လူတိုင်း သူ့ကို ရှောင်တယ်
Vol. 1 Ch. 9
"စီနီယာအစ်ကိုချီ" ကျန်းဟောင် နှုတ်ဆက်လိုက်၏။
ချီယန်က မိုးကြိုးမီးတောင်ထိပ်၏ အတွင်းစည်းတပည့်ဖြစ်သည်။ သူက အစောပိုင်း အခြေခံတည်ဆောက်ခြင်းအဆင့်တွင်ရှိနေပြီး သူတို့ အပြင်စည်းတပည့်ဘဝတည်းက ရင်းနှီးခဲ့ကြသည်။ သို့သော်လည်း အတွင်းစည်းရောက်ပြီးနောက် ကိုယ့်အလုပ်နဲ့ကိုယ် တွေ့ရနည်းသွားသည်။
"အာ မင်းလည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီလား မြန်လိုက်တာ" ချီယန်က သတိပြုမိပြီး အံ့သြစွာပြောသည်။
"ကျနော် ကံကောင်းသွားတာပါ" သူ ပြုံးလိုက်၏။
သူ့ကျင့်ကြံခြင်းအား မဖုံးကွယ်နိုင်သေးခြင်းက ပြဿနာပင်။ လူတိုင်း မြင်နေရသည်။ သူ့အနေနဲ့ နည်းလမ်းတခုတော့ ရှာရပေမည်။ ဒါပေမဲ့ အရင်ဆုံး ဝိညာဥ်ကျောက်တုံး ၁၀၀၀ ရရန်က အရေးကြီးသည်။
စိတ်ဓာတ်ကျစရာကောင်းပေမဲ့လည်း ကောင်းကင်ရွှင်ပျော်စံအိမ်အား သူ အကြွေးဆပ်ရပေမည်။ မဟုတ်ပါက ပြဿနာမှာ ငြိမ်းမည်မဟုတ်ပေ။
ကောင်းကင်ရွှင်ပျော်စံအိမ်က သစ္စာဖောက်တပည့်အတွက် ဤမျှလုပ်ဆောင်သည်ကို နားမလည်ပါချေ။ ယွင်ရိုပြောသလို စံအိမ်သခင်က သူမကို မြင့်မြင့်မားမား တွေးထားတာများလား။
ကျန်းဟောင် အများကြီးမတွေးပေ။ စီနီယာအစ်မယွင်ရိုက သူ့ကို အဆိပ်ခတ်သွားသည့် အမျိုးသမီးလောက် မလှကြောင်း နှိုင်းယှဉ်မိလေသည်။
"စီနီယာအစ်ကိုနဲ့ အစ်မတို့ မိတ်ဆက်ပေးပါရစေ သူက ကျနော့် ဂျူနီယာညီလေး ကျန်းဟောင်ပါ အပြင်စည်းတပည့်တုန်းက အတူတူပဲ" ချီယန်က သူနဲ့ အတူပါလာသည့် လူများကိုပြောသည်။
"တနေရာတည်းမှာ ထူးချွန်တဲ့တပည့်နှစ်ဦးတွေ့ရတာ ရှားပါးတယ်" အမျိုးသားဖြစ်သူက ပြုံးသည်။" ငါက ရှုဖုန်းပါ ဟောဒါက ဂျူနီယာညီမ လျန်ယွဲ့"
"စီနီယာအစ်ကိုရှု၊ စီနီယာအစ်မလျန် တွေ့ရတာဝမ်းသာပါတယ်" ကျန်းဟောင် ဦးညွတ်လိုက်၏။
"စကားမစပ် ဂျူနီယာမောင်လေးက ဘယ်အဖွဲ့ကများလဲ" လျန်ယွဲ့က မေးလာသည်။
ကျန်းဟောင်လို ငယ်ငယ်ရွယ်ရွယ်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်နေသူမှာ သာမန်မဖြစ်တန်ရာ။ ရင်းနှီးထားသည်က ကောင်းမည်။
"အသည်းကွဲကမ်းပါးပါ"
ရှုဖုန်းနှင့် လျန်ယွဲ့လို့ အံ့သြသွား၏။ "အသည်းကွဲကမ်းပါး"
"ဒါဆို ကောင်းကင်ရွှင်ပျော်စံအိမ်က ယွင်ရိုကိုသတ်သွားတာ အသည်းကွဲကမ်းပါးကလို့ကြားတယ် ဘယ်သူလဲသိလား" ရှုဖုန်းက မေးသည်။
ဒီမေးခွန်းက သူ့ကို မသက်မသာဖြစ်စေ၏။ သို့သော်လည်း အမှန်တိုင်းဖြေလိုက်ရသည်။ "ကျနော်ပါပဲ"
ရှုဖုန်းတို့သာမက ချီယန်ပင် ရှော့ရသွားပြီး ကျန်းဟောင်ကိုကြည့်သည်။ လျန်ယွဲ့နှင့် ရှုဖုန်းမှာ မသိဘာသာ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။
သူတို့ကြားတွင် ကိုးရိုးကားရားဖြစ်သွားပြီးနောက် စကားအချို့ပြောကာ ထိုသုံးယောက် ထွက်ခွာသွားလေသည်။ ကျန်းဟောင်က ဘာမှမပြောပေ။ သူတို့တုံ့ပြန်မှုအရ ကောင်းကင်ရွှင်ပျော်စံအိမ်က သွားရှုပ်သင့်သည့် အရာမဟုတ်မှန်း သိလိုက်ရသည်။
မိစ္ဆာဂိုဏ်းက အခြားသူများနှင့် ဆက်ဆံရေးတည်ဆောက်ရန် အားမထုတ်ခဲ့ဘူးပေ။ သို့သော် သူက သစ္စာဖောက်ကို သုတ်သင်ပြီး ဂိုဏ်းကို သစ္စာမဖောက်ခဲ့ပေ။ ဘာလို့ လူတိုင်းက သူ့ကို ရှောင်နေရတာလဲ။
...
တနေရာတွင် ရှုဖုန်းက ချီယန်ကိုမေးသည်။ "ဂျူနီယာညီလေးကျန်းနဲ့ ရင်းနှီးတယ််ဆိုတော့ သူ့ပါရမီက ဘယ်လိုလဲ"
"သာမန်အထက်ပါ "
"လျန်ယွဲ့က အံ့သြသွားပြီး အသက်ကရော"
"၁၉ နှစ်လို့ ထင်ပါတယ်" ချီယန်က ဖြေသည်။
"သာမန်အထက်ပါရမီနဲ့ ၁၉ နှစ်အရွယ် ၊ အခြေခံတည်ဆောက်ခြင်းအဆင့်ကို သူ ဘယ်လိုရောက်သွားတာလဲ" ရှုဖုန်းက မေးပြန်သည်။
"သူက ကံကြမ္မာကောင်းတခုပိုင်ဆိုင်ပြီး ကျင့်ကြံခြင်းမြင့်တက်လာတယ် အခြေခံတည်ဆောက်ခြင်းအဆင့်ကလည်း ဒါနဲ့ ပတ်သတ်နေနိုင်တယ်" ချီယန်က တွေးဆဆပြောသည်။
"စီနီယာအစ်ကိုနဲ့ အစ်မ တခုခုဖြစ်လို့လား"
"ဂျူနီယာညီလေး အနာဂတ်မှာ သူနဲ့ နီးနီးကပ်ကပ်မနေတာ ကောင်းမယ်" ရှုဖုန်းက ကျန်းဟောင်ရှိရာကိုကြည့်ပြီး ပြောသည်။
"အသည်းကွဲကမ်းပါးက သူ့ကိုကာကွယ်ဖို့ ဘာလို့အကောင်းဆုံးမကြိုးစားလဲဆိုတာကို နားလည်ရခက်နေတာ အခုသိပြီ သူက အခွင့်အလမ်းကြောင့် တိုးတက်လာတယ်ဆိုရင် သူ့ရဲ့ အနာဂတ်လမ်းကြောင်းက မလွယ်ဘူးဆိုတာပဲ ပြောရရင် သူ့မှာ တန်ဖိုးမရှိဘူး ကောင်းကင်ရွှင်ပျော်စံအိမ်ကို ဆန့်ကျင်ထားတာ သူ့အတွက် ကောင်းစရာမရှိဘူး ဒါကြောင့် သူနဲ့ ဝေးဝေးနေ မဟုတ်ရင် ငါတို့ဆရာအတွက်ပါ ခက်ခဲလိမ့်မယ်"
ရှုဖုန်းမှာ ကျန်းဟောင်လို ငယ်ရွယ်ထူးချွန်သူနှင့် ရင်းနှီးချင်ခဲ့သည်။ ဒါပေမဲ့ သူက ကောင်းကင်ရွှင်ပျော်စံအိမ်ကို ဆန့်ကျင်ထားသည့်အပြင် ကံကြမ္မာကောင်းကြောင့်သာ အရည်အချင်းရှိသည်ဆိုပါက သူနဲ့ ရင်းနှီးရန် မထိုက်တန်တော့ပေ။ ကံကြမ္မာကောင်းအတွက်မူ သူလည်း အနည်းငယ် မနာလိုဖြစ်မိသည်။
ချီယန်က ကျန်းဟောင်ရှိရာကိုကြည့်ပြီး တိတ်ဆိတ်သွားတော့သည်။
...
များများရနိုင်သည့် တာဝန်များမှာ ဂိုဏ်းအပြင်ထွက်ရန် သို့မဟုတ် မဖြစ်နိုင်သည့် တောင်းဆိုချက်များဖြစ်ကြောင်း ကျန်းဟောင် နားလည်လိုက်လေသည်။ လက်ရှိ သူ၏ ကန့်သတ်ချက်နှင့် စွမ်းရည်များကြောင့် မတတ်နိုင်ပေ။
မှော်ဆေးဖော်စပ်ခြင်း၊ ပန်းပဲထုခြင်းနှင့် အဆောင်စာရွက်ပြုလုပ်ခြင်းတို့မှာ အကျိုးအမြတ်အတော်ရကြောင်း တွေ့ခဲ့သည်။ ဒါပေမဲ့ သူ တခုမှ မတတ်ကျွမ်းပါချေ။
တခုလောက်တော့ သင်ထားရင်ကောင်းမယ်။ သူတွေးနေမိသည်။ မှော်ဆေးဖော်စပ်ခြင်းနှင့် ပန်းပဲအတွက် သူ့တွင် အခွင့်အရေးမရှိကြောင်းသိသည်။ ၎င်းတို့မှာ စတင်ရန်ခက်ရုံမက ဆေးညွှန်းနှင့် ပန်းပဲထုလုပ်နည်းတို့အတွက် ဝိညာဥ်ကျောက်တုံးများနှင့် ဝယ်ယူရန်လိုသည်။ မဟုတ်ပါက သူ၏ ဆေးပင်ဗဟုသုတများနဲ့ဆို စွမ်းဆောင်နိုင်လောက်သည်။
အဆောင်ဖန်တီးတာ အင်း ပစ္စည််းတချို့ဝယ်ပြီး စမ်းကြည့်ရမယ်။ သူတွေးလိုက်ပြီး ဝိညာဥ်ကျောက်တုံးအချို့အတွက် ရိုးရှင်းသည့် တာဝန်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
အမြတ်အစွန်းရှိသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အဆောင်ဖန်တီးခြင်းမှာ သူ့အတွက် ဝေးကွာနေပုံရသော်လည်း ဘာမှမလုပ်ပဲ အချိန်မဖြုန်းနိုင်ပါချေ။
အဆုံးတွင် သန့်စင်ယန်ပန်းကို ပြုစုရမည့်တာဝန်အား ရွေးလိုက်သည်။
ခုနစ်ရက် ဝိညာဥ်ကျောက်တုံး ၂၀
ပေးချေမှုက သိပ်မဆိုးသော်လည်း လိုအပ်ချက်က စိန်ခေါ်မှုရှိသည်။ ကံကောင်းစွာ ကျန်းဟောင်လို ဆေးဥယျာဥ်တွင် နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့သူအတွက် လိုအပ်ချက်က ကိုက်ညီသည်။
တာဝန်က အဖြူရောင်လရေကန်မှဖြစ်သည်။ ထိုနေရာတွင် ပါရမီရှင်များစွာရှိပြီး ကာကွယ်သူအကြီးအကဲ၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိသည်။ ထိုအကြီးအကဲကို သူ တခါမှမမြင်ဖူးပေ။ ဒါကလည်း မထူးဆန်းပေ။ ကာကွယ်သူ၊ တောင်ထိပ်သခင်၊ ဂိုဏ်းချုပ် စသည့် အထက်ပိုင်း ပုဂ္ဂိုလ်များမှာ တွေ့မြင်ရခဲသည်။
အဆောင်ဖန်တီးဖို့ ပစ္စည်းတချို့နဲ့ လမ်းညွှန်ချက်ကို အရင်ဝယ်ရမယ်။ သူ ဆုံးဖြတ်လိုက်၏။ သန့်စင်ယန်ပန်းက မြင့်မြတ်တဲ့ဆေးဝါးပဲ ငါ ခရမ်းရောင်ပူဖောင်းများ ရနိုင်မလား။
ပူဖောင်းတွေကသာ ဝိညာဥ်ကျောက်တုံးများကို ထုတ်ပေးနိုင်ပါက သူ့ပြဿနာများအားလုံး ပြေလည်သွားလောက်သည်။