အခန်း (၅၀)
Vol. 4 Ch. 50
လက်ရှိအခြေအနေတွင် အပြင်ဘက်မှ တိုက်ခတ်လာသော လေလှိုင်းများက အခန်း၏ အပြင်ဘက်တွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုနေရာတွင် အစစ်အမှန်မီးတောက်များ လောင်ကျွမ်းနေခြင်း မရှိသော်လည်း ခြစ်ခြစ်တောက် ပူလောင်ခဲ့၏။
မုန့်ချီ၏ အရေပြားများက မီးစွဲနေသလို ခံစားနေရပြီး ချွေးများတရဟော စီးကျလာနေခဲ့သည်။ သူ၏နဖူးမှနေ၍ စီးကျလာသော ချွေးများက မျက်နှာနှင့် နှုတ်ခမ်းထောင့်များမှ စီးကျသွားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းမှနေ၍ ချွေးများ တတောက်တောက် ကျဆင်းလာနေခဲ့သည်။
အလွန်ပူလောင်သော ခံစားချက်ကြောင့် ခေါင်းထဲတွင် မူးဝေလာပြီး ရေဓာတ်များ ဆုံးရှုံးမှုကို ခံစားနေရသော်လည်း မုန့်ချီကတော့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ပထမအဆင့်ကို လှည့်ပတ်ပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေခဲ့သည်။
သူ့ဆီတွင် သံချပ်ဝတ်အင်္ကျီ အကာအကွယ်ရှိနေသည်မှာ ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် သူ၏အရေပြားက နီရဲသွားပြီး ဆိုးဆိုးဝါးဝါး ရေဓာတ်ဆုံးရှုံးမူကြောင့် အချိန်ကြာမြင့်စွာ ခံနိုင်ရည်မရှိနိုင်ချေ။ ထိုအရာကတော့ ရေနွေးနှင့် ရေချိုးသည်ထက်ပင် ပို၍အဆပေါင်းများစွာ ပို၍ကြောက်စရာကောင်းနေသေးသည်။
ခန္ဓာကိုယ်အတွင်းပိုင်းထဲ၌ ချီစွမ်းအင်များ ဆက်တိုက်လှည့်ပတ်လာသည့်အချိန်တွင် သူ၏ကြွက်သားများက နည်းနည်းချင်းဆီ ပြေလျော့လာကြောင်း မုန့်ချီက ခံစားမိလိုက်၏။
ထို့နောက် အတွင်းထဲမှနေ၍ အပြင်ဘက်သို့ ဖြည်းညင်းစွာ ပြန့်ကျဲလာပြီး ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ပုံစံအတိုင်း လှုပ်ရှားလာခဲ့သည်။ သူ၏ဒန်တျန်ကလည်း နောက်တစ်ကြိမ် စုစည်းလာနေခဲ့၏။
ချွေးများ တတောက်တောက် ကျနေသည့်အတွက် မုန့်ချီ၏မျက်လုံးများက ဝေဝါးနေသလို ခံစားနေရသည်။ သူ့ရှေ့တွင် မြင်နေရသော မြင်ကွင်းများကလည်း ပြောင်းလဲလာခဲ့၏။ ထိုအရာကတော့ အဆင့်တစ်ဆင့်ကို လေ့ကျင့်နေစဉ် အတောအတွင်း ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အကျိုးသက်ရောက်မှုကြောင့် မျက်လုံးထဲတွင် ပေါ်နေသောအရာများဖြစ်သည်။
ပထမအဆင့်တွင် သူက စက္ကန့်အနည်းငယ်ကြာတိုင်း မျက်လုံးကို ဖွင့်ပေးရန် လိုအပ်သည်။ မုန့်ချီကတော့ ထိုမျှနာကျင်မှုများကို လုံးဝခံစားခဲ့ရဖူးခြင်း မရှိချေ။
သူလည်း အခန်းလေး၏ အတွင်းထဲကို သတိလက်လွတ် လှမ်းကြည့်လိုက်မိပြီး မီးငန်းက သူနှင့် ဝေးဝေးသွားရန် မျှော်လင့်နေခဲ့သည်။ ထို့သို့ဆိုလျှင် သူအတွက် အပူရှိန်က အနည်းငယ် လျော့ကျသွားနိုင်၏။
အနီရောင် အတောင်ပံများရှိနေသော မီးငန်းကလည်း မုန့်ချီ၏အကြည့်ကို သတိထားမိပုံရသည်။ သူက မျက်လုံးဖွင့်ကြည့်လိုက်ပြီး မုန့်ချီအနားကို တစ်လှမ်းတိုးလာသည့်အတွက် အပူရှိန်က ပို၍မြင့်တက်လာခဲ့၏။
"ဒီငှက်စုတ်ကတော့ကွာ…."
မုန့်ချီက စိတ်ထဲတွင်ကျိန်ဆဲလိုက်သည်။ သို့သော် မီးငန်းက နောက်ထပ် သူ့အနားသို့ တိုးလာမှာ စိုးသည့်အတွက် ထပ်မကြည့်ရဲတော့ပေ။
စက္ကန့်အနည်းငယ်ကြာ အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူလိုက်ပြီးနောက် မုန့်ချီက မျက်လုံးပိတ်လိုက်၏။ သူက အလွန်မြင့်မားလွန်းလှသော အပူချိန် ၊အရေပြားနှင့် ကြွက်သားများ မသက်မသာ ခံစားနေရမှုကို မေ့လျော့လိုက်ပြီး ရွှေခေါင်းလောင်းအကာအကွယ် လေ့ကျင့်မှုကိုသာ အာရုံစိုက်ထားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် အသံတစ်ခုကို ကြားလိုက်ရပြီး စွမ်းအားများကို ခန္ဓာကိုယ်ထဲတွင် တစ်ပတ်လှည့်ပြီးသွားခဲ့သည်။
"ဆရာ …"
မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်ရာ ရွှမ်ပိုင်က သူရှေ့တွင် ရပ်နေကြောင်း မြင်လိုက်ရသည်။
ရွှမ်ပိုင်က ညင်သာစွာ ခေါင်းညိတ်၍ ပြောလိုက်၏။
"ကောင်းတယ်။ ဒီနေ့အတွက် လေ့ကျင့်တာ အရမ်းများသွားပြီ။ မင်းက တနေ့လုံးနီးပါး နေနိုင်တယ်ဆိုတော့ ဆရာထင်ထားတာထက်တောင် ပိုပြီးတော့ ခံနိုင်ရည်ရှိတာပဲ…"
"တနေ့လုံးနီးပါးလား…"
မုန့်ချီက အက်ရှရှလေသံဖြင့် ပြန်မေးလိုက်မိပြီး သူကိုယ်သူ အံ့ဩသွားခဲ့သည်။
သူက တနေ့လုံး နေခဲ့မိခြင်းပေလော။ ထို့နောက် သူလည်း လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင်တော့ နာကျင်မှုများကို ခံစားနေရ၏။ ခြေထောက်နှစ်ဖက်ကပင် ပျော့ခွေသွားသလို ခံစားနေရသည်။ သူက အေးမြသောနေရာတစ်ခုတွင် ချက်ချင်းလှဲအိပ်ပစ်ချင်စိတ် ပေါ်လာခဲ့၏။
ရွှမ်ပိုင်က အလွန်တည်ငြိမ်စွာ ပြုံးပြလိုက်၏။
"မင်းက အများဆုံး(၂)နာရီလောက်ပဲ ခံနိုင်ရည်ရှိမယ်လို့ ဆရာက တွေးထားခဲ့တာ။ ဒါပေမယ့် မင်းက (၅)နာရီတိတိ ခံနိုင်ရည်ရှိခဲ့တယ်။ မင်းက တော်တော်လေး ဝိရိယကောင်းတာပဲ။ ပြီးတော့ လေ့ကျင့်နေတဲ့အချိန်မှာ မင်းရဲ့အရင်အကျင့်စရိုက်တွေလည်း အားနည်းသွားတယ်…"
တစ်ခါတရံ သူက ဝမ်းနည်းမှုထဲတွင် ဝမ်းသာမှုကို ရှာဖွေချင်ပြီး သူ၏ခံစားချက်ကို ဖြေလျော့နေခဲ့သည်။ သူ့စိတ်ထဲလည်း ထိုအရာကို နားလည်နေခဲ့၏။
မုန့်ချီက သူ့ကိုယ်သူ ပြောလိုက်မိသည်။ သို့သော် သူက ရှေ့သို့(၂)လှမ်း လှမ်းလိုက်သည့်အချိန်တွင် မြေပေါ်သို့ လဲကျသွားမတတ် ဖြစ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ့တစ်ကိုယ်လုံး အလွန်ပူလောင်ပြီး အားနည်းနေခြင်းကြောင့် ဖြစ်သည်။
ရွှမ်ပိုင်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ လေလှိုင်းတစ်ခု ရိုက်ခတ်လာပြီး မုန့်ချီကို လဲကျမသွားစေရန် ထိန်းထားပေးလိုက်သည်။
ထို့နောက် သူလည်း မီးငန်း၏နယ်မြေထဲမှနေ၍ ထွက်လာခဲ့၏။ အလွန်အေးစက်သော ခံစားမှုကြောင့် မုန့်ချီက သက်တောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရသည်။ ရုတ်တရက် အသက်ပြန်ရှင်လာရသလို ခံစားလိုက်ရ၏။
"အရမ်းကြီး ခေါင်းမာမနေနဲ့။ မဟုတ်ရင် မင်းကိုထိခိုက်သွားလိမ့်မယ်။ (၅)နာရီဆိုရင် လုံလောက်ပါပြီ…”
ရွှမ်ပိုင်က ရှေ့မှ လျှောက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီလိုဆိုရင် မင်းက လဝက်အတွင်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ရဲ့ ပထမအဆင့်ကို အောင်မြင်နိုင်တယ်။ မင်းက (၃)လအတွင်း အဆင့်(၃)ဆင့်ကို အောင်မြင်လိမ့်မယ်…"
"(၃)လ…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
နောက်တစ်ကြိမ် သံသရာတာဝန်က မည်ကဲ့သို့သော တာဝန်ဖြစ်နိုင်ကြောင်း သူလည်း မသိခဲ့ပေ။ အကယ်၍ တစ်နှစ် သို့မဟုတ် နှစ်ဝက်ခန့် အချိန်ရမည်ဆိုလျှင် သူက စိုးရိမ်စရာမလိုအေကယ်၍ ယခင်တစ်ခေါက်ကကဲ့သို့ တစ်လသာဆိုလျှင် သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ဒုတိယအဆင့်ကိုသာ အောင်မြင်နိုင်ပြီး ထူးထူးခြားခြား တိုးတက်မှုမျိုး မရှိနိုင်ပေ။
သို့သော် သူ့လက်ထဲတွင် အသက်ကို ကယ်တင်ပေးနိုင်သော တိမ်မုန်တိုင်းအပ် ရှိနေသည်မှာ ကံကောင်းသွားခဲ့၏။ မုန့်ချီကတော့ ထိုအရာတစ်ခုတည်းကိုသာ စဉ်းစားမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်က ကြွက်သားများကို အခြေခံကောင်းမွန်စေနိုင်သော်လည်း တိုးတက်မှုက နှေးကွေးသည်။
အကယ်၍ သာမန်လေ့ကျင့်မည်ဆိုလျှင် ပထမဆုံးအဆင့်(၃)ဆင့်ကို အောင်မြင်ရန် အနည်းဆုံး တစ်နှစ်ခန့် အချိန်ပေးရနိုင်သည်။ ချီစုဆောင်းရေးအဆင့် ရှိနေသော ပညာရှင်များကပင် (၆)လ (၇)လခန့် အချိန်ပေးရနိုင်၏။ အကယ်၍ သူကသာ (၃)အတွင်း ပြီးဆုံးနိုင်မည်ဆိုလျှင် မည်သူကရော သူ့ကိုအပြစ်ပြောနိုင်မည်နည်း။
မုန့်ချီကတော့ စကားတခွန်းမျှမပြောဘဲ ရွှမ်ပိုင်နေထိုင်သောခြံဝန်းထဲသို့ အားတင်းကာ ပြန်လာခဲ့ရသည်။ ထို့နောက် သူက ရေကန်ဆီသို့ လျောက်သွားပြီး ရေနှစ်ခွက်ကို တရှိန်ထိုး သောက်ပစ်ခဲ့၏။
အခန်းထဲသို့ ဝင်လာပြီးနောက် ကျန်းဟွေက လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။ သူကတော့ အလွန်အမင်းကို အလေးထားနေပြီး အစစ်အမှန်တည်ငြိမ်မှုကို အလေးထားနေ၏။ ထိုကောင်လေးက ပန်းခူးလက်ညှိုးသိုင်းကို လေ့ကျင့်ရန် အမှန်တကယ် သင့်တော်ခြင်းပေလော။
မုန့်ချီက ခဏကြာမှင်တက်သွားခဲ့ပြီး ဂါနိုဒါးမား စွမ်းအင်ပြန်ဖြည့်ဆေးတစ်လုံးကိုယူ၍ သောက်လိုက်၏။ ထို့နောက် သူလည်း တင်ပျဉ်ခွေထိုင်၍ လေ့ကျင့်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို ပြန်လည်ဖြည့်ဆည်းလိုက်သည်။
မု့န်ချီက ညစာစားပြီးသွားသည့်အချိန်တိုင်း တိုက်ခိုက်ချင်စိတ် အမြင့်ဆုံး ထွက်ပေါ်လာနေတတ်သည်။ သူက စားစရာအတော်များများ စားခဲ့မိသည့်အတွက်လည်း အလွန်အံ့ဩသွား၏။ စားသောက်လိုက်ပြီးနောက် တနေကုန် လေ့ကျင့်ထားသော မုန့်ချီက အလွန်အိပ်ချင်နေခဲ့သည်။
သူက ကျယ်ပြန့်သော အိပ်ရာပေါ်တွင် လဲလျောင်းအိပ်စက်နေခဲ့၏။ ရှောင်လင်ကျောင်းတော်တွင် ရှိနေသော အသုံးအဆောင်များက ဝေယျာဝစ္စခြံဝန်းဖြစ်စေ ၊ တိုက်ခိုက်ရေးခြံဝန်းဖြစ်စေ သိသိသာသာ ပြောင်းလဲခြင်း မရှိချေ။ ရွှမ်ပိုင်ကဲ့သို့ အကြီးအကဲများ နေထိုင်သည့်ခြံဝန်းများတွင်သာ ပြောင်းလဲမှုရှိသည်။
အကယ်၍ သူတို့၏လေ့ကျင့်မှုများကသာ တိုးတက်မူမရှိလျှင် သူတို့က သက်တောင့်သက်သာ ရှိစေနိုင်သောအရာများ ထားမပေးတတ်ပေ။
"အစ်ကိုကြီး…
ကျွန်တော်က ဆက်လေ့ကျင့်လိုက်ဦးမယ်…"
ကျန်းဟွေက မုန့်ချီကိုပြောလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
ထိုအရာကို မြင်သည့်အခါ မုန့်ချီက သက်ပြင်းချလိုက်မိ၏။ သူလည်း ပြန်လှည့်လာပြီး ခြံဝန်းထဲသို့ လျှောက်သွားခဲ့သည်။ ထို့နောက် လရောင်အောက်တွင် ဓားတစ်ချောင်းကိုယူပြီး ဓားပညာကို လေ့ကျင့်နေခဲ့၏။ သူက အနားယူနေ၍မရပေ။
နောက်တစ်ကြိမ် သံသရာတာဝန်က မည့်သည့်အရာဖြစ်ကြောင်း မည်သူမျှမပြောနိုင်ပေ။ သွေးဓားပညာက လှုပ်ရှားမှုနှင့် ဟန်ချက်ကို သိသိသာသာ အလေးထားပြီး လှုပ်ရှားမူတိုင်းကို သေချာအာရုံစိုက်ရန် လိုအပ်သည်။ ရုတ်တရက်တိုက်ခိုက်ခြင်း ဖြစ်သည့်အတွက် အလွန်အမင်း ထူးဆန်း၏။
ဓားချက်တစ်ချက်ချင်းဆီက အလွန်အံ့ဩစရာကောင်းသော ရှုထောင့်တစ်ခုချင်းဆီမှ ရောက်လာခြင်းဖြစ်ပြီး မုန့်ချီ၏ လျှပ်စီးပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ရှိသည်။ ထိုသိုင်းပညာ(၂)ခုကို ပေါင်းစပ်အသုံးပြု၍ ရနိုင်သည်။
ဓားပညာကို အကြိမ်ပေါင်းများစွာ လေ့ကျင့်လိုက်ပြီးနောက် မုန့်ချီက အလွန်ပင်ပန်းသွားခဲ့သည်။ ထို့ကြောင့် သူလည်း အသက်ကို ဝဝရှူနေခဲ့၏။ ထိုအချိန်တွင် သူ၏မျက်လုံးထောင့်ထဲ၌ ရွှမ်ပိုင်ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူက အခန်းတံခါးဝတွင် ရပ်နေခဲ့၏။ သူက ထိုနေရာတွင် ရပ်နေသည်မှာ အချိန်မည်မျှရှိပြီဖြစ်ကြောင်း မုန့်ချီက မသိချေ။
"ဆရာ…"
မုန့်ချီက လက်အုပ်ချီ၍ အရိုအသေပေးလိုက်၏။
ရွှမ်ပိုင်က ခေါင်းညိတ်ပြလိုက်ပြီး ရှားရှားပါးပါး ကျေနပ်စွာ ပြုံးလိုက်သည်။
"အရမ်းကောင်းတယ်…"
ထို့နောက် သူလည်း သူ၏အခန်းထဲသို့ ပြန်လှည့်ပြီး ဝင်သွားသည်။
မုန့်ချီကတော့ တိတ်တဆိတ် ပြင်ဆင်နေခဲ့ပြီး အသက်ဝဝ ရှူပြီးနောက် ဓားပညာကို ဆက်လက်လေ့ကျင့်နေခဲ့သည်။ မုန့်ချီကတော့ မီးငန်းအခန်းနှင့် ရွှမ်ပိုင်၏ခြံဝန်းထဲတွင် နေ့စဉ်ရက်ဆက် လေ့ကျင့်နေခဲ့သည်။
ထိုအချိန်တွင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်က တဖြည်းဖြည်း ပို၍ချောမွေ့လာပြီး ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော ပြောင်းလဲမှုတခုကို အနည်းငယ် ခံစားမိလာသည်။
သူက (၁၃)ရက်နေ့မြောက်တွင် ပထမအဆင့်ကို အောင်မြင်သွားခဲ့၏။ ထိုနေ့တွင် မုန့်ချီက မီးငန်း၏ အခန်းရှေ့တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ချွေးအနည်းငယ် ရှိနေသော်လည်း ရွှေရောင်အလင်းတန်းများ တောက်ပါနေခဲ့၏။
အပူချိန်က မြင့်မားနေသော်လည်း မုန့်ချီကတော့ မသက်မသာ မခံစားရတော့ပေ။ မူးဝေနေခြင်းလည်း မရှိတော့ဘဲ ခန္ဓာကိုယ်ပေါ်တွင် လောင်ကျွမ်းနေသော ခံစားချက်မျိုး မရှိတော့ပေ။ သက်သောင့်သက်သာ ရှိနေသလို ခံစားနေရ၏။
ရုတ်တရက်ဆိုသလို မုန့်ချီ၏ဒန်တျန်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခုပေါ်လာပြီး အသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် မှေးမှိန်သွားပြီး မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်၏။ သူက ကျေနပ်နေသည့် အမူအရာနှင့် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်မိသည်။
သူက (၂၉)ရက်မြောက်နေ့တွင် ဒုတိယအဆင့်ကို အောင်မြင်သွားခဲ့သည်။ သူ၏ဒန်တျန်ကိုလည်း အောင်အောင်မြင်မြင် ပြန်လည်စုစည်းနိုင်ခဲ့၏။
ရွှမ်ပိုင်ကတော့ ထွက်သွားခြင်း မရှိဘဲ ထိုနေရာတွင် စောင့်ပေးနေပုံရပြီး သူ့ကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။
"ကောင်းတယ် မနက်ဖြန်ကစပြီး တတိယအဆင့်ကို လေ့ကျင့်ရမယ်…"
"ဆရာ တတိယအဆင့်ကရော ဒီမှာပဲလား…"
မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
လက်ရှိအချိန်တွင် သူ တစ်ကြိမ်လေ့ကျင့်ပြီးသွားသည့် အချိန်တိုင်း ပို၍ကောင်းမွန်လာသလို ခံစားနေရသည်။ အနည်းဆုံးတော့ ဤနေရာတွင် သူက အားနည်းနေခြင်း မရှိတော့ချေ။
“ဟိုအခန်းလေးရဲ့အပြင်ဘက်မှာ…”
ရွှမ်ပိုင်က မျက်လုံးနှင့် လှမ်းပြလိုက်၏။
မုန့်ချီက လှမ်းကြည့်လိုက်ရာ ယခင်တုန်းက သတိထားမိနေသောနေရာဖြစ်ကြောင်း သိလိုက်ရ၏။ ထိုနေရာတွင် မြေပြင်ပေါ်၌ ရေခဲများ လွှမ်းခြုံနေပြီး အအေးဓာတ်များ လွှမ်းခြုံနေခဲ့သည်။ ယခင်တုန်းက အပူဖြစ်ပြီး ယခုအအေးဖြစ်နေခြင်းပေလော။
ရွှမ်ပိုင်က ဖြည်းညင်းစွာ ပြောလိုက်၏။
"အဲဒီအထဲမှာ ရှိနေတာကတော့ ရေခဲလိပ်ပဲ။ မင်းက သူရဲ့ရေခဲစွမ်းအားတွေကိုသုံးပြီး တတိယအဆင့်ကို လေ့ကျင့်ရမယ်…"
"ကောင်းပါပြီဆရာ…"
မုန့်ချီက ထိုအခန်းလေးကို ထိလိုက်ရာ အပြာရောင်လိပ်ခွံ ရှိနေသော ဧရာမလိပ်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုအခန်းလေးထဲတွင် နှင်းပွင့်များ ကျဆင်းနေပြီး ရေခဲသလင်းကျောက်များ ပြည့်နှက်နေ၏။ ထိုအရာကတော့ တစ်ဖက်တွင် ရှိနေသော မီးငန်းအခန်းနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။
ခြံဝန်းဆီသို့ ပြန်ရောက်လာပြီးနောက် ရွှမ်ပိုင်က မုန့်ချီကို အမိန့်ပြားပေးလိုက်သည်။
"မင်းက နေ့တိုင်းလေ့ကျင့်နေတာ ဆိုတော့ နေရာတွေ၊ လမ်းကြောင်းတွေကို ရင်းနှီးနေပြီ။ နောက်ရက်တွေ ကိုယ့်ဘာသာသွားပြီး လေ့ကျင့်လိုက်တော့။ တတိယအဆင့်ကို အောင်မြင်သွားပြီဆိုရင် ဆရာ့ကိုလာပြောပါ…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ဖြစ်စေကာမူ သူလေ့ကျင့်နေစဉ် ကာလပတ်လုံး သူ့ဆရာက အနားတွင် ရှိနေခဲ့သည်။ ထိုအရာက သူ့ဆရာ၏ အချိန်များကို ဖြုန်းပစ်ခဲ့ခြင်းလည်း ဖြစ်၏။
ယခုတော့ သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ဒုတိယအဆင့်ကို အောင်မြင်သွားပြီဖြစ်ပြီး ပတ်ဝန်းကျင်အခြေအနေနှင့်လည်း ရင်းနှီးနေခဲ့သည်။ ထို့ကြောင့် သူ့အတွက်လည်း အဆင်ပြေခဲ့၏။
နောက်ပိုင်းနေ့ရက်များတွင် မုန့်ချီက အမိန့်ပြားရှိနေသည့်အတွက် စေတီထဲတွင် ချောမွေ့စွာ နေနိုင်ခဲ့ပြီး ရေခဲလိပ်ကို ချုပ်နှောင်ထားသော အခန်းဆီသို့ ရောက်လာခဲ့သည်။
သူက ထိုနေရာ၌ ခြေချလိုက်သည့်အချိန်တွင် အအေးဓာတ်များက တစ်ကိုယ်လုံး စိမ့်လာသလို ခံစားလိုက်ရ၏။ ထိုအရာက သူကြုံဖူးသော ဆောင်းရာသီထက်ပင် ပို၍အေးစက်နေပြီး ရိုးတွင်းချဉ်ဆီများကို ခဲသွားစေနိုင်စွမ်းရှိသည်။
သူက တကိုယ်လုံး အေးစက်နေသော်လည်း တင်ပျဉ်ခွေထိုင်လိုက်ပြီး ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ တတိယအဆင့်ကို စတင်လိုက်သည်။ သူက ချီကျင့်စဉ်နှင့် အအေးဓာတ်များကိုခုခံရန်ကြိုးစားခဲ့၏။
မုန့်ချိကတော့ ယခုတကြိမ်ရေခဲလိပ်ကို သွားမကြည့်တော့ပေ။ သူက ထိုသတ္တဝါကို နောက်သို့ပြန်ဆုတ်သွားစေချင်သော်လည်း သူ၏အကြည့်က ဆန့်ကျင်ဘက် ဖြစ်သွားစေနိုင်သည်။
သူက မျက်လုံးဖွင့်ကြည့်လိုက်ရာ သူကိုယ်တိုင်ပင် သတိမထားမိဘဲ ရေခဲလိပ်က သူ့အနားသို့ ကပ်လာနေကြောင်း တွေ့လိုက်ရသည်။
"ဒီမကောင်းဆိုးဝါးကတော့ကွာ…"
မုန့်ချီက စိတ်ထဲတွင်ကျိန်ဆဲလိုက်သည်။
"ဟား ဟား ဟား… အရူးလူသားလေး ..
လိပ်တွေရဲ့ ရည်ရွယ်ချက်က ဆန့်ကျင်ဘက်ဆိုတာ မသိဘူးလား။ သူက မြို့ကြီးတစ်မြို့ကို ရေလွှမ်းအောင်လုပ်ခဲ့တဲ့အတွက် ဒီနေရာမှာ ဆယ်စုနှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားခဲ့ရတာ။ သူက မင်းလိုလူသားတစ်ယောက်ကို ကြည့်လို့ရမယ် ထင်နေလား…"
အသံကတော့ ဆန့်ကျင်ဘက်မှနေ၍ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုသတ္တဝါက အလွန်အမင်းကို ရုပ်ဆိုးလှ၏။ သူ၏ခန္ဓာကိုယ်က ဘောလုံးတစ်လုံးတွင် အတောင်နှစ်ဖက် ပေါက်နေသလိုဖြစ်ပြီး အနက်ရောင်ငှက်မွှေးများ ရှိနေသည်။ ခေါင်းပေါ်တွင်တော့ မည့်သည့်အရာမျှမရှိဘဲ ငါးပါးစပ်ကဲ့သို့အရာသာ ရှိသည်။ သူ့ပုံစံက အလွန်အမင်းကိုရုပ်ဆိုးလွန်းလှ၏။
"မင်းက ဘာတွေကြည့်နေတာလဲ။ ငါ့ရဲ့တာအိုမကောင်းဆိုးဝါးနာမည်က ဓနု လို့ခေါ်တယ် ။ ငါက နှစ်ပေါင်းများစွာ အပြောင်းအလဲမရှိခဲ့ဘူး။ ငါက ဂဠုန်မျိုးဆက်ပဲ…”
ထိုငှက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ငါအစောပိုင်းမှာ စကားမပြောခဲ့တဲ့အတွက် မင်းက အံ့ဩချင် အံ့ဩလိမ့်မယ်။ ဒါပေမယ့် ငါ လူသားတွေကို စကားမပြောဘူးဆိုတာ ငါတို့ဂဠုန်မျိုးနွယ်စုက မင်းတို့လူသားတွေထက် ပိုပြီးတော့ မြင့်မြတ်လို့ပဲ…"
မုန့်ချီကတော့ ထိုအရာကို ဂရုမစိုက်ချေ။ မျက်လုံးမှိတ်ပြီး လေ့ကျင့်မှုကိုသာ အာရုံစိုက်နေခဲ့၏။
"ဒီမှာကိုရင်လေး…
မင်းက ဒီရေခဲလိပ်ကို အားကိုးပြီး လေ့ကျင့်နေတာ အသုံးဝင်မှာလား။ မင်းက ဟန်လီကို သွားရှာလိုက်။ ဟား ..ဟား ..ဟား အဲဒီအချိန်တုန်းကဆိုရင် မင်းက ရေခဲတုံးဖြစ်ပြီး သေသွားနိုင်တယ်…"
မုန့်ချီက လေ့ကျင့်နေသော်လည်း ထိုငှက်က ဆက်၍အော်ဟစ်နေခဲ့သည်။
“မင်းပုံစံက တော်တော်လေးရုပ်ဆိုးတာပဲ ၊ မင်းတို့လူသားတွေက ဘာအရသာမှမရှိဘူး…"
မုန့်ချီကတော့ တစ်နာရီတိတိ နားဒုက္ခခံနေခဲ့ရသည်။
"ကိုရင်လေး…
ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်တာက ဘာမှအသုံးမဝင်ဘူး။ မင်းက ငါ့ကိုလွှတ်ပေးလိုက်။ ဒါဆိုငါက မင်းအပေါ် အကြွေးတင်သွားလိမ့်မယ်…”
မုန့်ချီကတော့ ဆူညံသံများကြောင့် အတော်လေးစိတ်မရှည်နိုင်သလို ခံစားနေရသည်။ သူက ခုန်ထလိုက်ပြီး ထိုငှက်ကို တားဆီးချင်နေခဲ့၏။
"တော်တော်ဆူတာပဲ။ လေ့ကျင့်တဲ့အချိန်မှာ တိတ်တိတ်နေရမယ်ဆိုတာ မင်းက မသိဘူးလား….."
"အခွင့်အရေးအကြောင်း ပြောရမယ်ဆိုရင် ငါတို့ဂဠုန်မျိုးနွယ်စုက နှစ်သန်းပေါင်းများစွာ အမွေအနှစ်တွေကို ထိန်းသိမ်းထားတယ်။ ငါ့ရဲ့အဘေးတွေကလည်း အတူတူပဲ…"
ထိုငှက်ကတော့ အတော်လေးကို စကားများနေပြီး သူ၏ဘိုးဘေဘီဘင်များ အကြောင်းကိုပင် ပြောဆိုနေခဲ့သည်။ ထိုသို့ဆိုလျှင် အနည်းဆုံးတော့ (၃)လခန့်စကားပြောနိုင်မည်ဖြစ်၏။
ချီစွမ်းအင်များကို တစ်ပတ်လှည့်ပြီးနောက် မုန့်ချီက ရုတ်တရက် ခုန်ထလိုက်သည်။ သူက ထိုငှက်၏ပါးစပ်ကိုပိတ်ရန် ပြင်လိုက်ခြင်းဖြစ်၏။
သို့သော် ငှက်က အတော်လေးကို သတိထားနေသည်။ မုန့်ချီ မတ်တပ်ရပ်လိုက်သည်နှင့် သူက ချက်ချင်းနောက်သို့ ပြန်ဆုတ်သွားခဲ့၏။ ထို့နောက် ဝမ်းသာအားရ ပြောလိုက်သည်။
"မင်းက ချီစွမ်းအင်တစ်ပတ်လှည့်ပြီးသွားတာကို ငါမသိဘူးလို့ ထင်နေတာလား။ ဟား..ဟား …မင်းက အဲဒီမှာ ဆက်လေ့ကျင့်ပြီး ငါပြောတဲ့စကားကို နားထောင်နေသင့်တယ်…"
Translated by Hein Htet.