အခန်း (၄၉)
Vol. 4 Ch. 49
ကောင်းကင်ပေါ်တွင် ကြယ်အနည်းငယ်သာ ရှိနေပြီး လမင်းကြီးကတော့ ထူးထူးခြားခြားကို တောက်ပနေခဲ့သည်။ မြောက်ပြန်လေက အရိုးခိုက်မတတ် တိုက်ခတ်နေခဲ့၏။
မုန့်ချီနှင့် ကျန်းဟွေတို့ကတော့ တိုက်ခိုက်ရေး ခြံဝန်းဆီသို့ ပြန်လျှောက်သွားနေခဲ့ကြသည်။
"ညီလေး...
ငါ့ကိုပါ တပည့်အဖြစ် လက်ခံပေးဖို့ ဆရာ့ဆီကို တောင်းဆိုပေးတာ ကျေးဇူးတင်ပါတယ်။"
ခဏကြာတိတ်ဆိတ်နေပြီးနောက် မုန့်ချီက ပြောလိုက်သည်။ ထိုအရာက အမှန်တကယ် သူလိုချင်နေသော အရာတစ်ခု မဟုတ်သော်လည်း သူ့ညီလေး၏ သစ္စာရှိမှုက သူ၏ကျေးဇူးတင်စကားနှင့် ထိုက်တန်နေသေး၏။
ကျန်းဟွေက လျင်မြန်စွာ လျှောက်လာနေရင်း အတော်လေး ပျော်ရွှင်နေပုံရသည်။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ဒါက ကျွန်တော်နှင့် ဘာမှမဆိုင်ပါဘူး..။ ဆရာက အစ်ကိုကြီးကို တပည့်အဖြစ် လက်ခံချင်နေတာ ကြာပြီလေ..."
"မင်းက ဘယ်လိုဖြစ်ပြီး သိတာလဲ…"
မုန့်ချီက အံ့အားသင့်စွာ မေးလိုက်သည်။
ကျန်းဟွေက သူ့ကို ထူးဆန်းစွာ လှည့်ကြည့်လိုက်၏။
"ဆရာက ကျွန်တော်တို့နှစ်ယောက်လုံးကို ခေါ်ဖို့စဉ်းစားထားလို့သာ အဲဒီသိုင်းကျမ်းနှစ်ခုကို ကူးယူထားတာပေါ့.."
"ဟုတ်သားပဲ..။ ငါက ဘာလို့ အဲဒါကို မတွေးမိရတာလဲ..."
မုန့်ချီက ကျန်းဟွေကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး တစ်စုံတစ်ခုကို နားလည်သွားသည်။
"ဒီကောင်လေးက တကယ်ပဲ ဉာဏ်ထိုင်းတာလား...။ ဒါမှမဟုတ် တစ်ခုတည်းကိုပဲ အာရုံထားတတ်တာလား…."
ကျန်းဟွေကတော့ သူ့အကြည့်ကြောင့် အနည်းငယ် မသက်မသာ ခံစားနေရပုံ ပေါ်သည်။ သူက ပြန်လှည့်လာပြီး ပြောလိုက်၏။
"အစ်ကို...
ကျွန်တော်က စားစရာတွေ မစားခဲ့ရဘူး.."
"ဟမ်..”
မုန့်ချီလည်း မျက်မှောင်ကြုတ်လိုက်မိ၏။
“ဒါကြောင့် အပိတ်ခံထားရတဲ့ ရက်တွေအတွင်း ငါက ဗိုက်ဆာနေတယ်လို့ ခံစားနေရတာကိုး...။ ကြည့်ရတာ ဆာလောင်မှုကလည်း အပြစ်ပေးမှုတစ်ခုပဲ ထင်တယ်…"
အခန်းပိတ်ခံထားရသည့် အတောအတွင်း အစားအသောက်များကို သူတို့၏ အခန်းထဲသို့ လာရောက်ပို့ဆောင်ခဲ့သည်။ ကျန်းဟွေကတော့ နောက်ကို အနည်းငယ် ပြန်ဆုတ်သွားခဲ့၏။
မုန့်ချီက အံကြိတ်ပြီး ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး...။ မင်းက ဒန်တျန်ကို ဖွင့်ဖို့အတွက် အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီ။ စားစရာ လုံလုံလောက်လောက် ရမှာပါ…"
"ဟုတ်..ဟုတ်ကဲ့..."
ကျန်းဟွေက ခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ယောက်က စကားပြောနေစဉ် တိုက်ခိုက်ရေး ခြံဝန်းဆီသို့ ပြန်လှည့်လာခဲ့ကြသည်။ ထို့နောက် သူတို့က ကျန်းရုံရှိနေသော အခန်းကို ဖြတ်သွားသည့်အချိန်တွင် တံခါးဖွင့်သံကို ကြားလိုက်ရ၏။
"ညီလေးကျန်းတင်...ညီလေးကျန်းဟွေ...
မင်းတို့ကတော့ တကယ့်ကို ကံကောင်းတာပဲ။ ဦးလေးရွှမ်ပိုင်က မင်းတို့ကို တပည့်အဖြစ် ရွေးချယ်လိုက်တယ်…"
သူက သူတို့ကို နှုတ်ဆက်လိုက်သော်လည်း အနည်းအငယ် အားကျနေပုံရသည်။
မုန့်ချီက ရယ်လိုက်၏။
"ကျွန်တော်တို့လည်း မထင်ထားပါဘူး...။ ကျွန်တော်က သိုင်းကျမ်းတစ်ခုခု ဆုပေးခံရမယ်လို့ပဲ ထင်ထားတာ…"
"အဲဒီအချိန်တုန်းက ငါလည်း တော်တော်လေး ကြောက်သွားတာ။ ဒါပေမဲ့ တော်တော်လေးကို ဝမ်းနည်းဖို့ကောင်းတယ်…"
ကျန်းရုံက သက်ပြင်းချလိုက်မိပြီး ပြဿနာကို ရှောင်ထွက်ရန် ကြိုးစားခဲ့သည့်အတွက် နောင်တရနေပုံရသည်။ တောင်အနောက်ဘက်တွင် ဖြစ်ခဲ့သော အဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် မုန့်ချီက သူတို့နှင့် ယခင်တုန်းကလို နီးနီးကပ်ကပ်မနေတော့ဘဲ စကားအနည်းအငယ်သာ ပြောဖြစ်ကြသည်။
"ငါလည်း ရှာတွေ့မှုအတွက် ဆုပေးခံရပါတယ်။ ဒါပေမယ့် ညီလေးကျန်းဟွေကတော့ တိုက်ခိုက်ရေးခြံဝန်းနှင့် ဝေယျာဝစ္စခြံဝန်းထဲမှာ သူ့ရဲ့အံ့ဩစရာ စွမ်းဆောင်မှုတွေကြောင့် ဆုပေးခံရတာ…"
"အစ်ကိုကျန်းရုံလည်း အခွင့်အရေး ရလာမှာပါ…"
"ငါလည်း မျှော်လင့်ရတာပဲ…”
“အော်မီတော်ဖော်...
ဗုဒ္ဓနှင့် ဗုဒ္ဓရဲ့လက်အောက်မှာရှိတဲ့ ကိုယ်တော်တွေအားလုံး စောင့်ရှောက်ကြပါစေ..."
မုန့်ချီက သက်ပြင်းချလိုက်မိ၏။
ထို့နောက် သူ၏ မနာလိုအားကျမှုများ အားလုံးကို ဖယ်ရှားလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။
"ဦးလေးရွှမ်ပိုင်ရဲ့ တပည့်တစ်ယောက် ဖြစ်လာပြီဆိုမှတော့ မင်းတို့က ထိပ်သီးသိုင်းပညာ (၇၂)မျိုးကို သေချာပေါက် သင်ရမှာပဲ။ မင်းတို့က ဘယ်သိုင်းပညာကို ရွေးချယ်ထားသေးလဲ… "
"ကျွန်တော်က ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်ကို ရွေးထားတယ်။ ညီလေးကျန်းဟွေကတော့ ပန်းခူးလက်ညှိုးသိုင်းကို ရွေးထားတယ်…"
မုန့်ချီက ပစ္စည်းများကို သိမ်းဆည်းနေရင်း ပြန်ဖြေလိုက်သည်။ ထိုကဲ့သို့ အရာများကိုတော့ ဖုံးကွယ်ထားရန် မလိုအပ်ချေ။
ကျန်းရုံက ခဏကြာ မှင်တက်သွားခဲ့၏။
"ပန်းခူးလက်ညှိုးသိုင်းလား…၊ ညီလေးကျန်းဟွေ....မင်းက တကယ်ပဲ ပန်းခူးလက်ညှိုးသိုင်းကို ရွေးခဲ့တာလား..."
သူ့လေသံက ထူးဆန်းနေသည်။ မုန့်ချီက ခေါင်းထောင်ကြည့်လိုက်၏။
"ဂိုဏ်းတူအစ်ကိုကြီးကျန်းရုံ...ဘာများမှားနေလို့လဲ…"
ကျန်းရုံက ခေါင်းခါပြီး အပြုံးနှင့်ပြောလိုက်သည်။
"ဘာမှမမှားပါဘူး...။ ပန်းခူးလက်ညှိုးသိုင်းက ညီလေးကျန်းဟွေအတွက် လေ့ကျင့်ဖို့ အရမ်းခက်မှာကို စိုးရိမ်နေတာ။ အဲဒီသိုင်းကို လေ့ကျင့်တဲ့သူတွေက တခြားထိပ်သီးသိုင်းပညာတွေကိုလည်း ကျင့်လို့မရနိုင်ဘူး။ ဒါပေမယ့် ညီလေးကျန်းဟွေက အာရုံစိုက်တတ်တဲ့ လူတစ်ယောက်ဆိုတော့ စိုးရိမ်စရာမလိုပါဘူး…"
ထို့နောက် သူက ကျန်းဟွေကို အားကျသလို အမူအရာနှင့် စိုက်ကြည့်လိုက်သည်။
"ညီလေးကျန်းဟွေ...
ပန်းခူးလက်ညှိုးသိုင်းက ဗုဒ္ဓလက်ဝါးကနေ တိုက်ရိုက်ဆင်းသက်လာတာ။ ဒါက ငါတို့ရှောင်လင်ရဲ့ ထိပ်သီးသိုင်းပညာ(၇၂)မျိုးထဲမှာ နံပါတ်(၁)ပဲ။ မင်းက သေချာလေ့ကျင့်ပါ။ နောက်ပိုင်းကျရင် ငါလည်း မင်းဆီကနေ အကြံဉာဏ်လာတောင်းဦးမယ်…"
"ကောင်းပါပြီ..."
ကျန်းဟွေကလည်း အဝတ်အစားများကို ရှင်းလင်းရန် အာရုံစိုက်နေခဲ့သည်။
ကျန်းရုံက သူ၏ စိတ်အခြေအနေကို သိနေသည့်အတွက် မုန့်ချီကို လှည့်ကြည့်ပြီး ပြောလိုက်၏။
"ညီလေးကျန်းတင်...
မင်းက သံချပ်ဝတ်အင်္ကျီ ကျင့်စဉ်ရှိနေပြီ ဆိုမှတော့ ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်ကလည်း တော်တော်လေးကို ကောင်းတယ်။ ဒါပေမဲ့ ဘာလို့ ပြိုင်ဘက်ကင်းမိုးကြိုးခန္ဓာကျင့်စဉ် မဟုတ်ရတာလဲ...။ အဲဒါက ပိုပြီးတော့ကောင်းတယ်လေ…"
မုန့်ချီကတော့ ရွှမ်ပိုင်၏ ရှင်းပြမှုကို ထပ်မံရှင်းပြလိုခြင်း မရှိပေ။သူက အပြုံးနှင့် ပြောလိုက်၏။
"ဒါကို ဆရာကိုယ်တိုင် ရွေးထားပေးတာ...။ ကျွန်တော်လည်း အကြောင်းအရင်းကို မသိဘူး..."
“ဦးလေးရွှမ်ပိုင်က ထိပ်သီးပညာရှင်တစ်ယောက်ပဲ။ သူ့မှာ သေချာတဲ့အကြောင်းပြချက် တစ်ခုရှိမှာပါ…”
ကျန်းရုံက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ ငါက မကြာမကြာဆိုသလို မင်းတို့ကို လာပြီးမေးရတော့မယ်......"
"ရပါတယ်...ကိစ္စမရှိဘူး…"
မုန့်ချီက ထိုကိစ္စကို ပြဿနာမများချင်ပေ။ သူက ပြတင်းပေါက်၏ အပြင်ဘက်တွင် ရှိနေသော အမှောင်ထုကြီးကို ကြည့်လိုက်မိ၏။
"အစ်ကိုကြီးကျန်းရုံ...
ကျွန်တော်တို့ ပိတ်မိနေတဲ့ အချိန်အတွင်း တစ်ခုခုအရေးကြီးတဲ့ အရာတစ်ခုခုများ ဖြစ်ခဲ့သေးလား..."
ကျန်းရုံက ခဏကြာ စဉ်းစားနေခဲ့သည်...။
"တစ်ခုတော့ရှိတယ်.....
ဆရာဦးလေးတွေက တပည့်တွေ လာပြီးရွေးကြတယ်။ ဒါပေမယ့် မင်းကိုတော့ ဘာမှမပြောကြဘူး။ ဒါပေမယ့် အဲဒါက မင်းနဲ့ဘာမှမဆိုင်ပါဘူး။ နောက်တစ်ခု ရှိသေးတယ်။ အဲဒါကတော့ အစ်ကိုကျန်းချန်က ကြေးနီလူသားလမ်းကြောင်းကို ဖြတ်ကျော်နိုင်ပြီး တောင်အောက်ကို ဆင်းသွားနိုင်ပြီ…"
"အစ်ကိုကျန်းချန်က ကြေးနီလူသားလမ်းကြောင်းကို ဖြတ်သွားနိုင်တာလား....."
မုန့်ချီက ကျန်းမျိုးဆက်တွင် အစွမ်းထက်ဆုံး ကိုရင်လေးကို အမှတ်ရသွားခဲ့သည်။ သူက တိုက်ခိုက်ရေးခြံဝန်းထဲတွင် သင်ကြားရေး ကိုရင်တစ်ပါးဖြစ်ပြီး သူနှင့် တိုက်ခိုက်သည့် တွဲဖက်များက လော်ဟန့်ဝင်္ကပါကို လေ့ကျင့်နေသော ကိုရင်များ ဖြစ်ကြသည်။
သူ့ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီဆီ၌ အတွေးတစ်ခုသာ ရှိသည်။ ထိုလူငယ်ကသာ ဝူခုံးဇာတ်လမ်းထဲတွင် ထန်စန်းအဖြစ် သရုပ်ဆောင်မည်ဆိုလျှင် အတော်လေးကို အံ့ဩစရာကောင်းမည် ဖြစ်သည်။ သူ၏ နှုတ်ခမ်းများက နီရဲနေပြီး သွားများက ဖြူဖွေးနေသည်။ ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်ပြီး အတော်လေးကို ချောမောခန့်ညား၏။ ထိုအရာက နတ်ဆိုးမိန်းမပျိုများ အကြိုက်ဖြစ်နိုင်သော ရုပ်ရည်မျိုးဖြစ်နေသည်။
သို့သော် ကျန်းရုံက မိတ်ဆက်ပေးပြီးနောက် သူ့နာမည်က ကျန်းချန်ဖြစ်ကြောင်း သိလိုက်ရပြီး ကျန်းမျိုးနွယ်၏ အစွမ်းအထက်ဆုံး ကိုရင်တစ်ပါး ဖြစ်ကြောင်း သိခွင့်ရခဲ့သည်။
ကျန်းရုံက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်...။ သီးခြားလေ့ကျင့်ပြီးသွားတဲ့အချိန်မှာ ဂိုဏ်းတူအစ်ကိုကြီးကျန်းချန်က မျက်လုံးတံခါး ပွင့်သွားတယ်။ ပြီးတော့ အဆင့်မြင့်လော်ဟန့်လက်သီးသိုင်းကိုလည်း ကျွမ်းကျင်သွားပြီး ပရာဏလက်ဝါးသိုင်းကိုလည်း ကျွမ်းကျင်သွားပြီ။ အဲဒီနောက် သူက ကြေးနီလူသားလမ်းကြောင်းကို အသက်အငယ်ဆုံး ချိုးဖောက်နိုင်တဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့တယ်…"
"သူက မျက်လုံးတံခါးပဲပွင့်ပြီး အဲဒါကို လုပ်နိုင်ခဲ့တာလား... "
ကျန်းကျိဝေ ပြောသည့်စကားကို မုန့်ချီက မှတ်မိနေသေးသည်။ သူမကိုယ်တိုင်ပင် တံခါး(၄)ပေါက် ပွင့်နေသော်လည်း ကြေးနီလူသားလမ်းကြောင်းကို ချိုးဖောက်နိုင်ရန် (၆၀)ရာခိုင်နှုန်းသာ သေချာသည်ဟုပြောခဲ့၏။ ကျန်းချန်ကတော့ မျက်လုံးတံခါးသာ ပွင့်သေးသော်လည်း မည်သို့လုပ်ဆောင်ခဲ့သနည်။
ကျန်းရုံက တံခါးအပြင်ဘက်ကို ငေးကြည့်နေရင်း အသံတိုးတိုးနှင့် ပြောလိုက်၏။
"သူနဲ့ ကြေးနီလူသားတွေရဲ့တိုက်ပွဲက တော်တော်လေးကို ပြင်းထန်တယ်လို့ ကြားတယ်။ သူက ရှုံးလုမတတ်ပဲ ။ ကံကောင်းပြီး အောင်မြင်သွားခဲ့တာ..."
"အဲဒီလိုလား...."
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။
ကျန်းရုံက ဆက်ပြောလိုက်၏။
"အစ်ကိုကြီးကျန်းချန်က ငါတို့ကျန်းမျိုးဆက်မှာ ဉာဏ်အလင်းပွင့်မှု အဆင့်ကို ပထမဆုံးရောက်တဲ့ ကိုရင်တစ်ပါးပဲ။ သူက မျက်လုံးတံခါးကို စောစောဖွင့်နိုင်ခဲ့တယ်။ ကျန်းပန်နဲ့ ကျန်းမြောင်တို့ထက်လည်း အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်။ သူက ကျိကျန်းစံအိမ်က ကျန်းကျိဝေရဲ့လက်ထဲမှာ ရှုံးနိမ့်သွားတဲ့အတွက် တံခါးပိတ်လေ့ကျင့်နေလို့သာ အချိန်နောက်ကျသွားတာ။ အခုတော့ တံခါးပိတ် လေ့ကျင့်ပြီးသွားတဲ့အချိန်မှာ သူ့ရဲ့တိုးတက်မှုကြောင့် အဲဒီလမ်းကြောင်းကို ဖြတ်ကျော်နိုင်တာပဲ...."
ရှောင်လင်၏ စည်းမျဉ်းစည်းကမ်းများအရ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ပထမဆုံးရောက်နေသော ကျန်းချန်က ကျန်းမျိုးဆက်ထဲတွင် အစ်ကိုကြီး ဟူသော နာမည်ကို ရရှိခဲ့သည်။
မုန့်ချီကတော့ ကြေးနီလူသားလမ်းကြောင်းအတိုင်း အသေးစိတ် မေးမြန်းနေခဲ့၏။ အချက်အလက်များကို သိခွင့်ရပြီးနောက် သူလည်း အထုတ်များကိုဆွဲပြီး အခန်းတွင်းမှ ထွက်လာခဲ့သည်။
ကျန်းရုံကလည်း သူတို့ကို နှုတ်ဆက်နေခဲ့၏။ မုန့်ချီနှင့် ကျန်းဟွေတို့ ခြံဝန်းတံခါးမှ ဖြည်းညင်းစွာ ထွက်သွားပြီနောက် အခန်းများစွာတွင် ဖယောင်းတိုင်များ ထွန်းနေသေးကြောင်း တွေ့လိုက်ရသည်။ သူတို့ကတော့ တိုက်ခိုက်ရေး ကိုရင်များစွာရဲ့ အကြည့်ကို ဝိုးတဝါး ခံစားမိနေကြ၏။ လရောင်အောက်တွင် သူတို့၏ အကြည့်များက အေးစက်နေသယောင် ထင်မှတ်နေရသည်။
………………………..
"ဆရာ...
ကျွန်တော်တို့က ဘယ်ကိုသွားမှာလဲ…"
နောက်တစ်နေ့ မနက်စောစောတွင် မုန့်ချီက ရွှမ်ပိုင်နှင့်အတူ တောင်အနောက်ဘက်သို့ ထွက်သွားခဲ့သည်။
“အထူးလေ့ကျင့်ရေးနေရာက တောင်အနောက်ဘက်မှာရှိတဲ့ လိုဏ်ဂူတစ်ခုခုထဲမှာများလား…”
ရွှမ်ပိုင်၏ဝတ်ရုံကတော့ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူက ရှေ့ကိုသာ ကြည့်နေခဲ့သည်။
"ဆရာက မင်းထွက်လာနိုင်ဖို့အတွက် အစ်ကိုတော်ရွှမ်အန်ကို တောင်းဆိုခဲ့တယ်...။ အခုမင်းက ဒီရက်တွေအတွင်း ကျမ်းစာခန်းမကို သွားဖို့မလိုတော့ဘူး။ မင်းက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကိုပဲ အာရုံစိုက်ရမယ်။ ပြီးရင် တတ်နိုင်သမျှ မင်းရဲ့အခြေခံကို မြန်မြန်ခိုင်မာအောင် ကြိုးစားရမယ်။ စာပေသင်ကြားရေးက အဲဒီလောက် အရေးမကြီးပါဘူး။ ဆရာက နောက်ပိုင်း ကူညီပေးလို့ရတယ်...။"
"ကောင်းပါပြီ ဆရာ…"
မုန့်ချီက အဝေးကို ရောက်လာလေလေ မြေမျက်နှာသွင်ပြင်နှင့် ပို၍ရင်းနှီးလာလေလေ ဖြစ်သည်။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး မေးလိုက်၏။
"ကျွန်တော်က တောင်အနောက်ဘက်မှာ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်ရမှာလား…"
သူက ဤနေရာတွင်ရှိနေသော အတွေ့အကြုံများကို အတိအကျ မှတ်မိနေခဲ့သည်။ ဤနေရာတွင် နယ်လှည့်မျက်လှည့်ဆရာ ထန်ရွှန်းနှင့် တိုက်ခိုက်ခဲ့၏။ ထို့နောက် လျှို့ဝှက်လမ်းကြောင်းထဲတွင် အနတ္တကျိန်စာဖျက်ဓားပညာ၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိခဲ့သည်။
ရွှမ်ပိုင်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်...၊ မင်းက အဲဒီကို ရောက်ရင် သိသွားပါလိမ့်မယ်။ ညတုန်းက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို သေချာဖတ်ခဲ့ရဲ့လား..."
"ကျွန်တော်က (၃)ကြိမ်တောင ်ဖတ်ခဲ့ပါတယ်။ အခုစပြီး လေ့ကျင့်လို့ရနေပြီ…"
မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
သူကတော့ အချိန်ဖြုန်းမနေခဲ့ဘဲ စက္ကန့်တိုင်းတွင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ပထမအပိုင်းကို လေ့ကျင့်ရန် ကြိုးစားနေခဲ့၏။ ထို့နောက် သူ၏ ဒန်တျန်သွေးကြောအမှတ်ကို စုစည်းရန် ကြိုးစားနေခဲ့သည်။
ရွှမ်ပိုင်က စကားမပြောတော့ဘဲ ရှေ့သို့ တိတ်တဆိတ် လျှောက်လာနေခဲ့၏။
မုန့်ချီလည်း သူ့နောက်မှ လိုက်လာနေခဲ့သည်။ ထို့နောက် သူတို့က တောင်ထိပ်နှစ်ခု၏ ကြားထဲတွင် ရှိနေသော လမ်းကျဉ်းလေးထဲကို ဝင်လာခဲ့၏။ မုန့်ချီက ပထမဆုံးအကြိမ် တောင်အနောက်ဘက်သို့ ရောက်ဖူးခြင်း ဖြစ်သည်။
ထိုနေရာတွင် တောင်တန်းများက တစ်ခုနှင့်တစ်ခု ထပ်နေသည်။ တချို့ထူးဆန်းသည့် တောင်ထိပ်များကတော့ ဆက်တိုက်ဆိုသလို ထပ်နေပြီး သူတို့၏ မြင်ကွင်းထဲတွင် မြက်ပင်များ ပေါက်ရောက်နေခြင်း မရှိချေ။ မြေပြင်ပေါ်တွင်တော့ သွေးများ လွှမ်းခြုံနေသည့်အလား အနီရောင်အလင်းတန်းများသာ ထွက်ပေါ်နေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဘုန်းတော်ကြီးတစ်ပါးက နိဗ္ဗာနအဆင့်ကို ရောက်ခဲ့တယ်။ အဲဒီအချိန်မှာ သူက ဒီနေရာမှာ အရမ်းကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါး တစ်ကောင်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတယ်။ သူဖန်တီးထားခဲ့တဲ့ သန့်စင်မြေသားကလည်း ပျက်စီးသွားခဲ့တယ်။ ဒီနေရာမှာရှိတဲ့ မှော်မီးတောက်တွေကလည်း ပျက်စီးသွားခဲ့ကြတယ်။ ဒါကြောင့် ဒီနေရာက အခုမင်း မြင်နေရသလို ဖြစ်နေတာပဲ…"
မုန့်ချီက အံ့ဩနေသလို ဖြစ်နေသည်ကို သတိထားမိသည့်အခါ ရွှမ်ပိုင်က ပြောပြလိုက်သည်။
"အဲဒီနောက်မှာတော့ မျိုးရိုးစဉ်ဆက် ဘုန်းတော်ကြီးတွေက ဗုဒ္ဓအမွေအနှစ်တွေ အားလုံးကို မြှုပ်နှံပြီး ဒီနေရာ စေတီတစ်ဆူ တည်ထားခဲ့တယ်။ ပြီးတော့ ဗုဒ္ဓရဲ့စွမ်းအားတွေနဲ့ ဒီနေရာကြီးကို ဖိနှိပ်ထားခဲ့တယ်။ ဝေ့ကျင်းအဆင့်ကို ရောက်တဲ့တပည့်တွေကပဲ ဒီအပေါ်မှာ သွားလာခွင့်ရှိကြတာ…"
သွေးရောင်မြေကြီးပေါ်၌ နင်းလိုက်သည့်အချိန်တိုင်း မုန့်ချီကတော့ အောက်ဘက်မှနေ၍ အေးစက်သော တိုက်ခိုက်မှုများကို ခံစားမိနေသည်။ ထို့နောက် သူ့ခေါင်းထဲတွင် သွေးရောင်မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
အလောင်းတောင်များ၊ သွေးပင်လယ်များနှင့် မြောက်များစွာသော ခြေပြတ်လက်ပြတ်များ၊ မကောင်းဆိုးဝါးတစ္ဆေများ စသည့် အရာများအားလုံးက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
"အော်မီတော်ဖော်..."
အလွန်တည်ငြိမ်သော အသံတစ်ခုနှင့်အတူ ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။ နေမင်းကြီးက တောက်ပနေဆဲဖြစ်ပြီး အစိမ်းရောင်နှင့်ပတ်သက်သည့်အရာဟူ၍ တစ်ခုမျှ မရှိချေ။
"ဒီနေရာကို ပထမဆုံးအကြိမ် ရောက်လာတဲ့လူတွေက ပုံရိပ်ယောင်တွေရဲ့ တိုက်ခိုက်မှုကို ခံရတယ်။ မင်းရဲ့ နှလုံးသားက တည်ငြိမ်သွားရင်တော့ အဆင်ပြေပါတယ်…"
ရွှမ်ပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ သို့သော် သူ့ရင်ထဲတွင်တော့ ကြောက်လန့်တုန်လှုပ်နေသေးသည်။ သူက ကျောက်တံခါးကို ကိုင်ခဲ့မိသည့်အချိန်တွင်လည်း အလားတူ ခံစားမှုတစ်ခုကို ခံစားမိခဲ့၏။
ကျောက်တံခါးပေါ်တွင်တော့....
"သစ္စာရှိပြီး သနားကြင်နာတတ်သူများ မဝင်ရ" ဟူသော စကားလုံး ရေးထိုးထား၏။ သို့သော် ပုံရိပ်ယောင်များကတော့ ယခုတစ်ကြိမ်ကဲ့သို့ ကြောက်စရာကောင်းခြင်း မရှိချေ။
“ဒါတွေက တစ်ခုခုများ ဆက်စပ်နေတာလား...”
တောင်ကုန်းငယ်လေးများစွာနှင့် အဝါဝတ်ဘုန်းတော်ကြီးများ၊ အကြီးအကဲများ စောင့်ကြပ်နေသော လမ်းများကို ဖြတ်ကျော်လာပြီးနောက် ရွှမ်ပိုင်က မုန့်ချီကို တောင်အနောက်ဘက်ရှိ အမြင့်ဆုံးတောင်ထိပ်ဆီသို့ ခေါ်လာခဲ့၏။
သူတို့က လမ်းလျှောက်လာကြစဉ် မုန့်ချီက အစိမ်းရောင်များကို စ၍မြင်လာရသည်။ အပေါ်ဘက်မှနေ၍ စမ်းချောင်းလေးများ စီးဆင်းလာနေပြီး ထူးဆန်းသော ရွှေရောင်ကြာပန်းလေးများလည်း ပွင့်လန်းလာနေခဲ့သည်။
ထိုတောင်ပေါ်သို့ လျှောက်လာသည့်အချိန်တွင် မုန့်ချီ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က အလွန်တည်ငြိမ်သွားသလို ခံစားလိုက်ရပြီး ပြဿနာအားလုံးကိုပင် မေ့လျော့သွားခဲ့သည်။
ပို၍များပြားသော အစောင့်တချို့ကို ဖြတ်ကျော်လာပြီးနောက် မုန့်ချီက တလက်လက် တောက်ပနေသော စေတီတစ်ဆူကို မြင်လိုက်ရသည်။ ထိုစေတီတွင် အလွှာ(၇)လွှာရှိပြီး အလွန်မြင့်မားနေခြင်း မရှိချေ။
"အော်မီတော်ဖော်..."
တံခါးတွင် စောင့်ကြပ်နေသော အကြီးအကဲက အရိုအသေ ပေးလိုက်၏။ သူက ဗုဒ္ဓနာမည်ကို ရွတ်လိုက်ပြီးနောက် ရွှမ်ပိုင်၏ တံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် အမေးအမြန်းမရှိဘဲ ရွှမ်ပိုင်နှင့် မုန့်ချီတို့ကို အထဲသို့ဝင်ခွင့်ပေးလိုက်၏။
"လေ့ကျင့်ရေးနေရာက စေတီထဲမှာလား..."
မုန့်ချီက တီးတိုးရေရွတ်လိုက်သော်လည်း စကားမပြောခဲ့ပေ။ သူက ရွှမ်ပိုင်၏ အနောက်မှနေ၍ စေတီထဲသို့ တိတ်တဆိတ် လိုက်သွားခဲ့၏။
"မြေပြင်အထက်မှာရှိတဲ့ အလွှာ(၇)လွှာမှာ ဗုဒ္ဓအမွေအနှစ်တွေကို ပူဇော်ထားတာ။ မြေအောက်မှာရှိတဲ့ အလွှာ(၇)လွှာကတော့ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေကို ဖိနှိပ်ထားတာ…"
ရွှမ်ပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် သူက တံဆိပ်များ ကပ်ထားသော ကျောက်တံခါးတစ်ခုကို တွန်းဖွင့်လိုက်၏။
ထိုတံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် ညှီစို့စို့ ရနံ့ကြီးတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီက တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ သူကတော့ အသက်ရှူရန်ပင် ခက်ခဲနေခဲ့ပြီး တစ်ကိုယ်လုံး မသက်မသာ ခံစားနေရ၏။
"အဲဒါက နတ်ဆိုးရနံ့ပဲ…"
ရွှမ်ပိုင်ကတော့ သေချာအသေးစိတ် ရှင်းပြနေခဲ့၏။
မုန့်ချီကတော့ မသက်မသာ ခံစားရမှုကို ကျော်လွှားရန်အတွက် ရွှမ်ပိုင်၏ အနောက်မှနေ၍ တည်ငြိမ်စွာ ဆက်လိုက်လာခဲ့သည်။ ရွှမ်ပိုင်ကတော့ ခေါင်းငုံ့ထားပြီး ထောင့်ချိုးနေရာများကို ဖြတ်ကျော်သွားပြီးနောက် အခန်းတစ်ခု၏ အနားတွင် ရပ်လိုက်သည်။
ထိုအခန်းထဲတွင်တော့ မီးတောက်များ ရှိနေသော ဧရာမငှက်ကြီးတစ်ကောင် ရှိသည်။ မုန့်ချီကတော့ ထိုအခန်း၏ အနားတွင် ရပ်နေရုံနှင့် တစ်ကိုယ်လုံး လောင်ကျွမ်းသွားတော့မလို ခံစားနေရ၏။
သူက ရှေ့ကိုကြည့်လိုက်ရာ လေဟာနယ်က လှုပ်ရှားနေကြောင်း တွေ့ရသည်။ ကြည့်ရသည်မှာ လေဟာနယ်တစ်ခုလုံးက လှုပ်ရှားနေပုံရ၏။ ထိုအခန်း၏ တစ်ဖက်တွင်တော့ မြေပြင်ပေါ်တွင် အပြာရောင်သလင်းကျောက်များ ခဲနေသော ရေခဲစွမ်းအင်များ ထွက်ပေါ်လာနေခဲ့သည်။
"ဒါကတော့ ရှေးဟောင်းဇာမဏီရဲ့ သွေးတွေ ပိုင်ဆိုင်ထားတဲ့ မီးငန်းလို့ ခေါ်တယ်။ မင်းက ဒီနေရာမှာ ငန်းချီစွမ်းအင်တွေနဲ့ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ရဲ့ ပထမအပိုင်းကို လေ့ကျင့်ရမယ်…"
ရွှမ်ပိုင်က မုန့်ချီကို ထိုအဆောက်အဦး၏ အပြင်ဘက်တွင် လေ့ကျင့်ရန် ပြောလိုက်သည်။
မုန့်ချီက အံကြိတ်လိုက်ပြီး အင်္ကျီစကို သိမ်းလိုက်၏။ ထို့နောက် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူ့ရှေ့တွင်တော့ ရွှေရောင်သင်္ကေတများ ရေးထိုးထားသော လက်ရန်းတစ်ခု ရှိနေသည်။
မုန့်ချီက အလွန်မြင့်မားသော အပူချိန်ကို ခုခံပြီး ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ပထမအပိုင်းကို စတင်ရွတ်ဆိုလိုက်လေသည်။
Translated by Hein Htet