အခန်း (၅၂)
Vol. 4 Ch. 52
"ဖောက်…"
ထိုအသံကို ကြားလိုက်ရသည့်အချိန်တွင် စကားပြောနေသော ငှက်က အလွန်အံ့ဩသွားခဲ့သည်။
"ဘာလို့ငါက သိုင်းပညာကို ရုတ်တရက် ဆုံးရှုံးသွားရတာလဲ။ လူသားတွေရဲ့ နှလုံးသားက ဒီလောက်တောင် ပျက်စီးလွယ်နေတာလား။ ဒါမှမဟုတ် ဆက်သွယ်ဖို့ ဒီလောက်တောင် ခက်နေတာလား…"
ထိုအသံက အကာအကွယ်ကျင့်စဉ်များ ပျက်စီးသွားသည့်အချိန်တွင်သာ ပေါ်လာတတ်ခြင်း ဖြစ်သည်။ သို့သော် အကာအကွယ်ကျင့်စဉ် ပျက်စီးသွားမည် ဆိုလျှင်လည်း တဖြည်းဖြည်း မှေးမှိန်ပြီး ပျောက်ကွယ်သွားရမည်ဖြစ်၏။ ယခုတော့ ကွဲပြားနေသည်မှာ တဖြည်းဖြည်း ပို၍တောက်ပလာနေခြင်း ဖြစ်သည်။
မုန့်ချီက ယမန်နေ့ကမှ အဆင့်(၃)ကို အောင်မြင်ထားကြောင်း ထိုငှက်က သိသည်။ ထို့ကြောင့် မုန့်ချီ၏သိုင်းပညာက ပျက်စီးသွားရန် မဖြစ်နိုင်ပေ။ မုန့်ချီက ဆက်လက်လေ့ကျင့်နေသည်အတွက် တစ်စုံတစ်ခု ဖြစ်နေသည်ဟုသာ တွေးနေမိသည်။
ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုက သူ့ကို ဖမ်းလိုက်ကြောင်း မြင်တွေ့ရ၏။ သူက အကောင်းဆုံးကြိုးစားပြီး ရုန်းကန်နေခဲ့သည်။ အကျဉ်းထောင်ထဲတွင် သူ၏သိုင်းပညာက (၁၀)ပုံ (၁)ပုံပင် မရှိဘဲ မှော်ပညာကလည်း ပျက်စီးနေခဲ့၏။ နောက်ဆုံးတွင်တော့ သူက မုန့်ချီ၏လက်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။
မုန့်ချီက သူ၏ခါးပန်းကြိုးကို ဆွဲထုတ်လိုက်ပြီး သံလက်ရန်းနှင့် ငှက်ကို သေချာချည်လိုက်သည်။
"ငါ့ကိုလွှတ်ပေးလိုက်။ မင်းက ငါ့လို သက်ကြီးဝါကြီးကို ရိုသေရကောင်းမှန်း မသိဘူးလား…"
ငှက်က ကျယ်လောင်စွာ အော်ဟစ်နေခဲ့၏။ ရုတ်တရက်ဆိုသလို မုန့်ချီ၏လက်ထဲ၌ အလွန်ထူးဆန်းသော အဖြူရောင်အဝတ်စတစ်ခုကို တွေ့လိုက်ရသည်။
"အဲဒါက.. ဘာ ဘာ ဘာကြီးလဲ…"
မုန့်ချီက တစ်ရက်အတွင်း အကာအကွယ်ကျင့်စဉ်၏ အဆင့်(၄)ကို အောင်မြင်လိမ့်မည်ဟု သူကိုယ်တိုင်လည်း မထင်ထားခဲ့ပေ။ အလွန်ဆူညံသောငှက်၏ အသံကြောင့်လည်း ဖြစ်နိုင်သည်။
သူကတော့ အတော်လေးကို ဝမ်းသာနေသည့် အမူအရာနှင့် ပြောလိုက်၏။
"မင်းပါးစပ်ထဲကို ငါ့ခြေအိတ်ထည့်ထားမလို့…"
"မလုပ်နဲ့ မလုပ်နဲ့…"
ငှက်က ကျယ်လောင်စွာ အော်ဟစ်ပြီး ခေါင်းခါနေခဲ့၏။ မုန့်ချီကတော့ သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။
နောက်ဆုံးတွင်တော့ ကမ္ဘာကြီးက တိတ်ဆိတ်သွားခဲ့ပြီး မုန့်ချီက မျက်လုံးမှိတ်၍ သူ၏နိုင်ပွဲကို ခံစားမိနေ၏။ ထိုအရာက အလွန်ကျေနပ်ဖွယ် ကောင်းလွန်းလှသည်။ သူက နောက်တစ်ကြိမ် တင်ပျဉ်ခွေထိုင်လိုက်၏။
အပူဓာတ်နှင့် အအေးဓာတ်များကတော့ သူ့ကို ပြဿနာမပေးနိုင်တော့ပေ။ သူ့ခေါင်းထဲတွင် မီးဖိုကြီးတစ်လုံးကဲ့သို့ ဖြစ်ခဲ့သော နာကျင်မှုကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် အတော်လေး ဆိုးရွားလှသည်။
"အနတ္တကျိန်စာဖြတ်ဓားပညာက လူကို မသတ်ဘူးဆိုရင်တောင် အသုံးပြုတဲ့လူကို အကျိုးသက်ရောက်မှုတွေ အများကြီးပေးနိုင်တာပဲ။ တော်တော်လေး အံ့ဩစရာကောင်းတယ်။ ပြီးတော့ ဒါက အကာအကွယ်ကျင့်စဉ်တွေနဲ့ လိုက်ဖက်တာပဲ…"
မုန့်ချီက အနတ္တကျိန်စာဓားပညာအပေါ် လေးနက်သော နားလည်မှုများ ရှိလာခဲ့၏။ သူ၏သိုင်းပညာက အဆင့်တက်သွားပြီး နှလုံးသားထဲတွင်လည်း တည်ငြိမ်အေးချမ်းသွားကြောင်း နားလည်သွားခဲ့သည်။
“ဗုဒ္ဓလမ်းစဉ်ကို လျောက်လှမ်းမယ်ဆိုရင် စိတ်တည်ငြိမ်ဖို့ လိုအပ်တယ်။ တကယ်လို့ အသုံးပြုသူကသာ တည်ငြိမ်တဲ့စိတ်ရှိနေပြီး အနှစ်သာရတွေကို အစစ်အမှန် နားလည်မှုရှိမယ်ဆိုရင် သူရဲ့လေ့ကျင့်မှုက မထင်မှတ်ထားတဲ့ အကျိုးတွေရှိတယ်။ တစ်ရက်အတွင်းတောင် တိုးတက်သွားနိုင်တာပဲ။ တကယ်လို့ အသုံးချသူကသာ အဲဒီလိုအရာမျိုး မလုပ်နိုင်ဘူးဆိုရင် တစ်ယောက်တည်း ဖြည်းဖြည်းချင်း လေ့ကျင့်ရလိမ့်မယ်…”
ထိုအတွေ့အကြုံများနှင့်အတူ မုန့်ချီက ဗုဒ္ဓလမ်းစဉ်နှင့် ပတ်သက်ပြီး နားလည်မှုအသစ်များ ပေါ်လာခဲ့သည်။
“ဒီအသိအမြင်တွေက လုပ်ရပ်တစ်ခုတည်းနှင့် ပြည့်စုံသွားမှာ မဟုတ်ဘူး။ အစစ်အမှန် အသိပညာက စိတ်ဝိညာဉ်နဲ့ နှလုံးသားကို ပေါင်းစပ်ရာကနေ ရလာတာ။ အသုံးပြုသူက အစစ်အမှန် အနှစ်သာရကို နားလည်ပြီး အမှန်တကယ် လိုက်ပါကျင့်သုံးဖို့လည်း လိုသေးတယ်…”
“ငါက ချီစုဆောင်းရေးအဆင့်ကနေ အဆင့်တက်ဖို့အတွက် ဂါနိုဒါးမားစွမ်းအင် ပြန်ဖြည့်ဆေးတစ်လုံး လိုအပ်တယ်။ ပြီးရင်တော့ ငါက မျက်လုံးတံခါးကို စုစည်းရတော့မယ်…”
မုန့်ချီက ဆက်လက်လုပ်ဆောင်ရမည့်အရာများကို စဉ်းစားနေခဲ့သည်။ သူကတော့ နောက်တစ်ကြိမ် သံသရာတာဝန်မစခင် အကာအကွယ်ကျင့်စဉ်အဆင့်(၄)ကို အောင်မြင်သွားသည့်အတွက် အလွန်ဝမ်းသာနေခဲ့သည်။ ထိုအရာက ပို၍ပင် သက်တောင့်သက်သာ ရှိသွားနိုင်၏။
အဆင့်(၄)ကို အောင်မြင်သွားသည့်အတွက် သူက ချီစုဆောင်းရေးအဆင့်ကို အောင်မြင်သွားသည်ဟု ဆိုလိုနိုင်၏။ သူ၏ချီစွမ်းအင်များက မလုံလောက်သည့်အတွက် လှည့်ပတ်ရန် လိုအပ်နေသေးသည်။
သို့သော် ယခုလို အခြေအနေမျိုးတွင် ဂါနိုဒါးမား စွမ်းအင်ပြန်ဖြည့်ဆေးက အကျိုးသက်ရောက်မှု မရှိမှာကို စိုးရိမ်နေခဲ့၏။ ထို့ကြောင့် သူနှင့်အတူ ယူမလာခဲ့ပေ။ မီးငန်းက မုန့်ချီကိုကြည့်ပြီး နောက်သို့ ဖြည်းညင်းစွာ ပြန်ဆုတ်သွားခဲ့၏။ ထိုအချိန်တွင် ရေခဲလိပ်၏စွမ်းအင်များက အနည်းငယ် တိုးလာခဲ့၏။
မုန့်ချီကတော့ ဂရုမစိုက်ခဲ့ပေ။ သူကတော့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ နှလုံးကျင့်စဉ်ကို လေ့ကျင့်ပြီးသွားပြီး သူ၏အုတ်မြစ်ကို မြှင့်တင်နိုင်ခဲ့သည်။ သူက သူ့ဆရာ ယမန်နေ့တွင် ပြသခဲ့သော ဓားပညာ၏ ပြောင်းလဲမှုများကို သေချာစဉ်းစားနေခဲ့သည်။ တိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်မျိုးတွင် သူက အနှောင့်အယှက်မရှိဘဲ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
"ငါက အဲဒီငှက်စုတ်ရဲ့ ပါးစပ်ကို ပိတ်ခဲ့တာ ကံကောင်းသွားတယ်။ အခုတော့ တော်တော်လေးကို တိတ်ဆိတ်သွားတာပဲ…"
မုန့်ချီက စိတ်ထဲတွင် စဉ်းစားနေမိသည်။
တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က သူ့ခေါင်းထဲတွင် ရောက်လာပြီး အတွေးပင်လယ်ထဲ နစ်မြောသွားခဲ့သည်။ သူက ဓားကို ဖြည်းညင်းစွာ ကိုင်လိုက်ပြီး သိုင်းကွက်များကို စတင်လှုပ်ရှားကြည့်လိုက်သည့်အချိန်တွင် နားထဲမှနေ၍ အသံတစ်ခုကို ကြားလိုက်ရ၏။
"ဟား .. ဟား …ဟား…
ငါ့ပါးစပ်ကို ခြေအိတ်ဆို့ထားတာနဲ့ပဲ စကားပြောမရတော့ဘူးလို့ ထင်နေတာလား မင်းက တော်တော်ပိန်းတာပဲ။ ငါက ဂဠုန်တစ်ကောင်လေ။ ငါက အရာအားလုံးကို ဝါးမြိုနိုင်တယ် ။ ငါ့ပါးစပ်ထဲကို ဘာပဲထည့်ထည့် အလုပ်မဖြစ်ဘူး…"
တိတ်ဆိတ်မှုက ပြိုကွဲသွားခဲ့သည်။ ကြည်လင်နေသော အတွေးစများလည်း ဖြတ်တောက်ခံလိုက်ရပြီး အရာအားလုံးက ပျောက်ကွယ်သွားခဲ့၏။ ဆူညံသံနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီကတော့ ဒေါသထွက်ခဲ့ခြင်း မရှိချေ။ သူက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး ထိုငှက်၏စကားမှနေ၍ တစ်စုံတစ်ခုကိုနားလည်သွားခဲ့သည်။
"တိတ်ဆိတ်မှု ပြိုကွဲသွားခဲ့တယ်။ တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က ဒီလိုခံစားမှုမျိုးပဲ…"
သူက မျက်မှောင်ကြုတ်လိုက်မိပြီး ခန္ဓာကိုယ်ကို နေရာတွင် တည်ငြိမ်စွာ ရပ်လိုက်သည်။ ထို့နောက် ညာလက်ချောင်း (၄)ချောင်းကို ဓားအဖြစ် သဘောထားလိုက်ပြီး သူနားလည်ထားသော အတွေးများအတိုင်း စတင်လှုပ်ရှားကြည့်လိုက်၏။ လေလှိုင်းများ တိုက်ခတ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး မုန်တိုင်းထန်လာသလို ထင်မှတ်လိုက်ရသည်။
ငှက်ကတော့ အနည်းငယ် တုန်လှုပ်သွားခဲ့၏။ သူက ဝမ်းသာနေသည့်အချိန်တွင် ပြန်ဝမ်းနည်းသွားခဲ့၏။ ပထမဆုံး ပျံသန်းမှု မအောင်မြင်ခဲ့သော ပျံလွှားတစ်ကောင်က သူ့ကို လှောင်ရယ်နေသလို ခံစားနေရသည်။ သူက အလွန်ဒေါသထွက်ပြီး အလွန်မုန်းတီးလာခဲ့သည်။
ထို့နောက် အဝေးတွင် လက်ဝါးတစ်ခု ရပ်တန့်သွားသည်ကို မြင်လိုက်ရ၏။ သူကတော့ တစ်ကိုယ်လုံး တုန်ယင်နေပြီး နောက်ကို ပြန်ဆုတ်သွားမိခဲ့သည်။ ခေါင်းကိုလည်း အတောင်ပံနှစ်ခုနှင့် ဖုံးကွယ်ထားမိခဲ့၏။ ကြည့်ရသည်မှာ သူက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို ကြောက်လန့်သွားပုံရသည်။
မုန့်ချီ၏အနောက်တွင် ရှိနေသော အကျဉ်းထောင်ထဲတွင် မီးငန်းကလည်း နောက်သို့ ပျံသွားခဲ့ပြီး ထောင့်တစ်နေရာတွင် ငြိမ်ကုပ်နေခဲ့သည်။ ရေခဲလိပ်ကလည်း မုန့်ချီဆီမှနေ၍ အနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့၏။
မုန့်ချီကတော့ သတိမထားမိခဲ့ပေ။ သူက ဓားသွားကို ဝှေ့ယမ်းနေရင်း စိတ်မရှည်နိုင်သည့် အခြေအနေကို ကျရောက်နေခဲ့သည်။ သူ့ရင်ထဲတွင် လွမ်းဆွေးသလို ခံစားမှုများ ရောက်လာပြီး ထူးဆန်းသော ခံစားမှုက အတော်လေးကို ပြင်းထန်လွန်းလှသည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က သူကိုယ်တိုင်နှင့် အခြားလူများ၏ ငြိမ်းချမ်းမှုကို ဖျက်စီးနိုင်၏။
နောက်ပိုင်းတွင်တော့ မုန့်ချီက ထိုခံစားမှုများကို အနိုင်ရခဲ့ပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့သည်။ သူက တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားနေရ၏။ သူက အလွန်ကြောက်စရာကောင်းသော တိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ခဲ့ရသလို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်တစ်ဝက်က ခြောက်ကပ်နေပြီး တခြားတစ်ဝက်က အေးစက်နေသည်။
“လှုပ်ရှားမှုတိုင်းက စိတ်ကို ရှင်းလင်းပေးတယ်။ ဒါက အနတ္တကျိန်စာဖျက်ဓားပညာပဲ.."
မုန့်ချီက သက်ပြင်းချလိုက်မိသည်။ သူက စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရခဲ့သည်မှာ ကံကောင်းသွား၏။ အကယ်၍ မရခဲ့လျှင် ထိုဓားပညာကို နားလည်ရန် ပို၍ခက်ခဲနိုင်သည်။
ထို့ကြောင့် ရှောင်လင်ဘုန်းတော်ကြီး အနည်းငယ်ကသာ အနတ္တကျိန်စာဖျက် ဓားပညာကို ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ သူက အနတ္တကျိန်စာဖျက် ဓားပညာကို အနည်းငယ်လေးသာ နားလည်ကြောင်း မုန့်ချီက သိနေခဲ့သည်။ သူက ထိုအရာကို ကျွမ်းကျင်ရန် အချိန်ပေးရဦးမည်ဖြစ်သည်။
“နောက်ထပ်သိုင်းကွက်(၄)ခုက ဘာတွေဖြစ်မလဲမသိဘူး…”
မုန့်ချီက စိတ်ထဲတွင် တွေးနေမိ၏။ သူက ထိုဓားသိုင်းကွက်၏ တခြားသော သိုင်းကွက်(၄)မျိုးကို စဉ်းစားကြည့်နေခဲ့သည်။ သိပ်မကြာခင် ရောက်တတ်ရာရာ အတွေးများ ရှိနေရာမှ သတိပြန်ဝင်လာခဲ့၏။
သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို မရပ်မနား ဆက်လက်လေ့ကျင့်နေခဲ့သည်။ (၄)ပတ်မြောက် လှည့်ပတ်လိုက်ပြီးနောက် သူလည်း ရပ်တန့်လိုက်သည်။
မုန့်ချီက လေ့ကျင့်ခြင်းကို အာရုံစိုက်နေသည့်အချိန်တွင် ခြေသံများကို ကြားလိုက်ရ၏။ သူက ရပ်တန့်လိုက်သည့်အချိန်တွင် စည်းကမ်းထိန်းသိမ်းရေး ကိုယ်တော်တစ်ပါးဖြစ်သော ရွှမ်ကူနှင့် တခြားရင်းနှီးသော ကိုရင်တစ်ပါးက လူစိမ်း(၂)ယောက်နှင့်အတူ မုန့်ချီအနားသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။
တစ်ယောက်ကတော့ လွန်ခဲ့သောနှစ်လခန့်တွင် ကြေးနီလူသားလမ်းကြောင်းကို ချိုးဖြတ်ပြီး တောင်အောက်ကို ဆင်းသွားသော ကျန်းချန်ဖြစ်သည်။
“သူက အချိန်တိုလေးအတွင်း ပြန်လာခဲ့တာလား…”
မုန့်ချီက ရှုပ်ထွေးနေခဲ့သည်။
ထိုအရာကို နားလည်ရန် ခက်ခဲလှ၏။ ပထမဆုံးအကြိမ် တောင်အောက်ကို ဆင်းသည့် လူတိုင်း ပြဿနာများစွာ ဖြစ်လာနိုင်သည်။ သူကတော့ အနားပတ်ချာလည်များတွင်သာ လှည့်ပတ်သွားလာခဲ့ပြီး တောင်ပေါ်သို့ ပြန်လာခြင်း ဖြစ်နိုင်သည်။ ဒုတိယခရီးကသာ သိုင်းလောကသို့သွားရန် ဖြစ်နိုင်သည်။
ရွှမ်ကူနှင့် ကျန်းချန်တို့ ခေါ်လာသော လူ(၂)ယောက်က မတူညီသော ပုံသဏ္ဍာန် ရှိသည်။ တစ်ယောက်က သက်လတ်ပိုင်းပုံစံဖြစ်ပြီး မုတ်ဆိတ်ရှည်နှင့် တည်ငြိမ်အေးချမ်းသော မျက်နှာပေါက်မျိုး ဖြစ်သည်။ သူကတော့ လက်(၂)ဖက်ကို နောက်ပစ်ထားပြီး အဆင့်အတန်းမြင့်သည့် ပညာရှင်တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။
တခြားတစ်ယောက်ကတော့ ချောမောခန့်ညားသော်လည်း ငယ်ရွယ်သော လူငယ်လေး တစ်ယောက်ဖြစ်သည်။ သူကတော့ ယခုမှ လူပျိုဖော်ဝင်စအရွယ်ဖြစ်ပြီး ပုံသဏ္ဍာန်ကတော့ သက်လတ်ပိုင်းလူကြီးနှင့် အတူတူသာ ဖြစ်သည်။
သူတို့ကို ကြည့်ရသည်မှာ အထက်တန်းလွှာများ ဖြစ်ပုံရသည်။ မုန့်ချီက သူတို့၏ အဝတ်အစား၊ အသုံးအဆောင်နှင့် ပုံပန်းသဏ္ဍာန်ကိုကြည့်ပြီး ခံစားမိလိုက်ခြင်း ဖြစ်သည်။ အထက်တန်းလွှာများထဲတွင် ထိုကဲ့သို့ ဝတ်ဆင်ထားမှုများ ရှားပါးမှုမရှိချေ။ အနည်းဆုံးတော့ သူတို့၏ပုံသဏ္ဍာန်ကို အလွန်အလေးထားကြသည်။
သူတို့(၄)ယောက်က ဒုတိယလွှာ၏တံခါးဆီသို့ ဦးတည်သွားနေကြ၏။ သူတို့က မုန့်ချီကို ဂရုစိုက်နေခြင်း မရှိဘဲ လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။
သတ်လတ်ပိုင်း လူကြီးကတော့ သူ့ကိုကြည့်ပြီး ရွှမ်ကူနှင့် ကျန်းချန်တို့ကို ပြောလိုက်၏။
"ဒီကိုရင်လေးက ဒီလိုပတ်ဝန်းကျင်မျိုးကို အသုံးချပြီး ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်နေတာလား ဒါမှမဟုတ် ပြိုင်ဘက်ကင်းမိုးကြိုးခန္ဓာကို လေ့ကျင့်နေတာလား…"
ရွှမ်ကူနှင့် ကျန်းချန်တို့က ဉာဏ်အလင်းပွင့်မှုအဆင့်သာ ရှိနေသေးသည်။ သူတို့ကလည်း မကြာခဏဆိုသလို အခြားသော အရာမျိုးစုံ၏ နှောင့်ယှက်မှုကို ခံရတတ်၏။ သူတို့ကလည်း မုန့်ချီကိုမြင်သည့်အချိန်တွင် အံ့ဩနေကြသည်။
ယခုလို အခြေနေမျိုးတွင် လေ့ကျင့်နိုင်သည့်လူက အလွန်ရှားပါး၏။ လူအနည်းစုကသာ သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကြောင့် လေ့ကျင့်နိုင်ကြ၏။ သံချပ်ဝတ်အင်္ကျီကျင့်စဉ် ဟူသည်မှာ အကာအကွယ်ကျင့်စဉ်တစ်မျိုးဖြစ်ပြီး လေ့ကျင့်ရာတွင် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။
အကယ်၍ အသုံးချသူကသာ ကောင်းကောင်း ကိုင်တွယ်ချင်သည်ဆိုလျှင် (၃)နှစ်ခန့် လေ့ကျင်ရန် လိုအပ်၏။ သို့သော် ထိုအရာကို ကိုင်တွယ်ရန်အတွက် လျင်မြန်သော နည်းလမ်းတစ်ခုလည်း ရှိသည်။ သို့သော် သံချပ်ဝတ်အင်္ကျီက ဆက်လက် တိုးတက်နိုင်မည် မဟုတ်ချေ။
မုန့်ချီကတော့ ဖြတ်လမ်းကို အသုံးချပြီး သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကို ပင်မကျင့်စဉ်အဖြစ် လေ့ကျင့်နေမည်ဟု မယုံနိုင်ကြပေ။
မုန့်ချီက တစ်ကိုယ်လုံးခြောက်ကပ်ပြီး အေးစက်နေသည်ဟု မြင်သည့်အချိန်တွင် ရွှမ်ကူက ရပ်လိုက်သည်။ နောက်ပိုင်းတွင် ရွှမ်ကူက ခေါင်းညိတ်ပြီး ချီးကျူးလိုက်၏။ မုန့်ချီက ထိုအခက်အခဲများကို ခံနိုင်ရည်ရှိမည်ဟု သူလည်း လုံးဝမတွေးမိခဲ့ပေ။
ကျန်းချန်ကတော့ ရပ်မနေခဲ့ပေ။ မုန့်ချီကို မြင်သည့်အခါ သူက ဧည့်သည်များကို အပြုံးနှင့် ပြောလိုက်၏။
"အဲဒီလို လေ့ကျင့်နေတာပဲ ဖြစ်နိုင်ပါတယ်…”
“ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီလိုအခက်အခဲတွေကို ခံနိုင်ရည်ရှိတာ တကယ်ကို တော်တာပဲ။ သူ့ဆရာက ဘယ်သူလဲ…"
သက်လတ်ပိုင်းလူကြီးက ရယ်လိုက်သည်။
သူ့အနားတွင် ရှိနေသော လူငယ်လေးကလည်း အရွယ်ရောက်စ လူငယ်တစ်ယောက် ဖြစ်၏။ ထိုစကားကို ကြားသည့်အခါ သူလည်း မုန့်ချီကိုကြည့်လိုက်၏။ ထိုမီးငန်း၊ ရေခဲလိပ်နှင့် တခြားမကောင်းဆိုးဝါးတစ်ကောင်၏ ကြားထဲတွင် ရှိနေသော ကိုရင်လေးက အတော်လေးကို ထူးခြားနေသည်။
"ဒါက တိရစ္ဆာန်ရုံမဟုတ်ဘူး…"
မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး သူတို့ကို လျစ်လျူရှူလိုက်သည်။
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်မိပြီး အပြုံးနှင့် ပြောလိုက်၏။
"သူက တပည့်အသစ်တစ်ယောက်ပဲ ဖြစ်မှာပါ။ ကျွန်တော်က ဒီရက်ပိုင်းအတွင်း ခရီးသွားနေခဲ့တာဆိုတော့ ဘယ်သူရဲ့တပည့်လဲမသိခဲ့ဘူး…"
"သူ့ရဲ့ဆရာက ညီလေးရွှမ်ပိုင်ပါ…"
ရွှမ်ကူက ပြောလိုက်၏။ ရွှမ်ပိုင်က သိုင်းပညာတွင် အလွန်ထူးချွန်ပြီး အကြီးအကဲတစ်ယောက် ဖြစ်သည်။ သို့သော် ရွှမ်ကူထက် နောက်ကျ၍ ဝင်လာခဲ့သည့်အတွက် ရွှမ်ကူက သူ့ကို ညီလေးဟု ခေါ်လိုက်ခြင်းဖြစ်၏။
"ဘုန်းတော်ကြီးရွှမ်ပိုင်လား…"
သက်လတ်ပိုင်းလူကြီးက အတွေးနှင့် ခေါင်းညိတ်ပြလိုက်သည်။ သူက မုန့်ချီ၏ ဓမ္မနာမည်ကို မမေးတော့ပဲ ဖြည်းညင်းစွာ ဖြတ်ကျော်သွားခဲ့၏။
တခြားသော လူငယ်လေးကတော့ မီးငန်း၊ ရေခဲလိပ်နှင့် တခြားမကောင်းဆိုးဝါးကို ဆက်၍ကြည့်နေခဲ့၏။ သူကတော့ ထိုသတ္တဝါများကို အလွန်စိတ်ဝင်စားနေပြီး ကိုင်ကြည့်ချင်နေပုံ ရသည်။
"အဖေ …
ရှောင်လင်ကျောင်းတော်က ခန္ဓာကိုယ် ရှိနေသေးတဲ့ မကောင်းဆိုးဝါးတွေကို ဖိနှိပ်ထားတာ အံ့ဩစရာပဲ…"
သူ့ဆီတွင်လည်း မကောင်းဆိုးဝါး အစေခံတစ်ယောက် ရှိသည်။ ထိုမကောင်းဆိုးဝါးကတော့ တိုက်ခိုက်နေချိန် မဟုတ်လျှင် သူ့ကို မည်သူကမျှ မှတ်မိလိမ့်မည် မဟုတ်ချေ။
သူတို့က ထောင့်ချိုးကို ဖြတ်ကျော်သွားသည့်အချိန်မှသာ မုန့်ချီက မျက်လုံးဖွင့်ပြီး ကျိန်ဆဲလိုက်မိ၏။ မည်သူက လေ့ကျင့်နေသည့်အချိန်တွင် အကြည့်ခံချင်မည်နည်း။ ထိုအရာက ယဉ်ကျေးမှုမရှိခြင်း ဖြစ်သည်။
ထိုအချိန်တွင် စကားပြောသံတစ်ခုက တိတ်ဆိတ်နေသော အကျဉ်းထောင်ထဲသို့ ဝင်ရောက်လာခဲ့၏။
"ကျောင်းထိုင်က ပင်ကျင်းမှာရှိတဲ့ ကွေမိသားစုကို သူတို့ရဲ့မကောင်းဆိုးဝါးတွေ လာယူခွင့်ပြုထားတယ်…"
ထိုအသံက ကျန်းချန်၏ အသံဖြစ်ပုံရသည်။
"အော်မီတော်ဖော် …
ဒီမှာတံဆိပ်ပြားပါ ဝင်လို့ရပါပြီ…"
ဒုတိယအထပ်ကို စောင့်ကြပ်နေသော အကြီးအကဲက တည်ငြိမ်စွာ ပြောလိုက်သည်။
"ပင်ကျင်းမှာရှိတဲ့ ကွေမိသားစုလား…"
မုန့်ချီက စိတ်ထဲတွင် ရေရွတ်ကြည့်လိုက်သည်။
သူတို့က ပင်ကျင်းတွင် နေထိုင်သော ကွေကလန်မှ ဖြစ်ကြသည်။ ကွေကလန်က ကျင်းအင်ပါယာထဲတွင် အစွမ်းထက်ဆုံး မိသားစုကြီးတစ်ခု ဖြစ်သည်။ သူတို့မိသားစု၏ ခေါင်းဆောင် ကွေချင်းဟယ်က ကျိရန်ဓမ္မကာရအဆင့်ကို ရရှိထားပြီး တော်ဝင်မိသားစုကိုပင် လွှမ်းမိုးထားနိုင်ခဲ့၏။
Translated by Hein Htet.