#မင်းဘာလို့သူတို့လျှို့ဝှက်နယ်မြေကိုထပ်ပြီး ချွတ်ယွင်းသွားအောင် လုပ်ရပြန်တာလဲ#
Vol. 40 Ch. 566
ရှီရှန်းအာကာသမုန်တိုင်းထဲတွင် ကျသွားပြီးနောက် ရင်းနှီးနေသည့်အော်ရာတခု၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။
ပရမ်းပတာကြယ်မှတ်တမ်းကို မသိစိတ်ကလှည့်ပတ်ပြီးနောက်တွင် သူ့ဒန်တျန်ထဲက ကြယ်ဗဟိုချက်က အစွမ်းထက်ကြယ်စွမ်းအားကို အလိုအလျောက်ထုတ်လွှတ်ကာ ရှီရှန်းအား အလေးအနက်ကာကွယ်ပေးပြီး နေရာတခုဆီသို့ဆွဲဆောင်သွားသည်။
ရှီရှန်းနိုးထလာသောအခါ သူ့ကိုယ်သူ ကြီးမားသည့်ခန်းမတခုထဲသို့ ရောက်နေတာကိုတွေ့လိုက်ရသည်။
သူ့ရှေ့တွင် ဥက္ကာခဲအသွင်ကျောက်တုံးကြီးတစ်တုံးရှိသည်။
ပထမက ကျောက်တုံးကနေတုံ့ပြန်မှုမရှိပေ။ ထိုအချိန်က ရှီရှန်း သူ့စီနီယာအစ်ကိုများနှင့် တွေ့ရန်အတွက် အတော်လေး စိုးရိန်ပူပန်နေခဲ့သည်။
သို့စေကာမူ သူခန်းမထဲကနေ ထွက်သွားချင်သော်လည်း သူမည်သည့်နေရာသို့သွားပါစေ၊ ထိုလျှို့ဝှက်ဆန်းကြယ်သည့်အားတခုက သူ့ကိုထိန်းချုပ်ထားသည်။
ဘယ်အခန်းလဲ၊ ဘယ်လမ်းကြောင်းလဲ!
အဆုံးသတ်တွင် အားလုံးက ထိုဧရာမကျောက်တုံးရှေ့က ခန်းမဆီသို့သာ ဦးတည်နေသည်။
နောက်ပိုင်းတွင် ဒီနေရာ၌ ပုံရိပ်ယောင်အခင်းအကျင်းတခုတပ်ဆင်ထားပြီး သူကချိုးဖျက်ရန်အထိ အားမကောင်းပေ။
ထို့ကြောင့်ကျင့်ကြံရန်အတွက် သူပရမ်းပတာကြယ်မှတ်တမ်းကို စတင်လှည့်ပတ်သည်။
ပရမ်းပတာကြယ်မှတ်တမ်းကိုလှည့်ပတ်ပြီးနောက် အလွန်အမင်းသိပ်သည်းသည့် ကြယ်စွမ်းအားက ရှီရှန်းကိုယ်၌ စုဝေးလာကြ၏။
ဒါကသူ့ကိုအတော်လေးပျော်သွားစေသည်။
ဒီနေရာကကြယ်စွမ်းအားက တခြားနေရာများထက် အဆပေါင်းများစွာ ပိုကြွယ်၀သည်ဟုဆို၍ရသည်။
အချိန်ကာလတခုအကြာတွင် ရှီရှန်း ကြယ်တာယာဒန်တျန်၌ ဒုတိယကြယ်ကို အောင်မြင်စွာ ထွန်းလင်းနိုင်ခဲ့သည်။
သူ့ခွန်အားကလည်း တာအိုနယ်ပယ်အထွတ်အထိပ်အဆင့်သို့ ထိုးတက်သွားခဲ့ပြီး သူ့ရုပ်ခန္ဓာကလည်း သိသိသာသာပင် တိုးလာသည်။
ထိုအချိန်တွင် ကျောက်တုံးကြီးက ရှီရှန်း၏ ကြယ်တာယာကောင်းကင်ဒန်တျန်၌ အမှန်တကယ်ပေါ်လာခဲ့သည်။
ဒုတိယကြယ်အထက်က ထုတ်လွှတ်သည့် ကြယ်စွမ်းအားနှင့်အလင်းက အတူတကွရောစပ်သွားကြသည်။
ထိုကဲ့သို့အရာများစွာရှိလာပြီးနောက် ယခုလိုဖြစ်ပျက်လာခဲ့ခြင်းပင်။
ဝိဉာဉ်စွမ်းအားက ရှီရှန်း၏အားသာချက်မဟုတ်ပေ။
ကြယ်ပုံစံကွက်များကို ထွင်းထုရန်အတွက် သူဝိဉာဉ်စွမ်းအားကိုသုံးနေစဉ် ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကလည်း သူ့ဝိဉာဉ်စွမ်းအားကိုစုပ်ယူနေသဖြင့် သူ့ကုန်ခမ်းနှုန်းက မည်သို့မည်ပုံမမြန်ဘဲနေတော့မည်နည်း။
ထိုအချိန်တွင် ဝိဉာဉ်ကိုခြေရာခံရင်း ယဲ့ချိုးပိုင်တို့သုံးယောက်က ရှီရှန်း၏တည်နေရာကိုတွေ့သွားကြသည်။
ကြယ်ဗဟိုချက်ကိုမြင်သောအခါ ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာက အထူးတလည်စိတ်လှုပ်ရှားနေပြီး မုဖူရှန်း၏ထိန်းချုပ်မှုကနေ လွတ်မြောက်အောင်ကြိုးစားရင်း တုန်ခါနေလေသည်။
မည်သို့ပင်ဆိုစေကာမူ ကြယ်ဗဟိုချက်ထဲကကြယ်စွမ်းအားက အကြွင်းမဲ့ကျစ်လျစ်သိပ်သည်းနေသည်မဟုတ်ပေလော။
ဒါက ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာအတွက် ကြီးမားသည့်သွေးဆောင်မှုတခုပင်။
ယဲ့ချိုးပိုင် ထိုဧရာမကျောက်တုံးကြီးကိုကြည့်ရင်း တခဏမျှတွေးလိုက်မိသည်။
"ကြယ်ဗဟိုချက်လား"
ထိုအချိန်က ရှီရှန်းကသူတို့ကို ခွန်းလွန်ကောင်းကင်ဘုံရေကန်အောင်တွင် သူဖိနှိပ်ခဲ့သည့် အတွင်းကြယ်ဗဟိုချက်အကြောင်းကို ပြောခဲ့သည်။
ထို့ကြောင့်သူသိတာကပုံမှန်သာ။
"ကြည့်ရတာ ရှီရှန်းက ဒီကြယ်ဗဟိုချက်ကို သန့်စင်နေပုံပဲ..."
ရှီရှန်း၏လှုပ်ယမ်းနေသည့်ကိုယ်ခန္ဓာကို ကြည့်ရင်း မုဖူရှန်းစိုးရိမ်တကြီးပြောသည်။
"ဒီလိုအခြေအနေမှာ ဒါကိုသန့်စင်ဖို့ဆိုတာက ခက်ခဲနေလိမ့်မယ်..."
ရှီရှန်း၏ ကိုယ်တဝိုက်တွင် လှည့်ပတ်နေသည့်ဝိဉာဉ်စွမ်းအားသို့မဟုတ် ကြယ်စွမ်းအားဖြစ်စေ အလွန်အမင်းပါးလွှာကာ ကြည်လင်နေပြီး အကန့်အသတ်ကို တဖြည်းဖြည်းချဉ်းကပ်နေသည်။
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင် ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကို လက်ညိုးထိုးပြသည်။
"အရင်က နီဂုနဲ့တခြားနှစ်ယောက်က ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကို ဒီကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေက ကြယ်စွမ်းအားကိုစုစည်းဖို့အတွက် အသုံးပြုခဲ့တယ်၊ သူတို့ကဒါကိုစုပ်ယူဖို့အတွက် သုံးခဲ့တာဖြစ်ရမယ်"
"ဒီတော့ ကြယ်စွမ်းအားကို ရှီရှန်းကိုယ်ထဲကိုလွှဲပြောင်းပေးရမယ်၊ ဒါကအလုပ်ဖြစ်လောက်တယ်"
မုဖူရှန်းကလည်းဒါကိုတွေးမိသဖြင့် ခေါင်းညိတ်ကာ ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကို ရှီရှန်းဘေးတွင် ချထားလိုက်သည်။
ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာတွင် မုဖူရှန်း၏ နတ်ဝိဉာဉ်အမှတ်အသားရှိနေပြီဖြစ်လေရာ ဒါကသူ့အပိုင်ဖြစ်ပြီး သူစိတ်ကြိုက်ထိန်းချုပ်၍ရသည်။
ချက်ချင်းဆိုသလို သူဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကိုထိန်းချုပ်ရင်း အထဲက ကြယ်စွမ်းအားကို ရှီရှန်းအား အားဖြည့်ပေးရန်အတွက် ထုတ်လွှတ်လိုက်၏။
မူလက ကြည်လင်နေသည့် ရှီရှန်းကိုယ်ထဲက ကြယ်စွမ်းအားက ထိုအခိုက်အတန့်၌ ထိုးတက်လာသည်။
"ကြယ်စွမ်းအားကမလုံလောက်သေးဘူး.."
မုဖူရှန်းမျက်မှောင်ကြုတ်ရင်း နောက်လက်တစ်ဖက်ကို ရှီရှန်းခေါင်းပေါ်တင်လိုက်၏။
အင်မော်တယ်ဝိဉာဉ်သခင်တစ်ဦး၏ ဝိဉာဉ်စွမ်းအားက ရှီရှန်း၏ခေါင်းထိပ်ကနေ အထဲသို့လောင်းထည့်ခံလိုက်ရသည်။
ဝိဉာဉ်စွမ်းအားက တခြားတယောက်ကိုယ်ထဲတိုက်ရိုက်၀င်ရောက်နိုင်ပြီး တဘက်လူအတွက် အာဟာရဖြစ်လာနိုင်သည့် ကြယ်စွမ်းအားနှင့် ဝိဉာဉ်ချီနှင့်မတူညီသော်လည်း ရှီရှန်းအား သူ့ဝိဉာဉ်စွမ်းအားကို ယာယီသုံးနိုင်ရန်အတွက် ငှားယမ်းနိုင်ပါသည်။
သို့စေကာမူ ဝိဉာဉ်စွမ်းအားငှားယမ်းခြင်းက နှစ်ဘက်စလုံးကနေ အကြွင်းမဲ့ယုံကြည်မှုမျိုးလိုအပ်သည်။
မည်သို့ပင်ဆိုစေကာမူ ဝိဉာဉ်ထဲတွင် လူတစ်ယောက်၏အမှတ်အသား၊ မှတ်ဉာဏ်များနှင့် မူလစွမ်းအားအစရှိသည့် အရာများစွာရှိသည်။
ဒီအားဖြည့်မှုနှစ်ခုနှင့်အတူ ရှီရှန်းကိုယ်က လှုပ်ယမ်းနေခြင်းကနေရပ်သွားသည်။
သူ့ဒန်တျန်ထဲတွင် ထိုစွမ်းအားကိုခံစားမိသဖြင့် ရှီရှန်းအနည်းငယ်ကြက်သေသေသွားသည်။
ကြယ်စွမ်းအားအတွက် ဘယ်သူတာ၀န်ရှိသလဲဆိုတာ သူမသိရပေ။
သို့စေကာမူ ဒီဝိဉာဉ်စွမ်းအားနှင့် သူအတော်လေးရင်းနှီးပါသည်။
သူခေါင်းငုံ့ကာ ပြုံးလိုက်၏။
သူခေါင်းမော့လိုက်သောအခါ သူ့အနှစ်သာရ၊ စွမ်းအင်နှင့်ဝိဉာဉ်က မူလအမြင့်ဆုံးသို့ပြန်ရောက်လာပြီး သူက ပုံမှန်ထက်ပင်ပို၍အားကောင်းလာသည်။
ရှီရှန်းလက်မြှောက်ကာ စတင်ထွင်းထုပြန်သည်။
အချိန်ကတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပြီး ကြယ်ဗဟိုချက်ပေါ်ရှိ ခရမ်းရောင်ပုံစံကွက်များက ဖြည်းဖြည်းချင်းစတင်ပြီးပြည့်စုံလာသည်။
နောက်ဆုံးခုနှစ်ရက်မြောက်တွင် ကြယ်ဗဟိုချက်က ရှေးဆန်ပြီးဆန်းကြယ်သော ခရမ်းရောင်ပုံစံကွက်များဖြင့် အပြည့်အ၀ဖုံးလွှမ်းသွား၏။
ကြယ်စွမ်းအားစီးကြောင်းများက ကြယ်တာယာမုန်တိုင်းတခုအဖြစ်ပြောင်းလဲသွားပြီး ရှီရှန်းဒန်တျန်အားတိုက်ခတ်ကာ သူ့ဒန်တျန်အထက်တွင် ဒုတိယကြယ်အဖြစ် ပြောင်းသွားသည်။
တချိန်တည်းမှာပင် ခန်းမထဲတွင် ရှီရှန်းရှေ့က ကြီးမားသည့်ကျောက်တုံးကြီးကလည်း ကြယ်စွမ်းအားဖြင့်ပေါက်ကွဲသွားပြီး မုန်တိုင်းဝဲဂယက်တခုအဖြစ်ပြောင်းလဲသွား၏။ မုန်တိုင်းမျက်လုံးဖြစ်သည့် ရှီရှန်းနှင့်အတူ ဒါကသူ့ကို၀န်းရံပစ်သည်။
ယဲ့ချိုးပိုင်တို့သုံးယောက် ဒီမြင်ကွင်းကို မြင်သောအခါ သူတို့သက်တောင့်သက်သာပြုံးရင်း ဘေးသို့ဆုတ်သွားကြသည်။
ရက်တ၀က်ခန့်ကြာပြီးနောက်မှသာ ဝဲဂယက်ကဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
တချိန်တည်းမှာပင် ရှီရှန်း၏နယ်ပယ်က အံ့ဩသင့်စရာကောင်းသည့်အမြန်နှုန်းဖြင့် ထိုးတက်လာခဲ့သည်။
သွေးပြောင်းလဲခြင်းနယ်ပယ်တ၀က်အဆင့်!
သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်!
၎င်းက သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကိုရောက်သောအခါမှသာ ရပ်သွားသည်။
ထိုအချိန်တွင် ရှီရှန်းမျက်လုံးများကိုဖွင့်လိုက်၏။
ယဲ့ချိုးပိုင်တို့သုံးယောက်ကြည့်လိုက်သောအခါ သူ့၏မျက်သူငယ်အိမ်များက အဆုံးမဲ့ကြယ်တာယာကောင်းကင်တခုပမာ နက်ရှိုင်းနေတာကိုတွေ့လိုက်ရသည်။
ထို့ထဲတွင် ကြယ်တာယာကောင်းကင်တခုလုံးအတွင်း စုပ်ယူခံထားရသည့်အလား မရေမတွက်နိုင်လောက်သည့်ကြယ်များရှိသည်။
ရှီရှန်းထရပ်ကာ ယဲ့ချိုးပိုင်တို့သုံးယောက်အားကြည့်ပြီး ပြုံးရင်းခေါင်းကုတ်သည်။
"အစ်ကိုကြီး၊ အစ်ကိုလေး၊ ညီလေးမု၊ ဘာလို့ဒီမှာရှိနေကြတာလဲ"
ယဲ့ချိုးပိုင်ပြုံးသည်။
"ဆရာမင်းတည်နေရာကို ရှာတွေ့ခဲ့တယ်"
"မိစ္ဆာနယ်မြေကရော"
မုဖူရှန်းလက်အစုံကိုဆန့်တန်းလိုက်၏။
"အားလုံးကိုကိုင်တွယ်ပြီးပြီ"
ထိုစကားကိုကြားသောအခါ ရှီရှန်းခါးသီးစွာပြုံးသည်။
ကြယ်ဗဟိုချက်ကိုစုပ်ယူပြီး သူ့ခွန်အား အကြီးအမားတိုးတက်လာသောအခါ သူကူညီပေးချင်ခဲ့ခြင်းဖြစ်သည်။
အဆုံးသတ်တွင် သူပြီးသောအခါ ဒါတွေအားလုံးကဖြေရှင်းပြီးသွားလေပြီ။
ဒါ့အပြင် သူကိုယ်တိုင်ကပင် သူ့အစ်ကိုများကို ကူညီခိုင်းစေခဲ့သည်။ ယခုတွင်မူ သူကပဲ သူတို့ကို တားဆီးထားပုံရသည်။
ယဲ့ချိုးပိုင်ပြုံးသည်။
"ဒါကိုကိုင်တွယ်ပြီးသွားပြီဆိုတော့ ထပ်တွေးနေစရာမလိုတော့ဘူး၊ အရင်ဆုံးထွက်ကြရအောင်၊ ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေက ပိတ်တော့မယ်"
သုံးယောက်လုံးခေါင်းညိတ်ကြသည်။
သူတို့ထွက်လာသည်နှင့်တပြိုင်နက် ကြယ်တာယာကောင်းကင်၏လျှို့ဝှက်နယ်မြေက ပြောင်းလဲသွား၏။
ရဲတိုက်ကလည်း ထင်ယောင်ထင်မှားပမာဖြစ်လာပြီး ပျောက်ကွယ်တော့မယ်ဆိုတာ ထင်ရှားနေသည်။
ပတ်ပတ်လည်ကကြယ်များကလည်း ကြယ်စွမ်းအားများကို ဆုံးရှုံးလိုက်ကြရပြီး ကြယ်တာယာကောင်းကင်၌ တွဲလွဲခိုကာ မှိတ်တုတ်မှိတ်တုတ်လင်း၀င်းနေသည့် သာမန်ကြယ်များပမာဖြစ်လာကြသည်။
မုဖူရှန်း ထိုမြင်ကွင်းကိုကြည့်ရင်း ခါးသီးစွာပြုံးသည်။
"ကောင်းပြီ၊ ကျွန်တော်တို့နီဂုတို့သုံးယောက်ကို မတိုက်ခိုက်ခဲ့ရင်တောင် ပြဿာနာကြီးတခုထဲရှိနေပြီ"
မှန်ပေသည်။ ဒါက ကြယ်တာယာဗိမာန်၏ လျှို့ဝှက်နယ်မြေအမွေအနှစ်ကို တိုက်ရိုက်ပျက်စီးသွားစေသည်။
ဒါ့အပြင် အမွေအနှစ်ကိုရသွားသောသူကလည်း သူတို့ကြယ်ဗိမာန်က လူတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် သူတို့ကို မရှာရန်ဟူသည်မဖြစ်နိုင်ပေ။
မုဖူရှန်းပြောသည်။
"ကျွန်တော်တို့နောက်ပိုင်းထွက်တဲ့အခါကျရင် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်နည်းစနစ်နဲ့ ထွက်ပြေးဖို့အတွက် ပြင်ဆင်ရကောင်း ပြင်ဆင်ထားရနိုင်တယ်"
အပိုင်း(567) coming။