အခန်း (၅၈)
Vol. 4 Ch. 58
မုန့်ချီကတော့ ထိုခုတ်ချက်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တွေးခဲ့မိသည်။ သူကတော့ သိမ်မွေ့ညင်သာသော လှုပ်ရှားမှုကို ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် စကားတစ်ခွန်းမျှပြောမနေဘဲ ထိုစုံတွဲကိုသာ ပြန်လည်အာရုံစိုက်နေခဲ့သည်။
ခဏကြာပြီးနောက် ခေါင်းစီးပုဝါ ဝတ်ထားသော လူငယ်က မုန့်ချီ၏နောက်တွင် ရှိနေသော ခန္ဓာကိုယ်ကိုကြည့်၍ တံတွေးမျိုချလိုက်မိသည်။ သူက အလွန်စိတ်လှုပ်ရှားနေသော အမူအရာနှင့် ပြောလိုက်၏။
"ကျွန်တော်က ကျန်းကျုံးရှန်ပါ ။ ဒါကတော့ ကျွန်တော့်ရဲ့ဇနီး လီရှင်းယု လို့ခေါ်ပါတယ်..။ ကျွန်တော်တို့ရဲ့အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုရင်လေးရဲ့ ဓမ္မနာမည်ကို သိခွင့်ရှိမလား....."
သူကတော့ အလွန်ကြောက်စရာကောင်းသော အစွမ်းမျိုး ရှိနေသည့် ကိုရင်လေးကို အလေးမဲ့ မလုပ်ရဲပေ။
"ငါ့နာမည်က ကျန်းတင်....။ ငါက မထင်မှတ်ဘဲ ရောက်လာတဲ့အချိန်မှာ တိုက်ခိုက်နေတာကို သတိထားမိခဲ့တယ်...။ ဒါကြောင့် ငါလည်း လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာ...."
မုန့်ချီက အင်္ကျီစကို ပုတ်လိုက်ပြီး အေးအေးဆေးဆေး မတ်တပ်ရပ်လိုက်သည်။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလျှင် ပိုကောင်းမည်ဟု တွေးနေခဲ့၏။
"ကျွန်တော့်ရဲ့ဇနီးနဲ့ ကျွန်တော်က ကိုရင်လေးကျန်းတင်ရဲ့ အကူအညီကြောင့် အသက်ရှင်ခဲ့တာပါ....."
ကျန်းကျုံးရှန်က သက်ပြင်းချလိုက်ပြီး သူ့ဇနီးနှင့်အတူ မုန့်ချီကို ဦးညွှတ်လိုက်သည်။
မုန့်ချီကတော့ လက်အုပ်ချီလိုက်ပြီး ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ပြောလိုက်၏။
"အော်မီတော်ဖော် ....
သတ္တဝါတွေရဲ့အသက်ကို ကယ်တင်တာက စေတီတစ်ဆူ တည်တာထက် ပိုပြီးတော့ ကောင်းပါတယ်...."
သူက ကျန်းကျုံးရှန်နှင့် သူ့ဇနီးကို ပြုံးပြလိုက်ပြီး သူတို့ တိုက်ခိုက်ခံရသည့် အကြောင်းပြချက်ကို ေြစောင့်နေခဲ့၏။
ကျန်းကျုံးရှန်ကလည်း ရှင်းပြရန် လိုအပ်သည်ဟု ခံစားမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ မုန့်ချီက သူတို့၏အသက်ကို ကယ်တင်ခဲ့သည့်အတွက် သူတို့ကို ကြိုးတစ်ချောင်း ကမ်းပေးလိုက်ခြင်း ဖြစ်သည်။ သူကတော့ ကောင်းမွန်စွာ ရှင်းပြရန် လိုအပ်၏။ နံပါတ်(၉)မျောက်က ရတနာမြေပုံအကြောင်းကိုပြောခဲ့ပြီး မုန့်ချီက မည်မျှကြားခဲ့ကြောင်းကိုလည်း သူတို့မသိချေ။
သူက အလွန်တည်ငြိမ်စွာ ပြောလိုက်၏။
"ကျွန်တော့်ရဲ့ဇနီးနဲ့ ကျွန်တော်က မထင်မှတ်ဘဲ ရတနာမြေပုံတစ်ခုကို ရခဲ့တယ်...။ အဲဒီရတနာမြေပုံက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ နင်းနတ်ဘုရားနန်းတော်ရဲ့ အမွေအနှစ်ပါ။ ဒါပေမယ့် သတင်းပေါက်ကြားသွားပြီး လူတစ်ယောက်က အဲဒီမြေပုံကိုလုဖို့အတွက် မကောင်းဆိုးဝါး(၁၂)ကောက်ကို တောင်းဆိုခဲ့တယ်....။ အစောပိုင်းတုန်းက ကိုရင်လေးကျန်းတင် သတ်ခဲ့တဲ့လူကတော့ သူတို့တွေထဲက တစ်ယောက်ဖြစ်တဲ့ ရာသီခွင်မျောက်ပါ...."
မုန့်ချီက မည်သည့်အရာများဖြစ်နေကြောင်း အကြမ်းဖျင်း နားလည်သွားခဲ့သည်။ သို့သော်သူကတော့ အခေါ်အဝေါ်များကို ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိသေးချေ။
သူက ထူးဆန်းစွာ ပြောလိုက်၏။
"ငါက ငယ်ငယ်လေးကတည်းက အနောက်ဖက်အရပ်မှာ နေခဲ့တာ....။ သိပ်မကြာသေးခင်ကမှ ပြန်ရောက်လာတာ....။ နှင်းနတ်ဘုရားနန်းတော်နဲ့ မကောင်းဆိုးဝါး(၁၂)ကောင်အကြောင်း ရှင်းပြလို့ရနိုင်မလား...."
ကျန်းကျုံးရှန်နှင့် လီရှင်းယုတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး နောက်ဆုံးတွင်တော့ အကြောင်းအရင်းကို နားလည်သွားခဲ့ကြသည်။ ထို့ကြောင့်လည်း အလွန်ထူးချွန်သော သိုင်းပညာရှိနေသည့် ကိုရင်လေးအကြောင်းကို သူတို့က လုံးဝမကြားဖူးခြင်းဖြစ်သည်။
သိုင်းလောကတွင် သူနှင့် ပတ်သက်သော သတင်းများကို မကြားဖူးချေ။ သူတို့က အံ့ဩမှုကို ဖုံးကွယ်လိုက်ပြီး လီရှင်းယုက ပြောလိုက်သည်။
"ကိုရင်လေးကျန်းတင် …
နှင်းနတ်ဘုရားနန်းတော်ဆိုတာက လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀)လောက်မှာ အစွမ်းထက်ဆုံး ဂိုဏ်းတစ်ခု ဖြစ်ခဲ့တယ်....။ ဒါပေမယ့် ကံဆိုးစွာပဲ အဲဒီဂိုဏ်းရဲ့ မျိုးဆက်တွေက နတ်ဆိုးတွေကို ရှုံးနိမ့်သွားရတယ်..”
“အင်မော်တယ် ဖြစ်လာပြီးတဲ့နောက်မှာ သူတို့က သိုင်းလောကနေရာတိုင်းကို လွှမ်းမိုးနိုင်ခဲ့တယ်..။ နောက်ပိုင်းမှာတော့ ဂိုဏ်းအသီးသီးက တိုက်ခိုက်ခဲ့ကြတယ်....။ သူတို့က အတက်အကျများစွာ ကြုံခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀)လောက်မှာတော့ ဂိုဏ်းက တဖြည်းဖြည်း ပျက်စီးသွားခဲ့တယ်...။ သိုင်းလောကမှာ သူတို့ဂိုဏ်းနဲ့ ပတ်သတ်ပြီး လျှို့ဝှက်ချက်တစ်ခု (၂)ခုလောက်ပဲ ကျန်တော့တယ်...”
“ဒါပေမယ့် နှင်းနတ်ဘုရားနန်းတော်သခင်က အဲဒီရလဒ်ကို ကြိုတင် တွက်ချက်ထားတဲ့အတွက် ရတနာတွေ သိုင်းကျမ်းတွေကို မြုပ်နှံထားတယ်လို့ ပြောခဲ့ကြတယ်..။ သူက တစ်နေ့နေ့မှာ အဲဒါတွေကို တူးဖော်ပြီး ဂိုဏ်းကို ပြန်လည်တည်ထောင်နိုင်မယ်လို့ အများစုက ယူဆနေကြတာ....”
“ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကတော့ သိုင်းလောကမှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုပါပဲ..။ သူတို့မှာ အဖွဲ့ဝင် (၁၂)ယောက်ရှိတယ်။ သူတို့က ရာသီခွင်တိရစ္ဆာန်တွေကို သူတို့ရဲ့နာမည်အဖြစ် သုံးကြတယ်.။ တော်တော်လေးကို ထူးခြားတဲ့ အစွမ်းမျိုးလည်း ရှိတယ်....။ သူတို့ရဲ့လုပ်ရပ်ကလည်း တော်တော်လေး ဆန်းကြယ်တယ်လို့ပြောရမယ်....။ သူတို့က ပိုက်ဆံပေးမယ်ဆိုရင် ဘယ်အလုပ်ကိုမဆို လက်ခံကြတယ်....။ သူတို့ လုပ်လိုက်တဲ့အချိန်တိုင်း သိုင်းလောကမှာ ပြဿနာကြီးတွေ မကြာခဏတက်တတ်တယ်.....။ သူတို့က သိုင်းလောကမှာ တော်တော်လေးကို ကောက်ကျစ်စဉ်းလဲတဲ့အတွက် သူတို့ကို တိရစ္ဆာန်(၁၂)ကောင်လို့ခေါ်ကြတယ်....”
“တော်တော်စွမ်းအားကြီးတာလား....။ သူတို့ကဘယ်လောက်တောင် စွမ်းအားကြီးတာလဲ.....”
မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။
အစောပိုင်းတွင် တိုက်ခိုက်ခဲ့သော နံပါတ်(၉)မျောက်၏အစွမ်းက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်လုနီးနေပြီ ဖြစ်သည်။ မုန့်ချီကတော့ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၄)၏ အစွမ်းနှင့် အလွယ်တကူ အနိုင်ရခဲ့၏။
သူ၏ကျင့်စဉ်က ဓမ္မကာရကျင့်စဉ်ကို ယှဉ်နိုင်သော ကျင့်စဉ်တစ်ခုဖြစ်သည်။ အဆင့်(၄)ဟူသည်မှာ အဆင့်တူထဲတွင် အထူးခြားဆုံး အကာအကွယ်ကျင့်စဉ်တစ်ခု ဖြစ်၏။ နံပါတ်(၉)မျောက်၏ အစွမ်းအရ ကျန်းကျိဝေ၏ နေဖောက်သက်တံဓားကိုသာ မသုံးလျှင် မုန့်ချီကို ထိခိုက်အောင်လုပ်ရန် မဖြစ်နိုင်ပေ။
မျက်လုံးတံခါးပွင့်နေသော ပညာရှင်များကပင် သူတို့၏ သိုင်းပညာက သူ့အဆင့်ကို မမီလျှင် သူ့ကို ထိခိုက်အောင် လုပ်နိုင်ရန် အနည်းဆုံး စွမ်းအား (၈၀)ရာခိုင်နှုန်းခန့်ကို သုံးရမည်။ ထို့ပြင် စွမ်းအားလျှော့ချမှုကလည်း သိသာထင်ရှား၏။
ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်နှင့် ပတ်သက်သော အချက်အလက်များကို အခြေခံ၍ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ယခုမှရောက်ရှိသော ပညာရှင်များကပင် ရွှေခေါင်းလောင်းအကာအကွယ်ကို ဖျက်စီးရန် အနည်းဆုံး လက်ဝါးချက်(၃)ချက် (၄)ချက်ခန့် လိုအပ်မည်ဟု တွေးခဲ့မိသည်။
ကျန်းကျုံးရှန်က ယာယီတိတ်ဆိတ်သွားခဲ့၏။ သူက မည်သို့ပြန်ဖြေရမည်ဖြစ်ကြောင်း မစဉ်းစားတတ်တော့ပေ။ ခဏကြာပြီးနောက် သူက အပြုံးနှင့် ပြောလိုက်၏။
"ဒီကမ္ဘာကြီးထဲမှာရှိတဲ့ သိုင်းသခင်(၇)ယောက်က လျှို့ဝှက်အခန်းတွေ ပွင့်နေတဲ့ အတော်ဆုံးပညာရှင်တွေပါ.။ သူတို့တွေထဲမှာ တိရစ္ဆာန်(၁၂)ကောင်လည်းပါတယ်..။ သူတို့တွေကတော့ တော်တော်လေး ထူးခြားတဲ့ပညာရှင်တွေလို့ သတ်မှတ်နိုင်တယ်.။ အဆင့်အရ ပြောရမယ်ဆိုရင်တော့ သူတို့က သိုင်းသခင်တွေပြီးရင် အစွမ်းထက်ဆုံးလို့ ပြောလို့ရတယ်..”
“သူတို့ထဲမှာတောင် လျှို့ဝှက်အခန်းပွင့်နေတဲ့ ပညာရှင်(၂)ယောက် ရှိနေတယ်လို့ ပြောကြတယ်....။ ဒါပေမယ့် သူတို့က တော်တော်လေးကို လျှို့ဝှက်တယ်...။ ဒါကြောင့် ကိုရင်လေးကျန်းတင်က တိရစ္ဆာန်(၁၂)ကောင်ကို လျော့မတွက်မိပါစေနဲ့...."
လီရှင်းယုက သတိပေးလိုက်သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
"သိုင်းသခင်(၇)ယောက်ထဲမှာ ဘယ်သူက ပိုတော်ပြီး ဘယ်သူက ဘယ်လိုအဆင့်မျိုး ရှိတာလဲ…”
ခန္ဓာကိုယ်လျှို့ဝှက်အခန်း ဟူသည်မှာ ဉာဏ်အလင်းပွင့်မှု အဆင့်နှင့် တော်တော်လေးကို တူညီနေသည်။ သို့သော် ကွဲပြားမှုတစ်ချို့ ရှိနိုင်၏။ သူကတော့ ထိုအရာများကို အသေးစိတ်မမေးတော့ပေ။ ထို့ပြင် ထိုစုံတွဲက ထိုအဆင့်နှင့် ရင်းနှီးလောက်သည်အထိ လုံလောက်အောင် အစွမ်းမထက်သေးချေ ။
"သိုင်းသခင်(၇)ယောက်ရဲ့ကြားထဲမှာ တိုက်ပွဲက တော်တော်လေးကို ရှားတယ်....။ ဒါကြောင့် ကျွန်တော်တို့လည်း သေချာမသိဘူး.....။ ဒါပေမယ့် သူတို့နဲ့ တစ်ခြားပညာရှင်တွေရဲ့ တိုက်ပွဲကတော့ တော်တော်လေးကို ပြင်းထန်တယ်.....”
ကျန်းကျုံးရှန်က ခေါင်းခါပြလိုက်သည်။
လီရှင်းယုကလည်း ခေါင်းညိတ်ပြီး ပြောလိုက်၏။
"လျှို့ဝှက်အခန်းပွင့်နေတဲ့ ပညာရှင်တစ်ယောက်ရဲ့အစွမ်းက လျှို့ဝှက်ချက်တစ်ခု ဖြစ်နေတယ်....။ အပြင်လူတွေကတော့ ခန့်မှန်းကြည့်လို့ပဲရတယ်....”
“ဒါဆိုရင် အဲဒီသိုင်းသခင်(၇)ယောက်က ဘယ်သူတွေလဲ.....”
ထိုအရာက မုန့်ချီအလေးထားသင့်သည့် အရာတစ်ခု ဖြစ်နိုင်သည်။
“သောကဘုန်းတော်ကြီးဖာရွှမ်ကုံ…
ကံကြမ္မာမြို့တော်ရဲ့မြို့စားမင်း ကွေရှု …
ဝတ်စုံဖြူဓားသမားလော်ချင်း …
ရေခဲအပ် ဝူကိုင်ရှ …
နှင်းဓား ချီဝမ်ရွှေ …
ကောင်းကင်မကောင်းဆိုးဝါး ကိုင်ယွမ်…
လေလွင့်ပညာရှင် သွမ့်ရှန်ဖေး…”
ကျန်းကျန်းရှန်က သိုင်းသခင်(၇)ယောက်နှင့် သူတို့၏ဂုဏ်ပုဒ်များကို အကြမ်းဖျင်း မိတ်ဆက်ပေးခဲ့သည်။ သူတို့၏ ရုပ်ရည်များနှင့် သူတို့တတ်မြောက်ထားသော သိုင်းပညာအကြောင်းကိုလည်း ပြောပြခဲ့၏။
မုန့်ချီက အပြုံးနှင့် နားထောင်နေခဲ့သည်။
"လူအချင်းချင်း ကံကြုံလို့ ဆုံရတယ်ဆိုတာ တကယ့်ကို ကံကောင်းပါတယ်..။ ဒီတော့ ငါက မင်းတို့ကို ဆက်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး...။ တကယ်လို့ တိရစ္ဆာန်(၁၂)ယောက်ကသာ မင်းတို့ဆီကို နောက်တစ်ကြိမ် ရောက်လာမယ်ဆိုရင် မင်းတို့က ဘယ်လိုဖြေရှင်းကြမှာလဲ....."
သူက ထိုအကြောင်းကိုသာ အေးအေးဆေးဆေးသာ ပြောလိုက်သည်။
လီရှင်းယု၏ မျက်နှာပေါ်တွင် ခံစားချက်များစွာ လှုပ်ရှားလိုက်ပြီး သူမက ပြောလိုက်သည်။
"ကိုရင်လေး…
ကံကြမ္မာမြို့တော်က မြို့စားမင်းကွေရှုက ကျွန်မနဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေပါ...။ ကျွန်မတို့က ကံကြမ္မာမြို့တော်ထဲမှာ ခိုလှုံခွင့်တောင်းဖို့ စဉ်းစားထားတယ်.....။ တိရစ္ဆာန်(၁၂)ကောင်က ဘယ်လောက်ပဲ ကြောက်စရာကောင်းကောင်း သူတို့က အဲဒီနေရာမှာတော့ ပြသာနာမရှာလောက်ပါဘူး....”
“ဒါဆိုရင်တော့ စိတ်ချပါပြီ....။ ကံကြမ္မာမြို့တော်က ဘယ်လောက်ဝေးသေးလဲ...."
ယခုတစ်ကြိမ် ဘာကြောင့် တာဝန်နှင့် ပတ်သတ်သော သဲလွန်စမပေးသေးကြောင်း မုန့်ချီက စဉ်းစားနေမိခဲ့သည်။
"ဒီတာဝန်ကို အသက်သွင်းဖို့ လိုနေတာလား..။ ငါက ကံကြမ္မာမြို့ကို သွားရမှာလား."
လီရှင်းယုက သက်ပြင်းချလိုက်မိသည်။
"တကယ်လို့ မြစ်အတိုင်း စုန်းဆင်းသွားမယ်ဆိုရင် (၂)နာရီလောက်ပဲ ကြာပါတယ်...."
ထိုအချိန်တွင် ကျန်းကျုံးရှန်ကတော့ ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။ သူက ရှေးဟောင်းသားရေပြားတစ်ခုကို ထုတ်ပြီး ပြောလိုက်၏။
"ကိုရင်လေး ကျန်းတင် …
အစောပိုင်းမှာ ကျွန်တော်တို့ (၂)ယောက်က အရမ်းကို လောဘကြီးသွားခဲ့တယ်။ ကျွန်တော်တို့က ဘယ်လိုဖြစ်ပြီး ဒီလိုရတနာမျိုးကို တပ်မက်မိခဲ့တာလဲဆိုတာ မပြောတတ်တော့ဘူး...။ ကျေးဇူးပြုပြီး ကိုရင်လေးကပဲ ဒါကိုယူပြီး ကျွန်တော်တို့ရဲ့ ဒုက္ခကို မျှဝေပေးပါ့လား ......"
အစောပိုင်းတွင် နံပါတ် (၉)မျောက်က ရတနာမြေပုံကို ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ကြောင့် တခြားသော တိရစ္ဆာန် (၁၂)ကောင်ကလည်း သူ့နောက်သို့ မလိုက်ဟု ပြောလျှင် လိမ်လည်ရာ ကျပါလိမ့်မည်။ သူကတော့ လောဘကို ရုတ်သိမ်းပြီး အခြေအနေမှန်ကို နားလည်သွားခဲ့၏။ သူက အသတ်မခံချင်သလို သူ့ရှေ့တွင် ရှိနေသော ကိုရင်လေး၏ လုယက်မှုကိုလည်း မခံလိုပေ။
ရတနာမြေပုံကိုကြည့်ပြီး မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ဒါက အဓိပ္ပာယ်ရှိတာလား...။ တကယ်လို့ ငါသာ ဒီရတနာကို လိုချင်တယ်ဆိုရင် သတင်းမပေါက်ကြားဖို့အတွက် ဒီရတနာနဲ့ ပတ်သက်တဲ့ လူတိုင်းကို သတ်ပစ်မှာပေါ့."
သူကတော့ အချိန်တိုင်း သူ့ကိုယ်သူ ဘုန်းတော်ကြီးတစ်ပါးအဖြစ် သတ်မှတ်ထားခြင်း မရှိသေးပေ။
ကျန်းကျုံးရှန်နှင့် လီရှင်းယုတို့၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားကြ၏။ သူတို့က နံပါတ်(၉)မျောက်နှင့် ကိုရင်လေးကျန်းတင်တို့၏ တိုက်ပွဲကို မြင်ခဲ့ကြသည်။ သူတို့က ထိုနှစ်ယောက်လုံး၏ ပြိုင်ဘက် မဟုတ်ကြောင်း သိနေကြ၏။
ထိုကိုရင်လေးက အသက် (၁၃)နှစ် (၁၄)နှစ်သာ ရှိသေးသော်လည်း ဘာကြောင့်ထိုမျှ အစွမ်းထက်သော သိုင်းပညာ ရှိနေရသနည်း။ အကယ်၍ သူက ငယ်ငယ်ကတည်းက လေ့ကျင့်မည်ဆိုလျှင်ပင် ပထမတန်းစား ပညာရှင်တစ်ယောက်ကို သတ်ရန် မဖြစ်နိုင်သေးပေ။
ခန္ဓာကိုယ် လျှို့ဝှက်တံခါး၏ ကန့်သတ်ချက်ကို ထိုးဖောက်နိုင်သော မကောင်းဆိုးဝါးအိုကြီး တစ်ယောက်ယောက် သို့မဟုတ် လူသားနှင့် အင်မော်တယ် လမ်းစဉ်ကို ချိုးဖောက်နိုင်သော လူတစ်ယောက်ယောက်ကများ လူငယ်အသွင် ပြောင်းလဲထားခြင်းပေလော။
"မင်းတို့က အခုသွားလို့ရပြီ ...."
မုန့်ချီက ကောင်းကင်ကြီးပေါ်သို့ မော့ကြည့်လိုက်ပြီး ပြောလိုက်၏။
"တကယ်လို့ မင်းတို့တွေက ပေးချင်နေတယ်ဆိုရင် ဒီမြေပုံကို ငါ့အတွက် ကူးပေးထားခဲ့ပါ...”
အကယ်၍ သူ့ဆီ၌ အချိန်ရမည်ဆိုလျှင်တော့ သူ၏တာဝန်ကို တိုးတက်စေရန်အတွက် ရတနာများကို ရှာဖွေရမည်ဖြစ်သည်။ ထို့ပြင် သူက ကံကြမ္မာအမှတ်နှင့် လဲလှယ်၍ ရနိုင်သော အရာများစွာလည်း လိုအပ်နေသေး၏။
သူက ပထမဆုံးအကြိမ် သိုင်းလောကကို အခြေချခဲ့ခြင်းဖြစ်၏။ သူ၏ အတိတ်ဘဝတွင်လည်း အလားတူ အတွေ့အကြုံမျိုး မရှိခဲ့ပေ။ ထို့ကြောင့် သူက လုယူရန် စိတ်ကူးမရှိဘဲ သူတို့၏သဘောကိုသာ မေးလိုက်၏။
"မလိုပါဘူး...။ ဒါက တကယ်ပဲ မလိုအပ်ပါဘူး...။ တကယ်လို့ ကျွန်မတို့ဆီမှာ ရှိနေရင် ဒါက ဒုက္ခပဲပေးနေမှာ ...."
လီရှင်းယုက ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောလိုက်သည်။
မုန့်ချီက ခေါင်းခါပြလိုက်၏။
"ရတနာမြေပုံမရှိရင် ကံကြမ္မာမြို့တော်မှာ ဘယ်လိုလုပ်ပြီး အချိန်အကြာကြီး နေနိုင်မှာလဲ..။ ဒါကို ကူးယူပေးပြီး မူရင်းကိုတော့ မင်းတို့ဘာသာပဲ ယူလိုက်ကြပါ...."
ရတနာရှာဖွေခြင်းနှင့် ပတ်သက်ရာတွင် သူ့ထက် အရင်ရှာဖွေသောသူများ ရှိနေခဲ့သည်။ သူကတော့ အလျင်စလို သွားရှာရန် မလိုအပ်သေးပေ။ ထို့ပြင် သူ့အတွက် အချိန်ရှိမရှိလည်း မသေချာသေးပေ။
မုန့်ချီ၏ အမူအယာကို မြင်သည့်အခါ ကျန်းကျုံးရှန်က သူ၏ခန္ဓာကိုယ်ထဲမှနေ၍ သူ၏ အင်္ကျီစကို စုတ်ဖြဲလိုက်ပြီး သွေးနှင့်မြေပုံကို ကူးယူပေးလိုက်သည်။ ထို့နောက် သူတို့က မူလမြေပုံကို ယူပြီး မုန့်ချီကို ဦးညွတ်၍ လှေငယ်လေးတစ်စီးနှင့်အတူ ထွက်ခွာသွားခဲ့ကြသည်။
မုန့်ချီက ရတနာမြေပုံကို သိမ်းလိုက်သော်လည်း အခုချိန်ထိ တာဝန်နှင့် ပတ်သက်သည့် အချက်အလက်များကို မတွေ့ရသေးပေ။ ထို့နောက် သူက နံပါတ် (၉)မျောက်၏ မျက်နှာဖုံးကို ကောက်ယူကြည့်လိုက်သည်။ မျက်နှာဖုံး၏နောက်တွင်တော့ အတော်လေး ကြည့်ပျော်ရှုပျော်ရှိသော သက်လတ်ပိုင်း ဘုန်းတော်ကြီးတစ်ပါးကို မြင်တွေ့ခဲ့ရသည်။ သူ၏မျက်နှာက ထိတ်လန့်တုန်လှုပ်ပြီး ကြောက်လန့်နေပုံရ၏။
မုန့်ချီက ထိုဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရှာဖွေကြည့်လိုက်ရာ ထူးခြားသော တံဆိပ်ပြားတစ်ခုကို တွေ့လိုက်ရသည်။ ထိုတံဆိပ်ပြားပေါ်တွင်တော့ ပြုံးနေသော မျောက်တစ်ကောင်၏ ဦးခေါင်းကို ထွင်းထုထားခဲ့၏။
"ဒါက ရာသီခွင်နတ်ဘုရား (၁၂)ယောက်ရဲ့ သင်္ကေတလား ....."
ထိုတံဆိပ်ပြားကို လေထဲတွင် မြှောက်လိုက်ပြီး မုန့်ချီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
မုန့်ချီက ထိုမျက်နှာဖုံးကို တပ်လိုက်ပြီး ရှေ့နောက် လမ်းလျှောက်နေခဲ့၏။ ဤအချိန် အတောအတွင်း သူကတော့ လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းမျိုးစုံကို စိတ်ဝင်စားနေခဲ့သည်။
"နောက်ကျရင် ငါလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခု ထောင်ရမယ်....။ ဒါဆိုရင် ငါလည်း ဆရာကြီးတစ်ယောက်ဖြစ်ပြီ ....."
ထိုအတွေးကို တွေးလိုက်မိပြီးနောက် မုန့်ချီက စိတ်ထဲတွင် ကျေနပ်သွားခဲ့သည်။
"ငါက ငါ့ကိုယ်ငါ ဘယ်လို ခေါ်သင့်လဲ ..။ ဓားနတ်ဘုရားလို့ခေါ်ရမလား... ။ ဒါလည်း မဟုတ်သေးဘူး ....."
ထိုအချိန်တွင် မြစ်ထဲမှနေ၍ ပင်ပန်းနေပုံရသော အသံတစ်ခုကို ကြားလိုက်ရသည်။
"ရှေ့မှာ ရှိနေတာက ရာသီခွင်နတ်ဘုရား (၁၂)ယောက်ထဲက ဆရာကြီး မျောက်ပါလား..”
“ဟမ် ....."
မုန့်ချီက ယာယီမှင်တက်သွားခဲ့သည်။ ထိုအခြေအနေနှင့် သူက နံပါတ်(၉)မျောက် ဖြစ်သွားပြီလော။
"ကျုပ်နာမည်က သွမ့်ရှန်ဖေးလို့ခေါ်တယ်...။ ကျုပ်က ခင်ဗျားကို တောင်းဆိုစရာရှိလို့ ဒီနေရာကို ရောက်လာတာ ....."
မြစ်ထဲမှနေ၍ လှေငယ်လေးတစ်စီး ရောက်လာပြီး ထိုလှေပေါ်တွင်တော့ အဘိုးအိုတစ်ယောက် ရပ်နေခဲ့သည်။
"လေလွင့်ပညာရှင်လား...."
မုန့်ချီက သိုင်းသခင် (၇)ယောက်ထဲမှ တစ်ယောက်ကို မြင်လိုက်ရသည့်အတွက် အတော်လေး မှင်တက်သွားခဲ့သည်။
"သွမ့်ရှန်ဖေး ...."
သူက ဘာလုပ်ပေးရမည်နည်း။ သူက ရာသီခွင်နတ်ဘုရား (၁၂)ယောက်ကို ရှာဖွေပြီး မည်သည့်အရာကို ခိုင်းစေလိုသနည်း။ အကယ်၍ ယခု သူကသာ ရာသီခွင်မျောက် မဟုတ်ကြောင်း ငြင်းဆန်လိုက်မည်ဆိုလျှင် သွမ့်ရှန်ဖေးက သူ့ကို သတ်ပစ်နိူင်သည်။
မုန့်ချီက ကြောက်လန့်သွားသော်လည်း သတိထားရန် ဆုံးဖြတ်လိုက်၏။ သွမ့်ရှန်ဖေး ထွက်သွားမှသာ သူက မျက်နှာဖုံးကို လွှင့်ပစ်ရန် စဉ်းစားထားခဲ့သည်။ ထိုသို့ဆိုလျှင် သူက မုန့်ချီကို မည်သည့်နေရာတွင် သွားရောက်ရှာဖွေနိုင်မည်နည်း။
ရုတ်တရက်ဆိုသလို သင်္ဘောကုန်းပတ်ပေါ်ရှိသွေးများက လှုပ်ရှားလာပြီး စကားလုံးများစွာ ပေါ်လာခဲ့သည်။
"မင်းက ပင်မတာဝန်ကို လှုံဆော်နိုင်ခဲ့တယ်..။ ရာသီခွင်မျောက်အဖြစ် ဟန်ဆောင်ပြီး သွမ့်ရှန်ဖေးရဲ့သား သွမ့်မင်းရှန်ကို ရှာဖွေမယ့် တာဝန်ကို လက်ခံရမယ်....။ တကယ်လို့ အောင်မြင်မယ်ဆိုရင်တော့ ကံကြမ္မာအမှတ် (၁၅၀)ရမယ်...။ ကျရှုံးမယ်ဆိုရင်တော့ ကံကြမ္မာအမှတ်(၁၅၀) အနှုတ်ခံရမယ်..”
“မင်းက သီးခြားတာဝန်ကိုလည်း လှုံ့ဆော်နိုင်ခဲ့ပြီ...။ ရာသီခွင်နတ်ဘုရား (၁၂)ယောက်နဲ့ ပူးပေါင်းဖို့ ကြိုးစားပြီး သူတို့ရဲ့လျှို့ဝှက်ချက်တွေကို ရှာဖွေရမယ်။ အောင်မြင်မယ်ဆိုရင် ကံကြမ္မာအမှတ် (၁၅၀) ရပြီး ကျရှုံးမယ်ဆိုရင် အပြစ်ပေးမှု မရှိဘူး.."
Translated by Hein Htet