အခန်း (၅၆)
Vol. 4 Ch. 56
သစ်တောထဲမှ ခုန်ထွက်လာသော အနက်ရောင်အရိပ်ကြောင့် ကြားထဲရှိ မြေပြင်ကြီးကပင် ကျုံ့သွားသလို ခံစားလိုက်ရသည်။ မုန့်ချီက တုန့်ပြန်နိုင်ခြင်း မရှိသေးခင် သူ့လက်ဝါးက ကျန်းရုံ၏ နောက်ကျောတွင် ရှိနေသော သွေးကြောမှတ်များကို ရိုက်ချလိုက်မိ၏။
ထိုရိုက်ချက်က သာမန်ဟုတ်ပုံ မရချေ။ မည်သူကမျှ သူ၏ စွမ်းအားနှင့် ဇစ်မြစ်ကို ပြောပြနိုင်ခြင်း မရှိချေ။ သို့သော် ကျန်းရုံကို သွေးကြောပိတ်ထားခြင်း ဖြစ်ပြီး လက်နှစ်ဖက်ကို ချည်နှောင်ထားသည်။
သူက သိသာထင်ရှားသော လှုပ်ရှားနိုင်ခြင်း မရှိခဲ့ပေ။ သူက မျက်လုံးပြူးနေပြီး ပါးစပ်ထဲမှ သွေးများ စီးကျလာနေခဲ့၏။ သူ၏မျက်နှာပေါ်တွင်လည်း အလွန်အံ့ဩမှင်တက်နေပုံရသည်။
အနက်ဝတ်လူ၏ လှုပ်ရှားမှုကိုကြည့်ပြီး မုန့်ချီက စိတ်ထဲတွင် တွေးလိုက်မိ၏။
"ဒါက ဉာဏ်အလင်းပွင့်မှု အဆင့်ကို ရောက်နေတဲ့ ကျွမ်းကျင်လူသတ်သမား ဖြစ်နိုင်တယ်…"
တစ်ချိန်တည်းတွင် သူက မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ဓားသွားကို ဆွဲထုတ်၍ သူသေ ကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ မုန့်ချီက ခုခံ၍ မရကြောင်း သိနေခဲ့၏။ မဟုတ်လျှင် သူက အလွန်လွယ်ကူလွန်းနေသည်ဟု အနတ်ဝတ်လူက တွေးမိသွားနိုင်သည်။
ထို့ကြောင့် သူက အဆုံးထိ ပြန်လည်တိုက်ခိုက်ရန်သာ ရှိ၏။ အလျင်စလို ပြေးဝင်လာခြင်းက မည်သည့်အရာကိုမျှ ဖြေရှင်းနိုင်ခြင်း မရှိကြောင်း အနတ်ဝတ်လူက နားလည်နေနိုင်သည်။ သူကတော့ ကျန်းဟွေ ခေါ်ထားသော တခြား ဘုန်းတော်ကြီးများ ရောက်လာမှာကို စိုးရိမ်နေခဲ့၏။ ထို့ကြောင့် သူက ချက်ခြင်း ပြန်ဆုတ်သွားရန် မျှော်လင့်နေခဲ့သည်။
အနက်ဝတ်လူက မျက်လုံးသာ ဖော်ထားသော ညဝတ်စုံကို ဝတ်ဆင်ထားသည်။ ကျန်းရုံကို သတ်လိုက်ပြီးနောက် သူက ရပ်တန့်နေခြင်း မရှိဘဲ မုန့်ချီဆီသို့ ချက်ချင်း ပြေးဝင်လာခဲ့၏။ သူက ညာဘက်လက်ဝါးကို မြှောက်လိုက်ပြီး ဆက်တိုက်ဆိုသလို ရိုက်ချလိုက်သည်။
သူ၏ ခန္ဓာကိုယ်က လျှပ်စီးပြောင်းလဲမှုကို သုံး၍ မည်မျှပြောင်းလဲစေကာမူ ထိုလက်ဝါးအရိပ်များ၏ လွှမ်းခြုံမှုကို ခံရသေးကြောင်း မုန့်ချီက ခံစားမိခဲ့သည်။ မုန့်ချီက ပုန်းနိုင်ခြင်း မရှိသလို ထွက်ပြေးနိုင်ခြင်းလည်း မရှိချေ။
“တော်တော်အံ့ဩစရာကောင်းတဲ့ လက်ဝါးသိုင်းပဲ…”
ထိုလက်ဝါးက ကမ္ဘာမြေကြီးတစ်ခုလုံးကို လွှမ်းခြုံနေပုံရပြီး အလွန်အေးချမ်းတည်ငြိမ်ပုံ ရသည်။ ထိုအရာက အလွန်ဆန်းကြယ်လွန်းလှသော လက်ဝါးသိုင်းဖြစ်ကြောင်း မုန့်ချီက နားလည်သွား၏။ ထိုအရာကို အဆင့်မြင့်မြင့် တတ်ကျွမ်းသွားမည်ဆိုလျှင် လက်ဝါးချက်နှင့် နိုင်ငံတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိပြီး အရာအားလုံးကို ဖိနှိပ်ပစ်နိုင်သည်။
ယခုတော့ ထိုလက်ဝါးချက်များ၏ အစွမ်းက မုန့်ချီ၏ လှုပ်ရှားမှုများအားလုံးကို တားဆီးရန်သာ လုပ်ဆောင်နိုင်၏။ သူ၏ ဓားပညာစွမ်းရည် အားနည်းမှုကြောင့် သွေးဓားသိုင်းကျမ်းဖြစ်စေ၊ ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်းသိုင်းကျမ်းဖြစ်စေ မည်သည့်အရာနှင့်မျှ ထိုလက်ဝါးချက်ကို ချိုးဖောက်၍ မရနိုင်ကြောင်း မုန့်ချီက ရှင်းရှင်းလင်းလင်း သိနေသည်။
သူ၏လျှပ်စီးပြောင်းလဲမှုကလည်း နားလည်မှု လိုအပ်နေသေး၏။ ထို့ကြောင့် သူက ကောင်းမွန်စွာ ပြသနိုင်ခြင်း မရှိဘဲ ထိုလက်ဝါးချက်ကို ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့်သာ ခုခံလိုက်ရသည်။
အနက်ဝတ်လူက လက်ဝါးနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် မုန့်ချီက ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်သေးသော ကိုရင်လေးတစ်ပါး ဖြစ်ကြောင်း သံသယဝင်ရန် မလိုအပ်ချေ။ သူက အလွန်ထူးဆန်းသော လက်ဝါးပညာကို ယုံကြည်ချက်ရှိနေပြီး သူ၏သိုင်းပညာအပေါ် ယုံကြည်ချက်ရှိနေခဲ့သည်။
"ပရာဏလက်ဝါးသိုင်း …
တိတ်ဆိတ်မှု၊ ဒေါသတွေကို ဖယ်ရှားပြီး တိတ်ဆိတ်မှုကို လွှမ်းခြုံမယ်..."
အလွန်ကြောက်စရာကောင်းသော သေရေးရှင်ရေး အခြေအနေမျိုးတွင်ပင် မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး ပြုံးလိုက်မိသည်။ သူကတော့ ထိုလက်ဝါးချက် ကျရောက်လာမည့်အချိန်ကို တည်ငြိမ်အေးချမ်းစွာ စောင့်ဆိုင်းနေမိသလို ထင်မှတ်ရ၏။
ထို့နောက် ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး အသံတစ်ခုကို ကြားလိုက်ရသည်။ ဓားအလင်းတန်းက အလွန်လှပသော ပန်းချီကားတစ်ချပ် ဖြစ်လာပြီး အနက်ဝတ်လူ၏ မျက်လုံးထဲတွင် ဝင်းလက်သွားခဲ့သည်။
သူ၏မျက်လုံးများက ရုတ်တရက် ဆိုသလို ပျော့ပျောင်းနူးညံ့သွားသလို ခံစားလိုက်ရပြီး အလွန်နူးညံ့သိမ်မွေ့သော အသံများ ပန်းရနံ့များထဲကို ကျရောက်သွားသလို ခံစားလိုက်ရသည်။
သူက ညအချိန် ဗုဒ္ဓ၏ရှေ့တွင် ဒူးထောက်နေသလို ခံစားနေရပြီး စိတ်ထဲတွင် တည်ငြိမ်အေးချမ်းနေခဲ့၏။ ထို့နောက် သူ၏ မျက်လုံးထဲတွင် အပြစ်ရှိနေသလို နာကျင်မှုကို ခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုသည့် ခံစားချက်များ ပေါ်လာခဲ့၏။
တည်ငြိမ်အေးချမ်းမှုများ ပျက်စီးသွားသည့်အချိန်တွင် ပရာဏလက်ဝါးက မည်သို့ ဆက်ရှိနိုင်ဦးမည်နည်း။ ထူးခြားဆန်းကြယ်မှုများ ပါဝင်သော အနက်ဝတ်လူ၏ လက်ဝါးချက်က သာမန်လက်ဝါးချက်အဖြစ်သာ ပြောင်းလဲသွားခဲ့သည်။
“သေစမ်း….”
အနက်ဝတ်လူက သတိပြန်ဝင်လာသည့်အချိန်တွင် ဓားသွားက သူ့အနားသို့ နီးကပ်လာနေပြီ ဖြစ်သည်။
သူက မျက်မှောင်ကြုတ်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် အလွန်အားနည်းပုံရသော ကိုရင်လေးက ကြောက်စရာကောင်းသော ဓားသိုင်းပညာကို သုံးနိုင်လိမ့်မည်ဟု သူလည်း လုံးဝမထင်ထားခဲ့ပေ။ ဓားအလင်းတန်း ပျံ့နှံ့လာသည့်အချိန်တွင် သူလည်း နောက်သို့ ပြန်ဆုတ်သွားခဲ့ရသည်။
မုန့်ချီ၏ဘယ်ဘက်ပုခုံးတွင်တော့ အလွန်နက်ရှိုင်းသော လက်ဝါးရာကြီးတစ်ခု ပေါ်လာခဲ့၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ရွှေရောင်အလင်းတန်းကလည်း လိပ်ခွံကြီးတစ်ခု အက်ကွဲလာသကဲ့သို့ ထင်မှတ်ရသည်။
အနက်ဝတ်လူ၏ ဗိုက်တွင်လည်း အလွန်နက်ရှိုင်းသော ဓားဒဏ်ရာကြီးတစ်ခု ရှိနေပြီး အဝေးမှပင် မြင်နေရ၏။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မြူခိုးများ လွှမ်းခြုံနေပြီး ဗိုက်တွင် ရှိနေသော ဒဏ်ရာမှ သွေးများ စီးကျမလာစေရန် လက်နှင့် အုပ်ထားခဲ့သည်။ ထို့နောက် သူက ညာလက်ကို မြှောက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
မုန့်ချီက လက်ထဲတွင် ဓားကို ကိုင်၍ သူသေ ကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
အနက်ဝတ်လူက ရှေ့ကို လျှောက်လာသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က ရုတ်တရက် လေးလံလာခဲ့၏။ သူက မုန့်ချီကို ကြောက်စရာကောင်းစွာ စိုက်ကြည့်နေပြီး ပျံလွှားတစ်ကောင်ကဲ့သို့ သစ်တောထဲကို ခုန်ဝင်သွားခဲ့၏။
ခဏကြာပြီးနောက် ခြေသံများကို ကြားလိုက်ရသည်။
"အစ်ကိုကြီး...အဆင်ပြေရဲ့လား"
ကျန်းဟွေက ပြေးလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။ သူက မြေပေါ်တွင် လဲကျပြီး သေဆုံးနေသော ကျန်းရုံကိုလည်း မြင်လိုက်ရ၏။
မုန့်ချီက ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူက ကျန်းဟွေ၏ အနောက်တွင် ရှိနေသော အဝါရောင်နှင့် မီးခိုးရောင်ဝတ် ကိုယ်တော်များကို မြင်သည့်အခါ စိတ်အေးသွားပြီး အလျင်အမြန် ပြောလိုက်၏။
"မြန်မြန်လာပြီး ငါ့ကို ကူညီပေးဦး…."
သူကတော့ မတ်မတ်ပင် မရပ်နိုင်တော့ပေ။ သူက အနက်ဝတ်လူ၏ လက်ဝါးချက်ကို တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် နှောင့်ယှက်လိုက်ခြင်းဖြစ်သည်။ မုန့်ချီ၏ ဓားသွားအန္တရာယ်ကြောင့်သာ သူက အနည်းငယ် အားနည်းသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေသော လူသတ်သမား တစ်ယောက်ဖြစ်၏။ ထိုလက်ဝါးချက်က မုန့်ချီ၏ ဘယ်ဘက်ပုခုံးပေါ်သို့ ကျရောက်သွားပြီး သူ၏ ရွှေခေါင်းလောင်းအကာအကွယ်ကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့သည်။
"လူသတ်သမားက ဉာဏ်အလင်းပွင့်မှုအဆင့်ကို အခုမှ ရောက်နေတဲ့ လူတစ်ယောက် မဟုတ်ဘူး...။ မဟုတ်ရင် သူ့ရဲ့လက်ဝါးချက်က ဒီလောက်မပြင်းထန်နိုင်ဘူး...."
မုန့်ချီက အနက်ဝတ်လူ၏ အစွမ်းကို သေချာစစ်ဆေးကြည့်နေခဲ့သည်။
သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အဆင့်(၄)ကို အောင်မြင်ထားခဲ့ပြီး ထိုလက်ဝါးချက်၏ စွမ်းအားအများစုကို ဖယ်ရှားနိုင်သည်။ ထို့ကြောင့် သူက ဆိုးဆိုးရွားရွား ဒဏ်ရာမရခဲ့ပေ။
သို့သော် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို သုံးလိုက်ပြီးနောက် သူလည်း အားနည်းသွားခဲ့၏။ မည်သို့ဖြစ်စေကာမူ ထိုအရာက အလွန်အဆင့်မြင့်လွန်းသော ဓားသိုင်းတစ်ခုဖြစ်သည်။ မုန့်ချီကတော့ ထိုဓားသိုင်း၏ စွမ်းအား တစ်ဝက်ခန့်ကိုသာ အသုံးပြုနိုင်ခဲ့၏။
ကျန်းဟွေက တခြားကိုရင်များနှင့်အတူ မုန့်ချီဆီကို ပြေးလာပြီး ထူပေးလိုက်သည်။ ဂိုဏ်းထောက်ဘုန်းတော်ကြီးတစ်ပါးက ကျန်းရုံ၏သေဆုံးမှုကို သေချာစစ်ဆေးနေခဲ့ပြီး မုန့်ချီ၏ ဒဏ်ရာကို စစ်ဆေးနေခဲ့သည်။ တခြားသော ကိုယ်တော်များကတော့ ပတ်ပတ်လည်တွင် လှည့်ပတ်ရှာဖွေနေကြ၏။
"လက်ဝါးချက်က တော်တော်လေးကို စွမ်းအားကြီးပြီး ပြင်းထန်တယ်။ ဒါကြောင့် သူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေတဲ့ အဆင့်မြင့် တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်နိုင်တယ်...."
ဂိုဏ်းထောက်ကိုယ်တော်က တိုးတိုးလေး ခေါင်းညိတ်ပြီး ပြောလိုက်၏။
"သူက သူ့ရဲ့တိုက်ခိုက်ရေး ပုံစံကို ဖုံးကွယ်ထားနိုင်တော့ အဲဒီလက်ဝါးချက်က ဘယ်သိုင်းပညာလဲ ဆိုတာပြောဖို့ခက်တယ်...."
"ဆရာဦးလေး....
အရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ်။ ကျန်းဟွေက ပြောပြီးပြီလားဆိုတာတော့ မသိဘူး...။ ကျန်းရုံနဲ့ လူသတ်သမားက ပူးပေါင်းပြီး အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို ကူးယူထားတယ်…"
မုန့်ချီက မချွင်းမချန် ပြောပြလိုက်သည်။
လူသတ်သမားက အမှောင်ထဲသို့ ထွက်ပြေးသွားပြီး မုန့်ချီကတော့ အလင်းထဲတွင် ရှိနေသည်။ ထို့ကြောင့် သူက ကောင်းကောင်းစားဝင် အိပ်ပျော်နိုင်မည် မဟုတ်ချေ။ နောက်ကွယ်တွင် ရှိနေသော လူသတ်သမားကို ရှာဖွေနိုင်ရန်အတွက် သူလည်း အလွန်အလေးအနက် ထားနေခဲ့သည်။
စာရွက်ထုပ်က ပြုတ်ကျသွားသော်လည်း အဆိပ်မြူခိုးများထဲတွင် ရှိနေသေးခြင်း ရှိမရှိ မည်သူမျှ မပြောနိုင်ပေ။ သို့သော် ပြုတ်ကျသွားသော သိုင်းကျမ်းများကို ရှောင်လင်ကျောင်းတော်က လူလွှတ်ရှာဖွေ၍ ရနိုင်သည်။ အကယ်၍ သူတို့ကသာ ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် ထိုသိုင်းကျမ်း၏နေရာကို မေးနိုင်ပြီး မည်သည့်နေရာတွင် ဖွက်ထားသလဲ သိနိုင်သည်။
"ဘယ်လို!
အရိုးကြွက်သားအားဖြည့်သိုင်းကျမ်း ဟုတ်လား..."
မုန့်ချီ၏ စကားကို ကြားလိုက်သော ဂိုဏ်းထောက်ကိုယ်တော်က အလွန်ထိတ်လန့်အံ့သြသွားခဲ့သည်။ တခြားကိုယ်တော်များကလည်း အလားတူ ထိတ်လန့်အံ့ဩသွားခဲ့ကြ၏။သူတို့အားလုံးကတော့ မယုံကြည်နိုင်သလို ခံစားနေကြရသည်။
"ဟုတ်တယ်…”
မုန့်ချီက စွမ်းအားအနည်းငယ် ပြန်ရလာသည့်အတွက် ဖြစ်ခဲ့သည့်အရာများကို သေချာပြောပြလိုက်သည်။ အကူအညီပေးရန် ရောက်လာသော ကိုယ်တော်များ အားလုံးပင် အံ့ဩနေကြ၏။ အလွန်အေးချမ်းသော သူတို့၏နေရာကို မကောင်းဆိုးဝါးတစ်ကောင် ရောက်လာသလို ထင်မှတ်ရသည်။
"ဒီကိစ္စက အရမ်းအရေးကြီးသွားပြီ...။ ရွှမ်ယွမ်....ဗောဓိခြံဝန်းကို မြန်မြန်သတင်းပို့လိုက်..၊ ရွှမ်ဟွာ....မင်းက စည်းကမ်းထိန်းသိမ်းရေး ခြံဝန်းကို သွား.."
မုန့်ချီ၏ ရှေ့တွင်ရှိနေသော ဂိုဏ်းထောက်ကိုယ်တော်က တုန်ယင်နေသည့် အမူအရာနှင့် သူတို့ကို ညွှန်ကြားလိုက်သည်။ သူ၏ မျက်နှာက တစ္ဆေသရဲ တစ်ကောင်ကို တွေ့နေရသလို ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့၏။
ကျောင်းတော်ကြီးကို တည်ထောင်ခဲ့သည့် အချိန်ကတည်းကစပြီး တစ်စုံတစ်ယောက်က ကျောင်းတော်၏ ရတနာကို အောင်အောင်မြင်မြင် ခိုးယူနိုင်ခဲ့သည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်နေသည်။
အဝါဝတ်ဘုန်းတော်ကြီးများ ထွက်သွားသည့်အချိန်တွင် သူက မုန့်ချီကို ကြည့်ပြီး ပြောလိုက်၏။
"တူလေးတို့နှစ်ယောက်က ပြဿနာမရှိဘူးဆိုမှတော့ ငါက မင်းတို့နှစ်ယောက်စလုံးကို အရင်ဆုံး ရှာရလိမ့်မယ်…"
သူတို့နှစ်ယောက်က ပူးပေါင်းကြံစည်၍ တောင်ကြားထဲသို့ သိုင်းကျမ်းများ ကျသွားသည်ဟု ပြော၍ ရနိုင်သည်။ သူတို့ကလည်း အရိုးကြွက်သားအားဖြည့်သိုင်းကျမ်းကို လျှို့ဝှက်ကူးယူထားနိုင်သေး၏။
သူတို့၏ သံသယကို ရှောင်တိမ်းနိုင်ရန်အတွက် မုန့်ချီက ဝမ်းမြောက်ဝမ်းသာ ပူးပေါင်းပြီး သူ၏အပြစ်ကင်းမှုကို သက်သေပြလို၏။ ထို့ကြောင့် သူလည်း ခေါင်းညိတ်လက်ခံလိုက်သည်။
သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၊ သွေးဓားသိုင်းကျမ်းနှင့် လျှပ်စီးပြောင်းလဲမှုများကို လေ့ကျင့်ထားသည်။ ထိုသိုင်းကျမ်းများ အားလုံးကိုလည်း အခန်းထဲတွင်သာ သိမ်းထားခဲ့၏။
"ကျွန်တော်က ဆရာဦးလေးကို နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်တွေ အားလုံးကိုရှာဖို့ စီစဉ်တာ အကောင်းဆုံးဖြစ်မယ် ထင်တယ်..။ ဘာလို့လဲဆိုတော့ ဉာဏ်အလင်းပွင့်မှုအဆင့် ရှိနေတဲ့ ရှောင်လင်ကိုယ်တော်တွေကပဲ စိတ်ကြိုက်သွားလာနိုင်ကြတာ။ ပြီးတော့ လူသတ်သမားက အရမ်းဆန်းကြယ်တဲ့ လက်ဝါးသိုင်းကိုလည်း သုံးခဲ့တယ်…"
မုန့်ချီက ပြောလိုက်သည်။
သူက လူသတ်သမားကို မြန်မြန်ရှာဖွေချင်နေသည်။ ထို့ကြောင့် ဆရာဦးလေးက်ု တိုက်တွန်းလိုက်သည်။
"ကျွန်တော်က ဓားနဲ့ သူ့ရဲ့ဗိုက်ကို ဖြတ်ခဲ့မိတယ်။ သူ့ရဲ့ ဒဏ်ရာက တော်တော်လေးကို နက်ရှိုင်းတယ်ဆိုတော့ အချိန်တိုလေးအတွင်း ပြန်ကောင်းမှာ မဟုတ်ဘူး။ ဒါကြောင့် ဆရာဦးလေးက လူတိုင်းကို စစ်ဆေးကြည့်စေချင်တယ်…."
"ဒါက အရေးပေါ်အခြေအနေပဲ။ လူသတ်သမားက သတင်းပေါက်ကြားတာကို ကာကွယ်ရမယ်။ ကျွန်တော်တို့က လူတိုင်းကို စစ်ဆေးဖို့ လိုတာပေါ့…"
သူက ထပ်ဖြည့်ပြောလိုက်သည်။
"မင်းက သူ့ရဲ့ဗိုက်ကို ဓားနဲ့ဖြတ်နိုင်ခဲ့တာလား…"
ဂိုဏ်းထောက်ကိုယ်တော်က မယုံကြည်နိုင်သလို ပြန်မေးလိုက်သည်။
အလွန်ငယ်ရွယ်ပြီး ဉာဏ်အလင်းပွင့်မှုအဆင့်ကိုပင် မရောက်သေးသော ကိုရင်လေးတစ်ပါးက ဉာဏ်အလင်းပွင့်မှုအဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်ကို ထိခိုက်အောင် လုပ်နိုင်သည်မှာ ယုံကြည်ရန် ခက်ခဲလွန်းလှသည်။
မုန့်ချီက တိုက်ပွဲအသေးစိတ်ကို ပြောပြလိုက်သည့်အချိန်တွင် အနတ္တကျိန်စာဖျက် ဓားပညာကို ဖုံးကွယ်ထားသည့်အတွက် သူ၏စကားလုံးများက ဝေဝါးနေသေးသည်။ အနက်ဝတ်လူက သူ၏ဓားဆန္ဒကြောင့် အနောက်သို့ ပြန်ဆုတ်သွားသည်ဟုသာ ထိုကိုယ်တော်များ အားလုံးက တွေးနေခဲ့ကြ၏။ သို့မဟုတ် သူတို့ အချိန်မီ ရောက်လာခြင်းကြောင့် ထွက်ပြေးသွားသည်ဟုလည်း တွေးနေကြသည်။
သူက ဉာဏ်အလင်းပွင့်မှု တိုက်ခိုက်ရေးသမားတစ်ယောက်ကို အမှန်တကယ် ဒဏ်ရာရအောင် လုပ်နိုင်မည်လော။
"ဆရာဦးလေး...
ကျွန်တော်က ကံကောင်းသွားတာပါ။ ကျေးဇူးပြုပြီး ရှာဖွေဖို့ ကူညီပေးပါဦး…"
မုန့်ချီက အရာအားလုံးကို မပြောချင်သည့်အတွက် ထပ်ပြောလိုက်သည်။
"ဆရာဦးလေး...
အနက်ဝတ်လူက အနီးအနားမှာရှိတဲ့ ခြံဝန်းထဲမှာရှိတဲ့ ကိုယ်တော်တစ်ပါးဆိုတာ သေချာတယ်...။ သူက ကျန်းဟွေရဲ့ အော်သံကို ကြားတဲ့ အချိန်မှာ ပတ်ဝန်းကျင် ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး လာသတ်တာ ဖြစ်လိမ့်မယ်..”
“တကယ်လို့ သူသာ အနားမှာ ပုန်းနေမယ်ဆိုရင် ကျန်းဟွေက သတင်းပို့ဖို့ အချိန်တောင် ရမှာမဟုတ်ဘူး။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ထားတာဆိုတော့ တော်တော်လေးကို မြန်လွန်းတယ်..."
ဂိုဏ်းထောက်ကိုယ်တော်က ပြောလိုက်ပြီး အနည်းငယ် သံသယဝင်နေခဲ့၏။
အဝတ်အစားများကို ပြောင်းလဲရသည့် အချိန်ရှိသည့်အတွက် လူသတ်သမားက ပတ်ဝန်းကျင် အခြေအနေကို အလွန်ရင်းနှီးနေကြောင်း ပြသနေသည်။ မဟုတ်လျှင် သူက လူသတ်ပြီးထွက်ပြေးရန် အခွင့်အရေးမရှိနိုင်ချေ။
မုန့်ချီက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။
"ဖြစ်နိုင်တာကတော့ ဒီညမှာ သူက ကျန်းရုံနဲ့ ကျမ်းစာတွေ အလဲအလှယ်လုပ်ဖို့ သဘောတူထားတာလည်း ဖြစ်နိုင်တယ်....။ သူပြန်ရောက်တဲ့အချိန်မှာ အဝတ်အစားကို မလဲရသေးတာ ဖြစ်နိုင်တယ်...။ ဆရာဦးလေး... ရှာဖွေတဲ့ အချိန်ကျရင် အနီးအနားခြံဝန်းတွေထဲကိုလည်း ကျေးဇူးပြုပြီး သေချာရှာကြည့်ခိုင်းလိုက်ပါဦး…"
သူကတော့ ပြောနေရင်း တဖြည်းဖြည်းပို၍ စဉ်းစားမိလာခဲ့သည်။
"အော်မီတော်ဖော်...
ကျန်းတင် ပြောတဲ့အတိုင်း လုပ်လိုက်ကြ…."
အနီစင်း ဝတ်ဆင်ထားသော ဘုန်းတော်ကြီးတစ်ပါးက ဝင်လာပြီး ညွှန်ကြားလိုက်သည်။
ဂိုဏ်းထောက် ကိုယ်တော်က လက်အုပ်ချီ၍ ပြောလိုက်၏။
"ဆရာဦးလေး...
ကျွန်တော်လည်း ဆရာဦးလေးရဲ့ ညွှန်ကြားမှုကို လိုက်နာပါ့မယ်…"
ဘုန်းတော်ကြီးက အသိအမှတ်ပြုလိုက်ပြီး အရိုအသေမပေးတော့ရန် အချက်ပြလိုက်သည်။
သူက မုန့်ချီနှင့် ကျန်းဟွေတို့ကို သူ၏ ဓမ္မနာမည်ပြောလိုက်၏။
"ငါ့နာမည်က ဝူတိပါ..၊ ကျေးဇူးပြုပြီး ငါရဲ့ အပြုအမူကို ခွင့်လွှတ်ပေးပါ...”
ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး မုန့်ချီနှင့်ကျန်းဟွေတို့၏ အင်္ကျီစများကို ဆုပ်ကိုင်လိုက်သည်။သူတို့ကတော့ လေလှိုင်းတစ်ခု တိုက်ခတ်လာကြောင်းသာ ခံစားမိလိုက်၏။
"ကျန်းဟွေ မင်းက ဘယ်လမ်းကနေ ပြေးသွားခဲ့တာလဲ ဆိုတာ ငါ့ကို ပြပါဦး…"
ဘုန်းတော်ကြီးက ညာလက်ကို ရုတ်သိမ်းပြီး တောင်းဆိုလိုက်သည်။ မုန့်ချီနှင့် ကျန်းဟွေတို့၏ ခန္ဓာကိုယ်ပေါ်တွင် သိုင်းကျမ်းများ မရှိသည်မှာ သေချာသွား၏။ ကျန်းဟွေကို ရှေ့မှ သွားရန် ပြောလိုက်သည့်အချိန်တွင် သူတို့က သိုင်းကျမ်းများ ဖွက်ထားမှာ စိုးသည့်အတွက် အလစ်ချောင်း ရှာဖွေကြည့်လိုက်ခြင်းဖြစ်သည်။
ကျန်းဟွေက မုန့်ချီကို ကြည့်လိုက်ပြီး သူထွက်သွားလျှင် သူ၏ ဆရာတူအစ်ကိုကြီး တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေခဲ့၏။ မုန့်ချီက သူ့ကို ပြုံးပြလိုက်ပြီး စွမ်းအား အနည်းငယ်ပြန်ရနေပြီ ဖြစ်ကြောင်း ပြသလိုက်သည်။
ထိုအချိန်ကျမှသာ ကျန်းဟွေကလည်း ဘုန်းတော်ကြီးနှင့်အတူ ထွက်သွားခဲ့သည်။ ကျန်ရှိနေသော ဘုန်းတော်ကြီးများကတော့ ချောက်ကမ်းပါးနှင့် သစ်တောထဲတွင် ရှာဖွေနေကြပြီး ကမ်းပါးစွန်းတွင် ရှိနေသော ချောင်ကြိုချောင်ကြားပါမကျန် ရှာဖွေနေကြသည်။
ခဏကြာပြီးနောက် ဝူတိက ကျန်းဟွေနှင့်အတူပြန်လာပြီး လူသတ်သမားက သူ့ကို တိုက်ခိုက်ခဲ့သည့် အချိန်တွင် မည်သို့ခံစားခဲ့ရကြောင်း မုန့်ချီကို မေးခဲ့သည်။
မုန့်ချီက တိုက်ခိုက်နေစဉ် အတောအတွင်း သူ၏ ခံစားမှုများအားလုံးကို ပြောပြလိုက်၏။
ဝူတိက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ဒီလို လက်ဝါးပညာမျိုးက တော်တော်လေး ရှားတယ်...."
ထိုအချိန်တွင် ဂိုဏ်းထောက်ကိုယ်တော်က ပြန်လာပြီး မုန့်ချီနှင့် ကျန်းဟွေတို့၏ ဆရာဖြစ်သော ရွှမ်ပိုင်လည်း ပါလာခဲ့သည်။ သူတို့နှင့်အတူ သင်ကြားရေးကိုရင် ကျန်းမြောင်လည်း လိုက်လာခဲ့၏။
ကျန်းမြောင်၏ မျက်နှာပေါ်တွင် အလွန်ထူးဆန်းသော အမူအရာတစ်ခု ပေါ်နေပြီး ဒေါသ ၊ ဝမ်းနည်းမှု ၊ မသေချာမှု ၊ ထိတ်လန့်မှုနှင့် သံသယဝင်သည့် ခံစားချက်များစွာ ပြည့်နှက်နေသည်။ ဂိုဏ်းထောက်ကိုယ်တော်ကလည်း အလားတူ ခံစားချက်မျိုး ပေါ်နေခဲ့၏။ ရွှမ်ပိုင် တစ်ယောက်တည်းကသာ ခံစားချက်ကင်းမဲ့နေခြင်းဖြစ်သည်။
"ဆရာဦးလေးဝူတိ...
ခြံဝန်းတွေကို ရှာဖွေနေတဲ့အချိန် ကျန်းချန်က သူ့ရဲ့အခန်းထဲမှာ သူ့ကိုယ်သူ သတ်သေသွားတာကို တွေ့ခဲ့ရတယ်။ သူ့ရဲ့ ဗိုက်မှာ ဒဏ်ရာရနေပြီး သေတမ်းစာတစ်စောင်လည်း ချန်သွားခဲ့တယ်…"
ဂိုဏ်းထောက်ကိုယ်တော်က စာကို ပြလိုက်ရင်း မုန့်ချီကို သေချာကြည့်နေခဲ့သည်။ သူက ကျန်းမျိုးဆက်တွင် အစွမ်းထက်ဆုံးဖြစ်သော ကျန်းချန်ကို ဒဏ်ရာရအောင် လုပ်နိုင်သည့်အတွက် အလွန်အံ့ဩနေပုံရ၏။
"ဂိုဏ်းတူအစ်ကိုကြီး ကျန်းချန်လား…"
မုန့်ချီကတော့ မယုံကြည်နိုင်သလို ခံစားနေရသည်။ အလွန်စည်းကမ်းလိုက်နာသော ကိုရင်တစ်ပါးက ကျန်းရုံနှင့်ပူးပေါင်းပြီး ဘာကြောင့် ထိုကဲ့သို့ လုပ်ဆောင်နေရသနည်း။ သူက ကိုယ့်ကိုယ်ကိုယ်ပင် သတ်သေသွားခြင်းပေလော။
Translated by Hein Htet