အခန်း (၅၉)
Vol. 4 Ch. 59
လှေဦးပေါ်တွင် သက်သောင့်သက်သာ ရပ်နေရင်း သွမ့်ရှန်ဖေး၏ အမူအရာက အတော်လေးကို တည်ငြိမ်နေခဲ့သည်။ သူ့ပုံစံက သိုင်းပညာရှင်တစ်ယောက် ပုံစံအစား စာသင်သားကဲ့သို့ ပို၍တူနေ၏။ သို့သော် မျက်နှာပေါ်တွင် ရှိနေသော အရေးအကြောင်းများက သူ၏တည်ငြိမ်မှုကို ပျောက်ကွယ်သွားစေနိုင်သည်။
"ကျုပ်ပါပဲ…"
သူက လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။
ရုတ်တရက်ဆိုသလို လှေငယ်လေး၏နောက်ပိုင်းက အနည်းငယ် နိမ့်ဆင်းသွားပြီး လေးလံသော ကျောက်တုံးကြီးတစ်တုံးကို တင်လိုက်ရသည့်အလား ဖြစ်သွားခဲ့၏။ ယခုတော့ ထိုလှေငယ်လေးကလည်း မုန့်ချီ ရှိနေသော ကုန်တင်သင်္ဘောနှင့် တူညီသောအရှိန်အတိုင်း လိုက်လာခဲ့၏။
မုန့်ချီကတော့ သိုင်းသခင်(၇)ယောက်ထဲမှ တစ်ယောက်ဟူသော ထိုလူ၏အစွမ်းကို ခန့်မှန်းကြည့်နေခဲ့သည်။ အစောပိုင်းတွင် သူ၏ချီစွမ်းအင်ထိန်းချုပ်မှုကို ခန့်မှန်းကြည့်၍ မုန့်ချီသာ အစွမ်းကုန် ကြိုးစားလိုက်မည်ဆိုလျှင် သူ့ထက် အဆပေါင်းများစွာ မြင့်မားသော သွမ့်ရှန်ဖေးကို ရင်ဆိုင်ရန် ဖြစ်နိုင်သေးသည်။
"လေလွင့်ဆရာကြီး...
ဘာလို့ ဟာသတွေ လာပြောနေတာလဲ။ ဒီကမ္ဘာကြီးထဲမှာ ဆရာကြီးလိုလူမျိုး မလုပ်နိုင်တဲ့အရာ ရှိသေးလို့လား....”
သူကတော့ နံပါတ်(၉)မျောက်၏ ပုံစံအတိုင်း အတုခိုးပြီး အက်ရှရှလေသံနှင့် ပြောလိုက်၏။ ထိုသို့ဆိုလျှင် သူက အတုဟု မည်သူကမျှ သံသယဝင်လိမ့်မည် မဟုတ်ပေ။ ထိုမျောက်ကလည်း အသံတုကိုသာ တစ်ချိန်လုံး သုံးနေခဲ့ခြင်းဖြစ်သည်။
သွမ့်ရှန်ဖေးက ခေါင်းခါပြီး ပြုံးလိုက်မိ၏။
"လူတစ်ယောက်ရဲ့အစွမ်းက ကန့်သတ်ချက်တွေ ရှိတယ်လေ..။ ဒီကမ္ဘာကြီးထဲမှာ ငါမလုပ်နိုင်တဲ့အရာတွေ အများကြီး ရှိနေပါသေးတယ်..။ အချိန်ကာလတွေ၊ သက်တမ်းကုန်ဆုံးမှုတွေ ၊ အဲဒီအရာတွေ အားလုံးက သာမန်လူတွေ မကျော်လွှားနိုင်တဲ့ အရာတွေပဲလေ..."
"ဆရာ...ဆရာကြီးမျောက်...
တကယ်လို့ ငါသာ မဖြစ်မနေ အခြေအနေမဟုတ်ရင် ရာသီခွင် နတ်ဘုရား(၁၂)ယောက်ကို ဘာလို့အကူအညီတောင်းရမှာလဲ...."
"ဟုတ်လား..."
လေလွင့်ဆရာကြီးကိုယ်တိုင်တောင် မလုပ်နိုင်တဲ့အရာကိုတော့ ကျုပ်လည်း တော်တော်စိတ်ဝင်စားသွားပြီ…”
ထိုအရာက သူ၏တာဝန်ဖြစ်ကြောင်း သိနေသည့်အတွက် မုန့်ချီက တောင်းဆိုမှုကို လက်ခံရမည်သာဖြစ်သည်။ သို့သော် သူက သွမ့်ရှန်ဖေး သံသယဝင်သွားမှာ စိုးရိမ်သည့်အတွက် အလျင်စလို လက်ခံလိုက်ခြင်း မရှိပေ။
သွမ့်ရှန်ဖေးက သက်ပြင်းချပြီး ပြောလိုက်၏။
"ငါက အသက်ကြီးမှ သားတစ်ယောက် ရခဲ့တယ်...။ သူကတော့ သိုင်းပညာကို စိတ်မဝင်စားသလို စာပေကိုလည်း စိတ်မဝင်စားဘူး။ သူက ဘာမှကိုမသိဘဲ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား အချိန်ကုန်နေတယ်။ အဲဒါက ငါ့အတွက် အဆင်ပြေပါသေးတယ်။ အနည်းဆုံးတော့ သူက ငါ့ဆီမှာ အေးအေးဆေးဆေး နေနိုင်လောက်တဲ့ အခြေအနေမျိုးရှိတယ်လေ…”
“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ဝက်လောက်မှာတော့ ငါ့မိသားစုထဲမှာ ကံဆိုးမှုတစ်ခု ပေါ်လာခဲ့တယ်။ ငါ့သားက ကံကြမ္မာမြို့ထဲမှာ ပျောက်သွားပြီး ဘာသတင်းမှ ထပ်မကြားရတော့ဘူး။ ဆရာကြီးမျောက်....မင်းလည်း ဒီကိစ္စကို ကြားလိုက်မယ်လို့ ထင်တယ်...။ ဒီတော့ ငါ့ရဲ့တောင်းဆိုမှုကို လက်ခံပြီး မလိမ္မာတဲ့ ငါ့သားကို ရှာဖွေပေးပါ။ တကယ်လို့ သူ အသက်ရှင်နေသေးရင် ငါသူ့ကို တွေ့ချင်တယ်။ သူသေသွားပြီဆိုရင်လည်း ငါ သူ့အလောင်းကိုတွေ့ချင်တယ်…"
နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင် သူ၏မျက်နှာက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
မုန့်ချီကတော့ သူ့စကားကို နားထောင်နေရင်း တစ်စုံတစ်ခု ထူးဆန်းနေကြောင်း သတိထားမိ၏။
"လေလွင့်ဆရာကြီး...
ခင်ဗျားရဲ့သိုင်းပညာနဲ့ ဂုဏ်သတင်းအရဆိုရင် သူရဲကောင်းတွေ အများကြီးက ခင်ဗျားကို ကူညီပေးကြမှာပဲလေ...။ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုရင်တောင် အဲဒီလူက ဘယ်လိုဖြစ်ပြီး ခင်ဗျားရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ...."
သွမ့်ရှန်ဖေးက ခဏကြာ တိတ်ဆိတ်သွားပြီး အပြုံးနှင့် ပြောလိုက်သည်။
"တကယ်လို့ ငါသာ အဲဒီလို လုပ်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့နေရာကို ရှာဖို့ ဒီလောက် အားကုန်ခံစရာ မလိုဘူးလေ..."
သူက ညာလက်ကို မြှောက်ပြလိုက်ရာ လက်ချောင်းလေးများ မရှိတော့သော လက်တစ်ဖက် ပေါ်လာခဲ့သည်။
"ငါက ဘဝတစ်လျှောက်လုံး ဓားပညာကို အရူးအမူး လေ့လာခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ (၅)နှစ်လောက်မှာတော့ ငါ့ရဲ့အမှားကြောင့် လက်ချောင်း(၅)ချောင်းကို ဆုံးရှုံးလိုက်ရတယ်။ တကယ်လို့ ဒီသတင်းကိုသာ သိသွားကြမယ်ဆိုရင် ငါ့ရဲ့ရန်သူဟောင်းတွေ အများကြီးက ငါ့ကို ဒုက္ခပေးကြလိမ့်မယ်။ ဒါကြောင့် ငါ့သားပျောက်နေတယ်ဆိုတဲ့ အချိန်မှာတောင် ငါက ရူးချင်ယောင်ဆောင်ပြီး သူ့ကို ဒုက္ခမပေးနိုင်အောင် စဉ်းစားနေရတာပဲ….”
“ငါက သိုင်းလောကကနေ အနားယူထားတယ်လို့ လူတွေကို ကြေညာထားတယ်။ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒီအဆင့်ကို ရောက်နေခဲ့ပြီလေ။ တကယ်လို့ ရန်သူအဟောင်းတွေက ငါ့ဆီကို ရောက်လာမယ်ဆိုရင်တောင် ငါ့ရဲ့ခန္ဓာကြီးကို စတေးပြီး သူတို့ကို ငါနဲ့အတူ သေရွာခေါ်သွားနိုင်သေးတယ်…"
သူက ထိုစကားကို ပြောနေသည့်အချိန်တွင် တစ်စုံတစ်ယောက်၏ နောက်ကြောင်းကို ပြောနေသလိုထင်မှတ်ရသည်။
"ဒီတော့ မလိမ္မာတဲ့ ငါ့သားကို ကယ်တင်ဖို့အတွက် ငါလည်း စွန့်စားမှုတချို့ကို လုပ်ရတော့တာပဲ။ ဒါကြောင့် ငါက မင်းကို ဒီကိစ္စပြောပြခဲ့တာ။ ငါက တော်တော်လေး အသက်ကြီးနေပါပြီ။ သိုင်းလောကအဆင့် သတ်မှတ်ချက်တွေကိုလည်း ဂရုမစိုက်ပါဘူး။ ငါက ငါ့သားရဲ့ လုံခြုံမှုကိုပဲ စိတ်ဝင်စားတယ်…"
"ခင်ဗျားရဲ့ လက်ချောင်းတွေကို ဖြတ်ပစ်နိုင်တဲ့ လူတစ်ယောက်က တကယ်ရှိနေတာပဲ...."
မုန့်ချီက အံ့အားသင့်စွာ ပြောလိုက်မိသည်။ အကယ်၍ အစစ်အမှန် နံပါတ်(၉)မြောက်သာ ဒီနေရာ၌ ရှိနေမည်ဆိုလျှင် သူကလည်း အလားတူ တုန့်ပြန်မိမည်သာ ဖြစ်သည်။
သိုင်းသခင်(၇)ယောက်ထဲမှ တစ်ယောက်ဖြစ်သော သွမ့်ရှန်ဖေး၏ အဆင့်က အမြင့်ဆုံးဟု သတ်မှတ်နိုင်သည်။ သို့သော် သူ့လက်ချောင်းကို ဖြတ်ပစ်နိုင်ပြီး ဓားကိုင်၍ မရတော့အောင် လုပ်ဆောင်နိုင်စွမ်း ရှိနေသူက မည်မျှကြောက်စရာ ကောင်းနိုင်မည်နည်း။
သွမ့်ရှန်ဖေးကတော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူကတော့ ဤကမ္ဘာကြီးထဲတွင် ထိပ်တန်းပညာရှင်တစ်ယောက် ဟူသောမာန ရှိနေသေး၏။
"ဒီကမ္ဘာကြီးထဲမှာ အဲဒီလို ပညာရှင်တစ်ယောက် ရှိနေတယ်ဆိုတာ ငါလည်း မသိခဲ့ဘူး...။ သူက လျှို့ဝှက်အခန်း(၃)ခုလုံးပွင့်နေပြီး လူသားနဲ့နတ်ဘုရားကြားမှာရှိတဲ့ အရံအတားကိုတောင် ရောက်နေပြီ…"
"လေလွင့်ဆရာကြီး...
ခင်ဗျားကိုယ်တိုင်တောင် သူ့ကို မသိဘူးလား။ ဒီလူက ဘယ်လိုဖြစ်ပြီး သိုင်းလောကမှာ အမည်မသိ ဖြစ်နေရတာလဲ...."
မုန့်ချီက အလွန်ရှုပ်ထွေးစွာ မေးလိုက်မိသည်။
သွမ့်ရှန်ဖေးက ခေါင်းခါပြလိုက်၏။
"အဲဒီလူက လေထဲကနေ ဒီအတိုင်း ပေါ်လာခဲ့တာ...။ ငါတို့ မတိုက်ခိုက်ခင်အချိန်မှာ သူနဲ့ပတ်သက်ပြီး ဘာသတင်းမှ မရှိဘူး။ ငါတို့ တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာလည်း သူနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရဘူး။ သူက တော်တော်လေးကို ထူးဆန်းတဲ့ ပညာရှင်တစ်ယောက်ပဲ။ ပြီးတော့ သူကလည်း မင်းတို့ရာသီခွင် နတ်ဘုရား(၁၂)ယောက်နဲ့ တော်တော်လေးကို တူတယ်။ သူက မင်းတို့တွေထဲမှာ အစွမ်းထက်ဆုံးဖြစ်တဲ့ ရာသီခွင်နဂါးတောင် ဖြစ်နေမလား မပြောတတ်ဘူး...”
“အဲဒါတော့ ကျုပ်လည်းမသိဘူး..."
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက် ပျောက်ကွယ်သွားသော အမည်မသိ လူတစ်ယောက်..။ ထိုအရာကိုတော့ သူလည်း အနည်းငယ်ရင်းနှီးနေသည်။ ထိုလူကလည်း သူ့လို လူတစ်ယောက် ဖြစ်နေခြင်းပေလော။ သို့မဟုတ် သံသရာတာဝန်ကို လုပ်ဆောင်နေသည့် သံသရာခရီးသွားတစ်ယောက် ဖြစ်နိုင်သည်။
မုန့်ချီက ထိုသို့တွေးခဲ့မိ၏။ မုန့်ချီတို့ အဖွဲ့မှ မဟုတ်သော ကူရှောင်စန်းတွင် သူမ၏ ကိုယ်ပိုင်သံသရာနယ်မြေတစ်ခု ရှိသည်။ သူမကတော့ အမှားတစ်ခုကြောင့် သူတို့၏ ကမ္ဘာကြီးဆီသို့ ပြန်ရောက်သွားခဲ့သည်။ သူမက သူမ၏အဆင့်အတန်းကို ဖုံးကွယ်ရန်အတွက် သိုင်းမတတ်သော လူတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့သည်။
ထိုလူက ဤကမ္ဘာကြီးထဲတွင် လွန်ခဲ့သော (၅)နှစ်ခန့်တွင် ရောက်လာပြီး ပျောက်ကွယ်သွားခဲ့သည်။ ဤအချိန်အတောအတွင်း ထိုသံသရာခရီးသွားက တာဝန်ပြီးဆုံး၍ ထွက်သွားခြင်းလည်း ဖြစ်နိုင်၏။ ထို့ကြောင့် စိုးရိမ်စရာ မလိုတော့ချေ။ သွမ့်ရှန်ဖေးကတော့ ထိုပညာရှင်ကို သေချာမသိခဲ့ပေ။
သူ၏အခြေအနေကို သေချာပြောပြခဲ့ပြီးနောက် သွမ့်ရှန်ဖေးက တည့်တိုးသာ မေးခဲ့သည်။
"ဆရာကြီးမျောက်...
မင်းက ဒီတာဝန်ကို လက်ခံဖို့အတွက် ငါက ဘယ်လိုဆုကြေးမျိုးပေးရမလဲ…"
ရာသီခွင် နတ်ဘုရား(၁၂)ယောက်က တာဝန်လုပ်ဆောင်ရာတွင် မည်သည့် ကန့်သတ်ချက်မျိုး ရှိနေကြောင်း မုန့်ချီက မသိသေးပေ။ သူကတော့ မျက်နှာဖုံးအောက်မှနေ၍ ထူးဆန်းစွာ ရယ်လိုက်မိသည်။
"ဒါကတော့ လေလွင့်ဆရာကြီး တတ်နိုင်တဲ့အပေါ်မူတည်တယ်လေ…"
"ဒီအဘိုးကြီးမှာ ဘာမှထူးခြားတာ မရှိတော့ပါဘူး။ ဒါပေမယ့် ဘဝတစ်လျှောက်လုံး သင်ခဲ့တဲ့ သိုင်းပညာတွေတော့ ရှိတယ်။ တကယ်လို့ ဆရာကြီးမျောက်ကသာ လက်ခံမယ်ဆိုရင် တာဝန်ပြီးတာနဲ့ ရေလှိုင်းစောင့်ကြည့်ခြင်းကျင့်စဉ်၊ ကန့်လန့်ဖြတ်တောင်ကြားဓားသိုင်းနဲ့ နှစ်ပေါင်းများစွာ သိလာတဲ့ ဓားပညာအနှစ်သာရတွေကို ကူးပေးပါ့မယ်…"
"နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အနှစ်သာရတွေလား...။ အဲဒီမှာ လျှို့ဝှက်အခန်းနဲ့ ပတ်သက်တာတွေရော ပါနေတာလား..."
လျှို့ဝှက်အခန်း(၃)ခုဟူသည်မှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေကြောင်း မုန့်ချီက သတိထားမိပြီးသား ဖြစ်သည်။ ထိုအရာက သူနေထိုင်သော ကမ္ဘာကြီးထဲရှိ အခြေအနေနှင့် ကွဲပြား၏။
ဤကမ္ဘာကြီးထဲတွင်တော့ ထိုအရာကို လေ့ကျင့်ရန် နည်းလမ်းတစ်ခု ရှိနိုင်သည်။ သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို ရွေးချယ်ပြီး ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ရန် ကြိုးစားနေသည့်အချိန်တွင် လျှို့ဝှက်အခန်းကို တစ်ချိန်တည်း ဖွင့်နိုင်မည် မဟုတ်ချေ။
သို့သော် တခြားသော ကျင့်ကြံမှုနည်းလမ်းများကို ရှာဖွေကြည့်မည် ဆိုလျှင်တော့ အကြံကောင်းတစ်ခု ဖြစ်နိုင်သည်။ သူက အခြေအနေမျိုးစုံတွင် အနှစ်သာရများကို ရှာဖွေ၍ တွေ့နိုင်သည်။ ထို့ပြင် သူက ထိုအရာများအားလုံးကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်၍လည်း ရနိုင်သေး၏။ ထိုအရာက ပင်မတာဝန်အတွက် အပိုဆုကြေးများ ဖြစ်လာနိုင်သည်။
သွမ့်ရှန်ဖေးက အပြုံးနှင့် ပြောလိုက်သည်။
"သေချာတာပေါ့....။ အဲဒီအထဲမှာ စွမ်းအင်လျှို့ဝှက်အခန်း ဖွင့်ဖို့အတွက် အနှစ်သာရတွေ ပါနိုင်တယ်။ ဒါပေမယ့် ဝိညာဉ်လျှို့ဝှက်အခန်းအတွက်ကိုတော့ ငါလည်း အကူအညီမပေးနိုင်ဘူး။ ငါကိုယ်တိုင်တောင် အဲဒီအဆင့်ကို မရောက်သေးဘူး…"
နံပါတ်(၉) မျောက်ကဲ့သို့သော ကျင့်ကြံသူများက လျှို့ဝှက်အခန်းကို ဖွင့်ရန် အရေးတကြီး လိုအပ်နေကြောင်း သူသိနေသည်။ ထို့ကြောင့် ထိုအခန်းများကို ဖွင့်လှစ်နိုင်သော နည်းလမ်းနှင့် အတွေ့အကြုံများက သေချာပေါက် သူ့ကို ဆွဲဆောင်နိုင်ပါလိမ့်မည်။
"လေလွင့်ဆရာကြီး....
လေလွင့်ဆရာကြီးက လျှို့ဝှက်အခန်း(၂)ခု ဖွင့်ပြီးသွားပြီပဲ။ ခင်ဗျားက တကယ်ပဲ အစွမ်းထက်ဆုံး ပညာရှင်တွေထဲက တစ်ယောက်လို့ပဲ ပြောရမယ်…"
မုန့်ချီကတော့ သူ့ကို နှစ်နှစ်ကာကာ ချီးကျူးခဲ့ခြင်း မဟုတ်ပေ။ သူက အခြေအနေကို ပို၍နားလည်ချင်နေသည့်အတွက်ကြောင့်သာ အပေါ်ယံ ချီးကျူးလိုက်ခြင်း ဖြစ်သည်။ သူကတော့ လေ၊မိုးနှင့် လျှပ်စီးမိုးကြိုးများကိုပင် ဆင့်ခေါ်နိုင်သည့် ဒိုအာချာကဲ့သို့သော ပညာရှင်များကို မြင်ခဲ့ဖူးသည်။
သူကတော့ နတ်ဘုရားတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် လူသားတစ်ယောက် ဖြစ်ခဲ့၏။ သူ့ဆရာရွှမ်ပိုင်ကတော့ ဒိုအာချာထက် သေချာပေါက်ပို၍ အစွမ်းထက်သည်။ ထို့ကြောင့် သူက သွမ့်ရှန်ဖေးကို အမှန်တကယ် လေးစားနေခြင်း မရှိချေ။
သွမ့်ရှန်ဖေးက သက်ပြင်းချပြီး အပြုံးနှင့် ပြောလိုက်၏။
"လျှို့ဝှက်အခန်း(၃)ခုထဲမှာ ဝိညာဉ်လျှို့ဝှက်အခန်းက ဖွင့်ဖို့ အခက်ဆုံးပဲ။ အဲဒါက မျက်ခုံးကြားမှာရှိတဲ့ ပင်မတံခါးနဲ့ တော်တော်လေးကို ပတ်သက်နေတယ်။ ဒါပေမယ့် အဲဒီတံခါးကို ဖွင့်ပြီးသွားပြီဆိုရင်လည်း နတ်ဘုရားအဆင့်ကိုတောင် ရောက်နိုင်တယ်လို့ ပြောကြတယ်။ ပြီးတော့ လက်တွေ၊ ခြေထောက်တွေ သုံးစရာမလိုဘဲ အလွယ်တကူ လူသတ်နိုင်တယ်တဲ့။ အဘိုးကြီးကွေက လျှို့ဝှက်အခန်းတစ်ခုပဲ ပွင့်သေးတယ်။ ဒါပေမယ့် အဲဒါက ဝိညာဉ်လျှို့ဝှက်အခန်းတစ်ခုပဲ။ ဒါကြောင့် ငါက သူနဲ့အများဆုံး သရေပဲ တိုက်ခိုက်နိုင်ခဲ့တယ်။ ဒါဆိုရင် ဆရာကြီးမျောက်က ဒီတာဝန်ကို လက်ခံမှာလား...."
"ကမ်းလှမ်းမှုတိုင်းက ကျုပ်ကို ဆွဲဆောင်နိုင်တာတော့ မဟုတ်ဘူး…"
မုန့်ချီက လက်နောက်ပစ်နေပြီး သေချာစဉ်းစားနေသယောင် ဟန်ဆောင်လိုက်သည်။ သူ၏အင်္ကျီစကတော့ လေထဲတွင် တဖျပ်ဖျပ်လွင့်နေခဲ့၏။ သူက အရာအားလုံးနှင့် ကင်းကွာနေသလို ထင်မှတ်ရသည်။
သွမ့်ရှန်ဖေးက ပြောလိုက်၏။
"ဒါဆိုရင် ဘာကို စိတ်ဝင်စားတာလဲ..."
"အခု ကျုပ်က စိတ်ဝင်စားနေပါပြီ။ ဒါပေမယ့် လိုနေတာတစ်ခုရှိတယ်။ ကျုပ်မှာ တောင်းဆိုမှုတစ်ခုရှိတယ်…"
မုန့်ချီက မျက်နှာဖုံးအောက်တွင် ပြုံးလိုက်သည်။
သွမ့်ရှန်ဖေးက စိတ်သက်သာရာရသွား၏။
"ဘယ်လိုတောင်းဆိုမှုမျိုးလဲ..."
"လေလွင့်ဆရာကြီးက ကျုပ်အတွက် သိုင်းကျမ်းတွေ ရှာပေးစေချင်တယ်...။ အဆင့်မြင့်စရာ မလိုပါဘူး..။ သာမန်သိုင်းကျမ်းတွေ ဆိုလည်းရတယ်။ များလေကောင်းလေပဲ…"
မုန့်ချီက သိုင်းကျမ်းများကို သံသရာအရှင်သခင်ဆီတွင် ပြန်လဲရန် စဉ်းစားထားခဲ့သည်။ ပြန်လဲသည့်အချိန်တွင် အတော်လေးကို ဈေးလျော့သွားနိုင်သော်လည်း အလကားရလျှင် သူ့အတွက် အဆင်ပြေသည်။ သူက ထိုသို့လုပ်ဆောင်လိုက်မည်ဆိုရင် ကံကြမ္မာအမှတ် ရာပေါင်းများစွာ ရနိုင်၏။ ထို့ပြင် သိုင်းကျမ်းတိုင်းကိုလည်း တစ်ကြိမ်သာ လဲ၍ ရနိုင်သည်။
ဆရာကြီးမျောက်၏ တောင်းဆိုချက်ကြောင့် သွမ့်ရှန်ဖေးက အတော်လေး အံ့ဩသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။
"ဒါက မခက်ပါဘူး...ငါလက်ခံတယ်..”
“ဒါဆိုရင် ကျုပ်တို့က သဘောတူညီမှုရသွားပြီ…”
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည့်အချိန်တွင် မျောက်မျက်နှာဖုံးကတော့ ပို၍ပင် တောက်ပြောင်လာသလို ထင်မှတ်ရသည်။
သွမ့်ရှန်ဖေးက လေးလေးနက်နက် သက်ပြင်းချလိုက်မိ၏။
"ဆရာကြီးမျောက်က ငါ့ရဲ့တောင်းဆိုမှုကို လက်ခံပေးလိမ့်မယ်လို့ တကယ် ထင်မထားမိဘူး။ ဒီတော့ ငါကလည်း ကြိုးစားပေးပါ့မယ်။ တာဝန်ပြီးသွားပြီဆိုရင် ငါက ဆရာကြီးမျောက်ကို နောက်ထပ်လက်ဆောင်တစ်ခုကိုလည်း ပေးပါဦးမယ်။ အဲဒါက တန်ဖိုးမရှိပေမဲ့ ငါ့ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ သဘောအကျဆုံးအရာတစ်ခုပဲ။ ပြီးတော့ တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တယ်…"
"အဲဒါက ဘာများလဲ…"
မုန့်ချီက စိတ်ဝင်တစား မေးလိုက်သည်။
သွမ့်ရှန်ဖေးက ပြုံးလိုက်၏။
"တာဝန်ပြီးသွားရင် ဆရာကြီးမျောက်က သိရမှာပါ။ ငါ့သားပျောက်မသွားခင် သူနဲ့ ဆက်သွယ်ခဲ့တဲ့ လူတွေရှိတယ်…"
သူက မုန့်ချီကို အထုပ်တစ်ထုပ် ပစ်ပေးလိုက်သည်။ ထို့နောက် သူ့ခြေထောက်အောက်တွင် ရှိနေသော လှေငယ်လေးက ရုတ်တရက် အရှိန်မြန်လာပြီး ရေစုန်တွင် ပျောက်ကွယ်သွားခဲ့သည်။
မုန့်ချီက အထုပ်ကိုကိုင်ပြီး မေးစေ့ကို ပွတ်နေမိသည်။
“ဒါဆိုရင် တာဝန်တစ်ခုခု လက်ခံတဲ့အချိန်မှာ ရာသီခွင်နတ်ဘုရား(၁၂)ယောက်က တစ်ခုခုကြိုယူထားတာမျိုး မရှိဘူးပေါ့…”
ထိုမေးခွန်းကိုတော့ ပြန်ဖြေနိုင်ခြင်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် နံပါတ်(၉)မျောက်က သေဆုံးသွားခဲ့ခြင်းကြောင့်ဖြစ်သည်။ သူကတော့ အတော်လေးကို စိတ်သက်သာရာရသွားခဲ့၏။ မူလတုန်းကတော့ သူက သွမ့်ရှန်ဖေးနှင့် မည်သို့ရင်ဆိုင်ရမည်ဖြစ်ကြောင်း စိုးရိမ်နေခဲ့သည်။
အကယ်၍ သူ၏ တောင်းဆိုမှုကသာ အလွန်များသည်ဟု သွမ့်ရှန်ဖေးက တွေးမိသွားမည်ဆိုရင် သူ့အစား တခြားသော ရာသီခွင်နတ်ဘုရားတစ်ယောက်ကို အကူအညီ တောင်းနိုင်သည်။ ထိုသို့ဆိုလျှင် သူလည်း ထိုတာဝန်ကို ပြီးဆုံးနိုင်တော့မည် မဟုတ်ချေ။
"ကံကြမ္မာမြို့တော်....
ငါက အဲဒီကို သွားရဦးမယ်လို့ မထင်ထားခဲ့ဘူး။ ကြည့်ရတာတော့ ငါက ကျန်းကျုံးရှန်တို့စုံတွဲကို သွားရှာရဦးမယ် ထင်တယ်...."
မုန့်ချီက အမှောင်ထဲတွင် ရိုက်ခတ်နေသော လှိုင်လုံးများကို ကြည့်လိုက်သည်။ နံပါတ်(၉)မျောက်က သေဆုံးသွားပြီဖြစ်ကြောင်း ထိုစုံတွဲက သိနေသည်။ သူက ထိုကိစ္စကို ဖုံးကွယ်ထားရန် နည်းလမ်းတစ်ခု ရှာဖွေရဦးမည် ဖြစ်၏။
သွမ့်ရှန်ဖေး ပေးခဲ့သော ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ပြီးနောက် နံပါတ်(၉)မျောက်၏ ခန္ဓာကိုယ်နှင့် ကုန်းပတ်ပေါ်တွင် ရှိနေသော တခြားလူများ၏ ခန္ဓာကိုယ်ကို ရှာဖွေကြည့်လိုက်ရာ ငွေစတချို့ ရလိုက်၏။ ထို့နောက် သူက နံပါတ်(၉)မျောက်၏ ခန္ဓာကိုယ်ကို ကျောက်တုံးတစ်တုံးနှင့် တွဲချည်ပြီး ရေထဲသို့ တွန်းချလိုက်သည်။
"ဗွမ်းး...."
နံပါတ်(၉) မျောက်၏ခန္ဓာကိုယ်ကို လှိုင်းလုံးများက လွှမ်းခြုံသွားပြီး ပျောက်ကွယ်သွားခဲ့၏။
အရာအားလုံး လုပ်ဆောင်လိုက်ပြီးနောက် မုန့်ချီက မျက်နှာဖုံးနှင့် တံဆိပ်ပြားကို သိမ်းလိုက်သည်။ ထို့နောက် သူက သင်္ဘောနှင့် ကပ်ချည်ထားသော လှေငယ်လေးတစ်စီးကို ယူလိုက်ပြီး ရေစုန်သို့ ဆင်းသွားခဲ့သည်။
လှေငယ်လေးပေါ်တွင် ရပ်နေရင်း မုန့်ချီက လက်နောက်ပစ်၍ သဘာဝတရားကြီးကို ခံစားနေခဲ့သည်။ သူကတော့ ယခုအချိန်ထိ ကန်ရေပြင်ပေါ် ဖြတ်သန်းခြင်းဟူသော သဘောတရားကို မခံစားမိသေးသည်မှာ ဝမ်းနည်းစရာကောင်းသည်။
(၂)နာရီကြာပြီးနောက် မုန့်ချီက ကံကြမ္မာမြို့ကို ရောက်လာခဲ့သည်။ မြစ်ကမ်းဘေးတွင် တည်ရှိနေသည့်အတွက် ထိုမြို့က ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့၏။ ညအချိန် ဖြစ်နေသည့်အတွက် ကံကြမ္မာမြို့၏ရေတံခါးက ပိတ်နေခဲ့သည်။
ထို့ကြောင့် မုန့်ချီက မြို့အပြင်ဘက်တွင် ရှိနေသော လှေဆိပ်တွင် ကပ်လိုက်ရသည်။ သူက လမ်းလျှောက်လာပြီး သိပ်မကြာခင် အံ့ဩစရာကောင်းသော အရာတစ်ခုကို တွေ့လိုက်ရသည်။
ကျန်းကျုံးရှန်နှင့် သူ့ဇနီး လီရှင်းယုတို့က ရေတံခါးအနားတွင် အနီရောင်ဝတ်ထားသော မိန်းကလေးတစ်ယောက်နှင့် စကားပြောနေကြောင်း တွေ့လိုက်ရသည်။
"အော်မီတော်ဖော်..."
ကံကြမ္မာက တော်တော်လေးကို ထူးဆန်းတာပဲ…”
မုန့်ချီက အဝေးမှနေ၍ ရေရွတ်လိုက်သည်။
"ကြည့်ရတာ ငါက ဒကာကြီးတို့နှစ်ယောက်နှင့် ရေစက်ရှိတယ်ထင်တယ်..."
ကျန်းကျုံးရှန်က ပြန်လှည့်ကြည့်လိုက်ရာ အနည်းငယ် အံ့ဩသွားသလို အနည်းငယ် ထူးဆန်းသွားခဲ့သည်။
"ကိုရင်လေးကျန်းတင်... ဒီနေရာကို ရောက်လာတာလား...."
လီရှင်းယုနှင့် အနီဝတ်မိန်းမပျိုတို့ကတော့ သူ့ကို အတော်လေး စိတ်ဝင်စားနေကြသည်။
"ငါက ဒကာကြီးတို့နဲ့တွေ့ဖို့ ဒီနေရာကို ရောက်လာတာပါ။ နံပါတ်(၉)မျောက်က မသေသေးဘူး...။ ငါက သတိလွတ်သွားတဲ့အချိန်မှာ သူက သေချင်ယောင်ဆောင်ပြီး မြစ်ထဲကို ခုန်ဆင်းသွားခဲ့တယ်…"
မုန့်ချီက လိမ်ပြောလိုက်သည်။
"ဒါကြောင့် ငါက ဒကာကြီးတို့ကို လာပြီးသတိပေးတာ....။ အကောင်းဆုံးကတော့ ဒီနေ့ဖြစ်ခဲ့တဲ့အရာတွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ မဟုတ်ရင် တိရစ္ဆာန်(၁၂)ကောင်က လက်တုန့်ပြန်ဖို့ ရောက်လာလိမ့်မယ်…"
"ကိုရင်လေးက ကျွန်တော်တို့ကို လာပြီးသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ကျန်းကျုံးရှန်က ကျေးဇူးတင်စွာ ပြောလိုက်သည်။
သူတို့၏ ကယ်တင်ရှင်ကတော့ သူတို့ကို လိမ်ပြောနေခြင်းမရှိဟု ယုံကြည်နေခဲ့၏။ ကျန်းတင်က နံပါတ်(၉)မျောက်၏ မျက်နှာဖုံးကို ဝတ်ပြီး ဟန်ဆောင်နေရန် အစီအစဉ် ရှိနေသည်ကိုတော့ သူ လုံးဝမသိခဲ့ချေ။
အနီဝတ်မိန်းမပျိုက မုန့်ချီကို စိတ်ဝင်တစားကြည့်နေခဲ့၏။
"ကိုရင်လေးကျန်းတင်...
ကျွန်မရဲ့ နာမည်က ကွေချင်းရှုလို့ခေါ်တယ်။ ကျွန်မက အစ်မရှင်းယုနဲ့ သူ့ယောကျ်ားကို လာပြီးတော့ကြိုတာ။ သူတို့ဆီကနေ ကိုရင်လေးရဲ့ စွမ်းရည်ကိုလည်း ကြားခဲ့ရတယ်။ ကိုရင်လေးက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ နံပါတ်(၉)မျောက်ကို အနိုင်ရခဲ့တယ်။ ကိုရင်လေးကသာ ကျွန်မနဲ့ တိုက်ခိုက်ပြီး သင်ကြားပေးလို့ ရနိုင်မလား…"
သူမ၏ အနားတွင်တော့ ဆံဖြူအဘိုးအိုတစ်ယောက် ရပ်နေသည်။ သူကတော့ မြေပြင်ပေါ်တွင် ရှိနေသော ပုရွက်ဆိတ်များကို ရေတွက်နေသည့်အလား ခေါင်းငုံ့၍ ကြည့်နေခဲ့၏။
Translated by Hein Htet