အခန်း (၅၄)
Vol. 4 Ch. 54
"ဘယ်လို..."
အလွန်တည်ငြိမ်သော ရွှမ်ပိုင်က လုံးဝကို အံ့ဩမှင်တက်သွားခဲ့သည်။
သူက စကားတစ်ခွန်းမျှ လုံးဝမပြောနိုင်ခဲ့ပေ။ သူက လက်ထဲတွင် ကိုင်ထားသော ဓားကို လက်နက်စင်ပေါ်သို့ ပြန်တင်ပြီး မုန့်ချီကို နှစ်သိမ့်ရန် စဉ်းစားထားခဲ့သည်။ သို့သော် သူ့လက်များက တုန်ယင်သွားသည့်အတွက် ဓားသွားက လက်နက်စင်ကိုထိမိသွားပြီး အောက်သို့ ပြုတ်ကျသွားခဲ့၏။ ထိုအရာက ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်အတွက်တော့ လုံးဝကို ပုံမှန်မဟုတ်ခြင်း ဖြစ်သည်။
မုန့်ချီက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အဆင့်(၄) နှလုံးကျင့်စဉ်ကို အကောင်းဆုံး ကြိုးစားပြီး လေ့ကျင့်ခဲ့သည်။ သူ၏အရေပြားကလည်း ရွှေရောင်တောက်ပနေခဲ့၏။
သူက ထပ်ပြောလိုက်သည်။
"ဆရာ...
ကျွန်တော်က ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ရဲ့ အဆင့်(၄)ကို အောင်မြင်သွားပြီ...."
"မင်းက ဘယ်လိုအရာမျိုးကို ကြုံခဲ့ရတာလဲ...."
ရွှမ်ပိုင်က နောက်တစ်ကြိမ် အလေးအနက် ဖြစ်လာပြီး သူ့ပုံစံက အလွန်အံ့ဩမှင်တက်နေပုံ ရသည်။
သူ့တပည့်က ယမန်နေ့ကမှ တတိယအဆင့်ကို အောင်မြင်ထားခြင်းဖြစ်၏။ ယခု အဆင့်(၄)ကို အောင်မြင်သွားခဲ့သည်။ ထိုအရှိန်က လုံးဝကို မယုံကြည်နိုင်စရာ ကောင်းလွန်းလှပြီး ပုံပြင်ဒဏ္ဍာရီတစ်ပုဒ်ကို ကြားနေရသလို ဖြစ်နေခဲ့၏။
မုန့်ချီက ဆင်ခြေပေးရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူက ငုံ့ကြည့်ပြီး ပြောလိုက်၏။
"မနေ့တုန်းက ဆရာ လေ့ကျင့်နေတာကို မြင်တဲ့အချိန်မှာ ကျွန်တော်နဲ့ ကမ္ဘာကြီးက အဆက်အသွယ် ပြတ်သွားသလို ခံစားလိုက်ရတယ်။ ကျွန်တော်က ဒီနေ့အဆင့်(၄)ကို လေ့ကျင့်နေတဲ့အချိန်မှာ အပူအအေးရောနေတဲ့ ခံစားမှုကို ခုခံနေရတဲ့အပြင် ကျွန်တော့်ကို နှောင့်ယှက်နေတဲ့ငှက်ရဲ့အော်သံကိုလည်း ခံစားခဲ့ရတယ်။ အဲဒီအခက်အခဲ(၃)ခုက ကျွန်တော့်ကို အတော်လေး စိတ်ရှုပ်အောင် လုပ်နိုင်ပြီး ကျွန်တော့်ကို ရူးသွပ်သွားစေနိုင်တယ်။ ရုတ်တရက်ဆိုသလို ကျွန်တော်က တူညီတဲ့ ခံစားမှုတစ်ခုကို ရခဲ့တာပဲ။ ကမ္ဘာကြီးတစ်ခုလုံးက မီးဖိုလိုဖြစ်နေပြီး အခက်အခဲတွေကတော့ ကျွန်တော့်ကို မာကျောအောင် ထုဆစ်ပေးတဲ့ မီးတောက်တွေ ဖြစ်လာတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်က မထင်မှတ်ပဲ အဆင့်(၄)ကို အောင်မြင်သွားတယ်..."
မုန့်ချီ ပြောခဲ့သောအရာများနှင့် ခံစားခဲ့ရသော အရာများက အစစ်အမှန်ဖြစ်သည်။ သူ၏ဓားဆန္ဒများမှ လွဲလျှင် အရာတိုင်းကို အမှန်အတိုင်းသာ ပြောပြခဲ့ခြင်း ဖြစ်၏။ အရာအားလုံးက စစ်မှန်နေသည့်အတွက် လူတိုင်းက သူ့ကို ယုံကြည်နေခြင်း ဖြစ်သည်။
သူ့ဆရာက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်နှင့် အမူအရာ ပြောင်းလဲမှုများ အားလုံးကို အလွယ်တကူ သိနိုင်သည်။ ထို့ကြောင့် သူက နှလုံးခုန်သံကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားပြီး သူ့ဆရာ သတိမထားမိစေရန် ကြိုးစားခဲ့၏။
မုန့်ချီ၏ ရှင်းပြမှုက ရွှမ်ပိုင်၏ သံသယများကို ဖယ်ရှားနိုင်ခဲ့သည်။ အကယ်၍ သူသာ ထိုသို့မခံစားခဲ့ရလျှင် လုံးဝပြည့်စုံစွာ ရှင်းပြနိုင်လိမ့်မည် မဟုတ်ပေ။
သူက ခဏကြာ စဉ်းစားနေပြီး အပြုံးနှင့် ပြောလိုက်သည်။
"မင်းနဲ့ ဓားပညာက တော်တော်ကို ထူးခြားတဲ့ ရေစက်ရှိနေတာပဲ..။ မင်းက ဆရာ လေ့ကျင့်နေတာကို ပထမဆုံးအကြိမ်မြင်ပြီး နားလည်သွားတာက တော်တော်လေး အံ့ဩစရာကောင်းတယ်..."
ကျင့်ကြံသူတစ်ယောက်က ဓားပညာကို နားလည်ရန် အလွန်အမင်း ခက်ခဲနေခြင်း မရှိပေ။ အကယ်၍ ဉာဏ်ကောင်းသော ကျင့်ကြံသူတစ်ယောက်ကသာ ကြိုးစားလိုက်မည်ဆိုလျှင် ဓားပညာကို အချိန်တစ်ခုအထိ စဉ်းစားပြီး တဖြည်းဖြည်း ပို၍ နားလည်လာပါလိမ့်မည်။ နားလည်ရန် ခက်ခဲသည်မှာ အစစ်အမှန် အနှစ်သာရနှင့် အစစ်အမှန်ဓားပညာ ဖြစ်သည်။
"ဆရာ...
ဆရာလေ့ကျင့်ခဲ့တဲ့ ဓားပညာတွေက ကျွန်တော့်ကို တော်တော်လေး ကူညီပေးခဲ့တယ်…"
မုန့်ချီက သူ့ဆရာလေ့ကျင့်နေသော အနတ္တကျိန်စာဖျက်ဓားပညာဆီသို့ လျင်မြန်စွာ ခေါင်းစဉ်ပြောင်းလိုက်သည်။ ရွှမ်ပိုင်က မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"မင်းက ဒါကိုလျှို့ဝှက်ထားရလိမ့်မယ်...။ စည်းကမ်းအရ ပြောရရင် ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်မချင်း ဆရာက ခွင့်ပြုမယ် ဆိုရင်တောင် မင်းက တခြားကျင့်စဉ်တွေကို ကြည့်ခွင့်မရှိဘူး..။ မင်းက အဲဒါကို ဖမ်းဆုပ်မိနိုင်ပေမဲ့ အစစ်အမှန် အနှစ်သာရတွေကို နားမလည်နိုင်သေးဘူး..။ ဓားသွားပြောင်းလဲမှုတွေကို ကြည့်ပြီး မင်းက ထူးခြားတဲ့ အသိအမြင်တွေကို ရခဲ့တာ....။ မင်းက အဲဒါကို တစ်ကြိမ်တည်းနဲ့ကြည့်ပြီး ဒီလိုရခဲ့တယ်ဆိုတာကို စည်းကမ်းထိန်းသိမ်းရေးခြံဝန်းက ယုံကြည်ပေးဖို့ ခက်လိမ့်မယ်....”
ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ယောက်က အကြိမ်ပေါင်းများစွာ ကြည့်နေမှသာ အချက်အလက်များကို နားလည်နိုင်သည်။
"ကျွန်တော်နားလည်ပါတယ်..."
မုန့်ချီက အခွင့်အရေးရှိလျှင်တော့ ထိုအရာကို လျှို့ဝှက်ထားရမည်ဖြစ်ကြောင်း သိနေသည်။ သူက အလွန်ဆိုးသွမ်းသော စည်းကမ်းထိန်းသိမ်းရေးခြံဝန်းမှ ကိုယ်တော်များနှင့် စကားမပြောချင်ပေ။
"ကျွန်တော်က အဆင့်(၄)ပြီးသွားတဲ့အချိန်မှာ ဆရာဦးလေးရွှမ်ကူနဲ့ အစ်ကိုကျန်းချန်တို့က မြင်သွားသေးတယ်…”
ရွှမ်ပိုင်က ခေါင်းညိမ့်ပြလိုက်၏။
"ဒါက ကိစ္စမရှိပါဘူး...။ (၃)လအတွင်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ရဲ့ အဆင့်(၄)ကို ပြီးသွားတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး..။ သူတို့အားလုံးမှာ လေ့ကျင့်မှုအတွက် အခြေခံအုတ်မြစ်တွေ ရှိတယ်..။ မင်းက အဆင့်(၃)ကို မနေ့က အောင်မြင်သွားတယ်ဆိုတာ ရွှမ်ကူနဲ့ ကျန်းချန်တို့က မသိသရွေ့ အဆင်ပြေပါတယ်....။ မင်းက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို ကောင်းကောင်းလေ့ကျင့်နိုင်တဲ့အတွက် သူတို့က မင်းကိုတောင် ချီးကျူးကြဦးမှာ...."
"ဒါဆိုရင်တော့ စိတ်အေးသွားပါပြီ..."
မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ ထိုအရာကတော့ သူ့စိတ်ထဲတွင် အမှန်တကယ် လှုပ်ရှားနေသော ခံစားချက်တစ်ခုဖြစ်သည်။
"ကောင်းပြီ။ မင်းက ချီစွမ်းအင်တွေကို ဆက်ပြီးတော့ လှည့်ပတ်လို့ရပြီ…"
ရွှမ်ပိုင်က ပြောလိုက်သည်။
မုန့်ချီက အခန်းထဲသို့ ဝင်သွားသည့်အချိန်တွင် ကျန်းဟွေက အနားယူနေကြောင်း တွေ့လိုက်ရသည်။ သူက စိတ်ဝင်တစား မေးလိုက်၏။
"အစ်ကိုကြီး...ဘာလို့ ဒီနေ့ စောစောပြန်လာတာလဲ...."
"ဒီနေ့ ငါက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ရဲ့ အဆင့်(၄)ကို အောင်မြင်သွားပြီလေ…”
မုန့်ချီက သူ၏ဆရာတူညီလေးကို လိမ်ညာခဲ့ခြင်း မရှိပေ။ သူက အတော်လေးကို ဝမ်းသာနေသည့်အတွက် ပြောပြလိုက်၏။ ထိုအရာက အလွန်ထိတ်လန့် အံ့ဩစရာကောင်းပြီး မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
"ဟုတ်လား..."
ကျန်းဟွေကတော့ သာမန်ဟုသာ တွေးနေပြီး အပြုံးနှင့် ပြောလိုက်သည်။
"အစ်ကိုကြီးက ပန်းခူးလက်ညှိုးသိုင်း၊ သဏ္ဍာန်မဲ့လက်ညှိုးသိုင်းနဲ့ တခြားသိုင်းပညာတွေကို လေ့ကျင့်ချင်နေခဲ့တယ်။ အခုကြည့်ရတာတော့ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်က အစ်ကိုကြီးအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်မယ်ထင်တယ်…"
"မင်းက ဘာမှမသိတဲ့ အရူးတစ်ယောက်ပါလား။ ငါက မလိုချင်ဘူး ပြောနေပေမဲ့ ငါ့ရဲ့ခန္ဓာကိုယ်က လိုအပ်နေတာလေ…"
မုန့်ချီက စိတ်ထဲတွင် ကြိတ်၍ ပြောနေခဲ့သည်။
"တကယ်လို့ ငါသာ တခြားကျင့်စဉ်တွေကို လေ့ကျင့်ခဲ့မယ်ဆိုရင် အချိန်တိုလေးအတွင်း အောင်မြင်ပါ့မလား...."
"ကျွန်တော်လည်း မသိဘူး...."
ကျန်းဟွေက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
မုန့်ချီက အနည်းငယ် ချောင်းဟန့်လိုက်၏။
"ဟုတ်တယ်...။ ငါက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို တစ်ရက်အတွင်း အောင်မြင်သွားတာ....။ အရင်တုန်းကရော နောက်ပိုင်းမှာရော အဲဒီလိုလူတစ်ယောက်ကို ရှာတွေ့ဖို့ အရမ်းခက်လိမ့်မယ်....."
"အစ်ကိုကြီးက အတော်ဆုံးပဲ..."
ထိုကဲ့သို့ သိုင်းလောကပုံပြင်များကို ကြားသည့်အချိန်တွင် ကျန်းဟွေက အလွန်စိတ်လှုပ်ရှားလာခဲ့သည်။
မုန့်ချီက သက်ပြင်းချ၍ ပြောလိုက်မိ၏။
"ဒီကောင်လေးကတော့ ခက်ခဲတယ်ဆိုတဲ့အရာကို နားလည်ဖို့တောင် တော်တော်လေး ခက်နေသေးတာပဲ..."
နှစ်ဝက်ခန့် ကြာသွားခဲ့သည်...........
ဆောင်းဦးရာသီကို ရောက်လာပြီး သစ်ရွက်ကြွေများ ကျဆင်းလာနေခဲ့၏။
ကောင်းကင်ကြီးက ကြည်လင်နေပြီး လေထုက လတ်ဆတ်နေသည်။ ညအချိန် လမင်းကြီးက ကောင်းကင်ပေါ်တွင် ထိန်ထိန်သာနေခဲ့၏။ မုန့်ချီနှင့် ကျန်းဟွေတို့ကတော့ ကင်းလှည့်ရန် တာဝန်ကျသည့်အတွက် မီးအိမ်များနှင့်အတူ ကျောင်းဆောင်ထဲတွင် လှည့်ပတ်သွားလာနေခဲ့သည်။ သူတို့ကင်းလှည့်ရမည့် နေရာက အတော်လေးကို ချောင်ကျပြီး တိတ်ဆိတ်၏။
"ဒီလိုဘဝမျိုးက အတော်လေးကို နေလို့ကောင်းတာပဲ...."
မုန့်ချီက သက်ပြင်းရှည်ကြီးချလိုက်မိပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ဆယ်လအတွင်း ငါက သံသရာတာဝန်တစ်ခုမှ မရခဲ့ဘူး။ အဲဒါက တော်တော်လေး အံ့ဩစရာကောင်းတယ်…”
ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အဆင့်(၄)ကို အောင်မြင်သွားပြီးနောက် မုန့်ချီက ကျမ်းစာခြံဝန်းတွင် ညအချိန် သင်ခန်းစာများကို လေ့လာပြီး နောက်တစ်နေ့ မနက်တွင် ပြန်လည်လေ့ကျင့်ခဲ့သည်။
သူက နေ့လည်ရောက်သည့်အချိန်တွင် စေတီလေးဆီသို့ သွားမြဲသွားနေဆဲဖြစ်ပြီး သူ၏ ချီစွမ်းအင်များကို လေ့ကျင့်နေခဲ့သည်။ ချီစွမ်းအင်များကို လေ့ကျင့်ပြီး တံခါးဖွင့်ရခြင်းက အတော်လေး အချိန်ပေးရသည်။ ထို့ကြောင့် သူ၏ အရှိန်က ယာယီနှေးကွေးနေခဲ့၏။
သူက (၇)လအတွင်း ချီစုဆောင်းရေးအဆင့်ကို အောင်မြင်သွားခဲ့ပြီး ရွှမ်ပိုင်၏ ဆေးရည်နှင့် ဂါနိုဒါးမားစွမ်းအင်ပြန်ဖြည့်ဆေး အကူအညီကို သုံးပြီး မျက်လုံးတံခါး(၆)ခုကို အာရုံစိုက်နေခဲ့သည်။ သူက နှစ်လအတွင်း သံသရာတာဝန်ကို လုပ်ဆောင်ရနိုင်ချေ ရှိသည့်အတွက် သူ၏တံခါး(၉)ပေါက်ကို စုစည်းနိုင်ရန် အာရုံစိုက်နေခဲ့သည်။
ယခု သူကတော့ ဉာဏ်အလင်းပွင့်မှုကို ရရှိရန်အတွက် ကောင်းကင်တံခါးဆေးလုံးကိုသာ စောင့်မျှော်နေရသည်။ အကယ်၍ ယခုအချိန်၌ သံသရာတာဝန် စမည်ဆိုလျှင်ပင် မုန့်ချီကတော့ ကြောက်လန့်နေသလို မခံစားရတော့ပေ။
လွန်ခဲ့သော ဆယ်လတုန်းကနှင့် ယှဉ်လိုက်မည်ဆိုလျှင် ယခု သူက အတော်လေးကို တိုးတက်လာခဲ့၏။ ကျန်းဟွေက သူ့ဆရာတူ အစ်ကိုကြီး၏ ထူးဆန်းသော အပြုအမူများကို ရင်းနှီးနေသည့်အတွက် အံ့ဩနေခဲ့ခြင်း မရှိချေ။
ထို့ကြောင့် သူလည်း ပြောလိုက်သည်။
"ဟုတ်တယ်...။ ဒီလိုဘဝမျိုးက တကယ့်ကို နေပျော်တာပဲ။ စားနိုင်တယ်။ အိပ်နိုင်တယ်။ သိုင်းလေ့ကျင့်နိုင်တယ်…"
သူ၏ ကလေးဆန်သော မျက်နှာပေါ်တွင် အမှန်တကယ် နှစ်လိုဖွယ်ကောင်းသော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ လွန်ခဲ့သော (၁၀)လအတွင်း သူ၏ ပန်းခူးလက်ညှိုးသိုင်းက ချီစုဆောင်းရေးအဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိသော်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။ရွှမ်ပိုင်ကပင် အံ့ဩဝမ်းသာခဲ့ရ၏။ သူက နှစ်ဝက်အတွင်း အဆင့်တက်မည်ဟု ယုံကြည်နေသည်။ သို့သော် သူက အကောင်းဆုံး တိုးတက်မှု အခြေအနေ၌ ရှိနေခဲ့၏။
သူက ပြည့်ပြည့်ဝဝ စားသုံးပြီး ကောင်းမွန်စွာ အိပ်စက်သည်။ ကောင်းမွန်စွာ လေ့ကျင့်ခဲ့သည့်အတွက် ယခင်ကထက် ပို၍ အရပ်ရှည်လာပြီး ပို၍ လူကြီးဆန်လာသည်။
"မင်းက စားဖို့အိပ်ဖို့ပဲ စဉ်းစားနေတာလား....။ မင်းပုံစံက ဝက်တစ်ကောင်လိုပဲ...."
မုန့်ချီက ကျန်းဟွေကို သေချာကြည့်လိုက်သည်။ (၁၀)လကြာပြီးနောက် သူက ပို၍အရပ်ရှည်လာပြီး ကလေးတစ်ယောက်ကဲ့သို့ မဟုတ်တော့ဘဲ လူငယ်တစ်ယောက်နှင့် တူလာခဲ့သည်။
နူးညံ့သောနှုတ်ခမ်းများနှင့် မျက်နှာက ချောမောခန့်ညားသည်။ သူက တိတ်တဆိတ် ထိုင်လိုက်သည့်အချိန်တိုင်း အလွန်သိမ်မွေ့ညင်သာ၏။ မုန့်ချီက ကျဉ်းမြောင်းသော သူ၏မျက်လုံးများကို မကျေမနပ် ဖြစ်နေခဲ့သည်။ ထိုအရာက သူ့ကိုဆွဲဆောင်မှု နည်းအောင် လုပ်နေခြင်းဖြစ်၏။
သူတို့က လမ်းလျှောက်နေစဉ် ကျန်းဟွေက ပြောလိုက်သည်။
"အစ်ကိုကြီး...
အစ်ကိုကြီးကျန်းရုံက တစ်ခုခုမှားနေတယ်လို့ ကျွန်တော်ထင်တယ်...."
"ဘယ်လိုဖြစ်လို့လဲ..."
မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်သည်။ ညအချိန်ပတ်ပတ်လည်တွင် ရှိနေသော သစ်ပင်ကြီးများက မကောင်းဆိုးဝါးများကဲ့သို့ ဖြစ်နေ၏။
ကျန်းဟွေက ပြောပြလိုက်သည်။
"အစ်ကိုကြီးကျန်းရုံက ကျွန်တော့်ဆီကို ခဏခဏလာရှာပြီး ပုံပြင်တွေ ပြောပြတယ်...။ ဒါပေမယ့် သူပြောတဲ့ ပုံပြင်တွေက စိတ်လှုပ်ရှားစရာ မကောင်းဘူး...။ ပြီးတော့ သူလာတဲ့ အချိန်တိုင်း ကျွန်တော့်ဆီကနေ ပန်းခူးလက်ညှိုးသိုင်းကို မေးခဲ့တယ်။ သူက အဲ့ဒီသိုင်းပညာကို အရမ်းစိတ်ဝင်စားနေတယ်လို့ ပြောတယ်..."
ပထမအပိုင်းကို ကြားသည့်အချိန်တွေ ကျန်းဟွေက အလွန်ဂရုစိုက်နေသည်ဟုသာ မုန့်ချီက တွေးခဲ့သည်။ ကျန်းဟွေ၏ စကားဆုံးသွားပြီးနောက် သူလည်း အလေးအနက် ဖြစ်လာခဲ့၏။
"သူက ပန်းခူးလက်ညှိုးသိုင်းကို မေးနေတာလား...။ သူက အများကြီးမေးခဲ့တာလား...."
"ဟုတ်တယ်။ ချီစုဆောင်းရေးအဆင့်မှာ ကျွန်တော့်ရဲ့အခက်အခဲတွေကို အသေးစိတ် မေးနေတာ။ ကျွန်တော် ကြုံရတဲ့ ပြဿနာတွေ ၊ ကျွန်တော်ရဲ့လေ့ကျင့်မှုတွေ အကုန်လုံးကို အသေးစိတ်မေးနေတာ..."
ကျန်းဟွေကတော့ အလေးအနက်မထားဘဲ ပြောနေခဲ့သည်။ သူက ယုံကြည်နေရသော အစ်ကိုတစ်ယောက်ကို ရှင်းပြနေသလိုဖြစ်၏။
"ဆရာက ဘယ်သူ့ကိုမှ မပြောဖို့ ကျွန်တော့်ကို အမိန့်ပေးထားတယ်..။ အစ်ကိုကြီးကျန်းရုံက အများကြီးမေးနေတာ တော်တော်လေး စိတ်ရှုပ်စရာကောင်းတယ်။ သူက ကျွန်တော့်ကို ခဏခဏလာရှာတဲ့အတွက် လေ့ကျင့်မှုလည်း ထိခိုက်တယ်…"
ကျန်းရုံက ပန်းခူးလက်ညှိုးသိုင်းကို ခိုးယူချင်နေသည်ဟု မုန့်ချီက တွေးမိခဲ့သည်။ ထိုအရာက တိုက်ခိုက်ရေး ကိုရင်များအတွက်တော့ သာမန်သာဖြစ်သည်။ သို့သော် သူက ဘာကြောင့် အခက်ဆုံးဖြစ်သည့် ပန်းခူးလက်ညှိုးသိုင်းကို သင်ယူချင်ရသနည်း။
မုန့်ချီက စဉ်းစားကြည့်လိုက်ပြီး ကျန်းရုံနှင့် နောက်ဆုံးတွေ့လိုက်သည့်အချိန်တွင် တစ်ခုခုထူးခြားနေကြောင်း တွေးမိခဲ့သည်။
"မင်းက သူ့ကို ပန်းခူးလက်ညှိုးသိုင်းနှင့် ပတ်သက်တဲ့ အချက်အလက်တွေ ပြောပြလိုက်သေးလား…"
မုန့်ချီက အတည်ပြုလိုက်သည်။
ကျန်းဟွေက ခေါင်းခါပြလိုက်၏။
"ဆရာက ဘယ်သူ့ကိုမှ မပြောဖို့ အမိန့်ပေးထားတယ်…"
"ကောင်းတယ်။ မနက်ဖြန်မနက်ကျရင် ဆရာ့ကို ပြောကြရအောင်…"
မုန့်ချီက ဤကိစ္စကို ကိုယ်တိုင်စုံစမ်းလိုခြင်း မရှိပေ။ အကယ်၍ စုံစမ်းနေစဉ် အတောအတွင်း ပို၍ အဆင့်မြင့်သော ရန်သူများနှင့် တွေ့လာလျှင် ပြဿနာများနိုင်သည်။
ထိုအချိန်ကျလျှင် တခြားသူများက သူ့ကို အနိုင်ကျင့်နိုင်၏။ သူ့ဆရာကို ပြောပြပြီး စုံစမ်းခြင်းက အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်သည်။ ကျန်းဟွေကလည်း ဆရာတူအစ်ကို၏ အကြံပေးမှုကို လက်ခံလိုက်ပြီး ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်သူက အလွန်မြင့်မားသော သစ်ပင်ကြီးများကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။
"အစ်ကိုကြီးကျန်းရုံက အဲဒီသစ်ပင်ကြီးနောက်မှာ ပုန်းနေတတ်တယ်..."
"ဘယ်လို…မင်းက ဘယ်လိုသိတာလဲ...."
မုန့်ချီက အံ့အားသင့်စွာ မေးလိုက်သည်။
ကျန်းဟွေက ရိုးရိုးသားသားပြောလိုက်၏။
"အရင်တစ်ခေါက် ကျွန်တော်က ပစ္စည်းတစ်ခု မေ့ကျန်နေတဲ့အတွက် ပြန်လှည့်လာတဲ့ အချိန်မှာ အစ်ကိုကြီးကျန်းရုံကို တွေ့ခဲ့တယ်။ သူက သစ်ပင်အနောက်မှာ ပုန်းနေတာကို တွေ့ခဲ့တာ...."
"အဲဒါပြီးတော့ရော...."
မုန့်ချီက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ကျန်းဟွေက အေးအေးဆေးဆေး ပြန်ဖြေခဲ့၏။
"နဂိုကတော့ သူက ကျွန်တော့်ကို စောင့်နေတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အချိန်တော်တော်လေး ကြာသွားတော့ လေ့ကျင့်မဲ့အချိန်ရောက်တာနဲ့ ကျွန်တော်လည်း ပြန်လာခဲ့တယ်..."
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ သူက သစ်ပင်ကြီးများ၏ အနောက်တွင် ရပ်နေပြီး အတော်လေးကို စိတ်ဝင်စားလာခဲ့၏။ သူက မီးအိမ်ကို မြှောက်လိုက်ပြီး သစ်ပင်အတွင်းထဲကို လှမ်းကြည့်လိုက်သည်။
ထိုသစ်ပင်ကြီးများထဲတွင် သူ့မျက်လုံးနှင့် မမြင်နိုင်သော အလွှာများစွာ ရှိနေ၏။ မုန့်ချီက ခဏကြာ စစ်ဆေးနေပြီးနောက် မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရပေ။ သူက ပိတ်ထားသော နေရာဆီသို့ လျှောက်သွားသော်လည်း မည်သည့်သဲလွန်စကိုမျှ မတွေ့ရပေ။
ကျန်းဟွေကတော့ မုန့်ချီ၏ အနောက်မှ အေးအေးဆေးဆေး လိုက်လာခဲ့၏။ မုန့်ချီက ခြေလှမ်းအနည်းငယ် ဆက်လျှောက်လာပြီးနောက် ဤနေရာတွင် သစ်ပင်မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။
ဤနေရာတွင်တော့ လေလှိုင်းများ ပြင်းပြင်းထန်ထန် တိုက်ခတ်နေပြီး အောက်ဘက်တွင်တော့ အဆုံးမရှိသော ချောက်ကမ်းပါးတစ်ခုဖြစ်နေသည်။ ရှောင်လင်ကျောင်းတော်ကို တောင်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် နံရံထက်ပို၍ မတ်စောက်သော ချောက်ကမ်းပါးများစွာ ရှိနေသည်။
မုန့်ချီက ပတ်ပတ်လည်ကို အလွန်ရှုပ်ထွေးစွာ လှည့်ကြည့်နေခဲ့သော်လည်း ကျန်းရုံက ဤနေရာတွင် မည်သည့်အရာများ လုပ်နေကြောင်း နားမလည်ခဲ့ပေ။
မုန့်ချီက လှည့်ကြည့်နေရင်း ရုတ်တရက် ရပ်တန့်လိုက်၏။ သူက အသံနားထောင်ပြီး ကျန်းဟွေကို အနားသို့ ဆွဲခေါ်လိုက်သည်။ သူတို့၏ မီးအိမ်ကိုလည်း ငြိမ်းလိုက်ပြီး သစ်ပင်ကြီးတစ်ပင်၏ အနောက်တွင် ပုန်းနေလိုက်၏။
ထိုအချိန်တွင် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က ခိုးကြောင်ခိုးဝှက်နှင့် လျှောက်လာနေခဲ့လေသည်။
Translated by Hein Htet