အခန်း (၅၇)
Vol. 4 Ch. 57
"အစ်ကိုကြီးကျန်းချန်ဟုတ်လား…"
"တူလေးကျန်းချန်လား…"
ချောက်ကမ်းပါးတွင် ရှာဖွေနေကြသော ကိုယ်တော်များအားလုံးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိကြတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် အော်မေးနေကြသည်။
ကျန်းမျိုးဆက်တွင် အတော်ဆုံးတပည့် တစ်ယောက်ဖြစ်သော ကျန်းချန်က မကောင်းသော ရည်ရွယ်ချက်နှင့် ပူးပေါင်းလာပြီး သူတို့ဂိုဏ်းမှ သိုင်းကျမ်းများကို ခိုးယူလိမ့်မည်ဟု သူတို့က မထင်မှတ်ကြပေ။ နောက်ဆုံးတွင် သဲလွန်စ ပေါ်သွားသည့်အတွက် ကျန်းချန်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။
ထို့ပြင် ချီစုဆောင်းရေးအဆင့်ကို လွန်ခဲ့သော တစ်နှစ်ကမှ ရောက်လာသော ကျန်းတင်က လော်ဟန့်လက်သီးသိုင်းနှင့် ပရာဏလက်ဝါးသိုင်းတို့ ကျွမ်းကျင်နေသော ကျန်းချန်ကို ထိခိုက်အောင် လုပ်နိုင်သည် ဟူသောအရာကိုလည်း သူတို့က ယုံကြည်ပေးနိုင်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်ကပင် ကျန်းချန်ကို ထိခိုက်အောင် လုပ်နိုင်မည်ဟု မသေချာခြင်းကြောင့်ဖြစ်သည်။
ထိုကိုရင်များအားလုံးက အလွန်ထိတ်လန့်အံ့ဩပြီး သံသယဝင်နေသော အမူအရာနှင့် မုန့်ချီကို ကြည့်နေမိကြသည်။ သူတို့၏စိတ်ထဲတွင် သံသယနှင့် အကြောက်တရားများ ပြည့်နေ၏။
ကျန်းချန်က စာကိုကောင်းကောင်းရေးရန် အချိန်မရှိသည့်အတွက် လက်ရေးကို အမြန်ရေးထားခြင်း ဖြစ်သော်လည်း ဝူတိက စာရွက်ကိုကြည့်ပြီး ရွှမ်ပိုင်ကို ပြောလိုက်သည်။
"တူလေးရွှမ်ပိုင်…
ဒီကိစ္စက တော်တော်လေး အရေးကြီးသွားပြီ။ ဒီတော့ ငါက ကျောင်းထိုင်ကို ချက်ချင်းသတင်းပို့မှရမယ်။ မင်းက ဒီနေရာမှာ ကြီးကြပ်ဖို့နေခဲ့ပါဦး…"
ကိုရင်များထဲတွင် ကျန်းချန်၊ ကျန်းရုံတို့နှင့် ပူပေါင်းသူများ ရှိနေနိုင်သေးသည်။ ထို့ကြောင့် အကြီးအကဲတစ်ယောက်ဖြစ်သော ရွှမ်ပိုင်ကိုသာ ဝူတိက စိတ်ချ၍ ထားနိုင်သည်။
"ကောင်းပါပြီ ဆရာဦးလေး…"
ဝူတိ၏ တစ်ဖက်တွင် ရပ်နေသော ရွှမ်ပိုင်ကလည်း စာရွက်ကို ကြည့်လိုက်သည်။ ထိုပြဿနာက သူထင်ထားသည်ထက် ပို၍လေးနက်ကြောင်း သိသွားခဲ့၏။
သူက ထွက်မသွားသေးခင် ဝူတိက တစ်စုံတစ်ခုကို တွေးမိသွားပြီး နောက်တစ်ကြိမ် ပြောလိုက်၏။
"တူလေးရွှမ်ပိုင်….
အကုန်လုံးကို သေချာမစစ်ဆေးရသေးခင် ငါက မင်းရဲ့တပည့်နှစ်ယောက်ကိုတော့ တခြားသူတွေနဲ့ ခဏခွဲထားမှဖြစ်မယ်။ သူတို့ကို သီးသန့်ခြံဝန်းထဲမှာ ထားလိုက်ပါ…."
မည်သို့ဖြစ်စေကာမူ အရိုးကြွက်သားအားဖြည့်ကျင့်စဉ် အခိုးခံရသည့်အတွက် ပြဿနာက အလွန်လေးနက်နေသည်။ မုန့်ချီနှင့်ကျန်းဟွေတို့က ထိုကိစ္စကို ထုတ်ဖော်ခဲ့သော်လည်း အချိန်အတိုင်းအတာတစ်ခုထိ သံသယဝင်ခံနေရဦးမည် ဖြစ်သည်။
ဥပမာအနေနှင့်ပြောရလျှင် သံသယဝင်ခံရသူက သူခိုးများနှင့် ပူးပေါင်းပြီး အချင်းချင်း ပဋိပက္ခဖြစ်နေသည့်အတွက် ထိုကိစ္စကို ထုတ်ဖော်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် သူတို့က သိုင်းကျမ်းကြောင့် အချင်းချင်း သစ္စာဖောက်ခြင်းမျိုးလည်း ဖြစ်နိုင်သေး၏။
ရွှမ်ပိုင်က ခေါင်းညိတ်ပြလိုက်သည်။
"ဆရာဦးလေးရဲ့သဘောအတိုင်းပါပဲ…”
ဝူတိက ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီနှင့်ကျန်းဟွေတို့ကို ပြောလိုက်သည်။
"ဗုဒ္ဓက ငါတို့ကို စောင့်ရှောက်ပါစေ။ ကျန်းတင်နဲ့ကျန်းဟွေ… အခုတော့ မင်းတို့တွေကို သံသယရှိနေသေးတယ်။ အခြေအနေတွေ အားလုံးကို သိရပြီဆိုရင်တော့ ဗောဓိခြံဝန်းထဲမှာရှိတဲ့ ဆရာကြီးတွေက မင်းတို့ကို ဆုလာဘ်ပေးဖို့လည်း ငြင်းဆန်နေကြမှာ မဟုတ်ပါဘူး…”
“ရွှမ်ကျွမ်းနဲ့ကျန်းမြောင်…
မင်းတို့က ကျန်းတင်နဲ့ ကျန်းဟွေတို့ကို အနားမှာရှိတဲ့ ခြံဝန်းတစ်ခုဆီ ခေါ်သွားလိုက်။ ပြီးတော့ကျောင်းထိုင်ရဲ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အဲဒီခြံဝန်းထဲကို မဝင်ခိုင်းနဲ့…"
ထို့နောက် ဂိုဏ်းထောက်ကိုယ်တော်နှင့် ကျန်းမြောင်တို့က ဦးဆောင်ပြီး မုန့်ချီနှင့်ကျန်းဟွေတို့ကို နှစ်ပေါင်းများစွာ ပြုပြင်နေသော ခြံဝန်းတခုဆီသို့ ခေါ်သွားခဲ့၏။
မုန့်ချီကတော့ စာရွက်ကိုသာ စိတ်ဝင်စားနေခဲ့သည်။ ရွှမ်ကျွမ်းက အပြင်တံခါးကို စောင့်ကြပ်နေသည့်အချိန်တွင် ကျန်းမြောင်ကတော့ ခြံဝန်းအတွင်းထဲကို စောင့်ကြည့်နေခဲ့သည်။
မုန့်ချီက ကျန်းမြောင်၏အနားသို့ ကပ်သွားပြီး ပြောလိုက်၏။
"အစ်ကိုကျန်းမြောင် …
အစ်ကိုကျန်းချန်ကို သံသယဝင်နေတယ်ဆိုတာ သူက ဘယ်လိုလုပ်သိသွားတာလဲ။ ဂိုဏ်းတူအစ်ကိုကြီးကျန်းချန်က ရှောင်လင်ကို သစ္စာဖောက်တဲ့ အစစ်အမှန်တရားခံ တစ်ယောက်လို့ ကျွန်တော်တော့မယုံဘူး…"
စာရွက်ကို စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ်ခေါက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်းမြောင်နှင့် ရွှမ်ကျွမ်းတို့က စာကို အရင်ဆုံးတွေ့မိကြခြင်းဖြစ်သည်။
မုန့်ချီ၏စကားကို ကြားသည့်အခါ ကျန်းမြောင်က အလွန်ရှုပ်ထွေးနေသော အမူအရာနှင့် စိုက်ကြည့်လိုက်၏။
“ငါလည်း မယုံနိုင်သေးဘူး။ အစ်ကိုကြီးကျန်းချန်က တကယ့်ကို တည်ငြိမ်နိုင်လွန်းတယ်။ သူ့ရဲ့လက်သီးသိုင်းပဲဖြစ်ဖြစ် ပရာဏလက်ဝါးသိုင်းပဲဖြစ်ဖြစ် တက်မြောက်ဖို့ အရမ်းခက်တယ်။ ဒါပေမယ့် သူကတော့ မြန်မြန်ဆန်ဆန် တိုးတက်နိုင်ခဲ့တာပါ။ ပြီးတော့ အစ်ကိုကြီးကျန်းချန်က ကြေးနီလူသားလမ်းကြောင်းကို အောင်မြင်သွားတဲ့အချိန်မှာ အရိုးကြွက်သားအားဖြည့်ကျင့်စဉ် ပထမပိုင်းကို ရထားတယ်။ ဘာလို့ သူက ထိပ်သီးသိုင်းကျမ်းကို ကူးယူပြီး ကျန်းရုံကို ပေးရတာလဲဆိုတာတော့ ငါလည်း တကယ်နားမလည်တော့ဘူး…"
သူက ကျန်းချန်ထက်သာရန် ရည်မှန်းချက်ကြီးတစ်ခုရှိနေသော်လည်း ကျန်းမြောင်ကတော့ ကျန်းချန်၏သေဆုံးမူအတွက် အတော်လေးကို ဝမ်းနည်းနေခဲ့သည်။
"အစ်ကိုကြီးကျန်းချန်က ခြိမ်းခြောက်မှုတွေကို ခံစားနေရတာ ဖြစ်နိုင်သလို သူ့မိသားစုကို ဖမ်းထားတာလည်း ဖြစ်နိုင်တယ်"
မုန့်ချီက ပြောလိုက်သည်။
ကျန်းမြောင်က ခေါင်းခါပြလိုက်၏။
"အစ်ကိုကြီးကျန်းချန်က မိဘမဲ့..၊ သူက ရှောင်လင်မှာပဲ ကြီးလာတာ။ ဒါက သူ့ရဲ့မိသားစုပဲ…"
"ဒါဆို မိန်းမလှထောင်ချောက်များလား…"
ကျန်းဟွေက မေးလိုက်သည်။ ဆရာတူအစ်ကိုကြီးမုန့်ချီ ပြောခဲ့သော သိုင်းလောကပုံပြင်များတွင် သူရဲကောင်းများစွာက မိန်းမလှထောင်ချောက်ထဲတွင် မိခဲ့ကြောင်း စဉ်းစားမိ၍ သူလည်း ပြောခြင်းဖြစ်၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကျောင်းတော်ထဲမှာ မိန်းကလေးမှ မရှိတာ။ အစ်ကိုကြီးကျန်းချန်က ကျန်းရုံအတွက် သိုင်းကျမ်းတွေခိုးယူဖို့ ကူညီပေးထားတယ်ဆိုတာ တခြားကိစ္စတွေဖြစ်နိုင်တယ်…"
ကျန်းမြောင်က နောက်တစ်ကြိမ် ငြင်းလိုက်သည်။
ထိုအချိန်တွင် မုန့်ချီကတော့ ကောင်းမွန်သောအကြောင်းပြချက်တစ်ခုကို မစဉ်းစားနိုင်ခဲ့ပေ။ သူက ကျန်းမြောင်ကိုသာ ဆက်၍မေးလိုက်၏။
"ဒါဆိုရင် အစ်ကိုကြီးကျန်းချန်ရဲ့စာရွက်ထဲမှာ ရှင်းရှင်းလင်းလင်း ရေးမထားဘူးလား…"
"သူက ရှောင်လင်ကျောင်းတော်ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်မိတဲ့အတွက် သူ့ကိုယ်သူသတ်သေလိုက်တယ်လို့ပဲ အကြမ်းဖျင်းရေးထားတယ်…"
ကျန်းမြောင်က ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် စာရွက်ထဲမှာရှိတဲ့ စကားလုံးတွေက အရမ်းကိုအရေးပါတယ်။ ဒါက သူဖုံးကွယ်ထားဖို့ လိုအပ်တဲ့ လျှို့ဝှက်ချက်တွေနဲ့တော့ မဆိုင်ဘူး…"
မုန့်ချီက သက်ပြင်းချလိုက်မိသည်။
"အစ်ကိုကျန်းရုံကရော ဘယ်လိုဖြစ်တာလဲ။ သူက ဘာလို့ကျမ်းစာတွေကို ခိုးရတာလဲ…"
"ကျန်းရုံက ငယ်ငယ်ထဲက ကျင်းကန်ကျောင်းတော် လေ့ကျင့်ပေးထားတဲ့ သူလျှိုတစ်ယောက်ပဲ။ သူက ကျမ်းစာခိုးဖို့ ရည်ရွယ်ချက်နဲ့ ဒီကိုရောက်လာခဲ့တာ…”
ကျန်းမြောင်က ပြန်ဖြေလိုက်သည်။
"ကျင်းကန်ကျောင်းတော်လား…."
မုန့်ချီက အလားတူ ထိတ်လန့်သွားခဲ့သည်။
"ကျင်းကန်ကျောင်းတော်ဖြစ်နေတာပဲ။ ဒါဆိုရင်တော့ ထင်ထားတာတွေနဲ့ လွဲနေခဲ့ပြီ.."
သို့သော် ကျန်းရုံက သိုင်းကျမ်းများကို အလွယ်တကူခိုးယူနေနိုင်သည့်အတွက် အရာအားလုံးက ရှုပ်ထွေးနေကြောင်း လူတိုင်းက ခံစားမိသည်။
“ဟူး......”
ကျန်းမြောင်က စကားတစ်ခွန်းမှ ထပ်မပြောတော့ပဲ အလွန်ရှုပ်ထွေးနေသော အမူအရာနှင့် မုန့်ချီကိုကြည့်လိုက်သည်။
"ညီလေးကျန်းတင်…
အံ့ဩစရာအကောင်းဆုံးကတော့ မင်းပဲ။ မင်းက ဓားသိုင်းပညာနဲ့ အစ်ကိုကြီးကျန်းချန်ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်။ ပြီးတော့ သူ့ရဲ့လျှို့ဝှက်ချက်တွေအားလုံး ပေါ်သွားစေခဲ့ပြီး အသက်ကိုပါ ပေးဆပ်သွားစေခဲ့တာ။ ဘယ်အချိန်တုန်းကများ မင်းရဲ့ဓားပညာက ဒီလိုအဆင့်မျိုးထိ ရောက်သွားခဲ့ရတာလဲ။ အစ်ကိုကြီးကျန်းချန်ရဲ့နေရာမှာ ငါသာဆိုရင် ဒဏ်ရာရရုံတင် မကလောက်ဘူး…"
“ကျန်းတင်ရဲ့သိုင်းပညာနဲ့ ဓားပညာက အတော်လေးကိုကြောက်စရာကောင်းတဲ့အဆင့်ကို ရောက်နေပြီလား။ ဒါက တစ်နှစ်တောင် မရှိသေးဘူးလေ။ ဦးလေးရွှမ်ပိုင်က ကျန်းတင်ကို ကောင်းကောင်း လေ့ကျင့်ပေးထားတာကြောင့်လား ဒါမှမဟုတ် လေ့ကျင့်ရေးပစ္စည်းတွေ ကောင်းကောင်းပေးထားတာကြောင့်လား ဒါမှမဟုတ် ကျန်းတင်မှာ နောက်ထပ်တစ်ခုခုရှိနေတာလား…”
မုန့်ချီက အက်ရှရှ ရယ်လိုက်မိသည်။
"ကျန်းရုံကိုသတ်ဖို့အတွက် အစ်ကိုကြီးကျန်းချန်က အလျင်လိုနေခဲ့တယ်လေ။ ဒါကြောင့် သူ့ဆီမှာ ဟာကွက်တစ်ခု ပေါ်သွားခဲ့တာ ။ ကျွန်တော်က အဲဒါကို သတိထားပြီး တိုက်ခိုက်လိုက်ရုံပါပဲ…"
ပရာဏလက်ဝါးချက်က ကမ္ဘာကြီးထဲတွင် ရှိနေသော ပြောင်းလဲမှုအားလုံးကို ပိတ်လှောင်နိုင်စွမ်းရှိသည်။ ထိုအရာက သိုင်းကျမ်း၏ နာမည်ဂုဏ်သတင်းနှင့်လည်း အမှန်တကယ်ကို ကိုက်ညီလွန်းလှ၏။
ကျန်းရုံက ကျင်းကန်ကျောင်းတော်၏ သူလျှိုတစ်ယောက် ဖြစ်နေသည့်အတွက် သူ၏ဓားပညာကလည်း ကျင်းကန်ကျောင်းတော်၏ ထိပ်သီးဓားပညာတစ်ခု ဖြစ်နိုင်သည်။ ကျင်းကန်ကျောင်းတော်ထဲတွင် ဒေါသဖြတ်သိုင်းကျမ်း၊ ရာဂဖြတ်သိုင်းကျမ်းနှင့်ကံကြမ္မာဖြတ်သိုင်းကျမ်း ဟူ၍ရှိသည်။
“သူသုံးတာက ဘယ်သိုင်းကျမ်းလဲဆိုတာ ငါမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းရုံလေ့ကျင့်ထားတဲ့ ဓားပညာက တော်တော်လေးကို ထူးခြားပြီးလေးနက်တယ်။ ဒါပေမယ့် ကျန်းရုံကတော့ အဲဒါကို မကျွမ်းကျင်သေးဘူး။ သူက ဓားပညာရဲ့ အနှစ်သာရကို နားမလည်သေးလို့လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူက ပြောင်းလဲမှုတွေကိုပဲ သိနေတာဖြစ်နိုင်တယ်။ သူသုံးတာက သိုင်းကွက်သက်သက်ပဲ ဖြစ်နေတဲ့အတွက်ကြောင့် သိပ်ပြီးတော့ စွမ်းအားမရှိတာ…”
ကျန်းရုံ၏ဓားပညာကို ပြန်လည်စဉ်းစားနေရင်း မုန့်ချီကတော့ သူ၏ဓားပညာနှင့် နှိုင်းယှဉ်ရန် အကောင်းဆုံးတွေးတောနေခဲ့သည်။ ထိုအရာက အလွန်ရှားပါးသော အခွင့်အရေးတစ်ခုလည်း ဖြစ်၏။
ကျင်းကန်ကျောင်းတော်မှ ဓားပညာ (၃)ခုက အနတ္တကျိန်စာဖျက်ဓားပညာနှင့် တူညီသော ဂုဏ်သတင်းရှိကြသည်။ သူတို့ကလည်း ဓားပညာ၏ အထွတ်အထိပ်ဟု သတ်မှတ်နိုင်ကြ၏။
“ဟုတ်လား ..။ အစ်ကိုကြီးကျန်းချန်က အဲဒီလို အလေးမဲ့နေတတ်တဲ့ လူမျိုးမဟုတ်ဘူး…”
ကျန်းမြောင်ကတော့ မုန့်ချီပြောသောစကားကို မယုံနိုင်ခဲ့ပေ။
ထိုအရာကိုမြင်သည့်အခါ ဒဏ်ရာက နာကျင်နေသယောင် ဟန်ဆောင်လိုက်ပြီး မုန့်ချီလည်း အခန်းထဲသို့ဝင်၍ ချီစွမ်းအင်များကို လေ့ကျင့်နေခဲ့သည်။ သူ၏ဒဏ်ရာများကိုလည်း ကုသနေခဲ့၏။
ခဏကြာ မျက်လုံးမှိတ်လိုက်ပြီးနောက် မုန့်ချီ၏ခေါင်းထဲတွင် အလွန်တည်ငြိမ်သောအသံတစ်ခုကို ကြားလိုက်ရသည်။
"တတိယမြောက် သံသရာတာဝန်စတင်ပြီ။ ဒီတာဝန်ကတော့ အဖွဲ့တစ်ဖွဲ့ချင်းဆီမှာရှိတဲ့ လူတိုင်းရဲ့တစ်ယောက်ချင်းတာဝန်ပဲ…"
"တစ်ယောက်ချင်းတာဝန်လား…"
မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့ပြီး အစစ်အမှန် အမှောင်ထုကြီးထဲသို့ ကျရောက်သွားခဲ့သည်။
လေပြေလေညင်းများက အေးစက်စွာ တိုက်ခတ်နေပြီး မြစ်ပြင်ကြီးကို မျက်စိတဆုံး မြင်နေရသည်။ လှိုင်းသံများကိုလည်း တိုးတိုးလေး ကြားနေရ၏။ သူကတော့ ဘယ်လက်နှင့် မေးထောက်ပြီး အဝေးတွင် ရှိနေသော ငါးဖမ်းလှေများကို ကြည့်နေမိခဲ့သည်။ နားထဲတွင် ကြားနေရသောအသံများကိုလည်း နားထောင်နေခဲ့၏။
သံသရာတာဝန် စတင်လိုက်ပြီးနောက် သူကိုယ်တိုင်က သံသရာမြေကွက်လပ်ထဲသို့ ရောက်သွားခြင်းမဟုတ်ဘဲ သုံးထပ်ကုန်တင်သင်္ဘောတစ်ခုပေါ်တွင် တိုက်ရိုက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“ငါ့ဆီကို တိမ်မုန်တိုင်းအပ်ပို့ပေးတာ ကံကောင်းသွားတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လည်း ဓားတစ်လက်ရှိနေသေးတယ်။ ဟူးးးး တော်သေးတာပေါ့…”
မုန့်ချီက ကုန်းပတ်ပေါ်တွင် လက်ထောက်၍ ထလိုက်ပြီး တစ်ကိုယ်လုံး လေးလံနေသလို ခံစားရသည်။
သူက ခန္ဓာကိုယ်ပေါ်၌ လက်နှင့် စမ်းကြည့်လိုက်ရာ သံသရာမြေကွက်လပ်ထဲ၌သိမ်းထားခဲ့သော တိမ်မုန်တိုင်းအပ်က သူနှင့်အတူရှိနေပြီး ကင်းလှည့်ရာတွင် အသုံးပြုနေသော ဓားက ခါးတွင် ချိတ်ထားကြောင်း တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူ့နားထဲ၌ အသံများ ကြားလိုက်ရသည့်အတွက် မုန့်ချီက အတွေးများကို စုစည်းလိုက်ပြီး ကုန်းပတ်ပေါ်တွင် ရှိနေသော တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။
“ဒီနေရာက တော်တော်လေးကို ကြောက်စရာကောင်းတာပဲ။ ဒီဓားသိုင်းကတော့ တော်တော်လေးရယ်ဖို့ကောင်းတယ်…”
သူက စိတ်ဝင်တစား ရေရွတ်လိုက်ပြီးယောကျာ်းတစ်ယောက်နှင့် စုံတွဲတစ်တွဲ၏ တိုက်ပွဲကို အကဲဖြတ်ကြည့်ရှုနေခဲ့သည်။
တစ်ယောက်ကတော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြုံးနေသော မျောက်တစ်ကောင်ပုံစံ မျက်နှာဖုံးကို စွပ်ထားသည်။ သူ၏နောက်ကျောတွင်လည်း ဓားတစ်ချောင်းကို သယ်ဆောင်ထားပြီး စုံတွဲတစ်တွဲကို တိုက်ခိုက်နေခြင်း ဖြစ်သည်။
သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများတစ်ခုပြီး တစ်ခုပေါ်လာပြီး သွေးများ စီးကျလာနေ၏။ သိပ်မကြာခင် ထိုစုံတွဲက အသတ်ခံရတော့မည်မှာ သေချာသည်။
ဤနေရာသို့ ရောက်လာပြီး သိပ်မကြာခင် မုန့်ချီက အလွန်သွေးပျက်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ကုန်းပတ်ပေါ်တွင်လည်း အလောင်းများ ပြည့်နှက်နေပြီး သက်ကြီးရွယ်အိုများ လူငယ်များအားလုံး၏ လည်ပင်းတွင် ဓားဒဏ်ရာရထားခဲ့ကြောင်း တွေ့လိုက်ရသည်။
သူ့ရှေ့တွင် ရှိနေသော လူ(၃)ယောက်သာ အသက်ရှင်လျှက်ရှိ၏။ ကြည့်ရသည်မှာ မျောက်မျက်နှာဖုံးဝတ်ထားသောလူက လူသတ်သမား ဖြစ်ပုံရသည်။ ထိုအရာကို ခဏကြာ စိုက်ကြည့်နေပြီးနောက် မုန့်ချီက သေချာစဉ်းစားလိုက်၏။
“ဒီကမ္ဘာကြီးထဲမှာ ဒီလူတွေက ဘယ်အဆင့်လဲဆိုတာ ငါမသိဘူး…”
ထိုအချိန်တွင် မြစ်ထဲမှနေ၍ ပြင်းပြင်းထန်ထန် လေတိုက်ခတ်လာသည့်အတွက် သူ၏အဝတ်အစားများက တဖျပ်ဖျပ် လွင့်နေခဲ့သည်။
စုံတွဲက မုန့်ချီ၏ရှေ့တွင် ရှိနေသော်လည်း အေးအေးဆေးဆေး ကြည့်နေသော မုန့်ချီကို သတိမထားမိခဲ့ကြပေ။ သူတို့ကတော့ တိုက်ပွဲကိုသာ အာရုံစိုက်နေကြ၏။
လူငယ်က ဓားသွားကြောင့် ဒဏ်ရာရသွားသည့်အချိန်တွင် မိန်းမပျိုက ဒေါသတကြီး ပြောလိုက်သည်။
"ရှင်က သားရဲ (၁၂)ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဒီလိုခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရလား။ ရှင့်မှာ အသိတရားရော မရှိတာလား..၊ သေချာပေါက် ရှင်က ပြန်ပေးဆပ်ရလိမ့်မယ်…"
"အသိတရားမရှိတာလား.."
မျောက်မျက်နှာဖုံးနှင့်လူက ရယ်လိုက်ပြီး ပြောင်းလဲထားပုံရသောအသံနှင့် ပြောလိုက်သည်။
"တစ်ယောက်ယောက်က ဆုကြေးပေးတယ်ဆိုရင် ဘာလို့ အလုပ်ကိုလက်မခံရမှာလဲ။ ပြီးတော့ မင်းတို့တွေက ရတနာမြေပုံကို ရထားတယ်လေ။ ငါ့ကို မြေပုံပေးလိုက်မယ်ဆိုရင်တော့ မင်းတို့ရဲ့အလောင်းကို အကောင်းအတိုင်း ချန်ထားပေးမယ်။ ငါတို့(၁၂)ရာသီခွင်နတ်ဘုရားတွေက ဘယ်တာဝန်ကိုမှ မကျရှုံးဖူးဘူး…"
သူ၏ဓားသွားနှင့် တိုက်ခိုက်နေခြင်းကြောင့် မိန်းမပျိုက အရှိန်မထိန်းနိုင်တော့ဘဲ ရှေ့သို့ ဟတ်ထိုးလဲသွားခဲ့သည်။ အကယ်၍ လူငယ်ကသာ သူ့ဓားကိုတားဆီးခဲ့ခြင်းမရှိလျှင် မိန်းမပျို၏ နောက်ကျောတွင် ဒဏ်ရာရသွားနိုင်သည်။
ခဏကြာ ယိမ်းထိုးသွားပြီးမှ မိန်းမပျိုလည်း သေချာပြန်ရပ်နိုင်သွား၏။ သူမက တစ်ပတ်လှည့်သွားပြီးတိုက်ပွဲသို့ ပြန်ဝင်လာသည့်အချိန်တွင် ကုန်းပတ်ပေါ်၌ မီးခိုရောင်ဝတ်စုံနှင့် ကိုရင်လေးတစ်ပါးကို တွေ့လိုက်ရသည်။
သူကတော့ ပျင်းရိစွာ ထိုင်နေခဲ့၏။ သူက အသက်ကြီးနေခြင်း မရှိဘဲ အတော်လေးကို ငယ်ရွယ်ချောမောပုံရသည်။
“သူက ဘယ်သူလဲ။ ဘယ်အချိန်တုန်းက သင်္ဘောပေါ်မှာ ပေါ်လာရတာလဲ…”
မိန်းမပျိုက စိတ်ထဲတွင် အလွန်ကြောက်လန့်ပြီး အော်မိလိုက်သည်။
"ဘယ်သူလဲ…"
ထိုစကားကိုကြားသည့်အခါ မျောက်မျက်နှာဖုံးနှင့် လူက ဓားနှစ်လက်ကိုသုံးပြီး ရန်သူများကို နောက်သို့ တွန်းထုတ်လိုက်သည်။
ထို့နောက် သူက ချက်ချင်း ပြန်လှည့်လာပြီး စဉ်းစားမနေဘဲ မုန့်ချီဆီသို့ ပြေးဝင်လာခဲ့၏။
“ကျန်းကျုံးရှန်တို့ဇနီးမောင်နှံက တော်တော်လေး ဒဏ်ရာရနေပြီ။ ဒီတော့ သူတို့ထွက်မပြေးနိုင်ဘူး။ ဒါပေမယ့် အဲဒီကိုရင်ကတော့ စိုးရိမ်စရာရှိတယ်…”
သူက လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် မုန့်ချီဆီကို ပြေးဝင်သွားပြီး ဓားနှင့် ကန့်လန့်ဖြတ် ခုတ်ချလိုက်သည်။ သူ၏တိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းပြီး အလစ်ချောင်းတိုက်ခိုက်မှုမျိုးလည်းဖြစ်၏။
မုန့်ချီကလည်း ဤကမ္ဘာကြီးထဲတွင် ရှိနေသော သိုင်းပညာရှင်များ၏စွမ်းရည်ကို စစ်ဆေးကြည့်ချင်နေခဲ့သည်။ ထို့ကြောင့် သူက ခေါင်းကိုအနည်းငယ်စောင်း၍ ရှောင်လိုက်ပြီး ဓားသွားက ခန္ဓာကိုယ်ပေါ်သို့ ကျလာသည်ကိုသာ ကြည့်နေခဲ့သည်။
မုန့်ချီက အေးအေးဆေးဆေး ထိုင်နေသေးကြောင်း မြင်သည့်အခါ မျောက်မျက်နှာဖုံးနှင့်လူက ကျေနပ်သွားခဲ့သည်။ သူက ပို၍ပင် စွမ်းအားများ စိုက်ထုတ်လိုက်ပြီး ထိုကိုရင်လေးကို နှစ်ပိုင်းပြတ်သွားအောင် လုပ်ဆောင်နေခဲ့၏။
“ချွမ်….”
သူက ကျောက်တုံးကြီးတစ်တုံးကို တိုက်ခိုက်မိသလို ခံစားလိုက်ရပြီး သူ့ဓားက ရှေ့ဆက်တိုးနိုင်ခြင်းမရှိပေ။ ပို၍ဆိုးသည်မှာ တန်ပြန်တိုက်ခိုက်လိုက်သော စွမ်းအားကြောင့် သူ၏ဓားက လွင့်ထွက်သွားမတတ် ခံစားလိုက်ရ၏။
“ဒါက ဘယ်လိုအကာအကွယ်ကျင့်စဉ်မျိုးလဲ…”
သူက အလွန်ထိတ်လန့်ပြီး အံ့ဩသွားခဲ့သည်။
ထို့ပြင် သူ၏တိုက်ခိုက်မှုက ကိုရင်လေး၏ ပုခုံးပေါ်တွင် အမှတ်အသားလေးတစ်ခုသာ ကျန်နေခဲ့သည်ကို မယုံကြည်ရဲပေ။
“သူက တော်တော်လေး ကြောက်စရာကောင်းတာ မဟုတ်လား။ သူရဲ့စွမ်းရည်တွေက ပိုင်ကုမှာရှိတဲ့ ထုံကျိဂိုဏ်းမှာ နှစ်ပေါင်း(၄၀)လေ့ကျင့်ထားတဲ့ ဘုန်းတော်ကြီးဖာရွှမ်ကိုတောင် ယှဉ်နိုင်နေပြီ။ သူက ဒီကမ္ဘာကြီးထဲမှာရှိတဲ့ ဆရာသခင်(၇)ယောက်ထဲက တစ်ယောက်ဖြစ်နိုင်တယ်။ ဒီကိုရင်လေးက မကောင်းဆိုးဝါးတစ်ယောက်ပဲ။ သူဘယ်နေရာကနေ ရောက်လာတာလဲ…”
စိတ်ထဲတွင် မျိုးစုံစဉ်းစားနေရင်း သူက မုန့်ချီကို လာသတ်သော အချိန်ကထက်ပင် ပို၍လျင်မြန်သောအရှိန်နှင့် အဝေးကို ပျံသန်းသွားသည်။ သို့သော် ထိုအချိန်တွင် သူ့ဘေးမှနေ၍ ဓားတစ်လက်ရောက်လာပြီး သူထွက်ပြေးမည့်လမ်းကို ပိတ်ဆို့ထားခဲ့၏။
မျောက်မျက်နှာဖုံးနှင့် လူက အံကြိတ်၍ ပြန်လှည့်လာပြီး ပါးစပ်ဟလိုက်ရာ အနက်ရောင်အလင်းတန်းတစ်ခုက မုန့်ချီ၏မျက်နှာဆီသို့ ရောက်လာခဲ့သည်။ ထိုအရာက သူ၏လျှို့ဝှက်အသက်ကယ် လက်နက်တစ်ခုဖြစ်၏။
လျှို့ဝှက်လက်နက်က နီးနေသည့်အတွက် အတော်လေးကို လျင်မြန်လွန်းလှသည်။ မုန့်ချီက မျက်လုံးသာ မှိတ်လိုက်ပြီး လက်နက်ကို ခုခံခဲ့ခြင်း မရှိချေ။ လျှို့ဝှက်လက်နက်က မုန့်ချီ၏မျက်နှာကို တိုက်ခိုက်မိသော်လည်း ဒဏ်ရာအနည်းငယ်လေးပင် ကျန်မနေခဲ့ပေ။
လျှို့ဝှက်လက်နက်နှင့် ပစ်လိုက်ပြီးနောက် ထိုလူက အခွင့်အရေးကို အရယူ၍ မြစ်ထဲသို့ ခုန်ချသွားခဲ့သည်။ အလွန်ကြောက်စရာကောင်းသော အကာအကွယ်ကျင့်စဉ်ကိုပင် ထိုးဖောက်နိုင်သည့် သူ၏လျှို့ဝှက်လက်နက်က ထွက်ပြေးရန် အခွင့်အရေးအတွက် မုန့်ချီကို အာရုံလွှဲရန်သာ လုပ်ဆောင်နိုင်ခဲ့သည်။
လှိုင်းလုံးများက သင်္ဘောကို ရိုက်ခတ်လာခဲ့၏။ သူက ဝမ်းသာအားရ ခုန်ဆင်းလိုက်သည့်အချိန်တွင် ဓားတစ်လက်က သူ့၏ဗိုက်အောက်ပိုင်းကို လျင်မြန်စွာ ဖြတ်သွားခဲ့သည်။ သူ၏ခြေထောက်နှစ်ဖက်ကလည်း လေထဲတွင် ရပ်သွားပြီး နားထဲတွင် ကြားနေရသောအသံများကလည်း တဖြည်းဖြည်းတိုးသွားခဲ့သည်။ အဘယ်ကြောင့် ထိုမျှကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ယောက် ရှိနေခဲ့သနည်း။
မုန့်ချီကတော့ စိတ်ထဲတွင် ကျိန်ဆဲလိုက်မိပြီး သူ၏ဓားကိုပြန်သိမ်းလိုက်သည်။ မူလတုန်းကတော့ သူက ထိုလူကို သတင်းစုံစမ်းရန်အတွက် ဖမ်းဆီးရန်သာ စဉ်းစားခဲ့သည်။ သို့သော်လျှို့ဝှက်လက်နက်ကြောင့် လွတ်မြောက်သွားမည် စိုးသည့်အတွက် သူလည်း ပြဿနာနည်းစေရန် ရက်စက်စွာ တိုက်ခိုက်လိုက်ရခြင်းဖြစ်သည်။
မီးခိုးရောင်ဝတ်စုံနဲ့ ကိုရင်လေးက သိုင်းလောကတွင် ကြောက်စရာအကောင်းဆုံး သားရဲ(၁၂)ကောင်ထဲမှ တစ်ယောက်ကို သတ်ပစ်လိုက်ကြောင်း မြင်သည့်အခါ လူငယ်စုံတွဲကတော့ အတော်လေး အံ့ဩသွားခဲ့သည်။ သူတို့က အိပ်မက်မက်နေသလို ခံစားရ၏။
သိုင်းသခင်(၇)ယောက်ကလွဲလျှင် သိုင်းလောကတွင် ထိုသို့လုပ်ဆောင်နိုင်သူ လက်တဆုပ်စာခန့်သာ ရှိပေသည်။
Translated by Hein Htet.