နတ်စွမ်းရည်အပိုင်းအစ
Vol. 1 Ch. 11
အဖြူရောင်လရေကန်ကို ရောက်သွားသောအခါ စီနီယာအစ်မကျိုးချန်က သူ့ကို ခေါ်သွားပေးသည်။ ကျန်းဟောင်မှာ သတ်မှတ်ထားသည့် အချိန်တွင် ချော်ရည်လောင်းရန် နေ့ဝက်မျှ အချိန်ယူခဲ့ရသည်။
ပြောင်းလဲမှုများရှိမည်ဖြစ်ကြောင်း သိထားပေမဲ့လည်း ၎င်းက အလွန်နှေးကွေးသည်။ ချော်ရည်များ မြေဆီလွှာထဲ နစ်မြုပ်သွားသောအခါ ရေခဲများက လျော့ပါးလာသည်။ သို့သော် ဤနေရာရှိ မြေဆီလွှာက သာမန်မဟုတ်ပါချေ။ ၎င်းက ချော်ရည်ကို စုပ်ယူနိုင်သည်။ ကျန်းဟောင်မှာ တူညီသည့်အရာကိုပဲ ရက်ဆက်ပြုလုပ်ခဲ့ရသည်။
အဆောင်များကို ညတွင်လုပ်ပြီး မနက်ပိုင်း ဆေးဥယျာဥ်ကိုသွားသည်။ သူ့အဆောင်များကို ရောင်းချရန်ကြိုးစားပြီးနောက် အဖြူရောင်လရေကန်ကိုသွား၏။ ဒါက သူ၏ နေ့စဥ်လုပ်ငန်းဖြစ်သည်။
ကောင်းသည့်အရာတခုမှာ သန့်စင်ယန်ပန်းကိုပြုစုကတည်းက အပြာရောင်ပူဖောင်းများကို ရခဲ့သည်။
ကျင့်ကြံခြင်း +၁
အသက်သွေး +၁
အဖြူရောင်နှင့် အစိမ်းရောင်ပူဖောင်းများကိုတော့ ဆေးဥယျာဥ်မှ ရသည်။
ခွန်အား +၁
စိတ်ဝိညာဥ် +၁
အသက်သွေးသန်မာစေခြင်းဆေးလုံး +၁
အရင်ကထက် ပိုမိုရရှိခဲ့ပြီး အသက်သွေးနှင့် ကျင့်ကြံခြင်းမှာ မှန်မှန်တိုးတက်နေသည်။ သူသာ ဒီတိုင်း သန့်စင်ယန်ပန်းအား ဆက်လက်စောင့်ရှောက်ရလျှင် တစ်လမကြာပဲ အခြေခံတည်ဆောက်ခြင်း အလယ်ဆင့်ကို ရောက်နိုင်လေသည်။ ဒါပေမဲ့ သူ၏ ကျင့်ကြံခြင်းကိုဖုံးကွယ်ရန် နည်းလမ်းရှာဖွေရပေမည်။
သန့်စင်ယန်ပန်းကို ဂရုစိုက်နေစဥ်ကာလအတွင်း မှားယွင်းမှုမရှိစေရန် ၎င်းအား အကဲဖြတ်ခြင်းစွမ်းရည်ကို သုံးသည်။
[သန့်စင်ယန်ပန်း၊ မြင့်မြတ်သောဆေးဝါး၊ မင်ယန်ဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်း၊ ရင့်မှည့်တော့မည်ဖြစ်ပြီး ကောင်းမွန်သည့် အခြေအနေတွင်ရှိသည် ]
တခါတရံ မတူညီသည့် အဖြေများရတတ်သည်။
[သန့်စင်ယန်ပန်း၊ မြင့်မြတ်သောဆေးဝါး၊ မင်ယန်ဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်း၊ ရင့်မှည့်တော့မည်ဖြစ်ပြီး ကောင်းမွန်သည့် အခြေအနေတွင် မရှိပါ၊ အလွန်အေးနေပြီး ချော်ရည်လောင်းရန် လိုအပ်နေသည်]
ထိုအခါ သတ်မှတ်ထားသည်ထက် ချော်ရည်အနည်းငယ် ပိုလောင်းလေ့ရှိသည်။ ၎င်း ပိုအဆင်ပြေသွားစေရန် ဖြစ်၏။ သို့သော်လည်း တခုခုမှားသွားပါက သူ့အပြစ်ဖြစ်မည်ကိုလည်း စိုးနေရသေးသည်။
ကံကောင်းစွာ အမှားအယွင်းမဖြစ်ခဲ့ပေ။ သို့သော် အဆောင်ဖန်တီးခြင်းကမူ မချောမွေ့ပေ။ အခြေခံအဆောင်များက အသုံးမဝင်တော့သောကြောင့် ပိုရှုပ်ထွေးသည့် စိတ်ဝိညာဥ်စုစည်းခြင်းအဆောင်ကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် အဆောင်များကို ပြုလုပ်သောအခါ အဆောင်တစ်ခုပြီးရန် အချိန်နှစ်ရက်ကြာလေသည်။ သက်ရောက်မှုက သာမန်ဖြစ်ပြီး ဝိညာဥ်ကျောက်တုံး ၅ တုံးတန်သည်။ သို့သော် မလုံလောက်ပါချေ။
စိတ်ဝိညာဥ်စုစည်းအဆောင်အပြင် မီးအဆောင်လည်းရှိသည်။ ၎င်း၏ စွမ်းအားက အခြေခံတည်ဆောက်ခြင်းအဆင့်ကို မယှဥ်နိုင်သော်လည်း မဆိုးလှချေ။ အဆောင်တခုကို ဝိညာဥ်ကျောက်တုံး ၃ တုံးကျသင့်သည်။ ကံမကောင်းစွာ ၎င်းက ခက်ခဲပြီး ပြုလုပ်ရန် အချိန်ကုန်လေသည်။
နောက်အဆောင်တမျိုးက နတ်ဓားအဆောင်ဖြစ်သည်။ ကြားရတာ အားကောင်းပေမဲ့လည်း တကယ်တမ်းကျ ဓားကိုပစ်သောအခါ ပိုမြန်စေသည်ကလွဲလျှင် ဘာမှမဟုတ်ပါချေ။ ၎င်းကလည်း ဝိညာဥ်ကျောက်တုံး ၅ တုံးကျပြီး ခက်ခဲသည်။
ကံကောင်းစွာ သူ့တွင် အချိန်ရှိသေးသည်။ အနိုင်ရနှုန်းမြင့်လာသည်နှင့်အမျှ သူ့အတွက် အရေးသာပေမည်။ ဒါပေမဲ့ သူ့တွင် ကျင့်ကြံရန်အချိန်မရှိဖြစ်သည်။ အရာအားလုံးက ကျင့်ကြံခြင်းပေါ်တွင် မူတည်နေသည်။ နေ့တိုင်း အချိန်အနည်းငယ်ကျင့်ကြံခြင်းက အာနိသင်ကို မများစေပေ။
ထို့ကြောင့် ကောင်းမွန်သည့် ကျင့်ကြံခြင်းနှင့် ပါရမီရှိသူက ဆေးလုံးသန့်စင်ခြင်းနှင့် အဆောင်ပြုလုပ်ခြင်းကို ကောင်းစွာလုပ်နိုင်သည်။ မလုံလောက်သည့် ကျင့်ကြံခြင်းရှိသူသာဆို အခက်တွေ့ရမည်ပင်။
"ဂျူနီယာမောင်လေးကျန်းက အချိန်တိကျတာပဲ နေ့တိုင်း တချိန်တည်းရောက်လာတယ်" ကျိုးချန်က ပြောသည်။
"ကျနော့်တာဝန်ကို လစ်ဟင်းမှာစိုးလို့ပါ" သူ ပြုံးလိုက်၏။
သူ မကြာခဏရောက်လာခြင်းကြောင့် စီနီယာအစ်မကျိုးချန်နှင့် ရင်းနှီးနေလေပြီ။
"ဂရုစိုက်ပါ အကြီးအကဲချင်းရဲ့ စိတ်အခြေအနေက သိပ်မကောင်းနေဘူး မနက်ဖြန်က နောက်ဆုံးရက်ပဲ ဘာမှမမှားစေနဲ့ "ကျိုးချန်က လိုက်ပို့ပြီး သတိပေးသည်။
ကျန်းဟောင် ခေါင်းညိတ်သည်။" ဟုတ်ကဲ့ပါ စီနီယာအစ်မ "
ဒီသတိပေးမှုက သူမအတွက် သာမည်ကာဖြစ်သော်လည်း သူ့အတွက် အရေးပါလေသည်။ အကြီးအကဲ၏ စိတ်အခြေအနေကို သိထားခြင်းက သူ့အတွက် သတိထားလုပ်ဆောင်နိုင်စေသည်။
သူ ရောက်လာကြောင်း အကြီးအကဲချင်းရှုအား အကြောင်းကြားပြီးနောက် သန့်စင်ယန်ပန်းရှိရာဆီ သွားသည်။
သူရောက်သွားသောအခါ ကြောင်အသွား၏။ နေ့တိုင်း အပြာရောင်ပူဖောင်းကိုရခဲ့သော်လည်း ယနေ့တွင် ဘာမှရှိမနေချေ။ ထို့အစား ခရမ်းရောင်ပူဖောင်းတခုသာ သန့်စင်ယန်ပန်းနားတွင် လွင့်မျောနေ၏။
"ခရမ်းရောင်လား ထူးဆန်းလိုက်တာ" ဆေးဥယျာဥ်တွင် သူ ကြာမြင့်စွာ အလုပ်လုပ်ခဲ့သည်။ လမ်းတဝက်တွင် ခရမ်းရောင်ပူဖောင်းပေါ်လာသည်အား မကြုံဖူးပေ။ အစ သို့မဟုတ် ရင့်မှည့်သွားသည့်အချိန်မှသာ ပေါ်လာတတ်သည်။
ကျန်းဟောင်လည်း အကဲဖြတ်စွမ်းရည်အား အလျင်အမြန် ထုတ်သုံးလိုက်သည်။
[သန့်စင်ယန်ပန်း၊ မြင့်မြတ်သောဆေးဝါး၊ မင်ယန်ဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်း၊ ရင့်မှည့်နေသည်]
သန့်စင်ယန်ပန်းက အခြားဆေးပင်များနှင့် မတူပေ။ ရင့်မှည့်သည်နှင့် ချက်ချင်းခူးဆွတ်ရသည်။ မဟုတ်ပါက ညှိုးနွမ်းသွားပြီး အစက ပြန်စရသည်။ ထိုအခါ ရင့်မှည့်ရန် နဂိုထက် အချိန်ပိုယူရသည်။
ဘာကြောင့် နဂိုထက် မြန်မြန်ရင့်မှည့်သည်ကို မသိပေမဲ့ အချိန်မဆွဲရဲပေ။ ခရမ်းရောင်ပူဖောင်းကိုယူပြီး အကြီးအကဲချင်းထံ ပြေးရသည်။
နတ်စွမ်းရည်အပိုင်းအစ +၁
နတ်စွမ်းရည် ၃/၃ (ရရှိနိုင်)
နောက်ဆုံးတော့...
သူ စိတ်လှုပ်ရှားသွား၏။ နတ်စွမ်းရည်ကို စစ်ဆေးကြည့်ချင်သည့် စိတ်အား ထိန်းသိမ်းပြီး အမြန်ပြေးလိုက်သည်။
"အကြီးအကဲ ဂျူနီယာကျန်းဟောင်ပါ သတင်းပို့စရာရှိလို့ပါ "
ကျွီ
တံခါးပွင့်လာပြီးနောက်် စိတ်မကြည်သည့်ပုံစံနှင့် အကြီးအကဲချင်းထွက်လာသည်။ "ဘာကိစ္စလဲ"
သူမ တကယ်ကို စိတ်အခြေအနေမကောင်းပေ။ ကျန်းဟောင် သက်ပြင်းချသည်။ အခြေအနေသာ အရေးမကြီးပါက သူမအခုလိုဖြစ်နေချိန် သူ လာတွေ့မည်မဟုတ်ပေ။
သူ ဦးညွတ်လိုက်၏။ "ဒီနေ့ ကျနော်ရောက်လာတော့ ထူးဆန်းတာ သတိပြုမိပါတယ် သန့်စင်ယန်ပန်းက ရင့်မှည့်နေပြီထင်ပါတယ်"
သူ့စကားကို ပြန်ပင်မဖြေတော့ပဲ အကြီးအကဲချင်းမှာ သန့်စင်ယန်ပန်းရှိရာဆီ ထွက်သွားလေသည်။ ကျန်းဟောင်လည်း အနောက်က လိုက်ရသည်။
အကြီးအကဲချင်းက ပန်းကို ခူးဆွတ်သည်။ ကျန်းဟောင်လည်း စိတ်အေးသွား၏။ သူ၏ တာဝန်က အမှားအယွင်းမရှိ ပြီးဆုံးခဲ့လေပြီ။
အကြီးအကဲချင်း ကျေနပ်နေသည်ကိုကြည့်ခြင်းအားဖြင့် ရိတ်သိမ်းမှုက သာမန်ထက်ပိုကြောင်း သိနိုင်သည်။ ကျန်းဟောင်လည်း ဝိညာဥ်ကျောက်တုံးသာမက နတ်စွမ်းရည်အစိတ်အပိုင်းကိုလည်း ရခဲ့သည်။ ဒီတာဝန်က သူ့အတွက် အတော်အကျိုးဖြစ်ခဲ့သည်။
"မင်းမှာ အစွမ်းအစရှိတာပဲ" အကြီးအကဲချင်းက ပန်းကိုသိမ်းပြီး ကျန်းဟောင်ကိုကြည့်သည်။
"ဘာမှမဟုတ်ပါဘူး အကြီးအကဲရဲ့ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခဲ့ရုံပါ" သူ နှိမ့်ချလိုက်၏။
"မင်းရဲ့ အရည်အချင်းက သံသယဖြစ်စရာမလိုပါဘူး သွားစို့ ဒီပန်းရဲ့ ပိုင်ရှင်နဲ့ တွေ့ဖို့ခေါ်သွားပေးမယ် ရိုရိုသေသေပြုမူဖို့ မှတ်ထားပါ မင်းအနေနဲ့ တခုခုရနိုင်လောက်တယ်"
စောင့်ရှောက်သူအကြီးအကဲနဲ့ တွေ့ရမှာလား။ သူ အံ့သြသွား၏။ သည်လိုမျိုး တခါမှ မကြုံဖူးသဖြင့် သူ့အနေနဲ့ အတန်ငယ် စိုးရိမ်စိတ်ဖြစ်မိသည်။