← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

"ငါက လုံးဝကွဲပြားတဲ့ သိုင်းပညာတစ်ခုကို လဲချင်တယ်။ အဲဒါကို အစကနေ စပြီးတော့ သင်ချင်တယ်။ မြန်လေ ကောင်းလေပဲ…"

မုန့်ချီက သံသယဝင်နေသည်ကို ကြားသည့်အခါ ချီကျန်းရန်က ထူးဆန်းစွာ ပြောလိုက်သည်။

"အစ်ကိုချီက မြစ်ကမ်းရှည်ဓားပညာ၊ အလင်းတန်းနှင့် ဆောင်းဦးရာသီ ဓားပညာတို့ကို မကျေနပ်နိုင်သေးဘူးလား…"

ကျန်းကျိဝေ၏ မေးခွန်းက သူမ၏ဓားကဲ့သို့ တည့်တိုးဆန်လှသည်။

ချီကျန်းရန်က ခဏကြာ စဉ်းစားပြီး သွယ်ဝိုက်၍ ပြန်ဖြေလိုက်၏။

"ငါ့ရဲ့စွမ်းရည် ၊ အရည်အချင်းနဲ့ ဂိုဏ်းမှာရှိတဲ့ အကြီးအကဲတွေရဲ့ အမြင်အရ ငါ့ကို သက်တမ်းရှည်ဓားပညာ သင်ပေးဖို့ မဖြစ်နိုင်ဘူး။ ငါက တစ်နေ့နေ့မှာ ပြည့်စုံနေဖို့ လိုသလို အနာဂတ်ခေါင်းဆောင် တစ်ယောက် ဖြစ်လာဖို့လည်း လိုတယ်။ တကယ်လို့ အဲဒီနေ့မျိုး ရောက်လာမယ် ဆိုရင်တောင် ငါက သက်တမ်းရှည်ဓားပညာကို သင်ဖို့အတွက် အရမ်းနောက်ကျသွားလိမ့်မယ်။ ဒီတော့ ငါ့ရဲ့အုတ်မြစ်က အခြေမခိုင်ဘဲနဲ့ မှားယွင်းသွားနိုင်တယ်။ ဒီတော့ ငါ့ကို ဓမ္မကာရအဆင့်ထိ တိုက်ရိုက်မြှင့်တင်ပေးနိုင်တဲ့ တခြားသိုင်းပညာတစ်ခုကို အခုချက်ချင်း ပြောင်းဖို့လိုနေပြီ…"

သူ တတ်မြောက်ထားခဲ့သော ဓားပညာနှစ်ခုလုံးက ဉာဏ်အလင်းပွင့်မှု အဆင့်အတွက်သာ ဖြစ်သည် ။ ထိုအရာက အလွန်အဆင့်နိမ့်နေသေး၏။ မြစ်ကမ်းရှည်ဓားပညာက ဟွမ်ဟွာဓားဂိုဏ်းတွင် ချီစုဆောင်းရေးအဆင့်နှင့် ဉာဏ်အလင်းပွင့်မှုအဆင့် သာမန်တပည့်များကို သင်ကြားပေးခြင်း ဖြစ်သည်။

အလင်းတန်းနှင့် ဆောင်းဦးရာသီ ဓားပညာကတော့ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် အတော်လေး ထူးခြားသော ဓားပညာဖြစ်ပြီး ဝေ့ကျင်းအဆင့်ကို လမ်းဖောက်ပေးနိုင်သည်။

ဂိုဏ်းအသီးသီးတွင် စွမ်းရည်များကို အစောပိုင်း ပြသနိုင်သော တပည့်များကိုသာ ဉာဏ်အလင်းပွင့်မှု အဆင့်မရောက်ခင် ဂိုဏ်း၏ ထိပ်သီးသိုင်းပညာများ သင်ကြားပေးတတ်ကြသည်။ ထိုကဲ့သို့ ရည်မှန်းချက်ရှိနေသော တပည့်များကလည်း (၁၀)ဆခန့် ပို၍ကြိုးစားရန် လိုအပ်ပြီး ထိုအခွင့်အရေးမျိုး ရရှိရန်အတွက် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ရမည်ဖြစ်သည်။

တစ်ခါတစ်ရံ သူတို့၏ အခြေခံအုတ်မြစ်က ထိုဓားသိုင်းပညာနှင့် ကိုက်ညီရန် အတော်လေး ကြမ်းတမ်းခက်ခဲသည်။ သူတို့က တိုးတက်မှုများ လုပ်ဆောင်ရန်ပင် ရုန်းကန်နေကြရ၏။ လူအနည်းစုသာ ထိုအခြေအနေကို ဖြတ်ကျော်ပြီး အနာဂတ်တွင် အောင်မြင်တိုးတက်မှုများ ရနိုင်ကြသည်။

“ရည်မှန်းချက်မြင့်မြင့်ထားတာက တကယ့်ကို ကောင်းပါတယ်…”

ကျန်းယွင်ရှန်က သေချာစဉ်းစားကြည့်လိုက်ပြီး ချီကျန်းရန်၏ ဆုံးဖြတ်ချက်ကို လက်ခံလိုက်၏။

"မင်းက ဘာကို အလဲအလှယ် လုပ်ချင်တာလဲ…"

ချီကျန်းရန်က အနည်းငယ်စိုးရိမ်ပြီး စိတ်လှုပ်ရှားနေခဲ့သည်။

"အဲဒါက ငါသဘောအကျဆုံး သိုင်းပညာတစ်ခုပါပဲ။ အဲဒီသိုင်းပညာမှာ အဆင့်(၁၀)ခုပါတယ်။ (၂)ခုက ချီစုဆောင်းရေးအဆင့်အတွက်၊ (၃)ခုက ဉာဏ်အလင်းပွင့်မှု အဆင့်အတွက်၊ နောက်ထပ်(၃)ခုက ဝေ့ကျင်းအဆင့်အတွက် ၊နောက်ဆုံး(၂)ခုက ဓမ္မကာရအဆင့်အတွက်၊ အဲဒီလို မတူညီတဲ့အဆင့်တွေအတွက် သိုင်းကွက်တွေကိုလည်း သီးခြားဆီ လဲလို့ရတယ်ဆိုတော့ တခြားကျင့်စဉ်တွေနဲ့ တော်တော်လေးကို ကွဲပြားတယ်။ တချို့ကျင့်စဉ်တွေကတော့ ချီစုဆောင်းရေးအဆင့်ကို အလေးမထားကြဘူး။ ဒီတော့ ခန္ဓာကိုယ်နဲ့ အပြင်လောကကို ဆက်သွယ်ဖို့အတွက် နည်းလမ်းက ခက်တယ်…”

"တကယ်လို့ ငါကသာ ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီဆိုရင် အရာအားလုံးက ပိုပြီးလွယ်ကူလာလိမ့်မယ်…"

ထို့ကြောင့် သူက မတူညီသော သိုင်းပညာတစ်ခုကို လဲလှယ်ရန် လိုအပ်နေခြင်း ဖြစ်သည်။ ဘာကြောင့် သူက အဆုံးမဲ့စွမ်းအားများ ရှိနေသော အရာတစ်ခုကို မရွေးဘဲ နေရမည်နည်း။

"ငါလည်း စာရင်းထဲမှာ အဲဒီလို သိုင်းပညာတစ်ခုကို သေချာဖတ်ခဲ့ဖူးတယ်။ အဲဒါက အရမ်းအစွမ်းထက်တဲ့ ဓားပညာတစ်ခုကိုတောင် ဖန်တီးပေးနိုင်တယ်…"

ကျန်းကျိဝေက ခါးတွင် ချိတ်ထားသော ဓားကို ညင်သာစွာ ပုတ်လိုက်သည်။ သူမက အံ့အားသင့်စွာ ပြောလိုက်၏။

“အဲဒါကိုတော့ ကောင်းကင်ရတနာဓားသိုင်းကျမ်းလို့ ခေါ်တယ်…"

"အဟွတ်...အဟွတ်..."

မုန့်ချီက တံတွေးသီးတော့မလို ဖြစ်သွားခဲ့၏။ သူက ချောင်းဟန့်ပြီး ပြောလိုက်သည်။

"အစ်ကိုကြီးချီ ...အဲဒါအမှန်ပဲလား"

"တကယ်လို့ ငါ့ဆီမှာသာ အခက်အခဲမရှိရင် ငါလည်း အဲဒါကို လဲချင်နေတာ။ အကြောင်းပြချက်ကတော့ အဲဒီသိုင်းပညာက ဓမ္မကာရအဆင့်ထိ အလွှာအသီးသီး ခွဲထားပေးလို့လေ။ပြီးတော့ တစ်လွှာချင်းဆီကို ခွဲပြီးလဲလို့ရတယ်ဆိုတော့ တော်တော်လေးလည်း အဆင်ပြေတယ်…”

ကောင်းကင်ရတနာဓားသိုင်းက ကောင်းကင်သားတော်ဒဏ္ဍာရီဟူသော ဝတ္ထုထဲတွင် ထိပ်သီးသိုင်းပညာတစ်ခု ဖြစ်ခဲ့သည်။ ထိုအရာကို နွီဝါးသခင်မက ဖန်တီးထားခဲ့ပြီး ပြည့်စုံစွာ ဖန်တီးနိုင်မည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီးကိုပင် တိုက်ခိုက်နိုင်ပြီး အရာအားလုံးကို ဝါးမြိုနိုင်သည့်အစွမ်းမျိုး ရှိသည်။

"မင်းကလည်း ကောင်းကင်ရတနာဓားသိုင်းကို စိတ်ဝင်စားနေတာလား…"

ချီကျန်းရန်က အေးအေးဆေးဆေး မေးလိုက်၏။

"သူ့ရဲ့ပထမအဆင့်က တိမ်မီးခိုဖြူလို့ ခေါ်တယ်။ ဒုတိယအဆင့်ကတော့ နှင်းဆီရောင်အလင်းတန်းလို့ ခေါ်တယ်။ အဲဒါတွေကတော့ ချီစုဆောင်းရေးအဆင့်အတွက် လေ့ကျင့်ရမဲ့ သိုင်းကွက်တွေပဲ။ အဲဒါကိုလဲဖို့အတွက် ကံကြမ္မာအမှတ် (၄၀)နှင့် (၈၀)အသီးသီးလိုတယ်။ အရမ်းလည်း ဈေးမကြီးဘူး။ တတိယအဆင့်ဖြစ်တဲ့ ခွန်းလွန်ဖျက်ဆီးခြင်းကလည်း ကံကြမ္မာအမှတ်(၂၀၀)ဘဲ ရှိတယ်…”

“အရင်ဆုံး ငါက ကောင်းကင်တံခါးဆေးလုံးနဲ့ ဂါနိုဒါးမားစွမ်းအင်ပြန်ဖြည့်ဆေး တစ်ပုလင်း လဲရမယ်။ ဒါကြောင့် ဒီတစ်ကြိမ်တော့ တိမ်မြူခိုးဖြူနဲ့ နှင်းဆီရောင်အလင်းတန်းကိုပဲ လဲဖို့ တတ်နိုင်တယ်။ ငါက အလင်းတန်းနဲ့ ဆောင်းဦးရာသီ ဓားပညာကို လေ့လာပြီးသွားရင်တော့ အဲဒီအရာကို သံသရာအရှင်သခင်ဆီမှာ ပြန်လဲလို့ ရသေးတယ်။ ကျန်‌နေတဲ့ ကံကြမ္မာအမှတ်တွေနဲ့ ပေါင်းရင် ခွန်းလွန်ဖျက်ဆီးခြင်းသိုင်းကွက်ကိုလဲဖို့ လုံလောက်တယ်…”

အလင်းတန်းနှင့် ဆောင်းဦးရာသီ ဓားသိုင်းပညာက စာရင်းထဲတွင် ကံကြမ္မာအမှတ်(၃၈၀)တန်ဖိုး ရှိသည်။ ထိုဓားသိုင်းတွင် နှလုံးကျင့်စဉ်နှင့် ဓားသိုင်းကွက် နှစ်ခုလုံး ပါဝင်နေ၏။ အကယ်၍ သံသရာအရှင်သခင်ဆီသို့ ရောင်းချလိုက်မည်ဆိုလျှင် ကံကြမ္မာအမှတ်(၁၉၀)ရနိုင်သည်။

အကယ်၍ ချီကျန်းရန်ကသာ မုန့်ချီကို သင်ကြားပေးလိုက်မည်ဆိုလျှင်တော့ နှစ်ယောက်ကွဲသွားပြီ ဖြစ်သည့်အတွက် ကံကြမ္မာအမှတ်(၉၅)သာ ရနိုင်ပါတော့မည်။

“ဒါဆိုရင် အရေးပေါ်အတွက် ကံကြမ္မာအမှတ်(၃၀) ကျန်နိုင်သေးတယ်…"

ကျန်းယွင်ရှန်က ဝင်ပြောလိုက်၏။

ချီကျန်းရန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ငါက အဲဒီအမှတ်တွေကို သုံးပြီး လျှို့ဝှက်လက်နက်တချို့ကို လဲဖို့ စဉ်းစားထားတယ်။ တကယ်လို့ ငါတို့ ရင်မဆိုင်နိုင်တဲ့ ရန်သူမျိုးတွေ့ရရင် အဆင်ပြေတာပေါ့။ ဒါပေမဲ့ ညီလေးကျန်းတင်ဆီမှာ တိမ်မုန်တိုင်းအပ်ရှိနေပြီဆိုတော့ ငါက အဲဒီအရာကို မလဲလို့ ရသွားပြီ။ ဒီတော့ ကောင်းကင်ရတနာဓားရဲ့ တတိယသိုင်းကွက်ကို လဲလို့ရသွားပြီ…"

"အစ်ကိုချီ...

ဂိုဏ်းမှာရှိတဲ့ တခြားလူတွေက ဒီသိုင်းပညာကို သတိထားမိသွားမှာ မစိုးရိမ်ဘူးလား…"

ချီကျန်းရန်က ဆုံးဖြတ်ချက်ချလိုက်ကြောင်း မြင်သည့်အခါ မုန့်ချီက စိုးရိမ်နေသော အမူအရာနှင့် မေးခွန်းတစ်ခု မေးလိုက်သည်။

ချီကျန်းရန်က အနည်းငယ် ခေါင်းခါပြလိုက်၏။

"တကယ်လို့ တခြားနည်းလမ်းတစ်ခု ရှိနေမှတော့ ငါက ဘာလို့မစွန့်စားရမှာလဲ။ ပြီးတော့ ငါက လူတိုင်းသတိထားမိဖို့ ခက်တဲ့ သာမန်တပည့်တစ်ယောက်ပဲလေ။ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ပြီးရင် ငါက ဂိုဏ်းရဲ့တာဝန်တွေကို လုပ်ဖို့ အပြင်လောကကို သွားရလိမ့်မယ်။ ဒါဆိုရင်တော့ ငါက သမုဒ္ဒရာထဲကို ရောက်သွားတဲ့ ငါးတစ်ကောင်လို လွတ်လပ်သွားပြီ။ ငါက ကောင်းကင်ရတနာကျင့်စဉ်ကို လေ့ကျင့်ဖို့အတွက် ဘာမှစိုးရိမ်စရာ မရှိတော့ဘူး။ ငါသာ ငါ့ရဲ့ဂိုဏ်းသားတွေနဲ့ မလေ့ကျင့်ရင် သူတို့က ငါ့ရဲ့သိုင်းကွက်တွေကို သတိထားမိမှာ မဟုတ်ဘူး…"

အလင်းတန်းနှင့် ဆောင်းဦးရာသီ ဓားသိုင်းကျမ်းထဲတွင် ရှိနေသော ဓားကွက်များနှင့် ချီစုဆောင်းရေးအဆင့် သိုင်းကြမ်းများက သူ့ဂိုဏ်းထဲတွင်တော့ အတော်လေး ထူးခြားသည်။ သူရထားသော နေကျနှလုံးကျင့်စဉ်ကတော့ ခန္ဓာကိုယ်အတွင်းပိုင်း အုတ်မြစ်အတွက် လိုအပ်သည့်အတွက် သူဓားကိုင်နေသ၍ သစ္စာဖောက်ဟု ပြော၍မရပေ။

"အစ်ကိုကတော့ တောင်အောက်ကို ဆင်းနိုင်ပြီ။ ဒါပေမဲ့ ကျွန်တော့်အတွက် အဲဒီလိုနေ့ရက်က အတော်လေး ဝေးနေသေးတယ်။ ကျွန်တော်လည်း ရှောင်လင်ကနေ ချက်ချင်း ထွက်သွားချင်တယ်။ သူတို့တွေက ကျွန်တော်နဲ့ပတ်သက်ပြီး သိသွားမှာကို ကြောက်နေရတယ်…"

မုန့်ချီက စကားမပြောတော့ဘဲ အာရုံစိုက်ထားလိုက်၏။

"ဒါပေမဲ့ ကျွန်တော်က ပြိုင်ဘက်ကင်းစွမ်းရည် ဒါမှမဟုတ် မိုးကြိုးခန္ဓာကျင့်စဉ်မျိုး ရပြီးမှ ထွက်သွားနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ…”

အကယ်၍ ဖြစ်ခဲ့သည့်အရာများကိုသာ သိသွားမည်ဆိုလျှင် ရှောင်လင်ကျောင်းမှ ထွက်သွားရန် ခက်ခဲနိုင်သည်။

ကျန်းကျိဝေက ပြောလိုက်၏။

"ရှောင်လင်ကနေ ထွက်သွားချင်တာလား။ နင်က အခုအချိန်ထိ ရှောင်လင်ရဲ့ စည်းကမ်းတွေကိုတောင် မသင်ရသေးဘူးလား....."

“စည်းကမ်းစာအုပ်တွေထဲမှာတော့ ရှောင်လင်ကနေ ဘယ်လိုထွက်သွားရမလဲဆိုတာ မပြောထားဘူး။ စည်းမျဉ်းတွေ ဖောက်ဖျက်တဲ့သူကသာ မတူညီတဲ့ အပြစ်ပေးမှုတွေကို ခံရတာ။ အပြင်းထန်ဆုံးအပြစ်ကတော့ သိုင်းပညာဖျက်ဆီးပြီး ရှောင်လင်က နှင်ထုတ်ခြင်း ခံရတာပဲ…”

ထိုအရာမျိုးကိုတော့ မုန့်ချီက စမ်းသပ်ရဲသည့် သတ္တိမရှိချေ။

ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်၏။

"ဒါက လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး…"

"ဘယ်လို..ဘယ်လိုမျိုးလဲ…"

မုန့်ချီက ထိတ်လန့်သွားခဲ့သည်။

ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်၏။

“ဆရာတစ်ယောက်ရှာပြီး ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရတာက တကယ့်ကို လေးနက်တဲ့ အရာတစ်ခုပဲ။ နင်က ကောင်းကင်နဲ့ မြေကြီးကို ကျမ်းသစ္စာ ဆိုပြီးသွားပြီလေ။ ဒီတော့ ထွက်သွားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက စည်းကမ်းချိုးဖောက်ပြီး သိုင်းပညာ ရုတ်သိမ်းခံရတာပဲ။ အဲဒါကလည်း ပေးဆပ်ရတာနဲ့တော့ အဆင်မပြေဘူး…"

မုန့်ချီက မတုန့်ပြန်နိုင်သေးခင် သူမက ဆက်ပြောလိုက်၏။

"ဒါပေမယ့် ငါပြောတာတွေက တရားဝင် ထွက်သွားနိုင်တဲ့ နည်းလမ်းတော့ မဟုတ်ဘူး။ တကယ်လို့ နင်ကသာ တောင်အောက်ကိုဆင်းဖို့ လမ်းတစ်ခု ရှာတွေ့မယ်ဆိုရင် ဒါမှမဟုတ် ဆင်ခြေပေးနိုင်မယ်ဆိုရင် တခြားနည်းလမ်းတွေလည်း သေချာပေါက် ရှိဦးမှာပါ…”

“ပထမဆုံး အကြီးအကဲဘုန်းတော်ကြီးတွေရဲ့ မျက်စိအောက်မှာ စည်းကမ်းအတိုင်း သွားရလိမ့်မယ်။ အဲဒီအချိန် အတောအတွင်း ထွက်ပြေးဖို့ အခွင့်အရေးကို ရှာရလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ ချီစုဆောင်းရေးအဆင့်ကို အောင်မြင်ပြီးတဲ့ တပည့်တွေကိုတော့ ဆရာတွေက လာပြီး ရွေးကြတယ်။ ဆရာတွေ ရှိနေမယ် ဆိုရင်တော့ ထွက်ပြေးဖို့က တော်တော်လေးကို ခက်တယ်…”

“ဒုတိယအချက်ကတော့ နင်က ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ပြီးရင် ကြေးနီလူသားလမ်းကြောင်းကို ချိုးဖျက်လို့ ရနိုင်မယ်။ ဒါဆိုရင်တော့ တောင်အောက်ကို တရားဝင်ဆင်းခွင့်ရလိမ့်မယ်။ နင်က သိုင်းလောကမှာ ရှောင်လင်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့အတွက် ကြိုးစားပေးရလိမ့်မယ်။ ဒါပေမဲ့ ရှောင်လင်ရဲ့ ကြေးနီလူသားလမ်းကြောင်းက အရမ်းကို ကြောက်စရာကောင်းတယ်လို့ နာမည်ကြီးတယ်။ အခုချိန် ငါကိုယ်တိုင်တောင် အဲဒီလမ်းကြောင်းကို အောင်မြင်ဖို့အတွက် (၆၀)ရာခိုင်နှုန်း မရှိဘူး။ နင်ကတော့ နောက်ထပ် နှစ်တွေအများကြီး စောင့်ရဦးမယ် ထင်တယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် နင်က အဲဒီလမ်းကြောင်းကို ချိုးဖျက်တဲ့အချိန်မှာ လူတိုင်းက စောင့်ကြည့်နေလိမ့်မယ်။ နင်က သံသရာအရှင်သခင်ဆီကနေ လဲလာတဲ့ အရာတွေကို အားကိုးလို့လည်း ရနိုင်မှာမဟုတ်ဘူး…”

“တတိယအချက်ကတော့ ဂိုဏ်းအတွက် အကျိုးဆောင်ပေးပြီး သာမန်တပည့်အဖြစ် ပြန်ပြောင်းဖို့ အခွင့်အရေးတစ်ခုကို ရှာဖို့ပဲ။ ဒါဆိုရင်တော့ နင်က သိုင်းပညာတွေအားလုံးနဲ့အတူ အိမ်ပြန်လို့ရပြီ…"

နည်းလမ်း(၃)ခုကို ကြားသည့်အချိန်တွင် မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ “အဲဒီအရာတွေအားလုံးက အချိန်တိုလေးအတွင်း အလုပ်မဖြစ်နိုင်ဘူး…”

သူက ပြင်ပတပည့်တစ်ယောက်အဖြစ် ပြောင်းလဲခြင်းက လွယ်ကူနိုင်သော်လည်း တစ်ခုတည်းသော ပြဿနာကတော့ သူ့ကို ရှောင်လင်ကျောင်းတော်ထဲသို့ ခေါ်လာသည့် ရွှမ်ကန်းဖြစ်သည်။ သူက မုန့်ချီကို ပြင်ပတပည့်တစ်ယောက်အဖြစ် ပြောင်းလဲပေးခွင့်ပေးပြီး အိမ်ပြန်ခွင့်ပေးနိုင်မည်လော။

ခဏကြာ တိတ်တဆိတ်နားထောင်နေပြီးနောက် ကျန်းယွင်ရှန်က သက်ပြင်းချလိုက်သည်။

"တကယ်လို့ ညီလေးကျန်းတင်ကသာ သန့်ရှင်းရေးကိုယ်တော်တစ်ပါးဆိုရင်တော့ သူ့ရဲ့အလုပ်ပြီးသွားရင် ကျောင်းတော်ကနေ ထွက်သွားလို့ ရနိုင်သေးတယ်။ ငါတို့လုပ်ပေးခဲ့တာက မှားသွားပြီ…"

"ကိစ္စမရှိပါဘူး ။ တခြားလူတွေက ထွက်သွားနိုင်ပေမဲ့ ကျွန်တော်က ထွက်သွားလို့ရမှာမဟုတ်ဘူး…"

မုန့်ချီက ထိုအချက်ကို ကောင်းကောင်းကြီး သိနေခဲ့သည်။

"ရွှမ်ကန်းက ကျွန်တော်ရဲ့ တာဝန်‌တွေပြီးသွားရင်တောင် ကျောင်းတော်ကနေ ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် အခုအချိန်မှာ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားပြီး အစီအစဉ်တွေကို တစ်ဆင့်ချင်းလုပ်ဖို့လိုတယ်။ ကျွန်တော်က ရှောင်လင်ထိပ်သီး သိုင်းပညာ(၇၂)မျိုးကို သင်ကြားခွင့်ရဖို့ အခွင့်အရေးကိုလည်း လက်လွှတ်လို့မရသေးဘူး…"

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ချီကျန်းရန်က အလင်းတိုင်လုံးဆီသို့ ဝင်သွားခဲ့သည်။ သူက ကောင်းကင်တံခါးဆေးလုံးတစ်လုံးနှင့် ဂါနိုဒါးမား စွမ်းအင်ပြန်ဖြည့်ဆေးရည် တစ်ပုလင်းကို လဲလှယ်လိုက်ပြီး ကောင်းကင်ရတနာဓားသိုင်း၏ ပထမဆုံးအဆင့်(၂)ခုကို လဲလှယ်လိုက်ရာ ကောင်းကင်သလင်းကျောက်နှစ်ခုကို ရလာသည်။

သလင်းကျောက်တစ်ခုထဲတွင် အဖြူရောင်တိမ်တိုက်များက မြူခိုးများကဲ့သို့ လွင့်မျောနေပြီး တခြားသလင်းကျောက်တစ်ခုထဲတွင် သွေးရောင်အလင်းတန်းများ တောက်ပနေသည်။ သလင်းကျောက်နှစ်ခုစလုံးက အလွန်ထူးခြားစွာ လှပနေခဲ့၏။

"ဒါက အစစ်အမှန်လား..အတုလားဆိုတာတော့ ကျွန်တော်လည်းမသိဘူး…"

မုန့်ချီက အတော်လေး သံသယဝင်နေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်သလင်းကျောက်များအားလုံးက အလွန်ထူးခြားနေသည်။ သံသရာအရှင်သခင်က ချီကျန်းရန်ကို တရားဝင် သိုင်းကျမ်းတစ်ခုပေးရလောက်အောင် ရက်ရောနေခြင်း မရှိနိုင်ပေ။ သလင်းကျောက်တွေက စိတ်ဝိညာဉ်လွှဲပြောင်းပေးမှုများလား။

“ဒါက ဓမ္မကာရအဆင့်ကို တိုက်ရိုက်သွားနိုင်မဲ့ထိပ်သီးသိုင်းပညာတစ်ခုလေ…"

ကျန်းယွင်ရှန်က ပြောလိုက်၏။

ထိုစကားကို ကြားသည့်အချိန်တွင် မုန့်ချီ၏ စိတ်ထဲ၌ ရယ်စရာကောင်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။

“အဲဒီသလင်းကျောက်နှစ်ခုက သံသရာအရှင်သခင် ပွားထားတဲ့ အရာတစ်ခုလည်း ဖြစ်နိုင်တာပဲ…”

သူ့လက်ထဲတွင် ကိုင်ထားသော သလင်းကျောက်ကိုကြည့်ပြီး ချီကျန်းရန်က အသက်ကို ဝဝရှူလိုက်သည်။ သူ၏လက်နှစ်ဖက်ကတော့ အနည်းငယ် တုန်ယင်နေခဲ့၏။ ထိုအချိန်မှစ၍ သူကတော့ အနာဂတ်သစ်တစ်ခုကို သွားရပါတော့မည်။

လဲလှယ်လိုက်ပြီးနောက် မုန့်ချီက နဂိုပြောခဲ့သော အရာတစ်ခုကို အမှတ်ရသွားပြီး ပြန်မေးလိုက်သည်။

"မိန်းကလေးကျန်း…

အခုနင်က လူငယ်မှတ်တမ်းမှာ စာရင်းဝင်သွားပြီလား…"

ကျန်းကျိဝေက အပြုံးနှင့် ပြန်ပြောလိုက်သည်။

"ငါက တရားဝင် တောင်အောက်ကို ဆင်းပြီး သိုင်းလောကမှာ မကျင်လည်ရသေးဘူး။ ဒါပေမယ့် အရင်တိုက်ပွဲတွေနဲ့ တံခါး(၄)ပေါက် ပွင့်နေပြီဆိုတော့ နောက်ဆုံးအဆင့်ကိုတော့ မီမှာပါ…"

လူငယ်မှတ်တမ်းအကြောင်းကို ပြောသည့်အချိန်တွင် သူမက အနည်းငယ် မျက်မှောင်ကြုတ်နေမိသည်။

"တကယ်လို့ ငါထင်တာ မှန်မယ်ဆိုရင် မိန်းကလေးကျိနဲ့ ကူရှောင်စန်းတို့က တစ်ယောက်တည်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူက အစမှာ ဘာလို့ သိုင်းပညာ မရှိရတာလဲ။ ဒါက တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား…”

“ဒါက စိတ်ကစင့်ကလျားရောဂါ ဖြစ်နေတာများလား။ အဲဒါလည်း မဟုတ်သေးဘူး...။ စိတ်ဝိညာဉ်နှစ်ခုက ခန္ဓာကိုယ်ထဲမှာ ရှိနေတာလား…"

မုန့်ချီကတော့ နားမလည်နိုင်တော့ပေ။

ကျန်းကျိဝေက နှုတ်ခမ်းကို ကိုက်လိုက်၏။

"ငါလည်း မသိတော့ဘူး။ တကယ်လို့ စိတ်ဝိညာဉ်နှစ်ခုကသာ ခန္ဓာကိုယ်တစ်ခုထဲမှာ ရှိနေမယ်ဆိုရင်တောင် သူ့ခန္ဓာကိုယ်ရဲ့အုတ်မြစ်က ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ တကယ်လို့ သူက သိုင်းပညာတွေ သင်ထားမယ်ဆိုရင် နှစ်ယောက်စလုံးက သေချာပေါက် တတ်မှာပဲလေ…"

သူမကတော့ ထိုအရာနှင့် ပတ်သက်ပြီး အတော်လေး မကျေနပ်ဖြစ်နေခဲ့သည်။

"အဂတိသခင်မက ရက်စက်ကြမ်းကြုတ်မှုကြောင့် ကျော်ကြားတယ်။ ဒါက လမ်းမှားကျင့်စဉ်တွေရဲ့ အကျိုးသက်ရောက်မှုတစ်ခုလို့လည်း ပြောလို့ရတယ်…" ကျန်းယွင်ရှန်က ဝင်ပြောလိုက်၏။

ကျန်းကျိဝေက ပြောလိုက်သည်။

"ဒါက သူပြောခဲ့တဲ့အရာတွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် ကူရှောင်စန်းက မကောင်းဆိုးဝါးလမ်းစဉ်ကို သွားပြီး အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်။ ပြီးတော့ သိုင်းပညာနှင့် ပတ်သက်ပြီး အဆင့်မြင့်မြင့် တတ်မြောက်ထားတယ်။ အနာဂတ်ကျရင် သူက အမှောင်စာရင်းထဲမှာ သေချာပေါက် ထိပ်ဆုံးရောက်မှာပဲ…"

ကျန်းယွင်ရှန်က သက်ပြင်းချလိုက်မိ၏။

"အမှောင်စာရင်းလား…"

မုန့်ချီက ဇဝေဇဝါ‌ဖြစ်သွားသလို ခံစားလိုက်ရသည်။

ကျန်းကျိဝေက ပြုံးလိုက်၏။

"အဲဒီစာရင်းထဲမှာတော့ မကောင်းဆိုးဝါးတွေ ၊ အမှောင်သခင်တွေ ပါတယ်။ အဲဒါကို ဂိုဏ်းအသီးသီးနှင့် ကျောင်းတော်အသီးသီးက စာရင်းပြုစုထားတာ။ အဲဒီစာရင်းထဲမှာ ထိပ်ဆုံးအယောက်(၁၀၀)ရှိတယ်။ အမှန်အတိုင်း ပြောရရင်တော့ အဲဒီစာရင်းကို လုပ်ထားတာက ဝေ့ကျင်းအဆင့်ကို မရောက်ခင် သူတို့နဲ့ ဝေးဝေးနေဖို့ တပည့်တွေကို သတိပေးဖို့ အဓိကရည်ရွယ်ထားတာ…"

ရုတ်တရက်ဆိုသလို သံသရာအရှင်သခင်၏ အေးတိအေးစက် စကားသံကို ကြားလိုက်ရသည်။

"လဲလှယ်မှုပြီးဆုံးသွားပြီ။ မင်းတို့ရဲ့ပစ္စည်းတွေကို သိမ်းပြီး မင်းတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာကြီးကို ပြန်သွားကြတော့…"

မုန့်ချီက စဉ်းစားကြည့်လိုက်ပြီး တိမ်မုန်တိုင်းအပ်ကိုတော့ သူ၏ အခန်းထဲတွင် သိမ်းထားခဲ့သည်။ ထို့နောက် အနက်ရောင်နှင့် လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည့်အတွက် မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်ရာ ကျန်း‌ဟွေက သူ့အနားတွင် လေ့ကျင့်နေကြောင်း တွေ့လိုက်ရသည်။

သူ့ခေါင်းထဲတွင်‌တော့ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ သူက ပြုံးလိုက်ပြီး အနတ္တကျိန်စာဖျက်ဓားပညာ၏ ပထမဓားသိုင်းကွက်ကို စတင်စဉ်းစားနေခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးကို လာခေါက်ပြီး အော်ခေါ်လိုက်၏။

"ညီလေးကျန်းတင်... ညီလေးကျန်းဟွေ

မင်းတို့ကို တိုက်အုပ်ဆရာတော်ဝူစစ်က ဗောဓိခြံဝန်းထဲမှာ တွေ့ချင်တယ်လို့ပြောတယ်..”

Translated by Hein Htet

All Chapters