အခန်း (၆၀)
Vol. 4 Ch. 60
သူမက ပြောပြီးပြီးချင်း ဓားနှင့် ချိန်လိုက်သည်။ မုန့်ချီက သူမကို စကားပြန်ပြောရန်ပင် စောင့်မနေခဲ့ပေ။ မုန့်ချီက သူမထက် အလွန်ငယ်ရွယ်နေသည့်အတွက် သိုင်းလောကနာမည်ကျော် နံပါတ်(၉)မျောက်ကို အနိုင်ရခဲ့သည်ဟူသော အချက်ကို လက်မခံနိုင်ပေ။
"တော်တော်ကလေးဆန်တာပဲ…"
မုန့်ချီက စိတ်ထဲတွင် တွေးလိုက်မိသည်။
မည်သို့ဖြစ်စေကာမူသူလည်း သူ၏ဓားပညာကို လေ့ကျင့်ချင်ခဲ့၏။ ထို့ကြောင့် ဓားကို ဆွဲထုတ်ပြီး ကွေကျင်းရှု၏ ရင်ဘတ်ကို ဓားဖြင့် ခုတ်လိုက်ရာ သူမက ဓားကို ရုတ်သိမ်းလိုက်ရသည်။
သူမကတော့ ငယ်ငယ်ကတည်းက အကြီးအကဲများ ညီအစ်ကိုမောင်နှမများ၏ ချီးကျုးမှုကို ခံခဲ့ရသည်။ ထို့ကြောင့် သူမက သိုင်းပညာနှင့် ပတ်သက်လျှင် အလွန်ပြိုင်ဆိုင်လိုစိတ်များ၏။
သူမက ဓားသိုင်းကို ထုတ်လိုက်သည့်အချိန်တွင် လှုပ်ရှားမှုများက နဂါးတစ်ကောင်ကဲ့သို့ လျင်မြန်ပြီး ဓားသွားဆီမှ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပနေခဲ့၏။
မုန့်ချီ၏ဓားပညာက အတော်လေးကို ရှင်းလင်းပြီး ကြီးကျယ်ခမ်းနားသည်။ ထို့ပြင် ကျစ်လစ်ပြီး သန်မာ၏။ သူက ကွေကျင်းရှု၏ အားနည်းချက်များကိုသာ တိုက်ခိုက်နေသည့်အတွက် သူမက အခက်တွေ့နေပြီး မတ်တပ်ရပ်ရန်ပင် ခက်ခဲနေခဲ့သည်။
ဓားသွားနှစ်ခုဆီမှ တချွင်ချွင်မြည်သံများသာ ထွက်ပေါ်နေခဲ့၏။ မုန့်ချီ၏ဓားသွားက အလွန်လျင်မြန်သွက်လက်သည်။ ထိုအရာက ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်း သိုင်းကျမ်းနှင့် သွေးဓားသိုင်းတို့ကို ပေါင်းစပ်အသုံးပြုနေခြင်းဖြစ်နိုင်သည်။
မည်သို့ဖြစ်စေကာမူထိုအရာများအားလုံးက ကွေကျင်းရှုကို အသက်ရှုခွင့်မရစေရန် ဖိအားပေးထားနိုင်သည်။ သူမ၏ခုခံမှုက ပျက်စီးသွားတော့မည်ဟု ခံစားနေရ၏။ ထို့ပြင် အနတ္တကျိန်စာဖျက်ဓားသိုင်းက ဝေ့ကျင်းအဆင့် သိုင်းပညာဖြစ်သည်။
မုန့်ချီက ပထမဆုံးဓားကွက်နှင့် ပြောင်းလဲမှုများကို နားလည်လာပြီးနောက် ပို၍အနှစ်သာရ ပြည့်ဝလာသလို ခံစားနေရသည်။ ထို့ကြောင့် လေ့ကျင့်နေစဉ် တခြားသော ဓားပညာများအပေါ် ပိုနားလည်လာပြီး ဆယ်နှစ်ကျော် လေ့ကျင့်လာသော ဓားသမားများနှင့်ပင် ယှဉ်နိုင်နေသည်။သူ၏လေ့ကျင့်မှု အားနည်းနေခြင်းကြောင့်သာ ဓားသိုင်းများကို မပေါင်းစပ်နိုင်သေးခြင်း ဖြစ်သည်။
သူက ဓားသွားကို တစ်ပတ်လှည့်လိုက်ရာ ကွေကျင်းရှု၏ ဓားရှည်က ပြုတ်ကျသွားခဲ့သည်။ ထို့ကြောင့် မုန့်ချီလည်း နောက်သို့ ပြန်ဆုတ်လိုက်ပြီး ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ပြောလိုက်၏။
“ဒကာမလေးကွေ…
ဒီလိုညမျိုးမှာ တခြားလူရဲ့အေးချမ်းမှုကို မနှောင့်ယှက်တာ ကောင်းပါတယ်…”
"သူက ဘယ်နေရာကနေ ရောက်လာတာလဲ…"
ကွေကျင်းရှုကတော့ ဒေါသနှင့် စိတ်ပျက်မှုကို တပြိုင်နက်တည်း ခံစားနေရသည်။
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။
"ဖန်ဆင်းမှုတိုင်းမှာ ဝိညာဉ်ရှိတယ်။ ပန်းပင်တွေ ၊ မြက်ပင်တွေကလည်း သက်ရှိဖန်ဆင်းမှုတွေပဲ။ သူတို့တွေကို နှောင့်ယှက်လိုက်တာကလည်း ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူးလေ…"
မျက်နှာချင်းဆိုင်တွင် ရှိနေသူများက ဘာပြောရမှန်းမသိတော့ချေ။ ခဏအကြာတွင် ကွေကျင်းရှုက သူမ၏ဓားကိုပြန်ကောက်ပြီး တီးတိုးပြောလိုက်သည်။
"ငါက နင့်ရဲ့ပြိုင်ဘက်မဟုတ်ဘူး…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"ဒကာမလေးက တော်တော်လေးကို နှိမ့်ချနေတာပဲ…"
"ကိုရင်လေးကျန်းတင်…
ကျွန်မရဲ့သိုင်းပညာက နံပါတ်(၉)မျောက်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ…"
ကွေကျင်းရှုကတော့ သူမ၏အစွမ်းကို သက်သေပြနိုင်ရန် အစွမ်းကုန်ကြိုးစားနေခဲ့သည်။
"ဒကာမလေးကွေက အရမ်းကို ထူးခြားပါတယ်။ ဒီလိုအသက်အရွယ်မျိုးနဲ့ ဒီလိုအစွမ်းမျိုး ပိုင်ဆိုင်ထားတယ်။ ဒကာမလေးကွေက နံပါတ်(၉)မျောက်ကို ယှဉ်နိုင်ပါတယ်။ ဒါပေမယ့် သူက အရမ်းကို ကောက်ကျစ်စဉ်းလဲတယ်။ ပြီးတော့ သူ့ဆီမှာသိုင်းလောကအတွေ့အကြုံလည်း ပိုများတယ်။ ဒါကြောင့် သူက အသာစီးရနိုင်တာပါ…"
မုန့်ချီက ပြန်ဖြေလိုက်သည်။
ကွေကျင်းရှုဆီတွင် ချီစုဆောင်းရေးအဆင့် စွမ်းအားများ ရှိနေကြောင်း မုန့်ချီက မြင်နေရသည်။ သူမ၏ဓားသိုင်းကလည်း ဆိုးရွားမှုမရှိဘဲ ကျန်းကျုံးရှန်တို့ စုံတွဲထက် ပို၍ကောင်းမွန်သည်။ သို့သော် သူမက နံပါတ်(၉)မျောက်ကိုတော့ မမီနိုင်ချေ။
သူမ၏စွမ်းအားထိန်းချုပ်ပုံ သိုင်းပညာအတွေ့အကြုံများက အတော်လေးကို လိုအပ်နေသေးသည်။ အကယ်၍ သူတို့ကသာ တိုက်ပွဲထဲ၌ တွေ့ခွင့်ရလျှင် သူမက အသက်ဆုံးရှုံးရမည်ဖြစ်သည်။ သို့သော် မုန့်ချီကတော့ သူမကို ထိုအကြောင်းအရာများ မပြောခဲ့ပေ။
ကွေကျင်းရှု၏ မျက်လုံးများက ဝင်းလက်တောက်ပလာခဲ့၏။
"ငါက တကယ်ပဲ သိုင်းလောကအတွေ့အကြုံနည်းတယ်။ ငါ့မိသားစုက ငါ့ကို သိုင်းလောကမှာ တစ်ယောက်တည်း လျောက်သွားခွင့်မပြုဘူး…"
"သခင်မလေး…
သိုင်းလောက က တကယ်ပဲ အန္တရာယ်များတယ်။ ဘယ်လိုလုပ်ပြီး အိမ်နဲ့ယှဉ်နိုင်မှာလဲ…"
စကားတလုံးမျှဝင်မပြောခဲ့သော ဆံဖြူအကြီးအကဲက ပြောလိုက်သည်။
ကွေကျင်းရှုက နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်၏။
"ဦးလေး…
ကျွန်မတို့ သိုင်းလောကသားတွေက မကောင်းမှုကို တားဆီးဖို့အတွက် သိုင်းလောကမှာ ကျင်လည်ရမှာပဲလေ။ တရားမျှတမှုကို လိုလားပြီး အားနည်းသူကို ကူညီပေးရမယ်လေ။ ဒါမှသာ ကျွန်မတို့သင်ထားတဲ့ စွမ်းရည်တွေကို အသုံးချနိုင်မှာပေါ့။ အိမ်မှာနေတာက ပျင်းစရာကောင်းတယ်။ ဘယ်လိုလုပ်ပြီး သိုင်းလောကကို ယှဉ်နိုင်မှာလဲ…"
ထိုစကားများကို ပြောလိုက်ပြီးနောက် သူမက စကားပြန်ဖြေသည်ကို စောင့်မနေတော့ဘဲ လီရှင်းယုတို့ စုံတွဲကိုကြည့်၍ ပြောလိုက်သည်။
"အစ်မကြီးရှင်းယု…
ဒီနေရာမှာ စကားပြောနေတာက အကြံကောင်းမဟုတ်ဘူးလေ။ မြို့ထဲကို သွားကြစို့.."
ကျန်းကျုံးရှန်၊ လီရှင်းယုနှင့် မုန့်ချီတို့ကလည်း ထိုအကြံပေးချက်ကို လက်ခံလိုက်ကြ၏။ မြို့စားမင်း၏သမီး ဖြစ်နေသည့်အတွက် တံခါးတွင် ရှိနေသော အစောင့်များက သူတို့ကို ပြဿနာမရှာရဲပေ။ တံဆိပ်ပြားကို စစ်ဆေးပြီးနောက် အစောင့်က သူတို့ဝင်သာရုံ တံခါးကို ဟပေးလိုက်သည်။
ထို့နောက် ကျန်းကျုံးရှန်က အနားသို့ ကပ်သွားပြီး တီးတိုးပြောလိုက်၏။
"ကိုရင်လေးကျန်းတင်…
ကျွန်တော်တို့က ကိုရင်လေးရဲ့သိုင်းပညာ လျှို့ဝှက်ချက်တွေကို မဖော်ထုတ်မိဘူးမလား…"
ထိုအရာက မုန့်ချီ၏အတွင်းရေးလျှို့ဝှက်ချက်များဖြစ်ပြီး မုန့်ချီက သူတို့၏ကယ်တင်ရှင်ဖြစ်သည်။ ထို့ကြောင့် သူကတော့ လျှို့ဝှက်ချက်များကို ဖော်ပြခဲ့ခြင်း မရှိချေ။
ထိုအကြောင်းအရာကြောင့် မုန့်ချီက အတော်လေး ဝမ်းသာသွားခဲ့သည်။ မြို့ထဲတွင် ရှိနေသော လမ်းမများက အတော်လေးကျယ်ဝန်းပြီး သန့်ရှင်းနေသည်။ ထိုအရာကိုကြည့်ပြီး မုန့်ချီက မြို့စားမင်း၏စွမ်းရည်ကို ကောင်းမွန်စွာ နားလည်နိုင်သည်။
ခဏကြာ လမ်းလျောက်နေပြီးနောက် ကွေကျင်းရှုက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"ကိုရင်လေးကျန်းတင်က အနောက်ဖက်ကနေ လာခဲ့တာဆိုတော့ အင်မော်တယ်တွေနဲ့ ပတ်သက်တဲ့အရာကို ကြားခဲ့ဖူးလား…"
"အင်မော်တယ်တွေလား…"
သူမ၏မေးခွန်းကို ကြားသည့်အခါ မုန့်ချီက လှမ်းကြည့်လိုက်သည်။
လီရှင်းယုက အပြုံးနှင့် ရှင်းပြလိုက်၏။
"ညီမလေးကျင်းရှုက အင်မော်တယ်တွေနဲ့ ပတ်သက်တဲ့ ပုံပြင်ဒဏ္ဍာရီတွေကို အရမ်းကို စိတ်ဝင်စားတာ…"
"သူတို့တွေက ပုံပြင်တွေ မဟုတ်ပါဘူး…"
ကွေကျင်းရှုက ငြင်းဆန်လိုက်သည်။
သူမ၏ မျက်နှာလေးက နီရဲလာခဲ့၏။
"သိုင်းလောကဂိုဏ်းတွေထဲမှာ ဂိုဏ်းကို တည်ထောင်သူတွေက ဉာဏ်အလင်းပွင့်ပြီး ကောင်းကင်ပေါ်ကို ရောက်သွားတယ်ဆိုတဲ့ မှတ်တမ်းတွေရှိတယ်…"
"ခစ်…ခစ်…ခစ်
လူတိုင်းက သူတို့ရဲ့တည်ထောင်သူဆရာကြီးတွေကို အမွှမ်းတင်ချင်ကြမှာပဲလေ။ သူတို့တွေက ဘယ်နေရာကနေများ ကောင်းကင်ပေါ်ကို တက်သွားတာလဲ ပြောပါဦး…"
လီရှင်းယုက စနောက်၍ ပြောလိုက်သည်။
ကွေကျင်းရှုကလည်း ထိုမေးခွန်းကို အကြိမ်များစွာ စဉ်းစားမိခဲ့၏။ လီရှင်းယု၏ စကားလုံးက သူမကို မြားတစ်စင်းကဲ့သို့ ထိုးနှက်နေခဲ့သည်။
"သေချာပေါက် ကောင်းကင်အဆင့်ကို နေမှာပေါ့။ နှင်းနတ်ဘုရားနန်းတော်ထဲမှာ အဲဒီအဆင့်နဲ့ ပတ်သက်တဲ့မှတ်တမ်းတွေရှိတယ်လို့ ဖတ်ခဲ့ဖူးတယ်…"
မုန့်ချီက နှင်းနတ်ဘုရားနန်းတော်နှင့် မရင်းနှီးကြောင်း သူမက သိသည်။
သူမက ခဏရပ်လိုက်ပြီး ရှင်းပြလိုက်၏။
"နှင်းနတ်ဘုရားနန်းတော်က ပြောတာတော့ သူတို့ရဲ့တည်ထောင်သူက ကောင်းကင်ပေါ်ကို ရောက်သွားပြီး နတ်ဘုရားတစ်ပါး ဖြစ်သွားတယ်လို့ ပြောတယ်။ ပြီးတော့ သူတို့ကို ညွှန်ကြားမှုတွေ အများကြီး ပေးခဲ့တယ်တဲ့…”
“အဲဒါက ကမ္ဘာမြေကြီးမှာရှိတဲ့ စွမ်းအားတွေနဲ့ ပြည့်နေတဲ့နေရာလို့လည်း ပြောနိုင်တယ်။ အဲဒီနေရာကို ရောက်နေတဲ့ လူတိုင်းက အသက်ရှည်ကျန်းမာစွာ နေနိုင်တယ်။ ပြီးတော့ ဆေးပင်တွေကလည်း နေရာတိုင်းမှာ ရှိနေပြီး မကောင်းဆိုးဝါးတွေ၊ တစ္ဆေတွေကတော့ သူတို့ရဲ့အစေခံတွေ ဖြစ်ကြတယ်တဲ့။ အင်မော်တယ်တွေက တောင်တန်းနဲ့ပင်လယ်တွေကို ရွှေ့ပစ်နိုင်ပြီး ကောင်းကင်မှာရှိတဲ့ ကြယ်တွေ လတွေကိုပါ ခူးယူနိုင်တယ်လို့ ပြောကြတာပဲ…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ ကျောင်းထိုင်က တောင်တန်းနဲ့မြစ်များကို ရွှေ့နိုင်ခြင်း ရှိမရှိ သူလည်း သေချာမပြောနိုင်ပေ။
"အဲဒီအရာတွေ ဖြစ်ခဲ့တာ အရမ်းကို ကြာနေပြီဆိုတော့ ပုံပြင်လို ဖြစ်သွားတာလေ။ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း အဲဒီအရာကို သက်သေပြဖို့ ခက်တယ်။ ဘယ်သူကရော အဲဒီအဆင့်ကို ရောက်သွားလို့လဲ…"
ကျန်းကျုံးရှန်ကတော့ အင်မော်တယ်ဒဏ္ဍာရီများနှင့် ပတ်သက်ပြီး စိတ်မဝင်စားသည့်အလား ပြောလိုက်၏။
ကွေကျင်းရှုက သက်ပြင်းချလိုက်မိသည်။
"ကျွန်မသိတယ်။ အဲဒါကြောင့် မှတ်တမ်းတွေကို ဖတ်တဲ့အချိန်တိုင်း စိတ်ထဲမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေခဲ့တာ။ ကျွန်မတို့ဆီမှာ လေတွေ၊ မိုးတွေကို ထိန်းချုပ်နိုင်ပြီး ရေကန်ကို ခဲအောင် လုပ်နိုင်တဲ့ဘိုးဘေးမျိုးတောင် မရှိတော့တာ နှမြောဖို့ကောင်းတယ်လို့ တွေးမိတယ်…”
“ဒါပေမယ့် အဲဒါက ငါတို့လည်း ဘာမှမလုပ်နိုင်ဘူးလေ။ သိုင်းပညာလမ်းကြောင်းက လျှို့ဝှက်အခန်း(၃)ခုမှာပဲ ရပ်သွားတာ မဟုတ်လား…။ ညီမလေးကျင်းရှု ဒဏ္ဍာရီတွေကို ယုံမနေပါနဲ့။ လွန်ခဲ့တဲ့နှစ်(၁၀၀)အတွင်း ဘယ်သူကရော လျှို့ဝှက်အခန်း(၃)ခုကို ဖြတ်ကျော်နိုင်ခဲ့လို့လဲ။ အဲဒါနဲ့ ပတ်သက်ပြီး သဲလွန်စရောရှိလို့လား…"
လီရှင်းယုက ကွေကျင်းရှု၏ဆံပင်လေးများကို သပ်ပေးရင်း ပြောလိုက်သည်။
ကွေကျင်းရှုက ခေါင်းခါပြီး ပြောလိုက်၏။
"လျှို့ဝှက်တံခါး(၃)ခုကို ဖြတ်ကျော်န်ုင်တဲ့နည်းလမ်း ရှာတွေ့ထားတယ်လို့ နှင်းနတ်ဘုရားနန်းတော်က ဝန်ခံထားတယ်။ အဲဒါက လူသားနဲ့ကောင်းကင်အဆင့် သတ်မှတ်ချက်ကို ချိုးဖောက်နိုင်တဲ့အရာမျိုးပဲ…"
"ဒါကြောင့်လည်း သူတို့တွေက ရူးသွားပြီး လူတိုင်းနဲ့ ရန်သူဖြစ်နေတာလေ…"
လီရှင်းယုကတော့ ကွေရှင်းယု၏စကားကို မယုံတဝက် ယုံတဝက် ဖြစ်နေသည်။
ကွေကျင်းရှုကတော့ ဆူပုပ်ပုပ်မျက်နှာနှင့် ဆက်ပြောလိုက်၏။
"ဒါကြောင့်လည်း လျှို့ဝှက်အခန်းနဲ့ ပတ်သက်ပြီး နှင်းနတ်ဘုရားနန်းတော်ရဲ့ မှတ်တမ်းတွေကို အရမ်းဖတ်ချင်နေတာ။ ဒါပေမယ့် သူတို့တွေက ပျောက်နေတာ တော်တော်လေးကြာပြီ။ အခုတော့ ဘယ်သူမှ ရှာမတွေ့တော့ဘူး…"
"အဲဒါတွေကို ဖတ်ဖို့ အခွင့်အရေးမရှိတာတော့ မဟုတ်ပါဘူး။ ညီမလေးကျင်းရှု.. ငါတို့ရဲ့နောက်ကို တိရစ္ဆာန်(၁၂)ကောင်က ဘာလို့လိုက်နေလဲ ဆိုတာသိလား…" လီရှင်းယုက ခေါင်းစဉ်ပြောင်း၍ မေးလိုက်သည်။
"ဘာလို့လဲ…"
ကွေကျင်းရှုက ရုတ်တရက်စိတ်ဝင်စားလာပြီး ပြန်မေးလိုက်သည်။
"ဘာလို့ဆိုတော့ ငါတို့က ရတနာမြေပုံတစ်ခုကို ရလာလို့ပဲ။ အဲဒါက နှင်းနတ်ဘုရားနန်းတော်ရဲ့ လျှို့ဝှက်ရတနာမြေပုံလေ…"
လီရှင်းယုက အံကြိတ်၍ ပြန်ဖြေလိုက်သည်။
"တကယ်လား အစ်မကြီးရှင်းယု ..၊ ကျွန်မကိုပြလို့ရမလား…"
ကွေကျင်းရှုက အလွန်အံ့ဩပြီး ဝမ်းသာသွားခဲ့သည်။
"သခင်မလေး…
ဒီနေရာမှာ လူတွေ အများကြီးရှိနေတယ်။ ကျွန်တော်တို့က အိမ်မှာပဲပြောတာ ပိုကောင်းမယ်…"
ဦးလေးဟယ်က သူတို့ကိုသတိပေးလိုက်ပြီး မုန့်ချီကို သတိနှင့်ကြည့်လိုက်သည်။
ကျန်းကျုံးရှန်က ရယ်၍ ပြောလိုက်၏။
"ကိုရင်လေးကျန်းတင်က ဒီကိစ္စကို သိပြီးပါပြီ။ ဒါပေမယ့် သူကတော့ လောဘမရှိတဲ့ သူတော်စင်တစ်ယောက်ပါ…"
မုန့်ချီက အေးစက်စွာ ပြောလိုက်သည်။ သူကတော့ ထိုခေါင်းစဉ်ကို ဆက်မပြောချင်တဲ့အတွက် သက်ပြင်းချပြီး ပြောလိုက်၏။
"လေတွေ မိုးတွေကို ထိန်းချုပ်နိုင်တဲ့ အင်မော်တယ်တွေ အကြောင်းဆိုရင်တော့ ငါ့မျက်လုံးနဲ့ မြင်ခဲ့ဖူးတယ်…"
"ဘယ်လို…"
ကွေကျင်းရှုက အလွန်ထိတ်လန့်အံ့ဩသွားသောပုံစံနှင့် မုန့်ချီကို ကြည့်လိုက်သည်။
လီရှင်းယုတို့ စုံတွဲကပင် အလွန်ထိတ်လန့်သွားကြပြီး သူတို့နှစ်ယောက်လုံးက သံယဝင်နေကြသည်။
ကလေးများက အချင်းချင်း စနောက်နေသည်ဟု ထင်နေသည့်အတွက် ဦးလေးဟယ်က ခေါင်းပင် ငဲ့မကြည့်ခဲ့ပေ။
"အနောက်ဖက်မှာ လေတွေ မိုးတွေကို ထိန်းချုပ်နိုင်တဲ့ အင်မော်တယ် တစ်ယောက်ကို မြင်ဖူးခဲ့တယ်…"
မုန့်ချီက ပြောလိုက်သည်။
"တကယ်ပဲလား။ သူက ဘယ်လိုမျိုးလဲ…"
ကွေကျင်းရှုက မေးလိုက်သည်။ သူမ၏မျက်နှာလေးက နီရဲနေခဲ့၏။ သူမက (၅၀)ရာခိုင်နှုန်းခန့် ပျော်ရွှင်နေခဲ့ပြီး (၄၀)ရာခိုင်နှုန်းခန့် စိတ်လှုပ်ရှားနေခဲ့သည်။ (၁၀)ရာခိုင်နှုန်းခန့်ကတော့ သံသယဝင်နေခဲ့၏။
ရှေ့တွင် ပျားပန်းခတ်မျှ လှုပ်ရှားနေခဲ့သော လူအုပ်ကြီးကိုကြည့်ပြီး မုန့်ချီက ဖြေလိုက်၏။
"သူက ခုထိကောင်းကင်ပေါ်ကို မရောက်သေးပါဘူး။ သူက အစစ်အမှန်အင်မော်တယ်လည်း မဟုတ်ဘူး။ သူက သူ့ရဲ့စွမ်းအားကို ပြသခဲ့တဲ့အချိန် အနားမှာ လေတွေ တိုက်ခတ်လာတယ်။ အနက်ရောင်တိမ်တိုက်တွေ စုစည်းလာတယ်။ မိုးကြိုးနဲ့လျှပ်စီးတွေ ကျလာပြီး မိုးတွေလည်း ရွာလာတယ်။ သူရဲ့လက်သီးချက်တိုင်းက သဘာတရားကြီးနဲ့ ပေါင်းစပ်ထားတဲ့အတွက် အတော်လေးကို ကြောက်စရာကောင်းတယ်…"
"ဒါ... ဒါက ငါဖတ်ဖူးတာတွေနဲ့ လုံးဝဆင်တူပဲ။ သူတို့တွေက တကယ်ရှိတယ်…"
ကွေကျင်းရှုကတော့ အလွန်စိတ်လှုပ်ရှားနေသော အမူအရာနှင့်ပြောလိုက်၏။
"ကိုရင်လေးကျန်းတင်…
ကိုရင်လေးက အဲဒီအင်မော်တယ်တွေနဲ့ တွေ့ခဲ့ဖူးလား…"
"သေချာပေါက်တွေ့ခဲ့တယ်။ သူက အသတ်ခံလိုက်ရတာကို တွေ့ခဲ့ရတယ်…"
မုန့်ချီက စဉ်းစားပြီး ဆက်ပြောလိုက်သည်။
"ဒါပေမယ့် ငါလည်း တခြားအင်မော်တယ်နဲ့ ပတ်သက်တာတွေကို ကြားခဲ့ဖူးပါတယ်။ အင်မော်တယ်နှစ်ယောက် တိုက်ခိုက်နေတဲ့ အချိန်ရလဒ်ကြောင့် မိုင်(၁၀၀)လောက်ရှိတဲ့ ကွင်းပြင်ကြီးမှာသွေးရောင်လွှမ်းပြီး ရေကန်တွေက အေးခဲသွားခဲ့တယ်…"
"မိုင်(၁၀၀)လောက် သွေးရောင်လွှမ်းပြီး ရေပြင်ကြီးက ခဲသွားတာလား…" ကွေကျင်းရှုက ပြန်မေးလိုက်ပြီး အံ့ဩစရာကောင်းသော မြင်ကွင်းကို ပုံဖော်ကြည့်နေပုံရသည်။
ကျန်းကျုံးရှန်နှင့်လီရှင်းယုတို့ကတော့ ပြန်လည်တည်ငြိမ်သွားကြပြီဖြစ်သည်။ မုန့်ချီကတော့ ကွေကျင်းရှု ပျော်ရွှင်စေရန် ပုံပြင်တစ်ပုဒ် ဖန်တီး၍ ပြောနေသည်ဟု ထင်နေကြ၏။ သို့သော် သူက ဘာလုပ်ချင်နေသနည်း။ သူက မြို့စားမင်းကွေ၏ အလေးထားမှုကို လိုချင်နေခြင်းပေလော။
ခဏကြာ ရေရွတ်နေပြီးနောက် ကွေကျင်းရှုက မုန့်ချီကို အသေးစိတ် မေးခဲ့သည်။ မုန့်ချီကတော့ ထိုအရာကို ကိုယ်တိုင်မြင်တွေ့ခဲ့ခြင်း ဖြစ်သည့်အတွက် သူပြောသည့်အရာတိုင်းက အစစ်အမှန်ဖြစ်သည်။ လီရှင်းယုနှင့် ကျန်းကျုံးရှန်တို့ကပင် မသေမချာ ဖြစ်လာနေခဲ့ကြသည်။ ထိုပုံပြင်က ဖန်တီးထားသည်ဆိုလျှင်ပင် အလွန်စစ်မှန်နေခြင်း မဟုတ်ပေလော။
ဦးလေးဟယ်ကသာ အမူအရာမပျက် ရှိနေသည်။ လူငယ်လေးများက အပျော်သဘော ပြောဆိုနေခြင်းဟုသာ တွေးထား၏။
"တကယ်လို့ အင်မော်တယ်တွေသာ တကယ်ရှိမယ်ဆိုရင် လျှို့ဝှက်အခန်း(၃)ခုပြီးရင် ဘာလို့နောက်ထပ် လမ်းကြောင်းမရှိတော့တာလဲ…"
ကွေကျင်းရှုက မေးလိုက်သည်။
သူမက စာတတ်ပေတတ်မိသားစုတစ်ခုမှ ဖြစ်သည့်အတွက် စာပေဗဟုသုတ ပြည့်စုံလှသည်။ မုန့်ချီက ဖြေနိုင်လိမ့်မည်ဟု သူမက မထင်ထားခဲ့ပေ။
"ဒါကတော့ အတွင်းအပြင်ပေါင်းစပ်ရာမှာ လိုအပ်ချက်တွေ ရှိလို့နေမှာပေါ့…"
မုန့်ချီက ကျန်းကျိဝေနှင့် တခြားလူများ၏ စကားကို ပြန်ဖြေလိုက်သည်။
"ဒါက တော်တော်လေးကို စိတ်ဝင်စားစရာကောင်းတာပဲ…"
ကွေကျင်းရှုက မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး သိပ်မကြာခင် အပြုံးနှင့် ပြောလိုက်သည်။
ကျန်းကျုံးရှန်နှင့် လီရှင်းယုတို့ကတော့ ထိုအဓိပ္ပါယ်ကို နားမလည်နိုင်ကြပေ။ ထို့ကြောင့် သူတို့ကတော့ ပြုံး၍သာနေကြ၏။
သို့သော် ဦးလေးဟယ်၏ မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခဲ့သည်။ သူက တီးတိုးရေရွတ်လိုက်၏။
"အတွင်းအပြင် ပေါင်းစပ်မှုလား။ အတွင်းအပြင်ပေါင်းစပ်တယ်ဆိုတာက ဘယ်လိုမျိုးလဲ။ သူတို့ကို ဘယ်လိုပေါင်းစပ်ရမှာလဲ…"
သူက မုန့်ချီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။
ကွေကျင်းရှုကလည်း အလွန်စိတ်ဝင်စားစရာကောင်းသော ခေါင်းစဉ်ကိုဆက်၍ မေးနေခဲ့သည်။
"ကိုရင်လေးကျန်းတင် …
အဲဒီအင်မော်တယ်က ဘယ်ကိုသွားခဲ့တာလဲ…"
"သူက သေဆုံးခြင်းလမ်းကြောင်းကို ရောက်သွားပြီ…"
မုန့်ချီက ရိုးရိုးသားသား ဖြေခဲ့သည်။
"ဘယ်လို …အင် ..အင်မော်တယ်တွေက သေနိုင်တာလား…”
ကွေကျင်းရှုက ထိတ်လန့်တကြား ပြန်မေးလိုက်၏။
မုန့်ချီက အပြုံးနှင့်ပြန်ဖြေလိုက်သည်။
"သူက အခုချိန်ထိ ကောင်းကင်ပေါ်ကို မရောက်သေးပါဘူး။ ဒါကြောင့် အစစ်အမှန်အင်မော်တယ်လို့ သတ်မှတ်လို့မရဘူး…"
သူက သူမကို စကားပြောသည့်အချိန်တွင် အလွန်သတိထားခဲ့သည်။
“ဒါပေမယ့်…”
ကွေကျင်းရှုက ခဏကြာ ဆွံ့အနေပြီး ဘာဆက်ပြောရမှန်း မသိတော့ပေ။ သူမက အပြုံးနှင့် ပြောလိုက်၏။
"ကိုရင်လေးကျန်းတင် သေသွားပြီဆိုတဲ့ စကားလုံးက ဘုန်းတော်ကြီးတစ်ပါး ပြောတဲ့ပုံစံနှင့် မအပ်စပ်ဘူး ထင်တယ်နော်…"
ထိုအရာက တာအိုအသုံးအနှုန်းမျိုးဖြစ်သည်။ မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ဒကာမလေးကွေ..
စကားလုံးအခေါ်အဝေါ်တွေက ဘာများထူးခြားလို့လဲ ..မဟုတ်ဘူးလား"
ကွေကျင်းရှုကတော့ အတော်လေး ဇဝေဇဝါဖြစ်နေခဲ့၏။
မုန့်ချီကတော့ ပြန်ဖြေခဲ့သည်။
"အဲဒါက ပန်းချီကားတစ်ချပ်ပေါ်မှာ အရောင်တွေကို ပက်လိုက်သလိုပဲလေ။ အဆင်မပြေဘူးဆိုတဲ့ အရာမှမရှိတာ…"
ထိုအချိန်တွင် သူက စားသောက်ဆိုင်ထဲမှ ထွက်လာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူ၏နဖူးပေါ်တွင် ထင်ရှားသော အသားပိုတစ်ခုရှိနေပြီး ထူးခြားသောလက္ခဏာများ ရှိသည်။
"ဒကာမလေးကွေ …
အဆင်မပြေဘူးဆိုတဲ့အရာကို ဘယ်လိုများ အဓိပ္ပါယ်ဖွင့်ဆိုတာလဲ…"
ပြောပြီးသွားသည်နှင့် သူက စားသောက်ဆိုင်ထဲမှ ထွက်လာသော လူဆီသို့ လျှောက်သွားခဲ့သည်။ ထို့နောက် လက်အုပ်ချီ၍ တီးတိုးပြောလိုက်၏။
"အော်မီတော်ဖော်…
ဒကာကြီး ဒကာကြီးရဲ့နဖူးပြင်က မည်းမှောင်နေတာကို တွေ့ရတယ်…"
Translated by Hein Htet.