမြင်သည်နှင့် ဦးညွတ်ကြရသည်။ လက်ရှိ သူက ဂိုဏ်းချုပ်ဟုဆိုရနိုင်ပြီး အလွန်သန်မာသောကြောင့်လည်း ဖြစ်သည်။
သို့သော် သူမလက်ထဲက အစေ့ကိုကြည့်ပြီး စိတ်ရှုပ်ထွေးနေမိသည်။
ကောင်းကင်ဘုံရနံ့တာအိုပန်းအစေ့ အတွင်းစည်းတပည့်ကို စမ်းသပ်ပြီး အခြားသူတွေကိုမျှားထုတ်ဖို့အတွက်နဲ့ ထိုက်တန်ရဲ့လား။ သူမ တွေးနေသည်။
လုံးဝ မထိုက်တန်ပေ။ သို့သော် ဂိုဏ်းချုပ် ယခုလိုလုပ်ဆောင်ခြင်းက သူမတွင် အခြားအကြံအစည်ရှိနိုင်ကောင်းလောက်သည်။
သူမ သက်ပြင်းချပြီး အတွေးများကို ဖယ်ထုတ်လိုက်သည်။
ဂိုဏ်းချုပ်ထွက်လာကတည်းက သစ္စာဖောက်များကို ရှာဖွေနေခဲ့သည်။ အခု ကောင်းကင်ဘုံရနံ့တာအိုပန်းအစေ့ကိုပါ ပေးလာ၏။ တခုခုတော့ ကျိန်းသေပေါက် ဖြစ်လာတော့မည်ပင်။
"ဂိုဏ်းချုပ် အရမ်းသန်မာနေရတဲ့ အကြောင်းရင်းက ကောင်းကင်ဘုံရနံ့တာအိုပန်းကြောင့်လို့ ပြောကြတယ်" ပိုင်ကျီက အစေ့ကိုကြည့်သည်။ သူမ စိတ်မလှုပ်ရှားဟုပြောလျှင် လိမ်ရာကျပေမည်။
သူမမှာသာ ဒီဟာရှိနေရင် ကောင်းကင်ကို ခြေတလှမ်းနဲ့ ခုန်တက်သလို ပျံသန်းနိုင်လိမ့်မယ်။
ရုတ်တရက် သူမ ကြက်သီးထပြီး ချွေးအေးများထွက်လာသည်။ ဂိုဏ်းချုပ်က သူမကို အရင်စမ်းသပ်ရန် လုပ်ဆောင်လိုက်သည်အား နားလည်သွား၏။ အစေ့ကို ဆက်မကြည့်ရဲတော့ပေ။ သူမ လက်ထဲမှ မြန်မြန်ထုတ်ပစ်ရပေမည်။
သူမသာ စိတ်အလိုလိုက်ပါက ဒုက္ခရောက်ပေမည်။ သို့သော် သာမန် အတွင်းစည်းတပည့်ကို ပေးလိုက်ခြင်းက ဖြုန်းတီးရာကျကြောင်း ခံစားနေရဆဲသာ။
...
ခွန်အား +၁
စိတ်ဝိညာဥ် +၁
ကျင့်ကြံရေး +၁
အသက်သွေး +၁
ဝိညာဥ်ဓား +၁
ကျန်းဟောင်မှာ ဆေးဥယျာဥ်ထဲ လမ်းလျှောက်နေ၏။ လေပူဖောင်းများက သူ့ဆီ တခုပြီးတခု ပျံသန်းလာကြသည်။ အရင်ကထက် ပူဖောင်းများနေကြောင်း သတိပြုမိသည်။
"ဒီနေ့ရိတ်သိမ်းမှုက မဆိုးဘူး ဝိညာဥ်ကျောက်တုံးတွေက လွဲရင်ပေါ့" ဝိညာဥ်ကျောက်တုံး ၁၀၀၀ အကြောင်းတွေးလိုက်တိုင်း စိတ်လေးလာသည်။
သူ့တွင် ဝိညာဥ်ဓားနှင့် ဆေးလုံးအချို့ရှိသော်လည်း အားလုံးရောင်းလိုက်ရင်တောင်မှ မပြည့်မီပါသေးချေ။
အခု ငါ့မှာ ဝိညာဥ်ကျောက်တုံး ၁၆၈ တုံးရှိတယ် ဝိညာဥ်ဓားအချို့နဲ့ ဆေးလုံးတွေရောင်းလိုက်ရင် ၂၀၀ ပြည့်နိုင်တယ် ဒါပေမဲ့ ၈၀၀ ကြီးတောင် လိုနေသေးတာဟ။
သူ စိတ်လေသွား၏။ ဂိုဏ်းတာဝန်အချို့ လုပ်ရမလား။
မွန်းတည့်သော် ဆေးပင်များကိုဂရုစိုက်ခြင်းပြီးစီးပြီး ဥပဒေခန်းမကို သွားသည်။ ထိုနေရာတွင် အမျိုးမျိုးသောတာဝန်များအား ပြဌာန်းထားလေသည်။
"ဟေး ညီလေးကျန်း မတွေ့ရတာတောင်ကြာပြီ မင်းနှယ် ဆေးဥယျာဥ်ကနေ ထွက်လာခဲလိုက်တာ" ရယ်သံတခုက အနောက်တွင် ပေါ်လာသည်။
သူလှည့်ကြည့်လိုက်ရာ ရုပ်ချောချောလူတယောက်ကို တွေ့သည်။ သူ့ဘေးတွင် အမျိုးသမီးတဦးနှင့် အမျိုးသားတစ်ဦးလည်း ပါ၏။ သူတို့က အသက်မကြီးသေးသော်လည်း ကျင့်ကြံခြင်းက မနိမ့်လှပေ။