← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

မုန့်ချီက ထိုငှက်ကို အံကြိတ်ပြီး ကြည့်လိုက်မိသည်။ ထိုကဲ့သို့ သာယာနာပျော်ဖွယ် မရှိသော အသံကို အချိန်ကြာမြင့်စွာ နားထောင်နေရပြီးနောက် သူလည်း ဖြည်းညင်းစွာ ပြန်လှည့်လာပြီး ရေခဲလိပ်ဆီကို ပြန်လျှောက်သွားခဲ့သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ပြီး ပြန်လည်လေ့ကျင့်နေခဲ့၏။ သို့သော် ယခုတစ်ကြိမ်တော့ မုန့်ချီက သူ၏အင်္ကျီစ (၂) ခုကို စုတ်ဖြဲလိုက်ပြီး နားထဲသို့ ဆို့ထားလိုက်သည်။

"ကလေးဆန်လိုက်တာ..။ အဲဒီလိုလုပ်လိုက်တာနဲ့ ငါ့အသံကို မကြားတော့ဘူးလို့ ထင်နေတာလား...။ ငါက ဘယ်နေရာအကြောင်း ပြောနေတာလဲ...။ ငါ့ရဲ့ဘိုးဘေးဘီဘင်တွေ အကြောင်းလား..။ ငါ့ရဲ့ဘိုးဘေးဘီဘင်တွေအကြောင်းပြောရမယ်ဆိုရင် ငါ့ရဲ့ဆွေစဉ်မျိုးဆက်အကြောင်း အစကနေ ပြန်ပြောရမယ်...."

မုန့်ချီက သက်ပြင်းရှည်ကြီးချလိုက်မိပြီး ထိုငှက်၏ အသံကို မကြားချင်ယောင်ဆောင်နေခဲ့၏။ မုန့်ချီက အအေးဓာတ်နှင့် အသံ၏တိုက်ခိုက်မှုအောက်တွင် ရုန်းကန်နေရပြီး (၁၀)နာရီခန့် ခံနိုင်ရည် ရှိခဲ့သည်။

သူလေ့ကျင့်ပြီးသွားသည့်ချိန်တွင် သူ၏မျက်နှာက အစိမ်းရောင် ပြောင်းလဲနေခဲ့ပြီး တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။

"ဟမ် ..။ အအေးဓာတ်တွေက မင်းရဲ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်နေပြီ..။ တကယ်လို့ မင်းကသာ ကိုယ့်ကိုယ်ကိုယ် ပိုနွေးအောင် မလုပ်ဘူးဆိုရင် အနာဂတ်မှာ ပြဿနာတက်တော့မယ် ....."

စလာသည့် အချိန်ကတည်းက စပြီး ထိုငှက်ကတော့ မရပ်မနား ပြောနေခဲ့၏။

မုန့်ချီက ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ လှုပ်ရှား၍ ပြောလိုက်သည်။

"မင်းရဲ့စကားတွေက မကောင်းဆိုးဝါး တစ်ကောင်နဲ့ မတူဘူး ..."

သူက ငှက်ကို အနားသို့ ဆွဲဆောင်ရန် စီစဉ်ထားခဲ့သည်။ ထို့နောက် ငှက်ကို ချုပ်နှောင်ပြီး ပါးစပ်ကို ပိတ်ထားရန် စဉ်းစားခဲ့၏။ ထိုသို့ဆိုလျှင် အရာအားလုံး ပြီးဆုံးသွားနိုင်သည်။ ထိုငှက်ဆီတွင် စွမ်းအားများများ မရှိကြောင်း မုန့်ချီက သိနေ၏။ ထို့ကြောင့် တံဆိပ်ကို ထိတွေ့နိုင်မည် မဟုတ်ချေ။

"ဟုတ်တယ်လေ ....။ ငါက ဂဠန်တစ်ကောင်ဖြစ်တဲ့အပြင် အရမ်းကို ထူးခြားတဲ့ စွမ်းရည်ရှိတယ် ..."

ငှက်ကတော့ အရှက်မရှိ ပြောနေသေး၏။

"မင်းလို ဉာဏ်တုံးတဲ့ လူသားတစ်ယောက်က ငါ့ရဲ့ ရည်မှန်းချက်တွေကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ ..။ ငန်းတစ်ကောင်က ပျံလွှားတစ်ကောင်ရဲ့ ရည်ရွယ်ချက်ကို သိမှာတဲ့လား....။ ငါက ငန်းပဲ ..."

မီးငန်းက ဝင်ပြောလိုက်ပြီး အနားကို တစ်လှမ်းတိုးလာခဲ့သည်။

"ဟုတ်လား ..။ ဒါဆိုရင် မင်းရဲ့ ရည်မှန်းချက်ကရော ဘာလဲ ....."

မုန့်ချီက တိုးတိုးလေး မေးလိုက်သည်။

ထိုငှက်က အားရပါးရ ရယ်လိုက်၏။

"ငါက မင်းအနားကို တိုးလာအောင် ဆွဲဆောင်ချင်နေတာ မဟုတ်လား...။ ပြီးရင် ငါ့ကို ဖမ်းချင်နေတာလေ..။ ငါက ဂဠန်တစ်ကောင်ပါ....။ မင်းလို လူတစ်ယောက် အရူးလုပ်တာကို ခံရမှာလား ..။ မင်းတို့လို ဘုန်းတော်ကြီး အစုတ်အပြတ်တွေကို ငါက အများကြီး စားခဲ့ဖူးတယ်...။ မင်းက ငါ့ကို ဖမ်းချင်နေတာလား...”

“တောင်ထဲမှာ ရှိတဲ့ကျားတွေဆိုရင် လူအများကြီးကို စားခဲ့တယ်...။ ဒါပေမယ့် ဘာလို့ အဲဒီကျားတွေကို ဖမ်းမထားတာလဲ ..။ မှော်သားရဲတစ်ကောင်က လူကို စားတာ ပုံမှန်ပဲလေ ....။ မကောင်းဆိုးဝါးတစ်ကောင်က လူကို စားတာကျတော့ ပုံမှန်မဟုတ်တော့ဘူးလား ....."

ထိုငှက်က စတင်အော်ဟစ်နေပြီး ရပ်တန့်မည်ပုံ မရှိချေ။ မုန့်ချီကတော့ သူ့ကို မေးလိုက်မိသည့်အတွက် အတော်လေး နောင်တရနေခဲ့၏။ သူက ထိုငှက်ကို စကားမပြောသင့်ပေ။ ထို့ကြောင့် သူ့ဘဝကြီးက အခက်အခဲ (၂)ခုကြားထဲတွင် အတော်လေးကို ခက်ခဲလာခဲ့၏။

သို့သော် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် တိုးတက်မှုက အတော်လေးကို လျင်မြန်နေခဲ့သည်။ အချိန်တစ်လခွဲကြာပြီးနောက် သူက တတိယအဆင့်ကို ရောက်သွားပြီး သူ၏ စွမ်းရည်ကလည်း အဆင့်မြင့်ချီစုဆောင်းရေး အဆင့်ကို ရောက်လာခဲ့၏။ ထိုအရာက သူ၏ သံချပ်ဝတ်အင်္ကျီနှင့် ယှဉ်နိုင်နေပြီး ပို၍ ကောင်းမွန်နေသည်။

"ငါထင်ထားတာထက် လဝက်လောက် ပိုစောနေတာပဲ ...."

ရေခဲလိပ်အကျဉ်းထောင်၏ အပြင်ဘက်တွင် မုန့်ချီက သူ၏ အပေါ်ပိုင်းဗလာ ခန္ဓာကိုယ်ကို ကြည့်ပြီး သူ၏အရေပြားပေါ်တွင် မျဉ်းကြောင်းတစ်ချို့ကို ဝိုးတဝါး ခံစားမိခဲ့သည်။ သူက အံ့ဩနေသလို ဝမ်းသာနေခဲ့၏။

သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အဆင့်(၄)ကို အောင်မြင်ပြီးမှသာ နောက်တစ်ကြိမ် သံသရာ တာဝန်ကျရောက်လာပါစေဟု ဆုတောင်းနေရ၏။ မုန့်ချီက သူ၏ ဝတ်ရုံကို ပြန်ဝတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် သူက မရပ်မနား စကားပြောနေသော ငှက်ကို ကြည့်ပြီး တစ်ယောက်တည်း ပြောလိုက်မိ၏။

"ဒီမကောင်းဆိုးဝါးရဲ့ ဆူညံသံကလည်း လေ့ကျင့်မှုတစ်မျိုးပဲလား...။ အဲဒါက စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးနိုင်တာလား ...."

သို့သော် သူကတော့ ထိုငှက်၏ ပါးစပ်ကို ပိတ်ထားချင်နေသေးသည်။

"ပင်လယ်ထဲမှာ ငါ့ရဲ့ဘိုးဘေးတွေရဲ့အမွေအနှစ်နယ်မြေတစ်ခု ရှိခဲ့တယ်..။ ဒါပေမယ့် လူတစ်ယောက်က အဲဒီထဲမှာ ရှိတဲ့အရာကို ခိုးသွားတယ်..။ ပြီးတော့ မြေအောက်ထဲမှာတော့ ငှက်တွေပဲ ရှိတယ်....။ အဲဒါက ထူးဆန်းတယ် မဟုတ်လား။ ပင်လယ်အောက်မှာရှိတဲ့ ရှေးဟောင်းနယ်မြေထဲမှာ ငှက်တွေ ရှိနေတာလေ ...။ ကိုရင်လေး မသွားနဲ့ဦး..။ ရတယ်လေ သွားရင်လည်းသွားပေါ့ ..။ မနက်ဖြန်ကျမှ ဆက်ပြီး ပြောကြမယ် ....."

မုန့်ချီက လမ်းလျှောက်နေခြင်းကို ရပ်လိုက်ပြီး အံကြိတ်လိုက်မိသည်။

သူက သတ်မှတ်ထားသည်ထက်စော၍ အဆင့်တက်သွားခဲ့သည့်အတွက် ရွှမ်ပိုင်၏ ခြံဝန်းထဲသို့ (၂)နာရီစော၍ ပြန်ရောက်နေခဲ့သည်။ သူက တံခါးဖွင့်ကြည့်လိုက်သည့် အချိန်တွင် ရွှမ်ပိုင်က ဓားတစ်ချောင်းနှင့်အတူ ဓားရေး လေ့ကျင့်နေကြောင်း တွေ့လိုက်ရသည်။

ရွှမ်ပိုင်ကတော့ သူ့တပည့်ကို မြင်လိုက်ရသည့်အတွက် အံ့ဩနေခြင်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် အဝေးမှနေ၍ မုန့်ချီကို သတိထားမိနေခြင်းကြောင့်ဖြစ်၏။

မုန့်ချီက ပတ်ပတ်လည်သို့ လှည့်ကြည့်နေပြီး သူ့အခန်းထဲသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သူက ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်၏ တတိယအဆင့်ကို အောင်မြင်သွားပြီဖြစ်ကြောင်း နောက်ပိုင်းမှသာ သတင်းပို့ရန် ဆုံးဖြတ်လိုက်သည်။

သူက သူ့ဆရာ၏ ဓားပညာကို မကြည့်ချင်၍ မဟုတ်ချေ။ သူ့ဆရာ၏ လှုပ်ရှားမှုများက အလွန်ထူးခြားကြောင်း သူလည်း နားလည်နေခဲ့၏။ သို့သော် ကြည့်ရှူစစ်ဆေးရန် သိုင်းကျမ်းမရှိလျှင် ကြည့်နေခြင်းကလည်း အပိုသာ ဖြစ်သည်။ ထို့ကြောင့် သူ့ဆရာက အနားတွင် ကြည့်နေသူများ ရှိနေသော်လည်း ခြံဝန်းထဲတွင် အလွယ်တကူ လေ့ကျင့်နေခြင်း ဖြစ်သည်။

သို့သော် ကြည့်လိုက်ရုံနှင့် မုန့်ချီက လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။ ထိုအရာက အနတ္တကျိန်စာဖျက် ဓားပညာ၏ ပထမသိုင်းကွက်ဖြစ်သော တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက် ဖြစ်နေ၏။

မုန့်ချီကတော့ သူ့ဆရာ သတိထားမိသွားမှာကို ကြောက်လန့်နေသည့်အတွက် ထိုဓားသိုင်းကွက်ကို လေ့ကျင့်ရန် အခွင့်အရေးမရှိခဲ့ချေ။ သူ့ခေါင်းထဲတွင်သာ အကြိမ်ကြိမ်အခါခါ လေ့ကျင့်နေခဲ့၏။

သူက သံသရာကမ္ဘာကြီးထဲသို့ ရောက်သွားသည့်အချိန်တွင် လျင်မြန်စွာ လေ့ကျင့်ပြီး တာဝန်လုပ်ဆောင်ရန် စီစဉ်ထားခဲ့သည်။ ယခုတော့ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ဖြစ်သော သူ့ဆရာက ထိုသိုင်းကွက်ကို လေ့ကျင့်နေလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။

"ဒါက ဘာတွေဖြစ်နေရတာလဲ...."

သူ့ဆရာ၏ လှုပ်ရှားမှုများကို ကြည့်ပြီး သူ၏ ဓားသိုင်းပညာတွင် ရှုပ်ထွေးနေသော အရာများစွာက အဖြေပေါ်လာခဲ့သည်။ သူကတော့ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရ၏။

"ကျန်းတင် ...

မင်းက တတိယအဆင့်ကို ရောက်သွားပြီလား ...."

ရွှမ်ပိုင်က တီးတိုးလှမ်းမေးလိုက်ပြီး သူတပည့်က ထွက်မသွားကြောင်း သတိထားမိသည့်အချိန်တွင် သူ၏လေ့ကျင့်မှုကို ရပ်တန့်လိုက်သည်။ မုန့်ချီက သူ့ကိုယ်သူ ထိန်းချုပ်ပြီး ပြောလိုက်၏။

"ဆရာ ....

ကျွန်တော်က ကံကောင်းပြီး အဆင့်တက်နိုင်ခဲ့တယ်..."

"မင်းကို ကြည့်ရတာ ပေါ့ပေါ့လေး နေတတ်တဲ့ လူတစ်ယောက်လို့ ထင်ရပေမယ့် မင်းရဲ့စိတ်စွမ်းအားက တော်တော်လေးကို နက်ရှိုင်းတာပဲ....။ မင်းက တော်တော်လေးကို တည်ငြိမ်ပြီး အခြေခိုင်တယ် ...။ ဒါကြောင့်လည်း ဒီလို ရလဒ်မျိုးကို ရတာကိုး..."

ရွှမ်ပိုင်က ခေါင်းညိတ်၍ ‌ပြောလိုက်သည်။

"မနက်ဖြန်ကစပြီး မင်းက မီးငန်းနဲ့ ရေခဲလိပ်တို့ရဲ့ ကြားထဲမှာ စတုတ္ထအဆင့်ကို စပြီးလေ့ကျင့်ရမယ် ....။ အဲဒီအချိန်ကျရင်တော့ ဆရာလည်း မင်းနဲ့အတူ စေတီထဲကို လိုက်ခဲ့မယ် ...။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အပူနဲ့အအေးရှိနေတဲ့နေရာမှာ ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်.....။ ယင်နဲ့ယန် မျှတနေဖို့လိုတယ် ......"

"ကောင်းပါပြီ ဆရာ ...."

မုန့်ချီက တက်ကြွစွာ ပြန်ဖြေလိုက်၏။

"ဆရာ စောနက လေ့ကျင့်နေတာ ဘာသိုင်းပညာလဲ ..။ ကြည့်ရတာ တော်တော်လေး ထူးဆန်းတယ်...။ ကျွန်တော် လေ့ကျင့်နေတာထက် အဆပေါင်းများစွာ ပိုပြီး ထူးခြားတယ် ...."

ရွှမ်ပိုင်က သူ့ဓားကို ပုတ်ပြီး ပြောလိုက်သည်။

"အနတ္တကျိန်စာဖျက်ဓားပညာလေ ....။ မင်းဆီကနေကြားပြီး ဆရာလည်း အဲဒီသိုင်းပညာကို တော်တော်လေး စိတ်ဝင်စားနေတာ ....။ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ရင် ဆရာ မင်းကို သင်ပေးမယ် ....."

"ကျေးဇူးတင်ပါတယ်ဆရာ ....."

မုန့်ချီက သူ့ဆရာကို ဦးညွှတ်လိုက်ပြီးနောက် ရှုပ်ထွေးနေသည့် အမူအရာနှင့် အခန်းထဲသို့ ဝင်သွားခဲ့သည်။

ထိုအချိန်တွင် ပေါက်စီကို အားပါးတရ စားနေသော ကျန်းဟွေကို မြင်လိုက်ရ၏။

"ညီလေး ....

ဒီနေ့မင်းက မလေ့ကျင့်ရဘူးလား ...."

မုန့်ချီက ထူးဆန်းသွားသလို ခံစားလိုက်ရသည်။

ကျန်းဟွေက ဝမ်းသာအားရ ပြန်ဖြေလိုက်၏။

"အစ်ကိုကြီး ....

နေ့လည်တုန်းကပဲ ကျွန်တော်က ဒန်တျန်ပွင့်သွားပြီလေ...။ ဒါက ဆရာ ဆုချတာ..."

သူက စားနေသော ပေါက်စီကို မုန့်ချီဆီသို့ ပြလိုက်သည်။ သူ့ပုံစံက ရတနာသိုက်ကို တွေ့လိုက်ရသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

"မင်းက ဒန်တျန်တောင် ပွင့်သွားပြီလား ....."

မုန့်ချီလည်း အံ့ဩသွားခဲ့သည်။

သာမန်အားဖြင့် ဒန်တျန် ပွင့်ရန် (၂)လမှ (၆)လ အထိ လိုအပ်သည်။ ကျန်းဟွေကတော့ (၃)လ သို့မဟုတ် နှစ်ဝက်ခန့် အချိန်ပေးရမည်ဆိုလျှင်ပင် ပြဿနာကြီးတစ်ခု မဟုတ်ချေ။ တစ်ချို့လူများကတော့ (၂)လအတွင်း လုပ်ဆောင်နိုင်ကြသည်။

သို့သော် ကျန်းဟွေ လေ့ကျင့်နေသည်မှာ ပန်းခူးလက်ညှိုးသိုင်း ဖြစ်ပြီး ရှောင်လင်တွင် အခက်ခဲဆုံး သိုင်းပညာများထဲမှ တစ်ခု ဖြစ်သည်။ ထို့ကြောင့် (၃)နှစ်အတွင်း ဒန်တျန် မပွင့်လျှင်ပင် သာမန်သာဖြစ်၏။ သို့သော် ဘာကြောင့် ကျန်းဟွေ၏ တိုးတက်မှုက အလွန်လျင်မြန်နေရသနည်း။

ကျန်းဟွေက ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။

"အစ်ကိုကြီး ....

ကျွန်တော့်ကို တစ်ခုခု မေးချင်နေတာ မဟုတ်လား ...."

ထိုကောင်လေးက ပန်းခူးလက်ညှိုးသိုင်း သင်ယူရန် ပါရမီ ပါနေသော အချက်ကို မုန့်ချီက လျစ်လျှုရှုထားရန် ဆုံးဖြတ်လိုက်သည်။ သူက ခေါင်းညိတ်ပြီးပြောလိုက်၏။

"ဆရာက အနတ္တကျိန်စာဖျက်ဓားသိုင်းကို ဘယ်အချိန်ကတည်းကနေ လေ့ကျင့်နေလဲဆိုတာ သိလား..၊ ဘာလို့ သူက လေ့ကျင့်နေရတာလဲ...."

"လွန်ခဲ့တဲ့ တစ်လခွဲလောက်ကစပြီးလေ့ကျင့်နေတာ ...."

ကျန်းဟွေက သေချာမှတ်ထားပုံရသည်။

သူက မုန့်ချီကို ရှုပ်ထွေးစွာ မေးလိုက်၏။

"အစ်ကိုကြီး …

ဆရာက အစ်ကိုကြီးသင်ပေးဖို့ လေ့ကျင့်နေတာ မဟုတ်ဘူးလား ...."

"ဘယ်လို...."

မုန့်ချီကတော့ အတော်လေးကို ရှုပ်ထွေးသွားခဲ့၏။

မုန့်ချီက ဘာကြောင့် ထိုမေးခွန်းကို မေးနေကြောင်း ကျန်းဟွေက နားမလည်နိုင်ခဲ့ပေ။ သူက ပို၍ တည်ငြိမ်စွာ မေးလိုက်၏။

"အစ်ကိုကြီးက ဓားပညာသင်ချင်တယ်လို့ ပြောနေတာလေ ....”

“ဆရာက ငါတို့အပေါ် ဒီလောက်ထိ ကောင်းနိုင်လို့လား ...."

ကျန်းဟွေပြောသည့်အရာက ဖြစ်နိုင်ချေ ရှိကြောင်း မုန့်ချီက ဝန်ခံရပါလိမ့်မည်။ သို့သော် သူ့စိတ်ထဲတွင်တော့ အတော်လေး မသက်မသာ ခံစားနေရ၏။

"ငါတို့က သူနဲ့ဘာမှ မပတ်သက်ဘူးလေ...။ ဘာလို့ ငါတို့ကို ဒီလိုမျိုးဆက်ဆံနေရတာလဲ...."

ကျန်းဟွေကတော့ အေးအေးဆေးဆေး ပြောလိုက်၏။

"ဘာလို့ ကျွန်တော်တို့က မပတ်သက်ရမှာလဲ ...။ သူက ကျွန်တော်တို့ရဲ့ဆရာလေ.."

"ဒါပေမယ့် ဆရာဆိုတိုင်း ငါတို့အပေါ် အကြောင်းပြချက်မရှိ ကောင်းပေးတာက မဟုတ်သေးဘူးလေ ...."

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။

ကျန်းဟွေကတော့ သူ့ကို ပြောလိုက်သည်။

"အစ်ကိုကြီးက ကျွန်တော်အပေါ် ကောင်းတယ်လေ..။ ဒါပေမယ့် အဲဒါကရော ပြဿနာ ရှိလို့လား....."

မုန့်ချီက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ သူက ထိုကောင်လေးနှင့် မည်သို့ စကားပြောရမှန်း မသိတော့ပေ။ ထို့ကြောင့် သူလည်း ဂါနိုဒါးမား စွမ်းအင်ပြန်ဖြည့်ဆေးတစ်လုံးကို ထုတ်လိုက်ပြီး သူလုပ်ရမည့်အရာများကို လုပ်ဆောင်လိုက်သည်။

"ဒီနေရာပဲ ...."

စေတီထဲသို့ ဝင်လာပြီးနောက် ရွှမ်ပိုင်က သူ့ရှေ့၌ ရှိနေသော အနက်ရောင် မြေကွက်လပ်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအရာက မီးငန်းနှင့်ရေခဲလိပ်တို့၏ ကြားထဲတွင် ရှိနေသော နယ်မြေဖြစ်၏။

ခေါင်းညိတ်ပြလိုက်ပြီးနောက် မုန့်ချီက ထိုနေရာသို့ လျှောက်သွားပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းက လောင်ကျွမ်းနေပြီး ညာဘက်ခြမ်းတွင် ရှိနေသော သွေးများက ရပ်တန့်သွားကြောင်း ခံစားလိုက်ရသည်။

တစ်ဖက်က ပူနေပြီး တစ်ဖက်က အေးစက်နေသည့်အတွက် အလွန် ပြင်းထန်သော နှိပ်စက်မှုကို ခံစားနေရသည်။ မုန့်ချီက အံကြိတ်လိုက်မိသော်လည်း အသံမထွက်ရဲပေ။ သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အဆင့်(၄)ကိုသာ စတင် အာရုံစိုက်နေခဲ့သည်။

သူက သူ့ဆရာနှင့်အတူ ရောက်လာခဲ့သည့်အတွက် ငှက်က အသံထွက်ခြင်း မရှိချေ။ သူ့ဆရာက သူ့ကို ဤနေရာတွင် လေ့ကျင့်ခိုင်းရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူသိနေ၏။ အကယ်၍ သူသာ ဆူညံသံကို ခံနိုင်ရည် မရှိလျှင် တတ်နိုင်သမျှမြန်မြန် ပြန်ထွက်ခြင်းက ပိုကောင်းသည်။

ရေခဲလိပ်နှင့် မီးဇာမဏီတို့က သံတိုင်နားသို့ တဖြည်းဖြည်း ကပ်လာပြီး မုန့်ချီကို အဆိုးဆုံး အခြေအနေရောက်အောင် တွန်းပို့နေကြသည်။ အအေးဓာတ်နှင့် အပူဓာတ်များ ကျရောက်လာသည့်အတွက် သူ၏ ဒန်တျန်ကို သံမဏိအပ်ပေါင်း(၁၀၀၀)ကျော်နှင့် ထိုးစိုက်နေသလို ခံစားနေရပြီး အလွန်အမင်းကို ဆိုးရွားစွာ ခံစားနေခဲ့ရသည်။

သူက စွမ်းအင်များကို သေချာလှည့်ပတ်နေပြီး အပူချိန်ပြောင်းလဲမှုကို ထိန်းချုပ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်က နည်းနည်းချင်းဆီ ပြောင်းလဲလာနေပြီး သူ၏ ဒန်တျန်ကလည်း တစ်ဆင့်ချင်းဆီ ကြီးထွားလာနေသည်။ သွေးကြောများကလည်း နည်းနည်းချင်းဆီ ကျယ်လာနေ၏။

သူက အစွန်းဆုံး နှိပ်စက်မှုကို ခံစားနေရသည့်အချိန်တွင် သူ၏ တိုးတက်မှုကိုလည်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ သူ့အနားတွင် ရှိနေသော ရွှမ်ပိုင်က ခေါင်းညိတ်၍ ပြောလိုက်၏။

"ကျန်းဟွေက ဆရာထင်ထားတာထက်ပိုပြီး ပန်းခူးလက်ညှိုးသိုင်းကို ချော့ချော့မွေ့မွေ့ လေ့ကျင့်နိုင်တယ် ..။ သူမနေ့တုန်းက ဒန်တျန်ပွင့်သွားပြီဆိုတော့ သိပ်မကြာခင် ချီ စုဆောင်းရေးအဆင့်ကို ရောက်လာတော့မယ် .....။ သူက သိပ်မကြာခင် မင်းကို မီလာတော့မှာ ..."

ဒန်တျန်ဖွင့်လိုက်ပြီးနောက် ချီစုဆောင်းရေးအဆင့်ကိုရောက်ရန် ချီစွမ်းအင်များ လေ့ကျင့်ရန်သာ လိုအပ်သည်။ ကျန်းဟွေက မကြာခင် သူ့ကို မီလာတော့မည်ဟူသော အတွေးမျိုး ပေါ်လာအောင် ရွှမ်ပိုင်က ပြောလိုက်ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် မုန့်ချီက စိတ်ထဲတွင် ပို၍အလေးထားလာနိူင်၏။ ထိုကဲ့သို့ အလေးထားမှုက သူ၏ လက်ရှိလေ့ကျင့်မှုကို အကူအညီပေးနိုင်သည့်အပြင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်သော စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခု ဖြစ်သွားနိုင်သည်။

"ကျန်းတင် …

မင်းကလည်း ဆရာမျှော်လင့်ထားတာထက် ပိုနေပါတယ်....။ မင်းရဲ့စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှုကလည်း တကယ့်ကို အံ့မခန်းပဲ။ တကယ်လို့ မင်းသာ တစ်ဆင့်ချင်းဆီ ဆက်သွားမယ်ဆိုရင် တော်တော်လေးကို အောင်မြင်မှာပါ...။ တစ်ခြားလူတွေက အဆင့်(၄)ကို အောင်မြင်ဖို့ တစ်နှစ်လောက် အချိန်ပေးရတယ်...။ မင်းကတော့ နှစ်ဝက်လောက်ပဲ အချိန်ပေးရမှာပါ....။ အဲဒီအချိန်ကျရင် မင်းက ကျန်းဟွေထက် ပိုသာသွားမှာပါ....."

မုန့်ချီကို အလျင်လိုနေသည့်ခံစားချက်ပေးမျိုး‌ ပေးလိုက်ပြီးသည့်နောက် ရွှမ်ပိုင်က သူ့ကို ပြန်လည်နှစ်သိမ့်လိုက်ပြန်သည်။ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ စတုတ္ထအဆင့်ကို အောင်မြင်ပြီးနောက် ချီလေးကျင့်ရေး၌ အတော်လေးကို အကျိုးအမြတ်များသည်။

ထို့နောက် သူက သွေးကြောမှတ်များကို အာရုံစိုက်ရမည့် အချိန်ရောက်လာပြီး ဉာဏ်အလင်းပွင့်မှုအဆင့်ကို အဆင်သင့် ဖြစ်နိုင်သည်။ ပန်းခူးလက်ညှိုးသိုင်းကတော့ ထိုအဆင့်ကိုရောက်ရန် (၂)နှစ် သို့မဟုတ် (၁၀)နှစ်ခန့်ပင် အချိန်ပေးရနိုင်၏။

ထိုအရာများကို ပြောလိုက်ပြီးနောက် ရွှမ်ပိုင်က လှည့်ထွက်သွားခဲ့ပြီး ရေခဲနှင့် မီးတောက်ကြားထဲတွင် မုန့်ချီ တစ်ယောက်တည်းသာ ကျန်နေတော့သည်။

"မင်းက ဒီနေရာကို အစွမ်းထက်ဘုန်းကြီးတစ်ပါးခေါ်လာတာနဲ့ပဲ ငါက ကြောက်ပြီလို့ ထင်နေတာလား ....."

ရွှမ်ပိုင်ထွက်သွားသည်နှင့် ငှက်က နောက်တစ်ကြိမ် စကားပြောလာခဲ့သည်။

"ရှောင်လင်သိုင်းပညာက ဘာမှမဟုတ်ဘူး..။ ဒီနေရာမှာ နတ်ဆိုးဧကရာဇ်ရဲ့ အမွေအနှစ်တွေက ဘယ်နေရာမှာရှိလဲဆိုတာ ငါသိတယ်...။ အဲဒီမှာ နတ်ဆိုးအင်ပါယာရဲ့ ‌ပြိုင်ဘက်ကင်း သိုင်းကျမ်းတစ်ခုလည်း ရှိတယ်......။ မင်းဘယ်လိုသဘောရလဲ တကယ်လို့ မင်းသာ ငါ့ကိုလွှတ်ပေးမယ်ဆိုရင် ငါက မင်းကိုနတ်ဆိုးအင်ပါယာခန်းမထဲကိုခေါ်သွားမယ်...."

အကြောင်းအရင်းမျိုးစုံကြောင့် ထိုငှက်၏အော်သံက မုန့်ချီ၏ နှလုံးသားအနက်ရှိုင်းဆုံး နေရာတွင် ကြားနေရသည်။ ထိုအရာက လောကတစ်ခွင်လုံးတွင် ကြောက်စရာအကောင်းဆုံး အသံတစ်ခုလည်း ဖြစ်၏။ အအေးဓာတ်နှင့် အပူဓာတ်(၂)မျိုးက ထိုးနှက်နေသည့်အချိန်တွင် ထိုအသံက သူ့ကို (၂)ဆပို၍ ထိခိုက်စေနိုင်သည်။

တဖြည်းဖြည်းနှင့် သူက အာရုံပျံ့လွင့်လာချိန်တွင် သူ့ဆရာ လေ့ကျင့်နေခဲ့သော အနတ္တကျိန်စာဖျက် ဓားပညာကို အမှတ်မထင် စဉ်းစားမိသွားခဲ့သည်။ သူနားလည်ထားသည့် အရာများနှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အချိန်တွင် ကမ္ဘာကြီးက ပို၍ကြီးလေလေ ငြိမ်းချမ်းမှုက ပို၍ ပျက်စီးလေလေ ဖြစ်လာကြောင်း နားလည်လာ၏။

အအေးဓာတ် ၊ အပူဓာတ်နှင့် ဆူညံသံများကို ခံစားနေရင်း မုန့်ချီက ထိုအရာ၏ အဓိပ္ပာယ်ကို ရုတ်တရက် နားလည်သွားခဲ့သည်။ ဓားသွားကလည်း သူ့အတွက် ရုတ်ချည်းဆိုသလို ထင်ရှားလာခဲ့၏။ ဘုန်းတော်ကြီးတစ်ပါးက ခက်ခဲနေသော်လည်း ရှေ့သို့ တစ်လှမ်းချင်း ခိုင်မြဲစွာ လျှောက်လာနေသည်ကို မြင်နေရသလို ခံစားနေရသည်။

"ကျိန်စာကို ဖျက်မယ် ။ သာမန်လူသားတွေရဲ့ကမ္ဘာကြီးက မီးဖိုကြီးတစ်ခုလိုပဲ....။ ငါ့ရဲ့နှလုံးသားကို လေ့ကျင့်ရမယ်....။ လက်ရှိခံစား‌နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် နှိပ်စက်မှုတွေအားလုံးက မီးဖိုကြီးတစ်လုံးထဲမှာ လေ့ကျင့်နေရသလိုပဲလား....ဗုန်းးးးး...."

မုန့်ချီ၏ဓားသွားက ပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး ပို၍ ရှင်းလင်းလာခဲ့သည်။ သူက စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်နှိပ်စက်မှုများကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး မည်သို့ ပြောင်းလဲနေကြောင်း ထင်ထင်ရှားရှား ခံစားမိလာခဲ့သည်။

အပြင်ဘက်တွင် ရှိနေသော မကောင်းဆိုးဝါးက မီးဖိုကြီးဖြစ်ပြီး စိတ်ထဲတွင် ရှိနေသော မကောင်းဆိုးဝါးက မီးသွေး ဖြစ်သည်။ မုန့်ချီကတော့ စည်းမျဉ်းများကို ထိန်းသိမ်းထားနေစဉ် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်လာသည်ဟု ခံစားမိခဲ့၏။

အတွင်းပိုင်းနှင့်အပြင် တိုက်ခိုက်မှုကြောင့် ဓားသွားကို သတိထားနေသော မုန့်ချီက သူ၏ခန္ဓာကိုယ်ပေါ်တွင် အဝါရင့်ရောင်အလွှာတစ်ခု ပေါ်လာသည်ကို သတိမထားမိခဲ့ပေ။ အပူအအေးတို့၏ ဖိအားကြောင့် ထိုဓားသွားခံစားချက်က မုန့်ချီဆီမှ ထွက်ပေါ်လာပြီး ပတ်ပတ်လည်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

"ဖျောက် ဖျောက် ဖျောက်....."

သူ၏ခန္ဓာကိုယ်ပေါ်တွင် ပဲစေ့များပေါက်သလို အသံများ ထွက်ပေါ်လာခဲ့ပြီး အလွန်နက်ရှိုင်းသော အဝါရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။ သူ့ပုံစံက ကြေးသွန်း လော်ဟန့်ရုပ်ပွားတော်တစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။

ထိုအရာက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် စတုတ္ထအဆင့်ကို အောင်မြင်သွားကြောင်း လက္ခဏာများ ဖြစ်နေလေသည် ။

Translated by Hein Htet

All Chapters