← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

သီးခြားခြံဝန်းထဲတွင် …

အလွန်ကြီးမားသော ဗောဓိညောင်ပင်ကြီးများထံမှ အစိမ်းရောင်သစ်ရွက်များ ကျဆင်းနေသည်မှာ ပန်းချီကားတစ်ချပ်သဖွယ် ထင်မှတ်ရသည်။ ထိုခြံဝန်းကိုတော့ ဗောဓိခြံဝန်းဟုခေါ်ပြီး ရှောင်လင်ကျောင်းတော်တွင် ဗုဒ္ဓလမ်းစဉ်နှင့် သမာဓိကို သင်ကြားပေးနေသော နေရာတစ်ခု ဖြစ်သည်။

ထိုအရာက သိုင်းပညာလေ့ကျင့်မှုကို အလေးထားသော ဓမ္မခြံဝန်းကိုပင် ယှဉ်နိုင်သည်။ ဗောဓိခြံဝန်း၏ အကြီးအကဲများက သိုင်းပညာတွင် အလွန်မြင့်မားသော စွမ်းရည်များရှိပြီး လော်ဟန့် ရွှေခန္ဓာပိုင်ဆိုင်ထားသော ဓမ္မခြံဝန်းရှိ အကြီးအကဲများထက် နိမ့်ကျနေခြင်း မရှိချေ။

အဓိကအကြောင်းပြချက်ကတော့ ရှောင်လင်ဟူသည်မှာ ဗုဒ္ဓလမ်းစဉ်ဂိုဏ်းတစ်ခု ဖြစ်သည်။ သိုင်းပညာကို ကျွမ်းကျင်သူအားလုံးနီးပါးတွင် တည်ငြိမ်သော သမာဓိနှလုံးသားတစ်ခု လိုအပ်သည်။ ဗုဒ္ဓသင်ကြားမှုများကို လေးလေးနက်နက် နားလည်လာလေခေ သူတို့၏ဆန္ဒများက တဖြည်းဖြည်း ပျောက်ကွယ်သွားလေလေ ဖြစ်သည်။

တဖြည်းဖြည်းနှင့် သူတို့က ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်လာပြီး သိုင်းပညာလေ့ကျင့်မှုတွင်လည်း လျင်မြန်စွာ တိုးတက်လာသည်။

ဗောဓိခြံဝန်းထဲတွင် ရှိနေသော အခန်းငယ်တစ်ခန်းထဲတွင် ထိုင်ဖုံအနည်းငယ် ရှိနေပြီး ဘုန်းတော်ကြီးတစ်ပါး ထိုင်နေခဲ့သည်။ သူ၏မျက်နှာအမူအရာက သစ်ပင်အိုတစ်ပင်ကဲ့သို့ ဖြစ်နေပြီး မျက်ခုံးနှင့် မျက်နှာပေါ်တွင်သာ ရှားရှားပါးပါး အရေးကြောင်း အနည်းငယ် ရှိသည်။

သူက သစ်သားပေတံကို ခေါက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"တူလေးရွှမ်ပိုင် …

မင်းက ကျန်းတင်ကို တပည့်အဖြစ် ဘာလို့လက်ခံချင်ရတာလဲ…"

အလွန်ချောမောခန့်ညားပြီး ရှုတည်တည် မျက်နှာပေါက်နှင့် ရွှမ်ပိုင်က ပြန်မဖြေရသေးခင် တခြားသော ဘုန်းတော်ကြီးတစ်ပါးက အေးအေးဆေးဆေး ပြောလိုက်ပြန်သည်။

"တူလေးရွှမ်ပိုင် …

ကျန်းဟွေကို တပည့်အဖြစ် လက်ခံတဲ့အပေါ် ငါက ဘာမှမပြောလိုပါဘူး ။ ဝေယျာဝစ္စ ခြံဝန်းနဲ့ တိုက်ခိုက်ရေးခြံဝန်းမှာရှိတဲ့ ဂိုဏ်းထောက်ကိုယ်တော်တွေအားလုံးက သူ့ကို မှတ်ချက်ပေးထားကြပြီးသား။ သူက ဗုဒ္ဓလမ်းစဉ်ကို သွားဖို့အတွက် တော်တော်လေးကို သင့်တော်တယ်။ ဒါပေမယ့် ကျန်းတင်နဲ့တော့ မတူဘူး။ ဝေယျာဝစ္စခြံဝန်းထဲမှာ သူက စိတ်ဓာတ်လည်း မတည်ငြိမ်သလို လှည့်စားမှုတွေလည်း အရမ်းများတယ်။ တိုက်ခိုက်ရေးခြံဝန်းထဲမှာလည်း သူက တခြားသူကို အနိုင်ကျင့်ချင်တယ်။ ဒါကို ငါတို့က ရှောင်လင်တပည့်တစ်ယောက်အဖြစ် ဘယ်လိုများ သတ်မှတ်ရမလဲ…"

အလွန်အသက်ကြီးနေသော ဘုန်းတော်ကြီးတစ်ပါးကလည်း ဝင်ပြောလိုက်ပြန်သည်။

"ကျန်းတင်ဆီမှာ တကယ်ပဲ ရလဒ်ကောင်းတွေ ရှိပါတယ်။ ဒါပေမယ့် ရှောင်လင်ကို ရောက်လာပြီဆိုမှတော့ အကျင့်စရိုက်ကို အလေးထားဖို့က အရေးကြီးဆုံးပဲ။ တပည့်တစ်ယောက်က လုံးဝမသန့်စင်ဘူးဆိုရင်တောင် ရင်ထဲမှာတော့ လှည့်စားမှုတွေ ရှိမနေသင့်ဘူး။ အနည်းဆုံးတော့ သူက အဲဒီစိတ်တွေကို မထိန်းချုပ်နိုင်ဘဲ သူတစ်ပါးကို အနိုင်ကျင့်ချင်စိတ်ရှိတယ်။ ငါအကြံပေးရမယ်ဆိုရင်တော့ သူ့ကို ချီစုဆောင်းရေးအဆင့် ကျင့်စဉ်တစ်ခုပဲ ဆုလာဘ်အဖြစ် ရွေးချယ်ခိုင်းတာ ပိုကောင်းမယ်‌…"

ဗောဓိခြံဝန်းနှင့် ဓမ္မခြံဝန်းတွင် ရှိနေသော အကြီးအကဲများက ‌ဝေယျာဝစ္စခြံဝန်းနှင့် တိုက်ခိုက်ရေး ခြံဝန်းရှိ ကိုယ်တော်များကို အမြဲလိုလို စောင့်ကြည့်နေတတ်ပြီး ဂိုဏ်းထောက်ကိုယ်တော်များကို သေချာမေးမြန်းတတ်သည်။ ထို့နောက် သူတို့က ရှောင်လင်သိုင်းပညာများကိုအမှန်တကယ် သင်ကြားပေးခွင့်ရှိမရှိ ဆုံးဖြတ်ကြ၏။ ထိုရွေးချယ်မှုကလည်း အတိုင်းအတာတစ်ခုထိ အောင်မြင်နိုင်သည်။

မျိုးဆက်တိုင်းတွင် လမ်းလွှဲကို ရောက်သွားသူများ ရှိနေသလို ကျောင်းတော်နှင့် ဗုဒ္ဓကို သစ္စာဖောက်သွားသူများလည်း ရှိသည်။ သူတို့တွေကတော့ အပြင်ဘက်တွင် တောက်ပြောင်နေသော်လည်း အတွင်းပိုင်းတွင်တော့ ပုပ်သိုးပျက်စီးနေသည်။

အမှန်အတိုင်းပြောရလျှင် ဓမ္မခြံဝန်းထဲတွင် ရှိနေသော ဘုန်းတော်ကြီးတချို့ကလဲ အလွန်ခေါင်းမာကြသည်။ သူတို့က လူငယ်လေးများကို လေ့ကျင့်ပေးရာတွင် ဗုဒ္ဓ၏လမ်းညွှန်ချက်များကိုသာ လေ့ကျင့်ပေးထားပြီး အနာဂတ်၌ လမ်းမှားရောက်သွားလျှင် ရှောင်တိမ်းနိုင်ရန် ရည်ရွယ်ထားသည်။

ရွှမ်ပိုင်ကတော့ မျက်မှောင်ကြုတ်နေမိ၏။ သူက အဝေးကို ငေးကြည့်နေရင်း ခြောက်ကပ်စွာ ပြောလိုက်သည်။

"ဆရာဦးလေးတို့…

ကျန်းတင်က တိုက်ခိုက်ရေးခြံဝန်းထဲမှာ အနိုင်ကျင့်နေတာ မဟုတ်ဘူး ။ ကျန်းလျန်ကပဲ တခြားလူတွေကို အနိုင်ကျင့်နေခဲ့တာ။ ကျန်းတင်က မမျှတတာကို မြင်တဲ့အတွက် ကူညီပေးခဲ့တာလေ ။ သူ့ရဲ့အပြုအမူက မမှန်ပေမယ့် သူရင်ထဲမှာတော့ မကောင်းတဲ့စိတ် မရှိဘူး…."

သူကတော့ နောက်ပိုင်းမှသာ ကျောင်းတော်ထဲကို ဝင်လာခဲ့ခြင်း ဖြစ်သည့်အတွက် ဘုန်းတော်ကြီး တစ်ယောက်အနေနှင့် မဟုတ်ဘဲ သိုင်းလောကသား တစ်ယောက် အနေနှင့်သာ စဉ်းစားထားခဲ့သည်။ ဤနေရာတွင် ဘုန်းတော်ကြီးများအားလုံးက ဝူမျိုးဆက်များ ဖြစ်ကြသည့်အတွက် ရွှမ်ပိုင်က အားလုံးကို ဆရာဦးလေးများဟု ခေါ်ဆိုခြင်းဖြစ်၏။ ကျောင်းတော်ထဲတွင် ကုံမျိုးဆက် ဘုန်းတော်ကြီးများက (၅)ပါးပင် မရှိတော့ချေ။

"ကြမ်းတမ်းမှုကို ကြမ်းတမ်းမှုနဲ့ပဲ ပြန်တုံ့ပြန်တာ မဟုတ်လား။ အဲဒါက အစစ်အမှန် တည်ငြိမ်မှု ဟုတ်ပါ့မလား…"

ကြင်နာသနားတတ်သော မျက်လုံးနှင့် ဘုန်းတော်ကြီးအိုကြီးက ခေါင်းခါ၍ ပြောလိုက်သည်။

သစ်ကိုင်းခြောက်ကြီးကဲ့သို့ ခြောက်ကပ်နေသော ဘုန်းတော်ကြီးကလည်း ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

"တူလေးရွှမ်ပိုင်…

မင်းက စိတ်ရှည်ရှည်ထားပါဦးလား…။ ကျန်းတင်ကို တိုက်ခိုက်ရေးခြံဝန်းထဲမှာ အချိန်ကြာကြာ စောင့်ကြည့်လိုက်ပြီး သူရဲ့စိတ်တွေပြောင်းသွားတဲ့အချိန်မှ ခေါ်ရင်ကော မကောင်းဘူးလား…"

ရွှမ်ပိုင်က ထိုဘုန်းတော်ကြီးကို လှည့်ကြည့်လိုက်ပြီး လက်အုပ်ချီ၍ တလေးတစား ပြောလိုက်၏။

"ကျန်းတင်က အတော်လေးငယ်သေးတယ်။ ပုံသွင်းလို့လည်း ရတယ် ။ ပြီးတော့ အလွယ်တကူ ပြုပြင်ပြောင်းလဲလို့လည်း ရတယ်။ သူ့ကို စည်းမျဉ်းစည်းကမ်းတွေနဲ့ အတင်းအကြပ် တွန်းအားပေးလို့ မရနိုင်ဘူး..”

“အော်မီတော်ဖော်....

ဆရာဦးလေးဝူစစ် … ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ တောင်းဆိုမှုကို လက်ခံပေးပါ…"

ထိုဘုန်းတော်ကြီး၏နာမည်က ဝူစစ်ဟုခေါ်သည်။ သူက ဗောဓိခြံဝန်း၏ တိုက်အုပ်ကိုယ်တော်လည်းဖြစ်၏။ သူက ကျောင်းထိုင်ဆရာတော် ကုံဝမ်၏ ပထမဦးဆုံးတပည့်ဖြစ်ပြီး ရွှမ်ပိုင်၏ ဆရာဦးလေးလည်း ဖြစ်သည်။

သူ့ဆရာက ကုံဝမ်၏ တပည့်‌ငယ်လေးတစ်ယောက်ဖြစ်သော ဝူကုံ ဖြစ်၏။ သို့သော် သူက ကျောင်းတော်ထဲကို ရောက်မလာခင် မကောင်းဆိုးဝါးနတ်ဆိုးများ၏ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားခဲ့၏။

"သူက စည်းမျဉ်းစည်းကမ်းတွေကိုတောင် လက်မခံနိုင်ရင် ဗုဒ္ဓကျင့်စဉ်တွေကို ဘယ်လိုသင်ယူနိုင်မှာလဲ။ တူလေးရွှမ်ပိုင်… မင်းက ဘာလို့ သူ့ကို တပည့်အဖြစ် လက်ခံဖို့ အတင်းခေါင်းမာနေရတာလဲ…"

ထိုအရာက တူညီသောခေါင်းစဉ်ကိုသာ ပြန်ရောက်သွားခဲ့သည်။ သို့သော် ရွှမ်ပိုင်ကတော့ ပြန်မဖြေခဲ့ပေ။

ဝူစစ်က သစ်သားပေတံကို ခေါက်နေရင်း ပြောလိုက်၏။

"အစ်ကိုတော်ဝူရှန့် …

ကျွန်တော်တို့အားလုံးက တပည့်တွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်လေ။ ဒီတော့ ဒီကိစ္စကို ဆက်ပြီးတော့ မပြောပါနဲ့တော့။ တူလေးရွှမ်ပိုင်က သူ့ရဲ့ဆုံးဖြတ်ချက်အတွက် သေချာပေါက် တာဝန်ယူပါလိမ့်မယ်…"

အကယ်၍ တပည့်ကသာ အမှားလုပ်မိပြီဆိုလျှင် ဆရာကိုယ်တိုင်လည်း အပြစ်ပေးခံရမည်ဖြစ်သည်။

ရွှမ်ပိုင်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။

……………….

စိမ်းလန်းစိုပြည်နေသော ဗောဓိညောင်ပင်ကြီးများကိုကြည့်၍ မုန့်ချီကတော့ ရင်ထဲတွင် လှုပ်ရှားနေသလို ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် သူကတော့ ဗောဓိခြံဝန်း၏ ဆုလက်ဆောင်ကို လက်ခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် သံသရာကမ္ဘာကြီးထဲတွင်ပင် သိုင်းကျင့်စဉ်များ ရွေးချယ်ခဲ့ခြင်း မရှိချေ။

အကယ်၍ သူ၏တွက်ဆချက်ကသာ မှားယွင်းသွားမည်ဆိုလျှင် သူ၏ သိုင်းပညာက အဆင့်တက်ရန် မဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင် နောက်ထပ်လုပ်ဆောင်ရမည့်တာဝန်က အလွန်အန္တရာယ်များ၏။ လက်ရှိအခြေအနေတွင်တော့ သူ့ဆီတွင် သွေးဓားသိုင်း၊ တိမ်မုန်တိုင်းအပ် ၊ ဂါနိုဒါးမားစွမ်းအင်ပြန်ဖြည့်ဆေးနှင့် အနတ္တကျိန်စာဖျက် ဓားသိုင်းတို့ ရှိနေသည်။

အကယ်၍ သူကသာ ဗောဓိခြံဝန်း၏ ဆုလာဘ်ကို မရလျှင် အနတ္တကျိန်စာဖျက် ဓားသိုင်းကို ဆက်၍လေ့လာရန် စဉ်းစားထားသည်။ အများဆုံးနှင့် ကျန်းကျိဝေနှင့် တခြားလူများက သူ့အတွက် အဆိပ်သုပ်ထားသော မြားများ ရယူပေးနိုင်သေးသည်။

ဗောဓိညောင်ပင်ကြီးများကိုကြည့်နေရင်း သူ့ဘေးတွင် လျှောက်လာသော ကျန်းဟွေကို လှည့်ကြည့်လိုက်၏။ မုန့်ချီ၏ခေါင်းထဲတွင် မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။

“တကယ်လို့ ငါက ဒီမှာ ဆုလာယူရတာဆိုရင် ဘာလို့ ဂိုဏ်းတူညီလေးကရော ငါနဲ့အတူ လိုက်လာရတာလဲ …”

ထိုမေးခွန်းကတော့ သူမကျေမနပ် ဖြစ်နေရသည့်အကြောင်းအရင်းလည်း ဖြစ်သည်။

"ညီလေး…

မင်းက သိပ်မကြာခင်အတောအတွင်း ဘာတွေလုပ်ခဲ့လဲ…"

မုန့်ချီက မနေနိုင်ဘဲ မေးလိုက်၏။

ကျန်းဟွေက လက်ချောင်းလေးများနှင့် ရေတွက်ကြည့်နေပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"ကျွန်တော်က သင်ကြားရေးသွားတယ် ။ ရေခပ်တယ် ။ မနက်စာစားတယ် လေ့လာတယ် ။ နေ့လည်စာ စားတယ်။ သိုင်းပညာလေ့ကျင့်တယ်။ ညစာစားတယ်။ တရားထိုင်တယ် ။ ပုံပြင်တွေနားထောင်တယ် ။အိပ်တယ်လေ အစ်ကိုကြီး။ အဲဒါက ကျွန်တော်လုပ်တဲ့အရာတွေပဲ။ ပြီးတော့ ကျွန်တော့်ကို စည်းကမ်းထိန်းသိမ်းရေးခြံဝန်းက အော်ငေါက်ခဲ့သေးတယ်…"

"ငါက အဲဒါကို ပြောချင်တာ မဟုတ်ဘူး။ မင်းကို ဘာလို့ဗောဓိခြံဝန်းဆီ ခေါ်လိုက်လဲဆိုတာကို မင်း သိလား…"

မုန့်ချီက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။

ကျန်းဟွေက မုန့်ချီကိုကြည့်၍ ပြန်မေးလိုက်၏။

"အစ်ကိုကြီးရော အကြောင်းပြချက်ကို သိလား…"

သူကလည်း ထိုအရာကို အလွန်သိချင်နေခဲ့သည်။

"ငါလည်း မသိဘူးလေ…"

မုန့်ချီက မျက်နှာကို လက်နှင့်အုပ်ပြီး ပြန်ဖြေလိုက်၏။

ခြံဝန်းတံခါးကို ဖွင့်လိုက်ပြီးနောက် ကိုရင်ငယ်လေးတစ်ပါးက သူတို့ကို အခန်းတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။ အခန်းထဲတွင်တော့ ဘုန်းတော်ကြီးနှစ်ပါး ထိုင်နေပြီး သူတို့က အဝါရောင်နဲ့ အနီရောင်ကြက်ခြေခတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။

သူတို့၏ အနားတွင်တော့ အသက်(၄၀)ခန့်ရှိသော ဘုန်းတော်ကြီးတစ်ပါးရှိပြီး သူက ချောမောခန့်ညားသော်လည်း ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ရှိနေသည်။ ထိုအရာကတော့ မုန့်ချီနှင့် တွေ့ခဲ့ဖူးသော ရွှမ်ပိုင်ဖြစ်၏။

တခြားသော ဘုန်းတော်ကြီးတစ်ပါးကတော့ ခြောက်ကပ်နေသော သစ်ပင်အိုကြီးတစ်ပင်ကဲ့သို့ ဖြစ်နေသည်။ သူ၏မျက်နှာပေါ်တွင် အရေးအကြောင်းများ ရှိနေပြီး မုတ်ဆိတ်များ၊ မျက်ခုံးများကလည်း မရှိတော့သလောက် ဖြစ်နေခဲ့၏။

"တိုက်အုပ်ဆရာတော် ၊ ဆရာဦးလေး …

ကျွန်တော်က ကျန်းတင်နဲ့ ကျန်းဟွေတို့ကို ခေါ်လာခဲ့ပါပြီ"

ကိုရင်လေးက တလေးတစား ပြောပြီး ဦးညွှတ်၍ ထွက်သွားခဲ့၏။

"ငါက ဗောဓိခြံဝန်းရဲ့တိုက်အုပ်ကိုယ်တော်ပဲ…"

ခြောက်ကပ်နေသော ကိုယ်တော်၏စကားကို ကြားသည့်အခါ မုန့်ချီနှင့်ကျန်းဟွေတို့က လျင်မြန်စွာ အရိုအသေပေးလိုက်ကြသည်။

ဝူစစ်က အဝေးကို လှမ်းကြည့်လိုက်သည်။

"ကျန်းဟွေ…

ရွှမ်ပိုင်က မင်းကို တပည့်အဖြစ် လက်ခံချင်နေတယ် ။ မင်းက ဆန္ဒရှိရဲ့လား…"

"ဘယ်လို…."

မုန့်ချီက အလွန်ထိတ်လန့်အံ့သြသွားခဲ့သည်။ သူ၏ထိတ်လန့်အံ့သြမှုက ချက်ချင်းပင် တည်ငြိမ်သွား၏။ ကျန်းဟွေက ဤနေရာသို့ ရောက်လာသည်မှာ ရွှမ်ပိုင်က တပည့်အဖြစ် ရွေးချယ်လိုက်ခြင်းကြောင့် ဖြစ်သည်။

ထိုအရာက မုန့်ချီ၏ ဆုလာဘ်နှင့်ပတ်သက်မှုမရှိချေ။ ထိုကောင်လေးက အလွန်ဉာဏ်ထိုင်းသော်လည်း အလွန်အဆင့်မြင့်သော ဆရာကြီးတစ်ယောက်၏ ရွေးချယ်မှုကို ခံခဲ့ရ၏။ သူက အားကျသွားသော်လည်း ခဏအတွင်း ခံစားချက်များ ပျောက်သွားခဲ့သည်။

ထိုအရာနှင့် ပတ်သက်၍ သူ့ဆီတွင် အကြောင်းပြချက်နှစ်ခုသာ ရှိ၏။ တစ်ခုကတော့ ကျန်းဟွေက သူ၏မိတ်ဆွေကောင်း တစ်ယောက်ဖြစ်သည့်အတွက် သူလည်း ဝမ်းသာသွားသလို ခံစားလိုက်ရသည်။

နောက်တစ်ခုကတော့ မုန့်ချီဆီတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေသည့်အတွက် ဆရာတစ်ယောက်၏ လက်အောက်တွင် လေ့ကျင့်ရန် ခက်ခဲသည်။ ထို့ကြောင့် သူက အများနှင့်ရောနှောနေပြီး ကျင့်စဉ်များကို သင်ယူခြင်းက ပို၍ကောင်းမွန်လှ၏။ အခွင့်အရေးရလာလျှင်တော့ သူလည်း ရှောင်လင်မှ ထွက်သွားနိုင်ပါလိမ့်မည်။

ပထမ‌တွင်တော့ကျန်းဟွေ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ပေါ်လာခဲ့၏။ ထို့နောက် သူက ဝမ်းသာသွားပြီး တွေဝေနေပြန်သည်။ သူက ဒူးထောက်ပြီး ပြောလိုက်၏။

"ကျွန်တော်က လက်ခံပါတယ်။ ဒါပေမယ့် တောင်းဆိုမှုတစ်ခုရှိတယ်…"

"သာမန်တပည့်တွေက သူတို့ကို ရွေးပြီးသွားရင် အရမ်းကို ကျေးဇူးတင်နေကြတာ။ ဘယ်သူကမှ တောင်းဆိုမှုမလုပ်ကြဘူး…"

ဝူစစ်က သူ့ကိုတိုးတိုးလေး ဆူလိုက်သည်။ အလွန်ရိုးရှင်းပြီး အပြစ်ကင်းစင်သော ကျန်းဟွေကဲ့သို့ ကလေးတစ်ယောက်ကို မြင်နေရသည့်အချိန်တွင် ဝူစစ်ကတော့ စိတ်ရှုပ်သွားသလို မခံစားရပေ။

ရွှမ်ပိုင်ကလည်း ဒေါသထွက်နေခြင်းမရှိဘဲ ခေါင်းညိတ်၍ ပြောလိုက်၏။

"မင်းက အရမ်းကိုဖြူစင်ပြီး ရိုးသားတယ် ။ ဘာတောင်းဆိုချင်တာလဲပြောပါ…"

ကျန်းဟွေက ခေါင်းငုံ့၍ ပြောလိုက်၏။

"ဆရာ….

ကျေးဇူးပြုပြီး အစ်ကိုကြီးကျန်းတင်ကိုရော တပည့်အဖြစ် လက်ခံပေးပါ…."

"ဘယ်လို…"

မု့န်ချီက နောက်တစ်ကြိမ် အံ့ဩသွားခဲ့ပြန်သည်။

သူစိတ်ထဲတွင်လည်း ခံစားချက်များစွာ ထွက်ပေါ်လာခဲ့၏။ သူက ကျန်းဟွေကို ကောင်းကောင်းဆက်ဆံခဲ့ပြီး မကြာခဏ လမ်းညွှန်မှုများ ပေးခဲ့သည်။ သို့သော် သူ၏လုပ်ရပ်အများစုကတော့ သူရင်ဆိုင်နေရသော ဖိအားမှ ရုန်းထွက်ရန် ကြိုးစားနေခြင်းသာဖြစ်သည်။

လူစိမ်းများကြားထဲတွင် တစ်ယောက်တည်း အထီးကျန်နေခြင်းကို ဖြေဖျောက်ရန် သက်သက်သာဖြစ်နေ၏။ သံသရာကမ္ဘာကြီးပေါ်လာသည့်အတွက် သူက ကျန်းဟွေကို ကောင်းကောင်းဆက်ဆံသည်ဟု ပြော၍မရတော့ပေ။ ကျန်းဟွေကတော့ သူ့ကို ထိုကဲ့သို့ ပြန်ပေးဆပ်မည်ဟု မည်သူက တွေးထားမည်နည်း။

ရွှမ်ပိုင်က ပြုံးလိုက်ပြီး ပေါပေါ့ပါးပါး ပြောလိုက်သည်။

"မင်းက မင်းရဲ့အစ်ကိုကြီးကို တော်တော်သဘောကျနေတာပဲ…"

ထိုစကားကို ကြားသည့်အခါ မုန့်ချီက သတိပြန်ဝင်လာပြီး ကျန်းဟွေကို စိုက်ကြည့်လိုက်သည်။

"ညီလေး….

မင်းက စိတ်ကောင်းရှိတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် အစ်ကိုကြီးက ဆရာတစ်ယောက်ရဲ့ လက်အောက်မှာ မသင်ချင်ဘူး။ ကျေးဇူးပြုပြီး ပြဿနာမရှာပါနဲ့…."

သူက ကျန်းဟွေကိုကြည့်ပြီး ရွှမ်ပိုင်ကို တလေးတစား ပြောလိုက်သည်။

"ကျေးဇူးပြုပြီး သူပြောတာကို လက်မခံပါနဲ့…"

"ကျန်းတင်….

ငါက မင်းရဲ့ဆန္ဒတွေကို ခံစားမိတယ်။ ကျန်းဟွေကတောင် ဒီလိုတောင်းဆိုနေမှတော့ ငါလည်း သူရဲ့တောင်းဆိုမှုကို လက်ခံရတော့မှာပဲ…"

ရွှမ်ပိုင်က ပြန်ဖြေလိုက်သည်။ သူ၏အပြုံးက အနည်းငယ် အသက်မဲ့နေသော်လည်း စိတ်ပျက်နေခြင်းတော့ မရှိချေ။

ရွှမ်ပိုင်၏မျက်နှာ အမူအရာကိုကြည့်၍ ဝူစစ်က စကားတခွန်းမျှ ဝင်မပြောခဲ့ချေ။ သူက သက်ပြင်းချရုံသာ တတ်နိုင်တော့၏။ ရှောင်လင်ကို ရောက်သည့်အချိန်မှစ၍ တူလေးရွှမ်ပိုင်က ယခုလိုပြုံးသည်မှာ ရှားလွန်းလှသည်။

“ဒီကိစ္စကို အတင်းကြီးတွန်းအားပေးဖို့ မလိုပါဘူး..”

မုန့်ချီကတော့ လက်မခံနိုင်သေးပေ။ ထိုအခြေနေမျိုးတွင် သူက ငြင်းဆန်ခြင်းသာ ရှိ၏။ အများဆုံးတော့ ကိုရင်အပါး(၁၀၀)ခန့်တွင် တစ်ယောက်ကသာ အကြီးအကဲ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်နိုင်ပါလိမ့်မည်။

“ထားလိုက်ပါတော့ ၊ ငါက ဒီနေရာထွက်သွားဖို့ အခွင့်အရေးတစ်ခု ရှာနေတာပဲ။ ဆရာတစ်ယောက်ရဲ့ ညွှန်ကြားမှုရှိတယ်ဆိုရင် အဲဒီလိုနေ့ရက်က အနှေးနဲ့အမြန်ရောက်လာမှာပဲ…”

မုန့်ချီက နားလည်သွားပြီး ရုတ်တရက် ဒူးထောက်လိုက်သည်။

"ကျွန်တော်က ဆရာရဲ့တပည့်တစ်ယောက် ဖြစ်သွားပါပြီ….”

စိတ်ထဲတွင် ပြင်ဆင်လိုက်ပြီးနောက် မုန့်ချီနှင့်ကျန်းဟွေတို့က ဗောဓိခြံဝန်းထဲတွင် ရွှမ်ပိုင်၏ တရားဝင်တပည့်များအဖြစ် သတ်မှတ်ခံလိုက်ရသည်။ ဗောဓိနှင့်ဓမ္မခြံဝန်းထဲရှိ အကြီးအကဲများကို သတ်သေအဖြစ် ထားပြီး စည်းကမ်းထိန်းသိမ်းရေးခြံဝန်းနှင့် ကျမ်းစာခြံဝန်းထဲမှ ဂိုဏ်းထောက်ကိုယ်တော်များက ထိုအဖြစ်အပျက်ကို မှတ်တမ်းတင်နေကြသည်။

စည်းကမ်းထိန်းသိမ်းရေးခြံဝန်းကို ကိုယ်စားပြုသော‌ရွှမ်ကုံက ဗောဓိခြံဝန်းထဲကို ဝင်လာပြီးနောက် ရွှမ်ပိုင်၏အရှေ့တွင် ဒူးထောက်နေသော မုန့်ချီနှင့် ကျန်းဟွေတို့ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူ၏မျက်နှာက သွေးမရှိတော့သလို ဖြစ်သွား၏။

သူက တုန်ရင်နေသောလေသံဖြင့် အခြားကိုယ်တော်များကို မေးလိုက်သည်။

"သူတို့က သူ့ရဲ့တပည့်တွေဖြစ်သွားပြီလား…"

သတင်းကို သေချာသိသွားပြီးနောက် သူက ပထမတွင် အံ့ဩသွားခဲ့သည်။ ထို့နောက် စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်၏။ ရွှမ်ပိုင်က ကျန်းဟွေနှင့် ကျန်းတင်တို့ကို တပည့်အဖြစ် ရွေးချယ်လိုက်သည့်အတွက် ကျန်းတင်ကို တပည့်ရွေးချယ်ပွဲ လွဲချော်သွားအောင် သူလုပ်ခဲ့သည်မှာ အသုံးမဝင်တော့ပေ။ သူက အတော်လေး စိတ်ပျက်နေခဲ့၏။

ရွှမ်ကုံ၏အမူအရာကို မြင်သည့်အခါ မုန့်ချီက ကျေနပ်သွားခဲ့သည်။ သူကတော့ ဆရာတစ်ယောက်၏ တပည့်ဖြစ်သွားသည့်အတွက် ပိုကောင်းသွားသလို ခံစားလိုက်ရ၏။

“ဒါက ငါရသင့်တဲ့ဆုကြေးပဲ…”

တပည့်လက်ခံခြင်း အခမ်းအနားပြီးဆုံးသွားပြီးနောက် မုန့်ချီနှင့်ကျန်းဟွေတို့က ရှောင်လင်၏ တရားဝင်တပည့်များ ဖြစ်လာပြီး ကျောင်းထိုင်၏ လက်အောက်ကို ရောက်လာခဲ့သည်။

"အခုမင်းတို့တွေက ငါ့တပည့်ဖြစ်သွားပြီ ဒီတော့ မင်းတို့လေ့ကျင့်ဖို့ ကျင့်စဉ်တစ်ခုကို ရွေးချယ်နိုင်တယ်။ တကယ်လို့ မင်းတို့ရဲ့နှလုံးသားက တည်ငြိမ်ပြီး ဗုဒ္ဓကျင့်စဉ်ကို နားလည်နိုင်မယ်ဆိုရင်တော့ မင်းတို့က မိုကီမိစ္ဆာခွင်းလက်သီးနဲ့ အဆင့်မြင့်ပုံရိပ်ယောင်ကျင့်စဉ်ကို သင်ကြားလို့ရမယ်...။ တချိန်တည်းမှာပဲ အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို‌သင်ကြားဖို့အခွင့်အရေးလည်းရမယ်။ ပြီးတော့ ဗုဒ္ဓလက်ဝါးတတိယအဆင့်ကို ကြည့်ခွင့်ရမယ်…"

သာမန်လေ့ကျင့်မှုများအရ ရွှမ်ပိုင်က သူ၏တပည့်အသစ်များဖြစ်သော မုန့်ချီနှင့်ကျန်းဟွေကို သူတို့နှင့် ကိုက်ညီသည့်ကျင့်စဉ်များ ရွေးချယ်ပေးရန် လိုအပ်သည်။ သို့သော် ဗုဒ္ဓလက်ဝါးသိုင်း ၊အရိုးကြွက်သားအားဖြည့်ကျင့်စဉ်တို့ကို သင်ကြားရန် အခွင့်အရေးများကတော့ သာမန်တပည့်ကြားထဲတွင်ပင် အလွန်နည်းပါးလှသည်။

ထိုအရာကို ကြားသည့်အခါ မုန့်ချီက စိတ်လှုပ်ရှားနေခဲ့၏။ သို့သော် သူကတော့ သေရေးရှင်ရေး အခြေအနေများကို ဖြတ်ကျော်ပြီးသွားပြီ ဖြစ်သည့်အတွက် ထိုအရာများကို အလွန်အမင်း စိတ်မဝင်စားတော့ပေ။ အရေးကြီးဆုံးအရာကတော့ရှောင်လင်သိုင်းပညာ(၇၂)မျိုးထဲမှ တစ်မျိုးကို သင်ကြားခွင့်ရတော့မည်ဖြစ်သည်။

“ငါ့ကို လေ့လာပြီးသွားရင် ဆရာက ငါနဲ့သင့်တော်တဲ့ကျင့်စဉ်တစ်ခုကို သေချာပေါက် လမ်းညွှန်ပေးမှာပဲ။ သဏ္ဍာန်မဲ့ လက်ညှိုးသိုင်း ဒါမှမဟုတ် ပန်းခူးလက်ညှိုးသိုင်းတို့လည်း ဖြစ်နိုင်တယ်။ ငါက သူ့ကို အထင်သေးအောင် လုပ်မိတာ ကံဆိုးသွားတယ်။ ဘာလို့လဲဆိုတော့ ငါက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် ဒါမှမဟုတ် ပြိုင်ဘက်ကင်းမိုးကြီုးခန္ဓာကျင့်စဉ်ကို သင်ကြားဖို့ပဲ အာရုံစိုက်ရမှာ…”

မုန့်ချီက သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့သည်။

"ကျန်းတင် …

မင်းက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို ရွေးချယ်ရမယ်…"

ရွှမ်ပိုင်က တိတ်တဆိတ် ပြောလိုက်၏။

Translated by Hein Htet.

All Chapters