ငါ နုံအနေတုန်းပဲ
Vol. 1 Ch. 10
အဖြူရောင်လရေကန်တွင် စိတ်ဝိညာဥ်အဆီအနှစ်များက သိပ်သည်းသည်။ ဤနေရာတွင် ကျင့်ကြံခြင်းက အခြားနေရာများထက် မြန်ဆန်သည်။ ပါရမီရှင်များစွာ မွေးထုတ်ပေးနိုင်တာ မဆန်းတော့ပါချေ။ သို့သော်လည်း တူညီစွာပင် ဤနေရာတွင် တပည့်ဖြစ်ခွင့်ရရန်မှာ ခက်သည်။
အသည်းကွဲကမ်းပါးမှာ ဤနေရာနှင့်ကွာသည်။ နေရာရော အဆင့်အတန်းအားဖြင့်ပါ နိမ့်သည်။ အသည်းကွဲကမ်းပါးတွင် ထူးချွန်သည့် တပည့်များရှိသော်လည်း မထင်ရှားပေ။
"ဟူး နောက်ဆုံးတော့ရောက်လာပြီ" ကျန်းဟောင်တယောက် အဆောင်အတွက် ပစ္စည်းပစ္စယများနဲ့အတူ ရောက်လာသည်။ ကောင်းကင်ရွှင်ပျော်စံအိမ်ကြောင့်သာမဟုတ်ပါက ဤနေရာကိုလာရန် စိတ်ကူးရမည်မဟုတ်ပေ။
ကောင်းကင်ရွှင်ပျော်စံအိမ် သူ့ကို ဒေါသမဖြစ်ခင်က အသည်းကွဲကမ်းပါးက အတော်လေးကောင်းသည်ဟု ထင်ခဲ့သည်။ အခုတော့...
သူခေါင်းယမ်းပြီး အစောင့်ဆီသွားကာ လာရောက်ရသည့် အကြောင်းရင်းကိုပြောပြလိုက်သည်။
"သန့်စင်ယန်ပန်းကို စောင့်ရှောက်ဖို့" အမျိုးသမီးအစောင့်က သူ့ကိုကြည့်သည်။" ဒီနယ်ပယ်မှာ ကျွမ်းကျင်တာ သေချာပါတယ်နော်."
"ဒါပေါ့ ကျနော်က အသည်းကွဲကမ်းပါးကလေ ဆေးဥယျာဥ်မှာ လုပ်နေတာအတော်ကြာပြီ "သူ ပြောသည်။
"ဒါဖြင့် နောက်ကလိုက်ခဲ့ "အမျိုးသမီးက သူ့ကို ခေါ်ဆောင်သွားသည်။ "သတိပေးရဦးမယ် သန့်စင်ယန်ပန်းက မကြာခင်ပွင့်တော့မယ် ဒါကြောင့် သေချာဂရုစိုက်ဖို့လိုတယ် ဒါက လွယ်ကူတဲ့တာဝန်မဟုတ်ဘူးနော် ကောင်းကောင်း မလုပ်ရင် အပြစ်ပေးခံရမယ် "
"သတိပေးတဲ့အတွက် ကျေးဇူးပါ စီနီယာအစ်မ" သူ ကျေးဇူးတင်လိုက်၏။
ဒီ စီနီယာအစ်မ၏ မျက်လုံးများက ကြည်လင်သည်။ သူမက ရိုးသားပုံရ၏။ ယွင်ရိုနှင့် မတူပေ။ သူ့ကို ရင်းနှီးအောင်လည်း မပြုသလို အေးစက်ရိုင်းစိုင်းစွာလည်း မဆက်ဆံပေ။ သူမအလုပ်ကိုသာလုပ်၏။
အင်း မိစ္ဆာဂိုဏ်းကလူတိုင်းကလည်း ဆိုးယုတ်နေတာမဟုတ်ဘူးပဲ။ သို့သော် ဒါက သူမ၏ စရိုက်အမှန်လား ဟန်ဆောင်နေခြင်းလားတော့ မသိပါချေ။
"ငါ့နာမည် ကျိုးချန်" အမျိုးသမီးက ပြောသည်။ "တာဝန်ကို လက်ခံထားတယ်ဆိုတော့ ရက်အနည်းငယ်ကြာရင် ပြန်လာရလိမ့်မယ် အဲဒီအခါ ငါ့ကိုရှာပါ လိုက်ပို့ပေးမယ်"
သူမ၏ လမ်းညွှန်မှုအောက်တွင် ကျန်းဟောင်က ခြံဝန်းကို စောင့်ရှောက်ပေးသူအား သိခွင့်ရခဲ့သည်။
လှပသည့် သက်လတ်ပိုင်းအမျိုးသမီးဖြစ်သည့် အကြီးအကဲချင်းရှုမှာ ဥယျာဥ်အား ဂရုစိုက်ရသူဖြစ်သည်။ သူမက အေးစက်စက်နိုင်ပြီး အဖြူရောင်လရေကန်၏ အကြီးအကဲတဦးလည်း ဖြစ်သည်။
သူမကိုကြည့်ရတာ တလောကလုံးက သူ့ကို အကြွေးတင်နေသလိုပါလား။ ကျန်းဟောင် တွေးသည်။ သို့သော် သူ့အတွေးများအား ကျယ်လောင်စွာ မဖွင့်ဟရဲပါချေ။
သူ ကြည့်လိုက်ရာ အဖြူရောင်ဆေးပင်တခုကို မြင်လိုက်ရသည်။ ဆေးပင်၏ ပတ်လည်တွင် ရေခဲများဖုံးလွှမ်းနေ၏။ အဖြူရောင်ရေခဲများ၏ အစွန်းတွင် ပူပြင်းသည့် အော်ရာများထွက်ပေါ်နေသော အနီရောင်ဘူးသီးခြောက်တစ်လုံးရှိသည်။
"ဘူးသီးခြောက်ထဲမှာ ချော်ရည်တွေနဲ့ ပြည့်နေတယ် မင်း လုပ်ရမှာက တစ်နေ့ကို ခြောက်ကြိမ် ရေခဲအစွန်းကို ချော်ရည်လောင်းပေးဖို့ပဲ" အကြီးအကဲ ချင်းရှုက ပြောသည်။ "ဒီနေ့တော့ နောက်ကျသွားပြီ မနက်ဖြန်မှ စလုပ်ပေတော့"
"နားလည်ပါပြီ" ကျန်းဟောင် ခေါင်းညိတ်သည်။
...
အိမ်ပြန်လာပြီးနောက် သူ့အခြေအနေအား ကြည့်ရှုလိုက်သည်။
အမည် ကျန်းဟောင်
အသက် ၁၉
ကျင့်ကြံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း
နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း
အသက်သွေး ၁၆/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၂၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၂/၃ (မရနိုင်သေး)
နည်းနည်းစီဆိုပေမဲ့ မြန်မြန်တိုးလာလို့ ပျော်ရတယ် ငါ့အတွက် အလယ်အလတ် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ သိပ်မကြာလောက်ဘူး ဒါပေမဲ့ ဝိညာဥ်ကျောက်တုံး ၁၀၀၀ အတွက်က ဘယ်နှယ့်လုပ်ရမလဲ အဆောင်ဖန်တီးကြည့်ရမလား။
အဆောင်ဖန်တီးခြင်းက အကုန်အကျအနည်းဆုံးဖြစ်ပြီး လိုအပ်ချက်လည်း နည်းသည်။ ဒါပေါ့ သူ့အနေနဲ့ အလယ်အလတ်နှင့် အဆင့်မြင့် အဆောင်များကို မစမ်းသရွေ့ဖြစ်သည်။
ဝိညာဥ်ကျောက်တုံးများရရန် အမြန်ဆုံးနည်းက ဆေးလုံးဖော်စပ်ရန်ဖြစ်သည်။ ဒါပေမဲ့ လိုအပ်ချက်မြင့်ပြီး ရင်းနှီးမြှုပ်နှံမှုလည်း ကြီးသည်။
ကျန်းဟောင်လည်း ဝယ်လာသည့် ပစ္စည်းများကိုထုတ်ကာ အညွှန်းကိုဖတ်လိုက်သည်။ ၎င်းတွင် စုစုပေါင်း အဆောင် ၁၂ မျိုးအား မှတ်တမ်းတင်ထားသည်။
အရိုးရှင်းဆုံးက နတ်ခြေလှမ်းအဆောင်ဖြစ်ကာ လူတယောက်၏ လမ်းလျှောက်နှုန်းကို မြှင့်တင်ပေးသည်။ စိတ်ကြည်လင်အဆောင်နှင့် မီးအဆောင်လည်းရှိသည်။ ထိုသုံးမျိုးက အသက်သွေးသန့်စင်ခြင်းအဆင့်အတွက် လိုအပ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်တွင်မူ ဓားပျံစီးနိုင်ပြီး စိတ်ခွန်အားသန်မာကာ မန္တန်သုံးနိုင်သည်။ ထို့ကြောင့် သာမန်အခြေအနေတွင် အဆင့်နိမ့် အဆောင်များက မလိုအပ်ပေ။ သို့သ်ော ထိုသုံးမျိုးက လေ့ကျင့်ရေးအတွက် သင့်တော်သည်။
ဈေးနှုန်းမှာ အဆောင်သုံးမျိုးကို ဝိညာဥ်ကျောက်တုံးတစ်တုံးနဲ့ ရောင်းချနိုင်လျှင် အတော်အံ့သြစရာကောင်းနေလေပြီ။ သူ့ ရည်ရွယ်ချက်ပြည့်မီရန်အတွက် အလွန်ကွာဝေးသောကြောင့် ခပ်ကြီးကြီးစဥ်းစားရမည်။
နတ်ခြေလှမ်းအဆောင်နဲ့ ပတ်သတ်ပြီး ဖတ်ရှုပြီးနောက် သူထိုင်ချပြီး စိတ်ကို တည်ငြိမ်စေသည်။ အတန်ကြာသော် သူ့အခြေအနေက အထွတ်အထိပ်သို့ရောက်သွားသည်။ ထိုအခါ စုတ်တံကိုကိုင်ပြီး ဟင်္သာပြဒါးထဲနှစ်ကာ စတင်ရေးဆွဲသည်။
စုတ်ချက်တိုင်းက တိမ်လိုရေလိုစီးဆင်းသွားပြီး စိတ်ဝိညာဥ်အနှစ်သာရက အဆောင်ထဲ စီးဝင်နေသည်။ နောက်ဆုံးစုတ်ချက်ပြီးသွားသောအခါ အဆောင်က တဖျတ်ဖျတ်ဖြစ်ပြီး နဂိုအတိုင်း ပြန်ဖြစ်သွား၏။
ပြီးသွားပြီလား။ သူတွေးလိုက်၏။ အဆောင်လုပ်ရတာ ဒီလောက်လွယ်တယ်လား။
နတ်ခြေလှမ်းအဆောင်၊ စိတ်ကြည်လင်အဆောင်နှင့် မီးအဆောင်တို့အား ပစ္စည်းကုန်သွားသည်အထိ တစ်ညလုံး လေ့ကျင့်ခဲ့သည်။
စုစုပေါင်း အဆောင် ၃၁ ခု၊ ကုန်ကျစရိတ် ၂ တုံးကိုဖယ်လိုက်ရင် ဝိညာဥ်ကျောက်တုံး ၃ တုံးရမယ်။ သူ တွက်နေသည်။ တစ်ရက်ကို ၃ တုံး တစ်လကို ၉၀ သုံးလဆို ၂၇၀၊ အဆောင်အရေအတွက်ကို နှစ်ဆတိုးရင်တောင် ၅၄၀ ပဲရမယ်။ ဒါတောင် အားလုံးရောင်းထွက်မယ်လို့ တွက်ထားတာ။
ကျန်းဟောင် သက်ပြင်းချ၏။ အဆောင်နှင့် တာဝန်များကို ပိုလုပ်လျှင် သုံးလအတွင်း ဝိညာဥ်ကျောက်တုံး ၁၀၀၀ ပန်းတိုင်အား ပြည့်နိုင်ကောင်းလောက်သည်။ သို့သော်...
အဆောင်များ၏ ဈေးနှုန်းကိုသာကြည့်ပြီး ၎င်းတွင် ဈေးကွက်မရှိသည်ကို မသိပေ။ သူ နုံအလွန်းခဲ့သည်။ အချိန်အကြာကြီးပြသထားပြီးနောက်မှ ဝိညာဥ်ကျောက်တုံးတစ်တုံးသာရခဲ့သည်။ ကုန်ကြမ်းများဝယ်ရန် သူသုံးရသည့် နှုန်းကို ကာမိရန်ပင် မလုံလောက်ပေ။
သူ့မှာ သက်ပြင်းသာ အကြိမ်ကြိမ်ချနေရသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် လိုအပ်သည့်အဆောင်ပစ္စည်းများအား ဝယ်ယူသည်။ ထို့နောက် အဖြူရောင်လရေကန်ကိုသွား၏။ ယနေ့ သန့်စင်ယန်ပန်းကို ဂရုစိုက်ရမည့် ပထမဆုံးနေ့ပင်။