အခန်း (၅၃)
Vol. 4 Ch. 53
မုန့်ချီက ခေါင်းခါလိုက်မိပြီး သူတို့ကို ဆက်၍ အာရုံမစိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကိုသာ ဆက်၍လေ့ကျင့်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ ထိုအရာက သူ့အလုပ်မဟုတ်ချေ။
အချိန်ခဏကြာပြီးနောက် အဝေးမှ နေ၍ တဖြည်းဖြည်း ချည်းကပ်လာသော အသံများကို နောက်တစ်ကြိမ် ကြားလိုက်ရသည့်အတွက် ကျန်းချန်နှင့် အခြားလူများက ပြန်လာပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ကွေမိသားစု၏ သစ္စာဖောက်က မည်ကဲ့သို့သော လူတစ်ယောက် ဖြစ်ကြောင်း သိချင်နေသည့်အတွက် သူလည်း မျက်လုံးဖွင့်၍ လှမ်းကြည့်လိုက်မိသည်။ သူတို့(၄)ယောက်၏ နောက်တွင်တော့ မျက်နှာကို ဆံပင်ရှည်များ ဖုံးနေသော လူသန်ကြီးတစ်ယောက် ဒယိမ်းဒယိုင်နှင့် လိုက်ပါလာခဲ့သည်။ သူ၏မျက်နှာပေါ်တွင်တော့ ကြောက်စရာကောင်းသောအရာများ မရှိချေ။
"သူက မကောင်းဆိုးဝါးကနေ အသွင်ပြောင်းလာတဲ့အချိန်မှာ သိသာထားတဲ့ အားနည်းချက်မျိုး မရှိတာပဲ...။ အနာဂတ်မှာတော့ ငါတို့က ဘယ်လိုခွဲခြားနိုင်ပါတော့မလဲ....."
စိတ်ထဲတွင် စိုးရိမ်စွာ တွေးလိုက်မိသည်။ သို့သော်သိပ်မကြာခင် မေ့လျော့သွားခဲ့၏။
နတ်ဆိုးကလန်က ရှည်ကြာသော သမိုင်းကြောင်းတစ်ခုရှိနေပြီး ယခင်တုန်းက အစွမ်းထက်ခဲ့သော်လည်း ယခု လောကကြီးကို လူသားများက အုပ်ချုပ်နေခြင်း ဖြစ်သည်။ သူတို့၏ ဘိုးဘေးများကလည်း လူသားများနှင့် ရင်ဆိုင်ရသည့် အတွေ့အကြုံများစွာကို သေချာပေါက် ချန်ထားခဲ့မည်မှာ သေချာသည်။
မုန့်ချီကို နောက်တစ်ကြိမ် ဖြတ်ကျော်သွားသည့်အချိန်တွင် ရွှမ်ကုံ၊ ကျန်းချန်နှင့် ကွေမိသားစုမှ သတ်လတ်ပိုင်းလူကြီးက သူ့ကို စိတ်မဝင်စားကြတော့ချေ။ မည်သို့ပင်ဖြစ်စေကာမူ သူ၏လေ့ကျင့်မှုက သူတို့အတွက် ထူးခြားမှုမရှိပေ။
ထိုအစား လူငယ်ကသာ အရှိန်လျော့လိုက်ပြီး ပုံသဏ္ဌာန်မပြောင်းရသေးသော နတ်ဆိုးကိုကြည့်ရန် ရေခဲလိပ်၏ အခန်းနားသို့ ချည်းကပ်သွားခဲ့သည်။ သူက ထိုနတ်ဆိုးများကို အလွန်စိတ်ဝင်စားနေပြီး လမ်းတစ်လျှောက်တွင် အခွင့်အရေးကို ရှာဖွေနေခြင်းဖြစ်သည်။
သို့သော် ဤနေရာတွင် ပိတ်လှောင်ထားသော မကောင်းဆိုးဝါးအများစုက အံ့ဩစရာကောင်းသော သတ္တဝါများဖြစ်နေကြောင်း သူသိနေသည်။ အကယ်၍ သူသာ ချည်းကပ်သွားမည်ဆိုလျှင် သူတို့၏ အရှိန်အဝါကြောင့် အလွယ်တကူ ထိခိုက်သွားနိုင်၏။
ထို့ကြောင့် သူက မီးငန်းနှင့် ရေခဲလိပ်တို့ဆီကို အနားကပ်သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ကိုရင်လေးကပင် ထိုအဆောက်အဦ၏ အပြင်ဘက်၌ လေ့ကျင့်နိုင်လျှင် ထိုမကောင်းဆိုးဝါးများက အလွန်အမင်း အစွမ်းထက်ခြင်းမဟုတ်ဟု ဆိုလိုနေသည်။ လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ရေခဲစွမ်းအင်များကို ဖယ်ရှား၍ ရေခဲလိပ်ဆီကို ချည်းကပ်သွား၏။
"ဝူးးးးးး...."
လူသားတစ်ယောက်က အနားသို့ ကပ်လာပြီး မထင်မှတ်ထားသော ကျူးကျော်မှုကြောင့် ဒေါသထွက်သွားသည့်အတွက် ရေခဲလိပ်က သံတိုင်နားသို့ ကပ်လာပြီး ရေခဲလှိုင်းများကို ထုတ်လွှတ်လိုက်သည်။
အခန်း၏ ပတ်ပတ်လည်တွင် ရှိနေသော စကားလုံး တစ်သောင်းကျော်ကလည်း တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့၏။ ကျမ်းစာများက စတင်လှုပ်ရှားလာပြီး အအေးလှိုင်းနှင့် မကောင်းဆိုးဝါးလေလှိုင်းများကို တားဆီးပေးလိုက်သည် ။ အနည်းငယ်ကသာ အခန်းထဲမှ ထွက်လာနိုင်ကြ၏။
ထိုအရာနှင့်အတူ တစ်ဖက်အခန်းထဲတွင် ရှိနေသော မီးငန်းကလည်း အတောင်ပံများကိုဖြန့်ပြီး အတွင်းထောင့်ဆီမှ ပျံသန်းလာခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ မီးတောက်များ ထွက်ပေါ်လာနေသည်မှာ အလွန်ကြောက်စရာကောင်းပြီး မကောင်းဆိုးဝါး ဆန်လွန်းလှသည်။
အခန်း၏ ပတ်ပတ်လည်တွင် အကာအကွယ်တံဆိပ်များ ရှိနေသော်လည်း မကောင်းဆိုးဝါးလေလှိုင်းများအားလုံးကို ပြည့်ပြည့်ဝဝ တားဆီးနိုင်ခြင်း မရှိချေ။
အအေးလှိုင်းနှင့် အပူလှိုင်းများက မုန့်ချီကို နောက်တစ်ကြိမ် ရိုက်ခတ်လိုက်သည့် အချိန်တွင် ရွှေခေါင်းလောင်းအကာအကွယ်က နောက်တစ်ကြိမ် အသက်ဝင်လာပြီး သူက ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ပေါ်လာခဲ့သည်။
လူငယ်ကတော့ မကောင်းဆိုးဝါးလေလှိုင်းများကြောင့် ဒူးမခိုင်တော့သလို ခံစားလိုက်ရပြီး ခရမ်းရောင်အလင်းတန်းများကလည်း နည်းနည်းချင်းဆီ အေးခဲလာခဲ့သည်။
ထိုကဲ့သို့ အခြေအနေမျိုးကို လုံးဝမကြုံဖူးသေးသည့်အတွက် ရွှမ်ကုံနှင့် ကျန်းချန်တို့ကလည်း မျက်နှာပျက်သွားကြ၏။ သူတို့ကိုယ်တိုင်လည်း မကောင်းဆိုးဝါးလေလှိုင်း၊ အအေးလှိုင်းနှင့် အပူလှိုင်းတို့ကြောင့် ထိခိုက်သွားခဲ့ကြသည်။
ဆံရှည်မကောင်းဆိုးဝါးကတော့ မည်သည့်အရာမျှမဖြစ်သည့်အလား ခေါင်းငုံ့နေခဲ့၏။ ကွေမိသားစုမှ သက်လတ်ပိုင်းလူကြီးမှ သူ့ကို အပြုံးနှင့် ကြည့်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သက်လတ်ပိုင်းလူကြီး၏ ညာဘက်လက်ထဲတွင် ခရမ်းရောင်ချီစွမ်းအားများ ထွက်ပေါ်လာပြီး သူ့သားဆီကို ပို့ဆောင်ပေးလိုက်၏။
အလွန်ဒေါသထွက်သွားသော မုန့်ချီက ရေခဲလိပ်နှင့် မီးငန်းတို့ကို လှည့်ကြည့်လိုက်သည်။ သူတို့(၂)ယောက်က တရားခံများ ဖြစ်ကြ၏။
အေးစက်နေသော မုန့်ချီ၏အကြည့်ကြောင့် သူတို့က အံ့ဩမှင်တက်သွားခဲ့သည်။ ထို့နောက် တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား ထောင့်နေရာသို့ ပြန်ဆုတ်သွားခဲ့ပြီး လိပ်ခွံထဲသို့ ခေါင်းနှင့် ခြေထောက်များ ဝင်နေခဲ့သည်။ မီးငန်းကလည်း ချက်ချင်း နောက်ပြန်ဆုတ်သွားခဲ့၏ ။
သူတို့၏တုံ့ပြန်မှုကြောင့် မုန့်ချီက မှင်တက်သွားခဲ့သည်။
"သွားကြစို့ …”
သတ်လတ်ပိုင်းလူကြီးက ပြောလိုက်သည်။ အခြေအနေက အန္တရာယ်မရှိတော့သည့် အတွက် သူက ညာလက်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။
လူငယ်ကတော့ အလွန်ကြောက်လန့်နေသေးသည့်အတွက် ဘာမျှမပြောဘဲ သူ့အဖေ၏နောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။
ရွှမ်ကူနှင့် ကျန်းချန်တို့က အလွန်အံ့ဩပြီး သံသယဝင်နေကြသော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်ကြပေ။ သူတို့ကလည်း တိတ်တဆိတ် ထွက်သွားခဲ့ကြသည်။
သူတို့အကျဉ်းထောင်ထဲမှ ထွက်သွားပြီးနောက် ရွှမ်ကူနှင့် ကျန်းချန်တို့က စေတီကို စောင့်ကြပ်နေသော ဘုန်းတော်ကြီးများကို အမိန့်ပြား ပြန်ပေးလိုက်သည်။
နောက်ဆုံးတွင်တော့ လူငယ်က သတိဝင်လာခဲ့၏။ သူက ဒေါသတကြီး ပြောလိုက်သည်။
"အဖေ …
အဲဒီမကောင်းဆိုးဝါးတွေက ကျွန်တော့်ကိုခြောက်တာ အဲဒီကိုရင်လေးကြောင့်ပဲ ဖြစ်ရမယ်..။ သူလှမ်းကြည့်လိုက်တဲ့အချိန်မှာ အဲဒီမကောင်းဆိုးဝါးတွေက သူ့စကားကို ဘယ်လောက်တောင် နားထောင်နေလဲ ကြည့်လိုက်ဦးလေ..၊ သူက သူတို့တွေကို သင်ထားပေးတာ သေချာတယ်...”
“အဲဒါသူမဟုတ်ဘူး...."
သတ်လတ်ပိုင်းလူကြီးက သက်ပြင်းချလိုက်၏ ။
"ဟောင်အာ.....
ဘယ်အရာက ဘယ်လဲဆိုတာ မင်းမပြောနိုင်ဘူးလား...။ သူတို့တွေက ကြောက်လို့ နောက်ဆုတ်သွားတာ မဟုတ်ဘူးလား....”
“ကြောက်လို့ နောက်ဆုတ်သွားတာလား.….."
လူငယ်က မယုံကြည်နိုင်သည့် အမူအရာနှင့် ပြန်မေးလိုက်သည်။ ထိုမျှအစွမ်းထက်သော မကောင်းဆိုးဝါးများက ကိုရင်လေးတစ်ပါးကို မည်သို့ကြောက်လန့်နိုင်မည်နည်း။
သက်လတ်ပိုင်းလူကြီးက လူငယ်ကိုသေချာကြည့်ပြီး မေးလိုက်သည်။
"ဟောင်အာ….
ဒီတစ်ကြိမ် ခရီးစဉ်မှာ အတွေ့အကြုံတွေ ရှာဖို့ စဉ်းစားထားတာ မဟုတ်ဘူးလား....."
"ဟုတ်ပါတယ်...."
သူ့အဖေက ဘာကြောင့် ထိုစကားကိုပြောနေကြောင်း လူငယ်ကတော့ နားမလည်နိုင်ခဲ့ပေ။
သက်လတ်ပိုင်းလူကြီးက ကျန်းချန်နှင့် ရွှမ်ကူတို့ကို လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်၏။
"မင်းရဲ့လက်ရှိအနေအထားအရ မင်းက အိမ်မှာ နှစ်နည်းနည်းလောက် ထပ်ပြီးနေတာ ပိုပြီးကောင်းမယ်...။ အခုခရီးစဉ်မှာတော့ မင်းက ကိုယ့်အရည်အသွေးကို ပြလိုက်တာပဲလေ....."
“အဖေ…”
လူငယ်ကတော့ မိုးကြိုးထိမှန်သွားသလို ခံစားလိုက်ရသည်။
“ငါက ဒီကိစ္စကို ဦးလေး(၃)ချင်းယုကို ပြောလိုက်မယ်…”
သူ့သားက ငြင်းဆန်ပိုင်ခွင့် မရှိခဲ့ပေ။
…………………
"သူတို့က တကယ်ပဲ ငါ့ကိုကြောက်နေတာလား....."
ဖြစ်ခဲ့သည့်အရာများကို သေချာပြန်စဉ်းစားလိုက်ပြီးနောက် မုန့်ချီကလည်း မယုံကြည်နိုင်သလို ခံစားလိုက်ရသည်။ ထိုမကောင်းဆိုးဝါး (၂)ကောင်က သူ့ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်ကြ၏။
"ငါက လေ့ကျင့်နေတဲ့အချိန်မှာ သူတို့ကို အနတ္တကျိန်စာဖျက်ဓားသိုင်းနဲ့ ခြိမ်းခြောက်မိခဲ့တာ များလား ....."
မုန့်ချီက မြင်ခဲ့သည့် အကြောင်းပြချက်ကို လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ အကယ်၍ တခြားပညာရှင်များကသာ မကောင်းဆိုးဝါး (၂)ကောင်ကို တွေ့ရမည်ဆိုလျှင် သူတို့၏ ခြိမ်းခြောက်မှုကို ခံစားမိပါလိမ့်မည်။
အကယ်၍ သူတို့က သူ၏ဓားဆန္ဒကြောင့် တိုက်ခိုက်ခံရမည်ဆိုလျှင်ပင် သူ့အပေါ် ထိုမျှကြောက်လန့်နေရန် မဖြစ်နိုင်ချေ။ ထိုမကောင်းဆိုးဝါး (၂)ကောင်က ဤနေရာ၌ ပိတ်မိနေသည့်အတွက် သူတို့၏အစွမ်းကို ပြည့်ပြည့်ဝဝ မသုံးနိုင်သည်မှာလည်း အကြောင်းပြချက်တစ်ခု ဖြစ်နိုင်သည်။
ထို့ပြင် ဗုဒ္ဓ၏အမွေအနှစ်များကို ထိန်းသိမ်းထားသော စေတီဆီမှ ရွတ်ဖတ်နေသော ကျမ်းစာများက သူတို့၏စိတ်ကို နှိပ်စက်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုက အသေးအဖွဲ မဟုတ်နိုင်ချေ။
မုန့်ချီက နောက်တစ်ဆင့်ကို ရောက်သွားသည့်အချိန်တွင် မီးငန်း ၊ ရေခဲလိပ်နှင့် ရုပ်ဆိုးငှက်တို့က သူ၏လေ့ကျင့်မှုအပေါ် အကျိုးသက်ရောက်မှု နည်းသွားခဲ့သည်။ ဂါနိုဒါးမားစွမ်းအင်ပြန်ဖြည့်ဆေး မရှိသည့်အတွက် သူလည်း လက်လျှော့ရန် ဆုံးဖြတ်လိုက်၏။
သူက အကြောဆန့်လိုက်ပြီး ဝတ်စုံကို ပြန်ဝတ်၍ စေတီထဲမှ ပြန်ထွက်လာခဲ့သည်။ နွေဦးရာသီဖြစ်သည့်အတွက် အတော်လေးကို နေသာပြီး နေချင်စဖွယ် ကောင်းနေသည်။
"ငါက နေကို မမြင်ရတာတောင် (၃)လလောက် ရှိနေပြီ ။ ဒီလောက် ကြည့်လို့ကောင်းနေမယ်လို့ မထင်ထားခဲ့ဘူး ...."
မုန့်ချီက တီးတိုးရယ်လိုက်သည်။
ထို့နောက် မုန့်ချီက သက်ပြင်းရှည်ကြီး ချလိုက်ပြီး အတော်အံ့ဩစရာကောင်းသည်ဟု ခံစားမိခဲ့သည်။ ဤအချိန်အတောအတွင်း မုန့်ချီက စောစောသွားခဲ့ရပြီး နောက်ကျမှ ပြန်လာခဲ့ရသည်။ တစ်ခါတရံ မနက်စာစားပြီး စေတီထဲသို့ ဝင်သွားချိန်တွင် နေပင် ထွက်မလာသေးပေ။ ထို့နောက် နေဝင်ပြီးမှသာ ပြန်ရောက်လာခဲ့၏။
ဆောင်းတွင်းပိုင်းနှင့် နွေဦးရာသီတွင် နေ့တာတိုပြီး ညတာရှည်ခြင်းကလည်း နေကို မမြင်ရသည့် အကြောင်းပြချက်တစ်ခု ဖြစ်နေသည်။ မုန့်ချီကတော့ တောင်အနောက်ဖက်သို့ အေးအေးဆေးဆေး လျှောက်သွားခဲ့၏။
လမ်းတစ်လျှောက်တွင် စောင့်ကြပ်နေသော ဘုန်းတော်ကြီးများကတော့ သူ့ကို ကြည့်ပြီး အံ့ဩနေကြသည်။ ဘာကြောင့် ယနေ့ သူက စောစော ထွက်လာသနည်းဟု အံ့ဩနေကြသည်။ နောက်ဆုံးတွင်တော့ သူက တစ်နေရာရာ၌ ရပ်တန့်နေခြင်းပေလော။
သူတို့က နေရာပြောင်း၍ လုပ်ဆောင်နေကြသော်လည်း မုန့်ချီကတော့ ဤနေရာတွင် (၃)လနီးပါး လေ့ကျင့်နေခဲ့သည်။ ထို့ကြောင့် စေတီထဲတွင် လေ့ကျင့်နေသော ကိုရင်လေးတစ်ပါးကို သူတို့အားလုံး သိနေသည်မှာ အံ့ဩစရာတော့ မရှိချေ။ သူက နေ့စဉ်နေ့တိုင်း မှောင်သည့်အချိန်မှသာ ထွက်လာတတ်၏။
မုန့်ချီကတော့ သူတို့၏ အကြည့်ကို စိတ်မဝင်စားချေ။ သူက နေရောင်အောက်တွင် တက်ကြွစွာ သွားလာနေခဲ့၏။ သူ့ခြေထောက်အောက်တွင် ရှိနေသော အနီရောင် မြေသားများကလည်း သက်ရောက်စေနိုင်ခြင်း မရှိတော့ချေ။
တောင်ကြားထဲတွင် ရှိနေသော လမ်းကျဉ်းလေးကို ဖြတ်လာပြီးနောက် မုန့်ချီက ရင်းနှီးသော နေရာဆီသို့ ပြန်ရောက်လာခဲ့သည်။ သူက သစ်တောကြီးကို ကြည့်ပြီး အနည်းငယ် အံ့ဩနေခဲ့၏။ သူက ဆက်သွယ်မှုကို မသိခဲ့သော်လည်း ဤနေရာတွင် အစောင့်တာဝန်ကျသည့်အချိန် ကျန်းကွမ်ကို ရှာတွေ့ခဲ့ပြီးနောက်မှသာ သူ့အစွမ်းက သိသိသာသာ တိုးတက်လာခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် သူက သစ်တောထဲသို့ဝင်သွားပြီး လျှို့ဝှက်လမ်းကြောင်းတွင် အစောင့် ရှိမရှိ စစ်ဆေးချင်ခဲ့၏။ သူထင်ထားသည့်အတိုင်း အနီရောင်ကျောက်တုံးကြီး၏ အနားတွင် အဝါဝတ်ကိုယ်တော်(၂)ပါး ရှိနေကြောင်း တွေ့လိုက်ရသည်။
သူ့ကို သတိထားမိသွားမှာ စိုးသည့်အတွက် မုန့်ချီလည်း အနားကို ကပ်မသွားရဲပေ။ သူက ပြန်လှည့်လာပြီး သစ်တောထဲမှ ထွက်လာခဲ့၏။ လက်ရှိအချိန်တွင် သူက တောင်အနောက်ဘက်သို့ စိတ်ကြိုက် ဝင်နိုင်ထွက်နိုင်သော်လည်း စောင့်ကြပ်ထားသော နေရာများကို ခိုးကြည့်ပိုင်ခွင့် မရှိချေ။ သူက လမ်းလျှောက်နေစဉ် သူ့ဆီသို့လျှောက်လာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
"ကျန်းရုံလား ...."
မုန့်ချီက အံ့ဩသွားခဲ့သည်။
ကျန်းရုံကလည်း အသံကြောင့် ထိတ်လန့်သွား၏။ မုန့်ချီမှန်း နားလည်သွားပြီးနောက် သူက ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။
"ညီလေး ကျန်းတင် …
ငါက လန့်သွားတာပဲ...။ မင်းက ဘာလို့ဒီကိုရောက်နေတာလဲ...."
"ကျွန်တော်က သစ်တောထဲကို ဖြတ်သွားတဲ့အချိန်မှာ လျှို့ဝှက်လမ်းကြောင်းကို စိတ်ဝင်စားလို့ သွားကြည့်နေတာ ...."
မုန့်ချီကတော့ ပြဿနာ ကြီးကြီးမားမား မရှိသည့်အတွက် ဆင်ခြေပေးမနေဘဲ အမှန်အတိုင်းသာ ပြောလိုက်သည်။
"မင်းကရော ဘာလုပ်တာလဲ ...."
ကျန်းရုံက ဗိုက်ကို လက်နှင့်ပွတ်ပြီး ပြောလိုက်သည်။
"ငါတို့အားလုံးက ကိုယ့်အလုပ် ကိုယ်လုပ်နေတာပဲလေ....။ ဒီနေ့ ငါက ဒီနေရာကို စောင့်ရတယ်လေ...."
"ဟုတ်လား...."
သူကလည်း ထိုကဲ့သို့ ဆင်ခြေပေးပြီး ဓားပညာကို လေ့ကျင့်ခဲ့ကြောင်း မုန့်ချီက အမှန်အတိုင်း သိသွားခဲ့သည်။
သူက အနည်းငယ် သံသယဝင်နေသော်လည်း မည်သည့်စကားမျှ မပြောဘဲ နှုတ်ဆက်လိုက်သည်။ ခြံဝန်းထဲသို့ ပြန်ရောက်လာသည့်အချိန်တွင် သူ့ဆရာ ရွှမ်ပိုင်က ဓားပညာကို လေ့ကျင့်နေကြောင်း မုန့်ချီက တွေ့ခဲ့ရ၏။
"မင်းက ဒီနေ့ဘာလို့စောစောပြန်လာရတာလဲ ...။ မင်းက အပူအအေးဒဏ်ကို ခံနိုင်ရည် မရှိသေးဘူးလား ...."
ရွှမ်ပိုင်က ဓားကို ရုတ်သိမ်းလိုက်သော်လည်း သူ၏မျက်နှာအမူအရာက အပြစ်တင်နေသည့် ပုံစံမရှိချေ။
မုန့်ချီက သူ့ဆရာကို ပြောသင့်မပြောသင့် စဉ်းစားနေခဲ့၏။ သူ၏ရွှေခန္ဓာက အပူအအေးကို ခုခံနိုင်ကြောင်း ရွှမ်ကူနှင့် ကျန်းချန်တို့ အပါအဝင် တခြားလူများ မြင်သွားကြောင်း မှတ်မိသွားသည့်အချိန်တွင် သူက ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုအရာက ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်အဆင့်(၄)ကို ပြီးဆုံးသွားသည့် သက်သေလည်းဖြစ်၏ ။
မုန့်ချီက တွေဝေနေသည်ကို မြင်သည့်အခါ ရွှမ်ပိုင်က အပြုံးနှင့်ပြောလိုက်သည်။
"အလျင်လိုတာက အနှေးဖြစ်တယ် ..။ ဆရာက မင်းအပေါ် အရမ်းတင်းကြပ်မိနေတာပဲ....။ ဘာမှစိတ်မပူပါနဲ့ ...."
မုန့်ချီက ဦးညွတ်၍ ပြန်ဖြေလိုက်၏။
"ဆရာ....
ကျွန်တော်က ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ် အဆင့်(၄)ကို အောင်မြင်သွားပြီ…”
Translated by Hein Htet