#ဗိမာန်တော်၏တိုက်ခိုက်မှု#
Vol. 40 Ch. 567
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေထဲက ပြောင်းလဲမှုများက ဗိမာန်တော်က တပည့်များ၏အမူအရာများကို ပြောင်းလဲသွားစေသည်။
ပထမက ကြယ်စွမ်းအားက သိသိသာသာကျဆင်းသွားပြီး ဖိနှိပ်ခြင်းစွမ်းအားကို လျော့ကျသွားစေသည်။
ထို့နောက် သူတို့၏ဝိဉာဉ်စွမ်းအားက တခုခု၏ ဆွဲယူခြင်းကိုခံရသည့်အလား ရှင်းပြ၍မရနိုင်အောင် ပျောက်ကွယ်သွားသည်။
ယခုတွင်မူ ကောင်းကင်ပေါ်ရှိ ကြယ်လေးလုံးမှ ထုတ်လွှတ်သည့်အလင်းက ပိုမိုအားနည်းလာပြီး ကြယ်စွမ်းအားကလည်း လုံး၀ပျောက်ကွယ်သွားခဲ့သည်။
ဒီပြောင်းလဲမှုအားလုံးက သူတို့ကို အတော်လေးဝေခွဲမရဖြစ်စေသည်။
သူတို့ဝေခွဲမရဖြစ်နေသော်လည်း လူတိုင်းက ကြယ်တာယာကောင်းကင်အောက်က ထွက်ပေါက်ဆီသို့ အလွန်မြန်ဆန်သည့်နှုန်းဖြင့် ပြေးသွားကြသည်။
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၏အပြင်ဘက်တွင် ခန်းမသခင်ဟွမ်အို၊ မဟာအကြီးအကဲ၊ ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲနှင့် ဥပဒေစိုးမိုးရေးခန်းမ၏ လက်ထောက်များအားလုံး၏ အမူအရာများကလေးနက်နေကြပြီး ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၏ ၀င်ပေါက်ကိုစိုက်ကြည့်နေကြ၏။
ထိုအချိန်တွင် အလင်းတန်းများကပစ်လွှတ်လာကြသည်။ သူတို့က ဗိမာန်တော်၏ တပည့်များပေတည်း။
ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည့် တပည့်သားများ၏ မျက်နှာများကို မြင်ရသောအခါ ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက အော်ဟစ်သည်။
"အထဲမှာဘာတွေဖြစ်ပျက်ခဲ့တာလဲ"
ကိုယ်ပိုင်တပည့်များအနက် တစ်ဦးက သူတို့တွေ့ကြုံခံစားခဲ့ရတာများကို ပြန်ပြောပြသည်။
ဟွမ်အိုနှင့်မဟာအကြီးအကဲတို့၏ အမူအရာများက ကြည့်ရဆိုးသွားကြ၏။
နတ်ဝိဉာဉ်စုပ်ယူခြင်းနဲ့ ကြယ်စွမ်းအားပျောက်ကွယ်ခြင်းလား!
ထိုအချိန်က ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ တခုခုဖြစ်ပျက်နေပြီဟု ဟွမ်အိုဝေဝါးဝါးခံစားနေရသော်လည်း ဒီမျှထိ ပြင်းထန်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
မဟာအကြီးအကဲကမူ သူလူအုပ်စုကြီးကို အကဲခတ်ကြည့်လိုက်သော်လည်း ပစ်မှတ်ထားသည့်သူများကို မတွေ့ရသဖြင့် မေးလိုက်၏။
"ကောင်းကင်ဘုံဓားတောင်ထိပ်က လူသုံးယောက်ဘယ်မှာလဲ"
တပည့်တစ်ယောက်က တုန်လှုပ်သွားပြီးနောက် ခေါင်းခါယမ်းသည်။
"ကျွန်တော်တို့စ၀င်ကတည်းက အဓိကအုပ်စုနောက်ကပဲလိုက်သွားကြတာပါ၊ ဒါပေမယ့် တခဏအကြာမှာတော့ ကျွန်တော်တို့နေရာတနေရာကို သွားခဲ့ကြပါတယ်"
"မင်းတို့ ချန်းယီ၊ နီဂုနဲ့ ဇောင်ယန်တို့ကို တွေ့ခဲ့ကြလား"
တပည့်အများအပြားကခေါင်းခါယမ်းကြသည်။
"စီနီယာအစ်ကိုချန်းနဲ့ ကျန်တဲ့သူတွေက အစကတည်းကထွက်သွားခဲ့ကြတယ်၊ သူတို့ကိုကြည့်ရတာ အလျင်လိုနေတဲ့ပုံပဲ..."
အလျင်လိုနေတာ!
ဒါက ချန်းယီ၊ နီဂုနှင့်ဇောင်ယန်တို့အတွက် ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ ပထမဆုံးအကြိမ်၀င်ရောက်ခြင်းမဟုတ်ပေ။
တပည့်သားများပြောပြသည့်အခြေအနေရပ်ကနေ အကဲခတ်ကြည့်မည်ဆိုပါက အစောပိုင်းကတည်းက သူတို့က တခုခုကိုရှာတွေ့ခဲ့ကြပြီး ရည်ရွယ်ချက်တခု ရှိခဲ့ကြတာဖြစ်ရမည်။
သို့စေကာမူ ယခုအချိန်ဒီအကြောင်းကို တွေးတောရန်အတွက် သူ့တွင်အချိန်မရှိပါ။
အရေးအကြီးဆုံးက သူတို့သုံးယောက်လုံးဖြစ်နေခြင်းပင်။ တစ်ယောက်က ခန်းမသခင်၏ကိုယ်ပိုင်တပည့်၊ နောက်တစ်ယောက်က မဟာအကြီးအကဲ၏ ကိုယ်ပိုင်တပည့်နှင့် ကျန်တစ်ယောက်က အတွင်းဂိုဏ်းတပည့်များအကြား နံပါတ်တစ်ဖြစ်သည်။ သူက နောက်ထပ်ကိုယ်ပိုင်တပည့်တစ်ဦးဖြစ်လာရန်အတွက် အခွင့်အလမ်းတခုရှိသည့် ပါရမီရှင်ပင်။
ကြယ်ဗိမာန်အတွက် တချိန်တည်းတွင် သုံးယောက်စလုံးသေသွားရခြင်းက ကြီးမားသည့်ရိုက်ချက်တခုပေတည်း။
တချိန်တည်းမှာပင် သူတို့က တခြားသူများကို သူတို့ခေါင်းပေါ်တက်နင်းခွင့်ပေးခဲ့သည်။
ထိုအချိန်တွင် ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၀င်ပေါက်၌ အလင်းတန်းလေးခုပေါ်ပေါက်လာသည်။
ဥပဒေစိုးမိုးရေးခန်းမကလူတိုင်းအပါအ၀င် မဟာအကြီးအကဲပါ မြေအင်မော်တယ်နယ်ပယ်အော်ရာကို တိုက်ရိုက်ထုတ်လွှတ်ရင်း ထိုလေးယောက်အား ပိတ်ဆို့လိုက်ကြ၏။
ထွက်လာသည့်သူများက ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ ရှီရှန်းနှင့်မုဖူရှန်းတို့ဖြစ်သည်။
ဗိမာန်တပည့်များက အနည်းငယ်ကြက်သေသေသွားကြသည်။
ဒီတကြိမ် ဘာလို့ဒီလေးယောက်ကို သူတို့တိုက်ခိုက်ဖို့ပြင်နေရတာလဲ! အရင်က လုံး၀ဂရုမစိုက်ခဲ့ကြဘူးမလား!
မဟုတ်သေးဘူး၊ တခြားတယောက်ကဘယ်သူလဲ!
ထိုအချိန်တွင် ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက ဒေါသတကြီးအော်ဟစ်သည်။
"ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ရှောင်ဟိုင်၊ မင်းတို့ဘာလို့ ငါတို့ဗိမာန်ကတပည့်တွေကိုသတ်ရတာလဲ၊ "
ထိုစကားကိုကြားသောအခါ လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြ၏။
ဗိမာန်ကတပည့်တွေကိုသတ်တာလား!
သူတို့ကမဟာအကြီးအကဲ၏မေးခွန်းကို သတိရသွားကြပြီး ချန်းယီနှင့်ကျန်နှစ်ယောက်က ဘေးတွင်မရှိတာကို သိသွားကြသည်။
ဆိုလိုတာက ချန်းယီနှင့်ကျန်နှစ်ယောက်ကို ဒီအပြင်လူသုံးယောက်က သတ်ပစ်ခဲ့ခြင်းပင်။
ဒါကိုယုံရန်ပင် သူတို့အတွက်ခက်ခဲနေသည်။
ဇောင်ယန်က အရင်ကရှုံးခဲ့တာမို့ ထားလိုက်ပါတော့!
ချန်းယီနဲ့နီဂုတို့ကဘယ်သူတွေလဲ!
သူတို့နှစ်ယောက်က တိုက်ရိုက်တပည့်များဖြစ်ပြီး တစ်ဦးက အဆင့်တစ်ဖြစ်ကာ ကျန်တစ်ဦးက အဆင့်သုံးဖြစ်သည်။
ထို့နောက်သူတို့က သွေးပြောင်းလဲခြင်းနယ်ပယ်အလယ်အလတ်အဆင့်နှင့် သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်ကျင့်ကြံသူများလည်းဖြစ်ကြသည်။
ဒီအပြင်လူသုံးယောက်စလုံးက တာအိုနယ်ပယ်ကိုပဲရောက်ကြသေးတာမလား!
သူတို့က ကျင့်ကြံခြင်းနယ်ပယ်ပိုမြင့်တဲ့လူတွေကို သတ်နိုင်တာလား!
ချန်းယီနှင့်နီဂုတို့က သာမန်သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူများမဟုတ်ကြပေ။ သူတို့က ကြယ်ဗိမာန်၏ ထိပ်တန်းပါရမီရှင်များလည်းဖြစ်ကြသည်။
လူတိုင်း ကောင်းကင်ထက်က ပုံရိပ်သုံးခုကို မယုံနိုင်စွာကြည့်လိုက်မိကြသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင် သေတ္တာတလုံးကို ထုတ်ယူကာပြောသည်။
"ကျုပ်သူတို့ကို အကြောင်းမဲ့သတ်ခဲ့တာမဟုတ်ပါဘူး"
မဟာအကြီးအကဲကအေးစက်စွာပြောသည်။
"အိုး၊ ဒီလိုဆိုရင် အကြောင်းရင်းကို ငါတို့ကိုပြောပြပါဦး"
"ဒီသေတ္တာကြောင့်ပါ"
ယဲ့ချိုးပိုင်ထူးမခြားနားစွာပြောသည်။
"ဒီသေတ္တာက ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေထဲကို၀င်တဲ့လူတိုင်းရဲ့ ဝိဉာဉ်စွမ်းအားကို ဝါးမြိုနိုင်တယ်၊ ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေထဲကို၀င်ပြီး ဝိဉာဉ်စွမ်းအားတွေက စုပ်ယူခံနေရတာကို လူတိုင်းခံစားမိမယ်လို့ ကျုပ်ယုံကြည်ပါတယ်"
တပည့်သားများကခေါင်းညိတ်သည်။ တကယ်တမ်းတွင်လည်းဒီလိုဖြစ်ခဲ့သည်။
"ဒီသေတ္တာကသူတို့ပိုင်တာပဲ၊ ချန်းယီနဲ့ ကျန်နှစ်ယောက်က သေတ္တာရဲ့ဆံ့နိုင်တဲ့ပမာဏကိုတိုးချဲ့ဖို့အတွက် ဝိဉာဉ်စွမ်းအားကို စုပ်ယူဖို့စီစဉ်ခဲ့ကြတယ်၊ ပြီးရင်သူတို့က လျှို့ဝှက်နယ်မြေထဲက ကြယ်စွမ်းအားကို သူတို့ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် အသုံးပြုမှာပဲ"
"အဲဒီအချိန်က ကျုပ်တို့ဒီမြင်ကွင်းကို တွေ့ခဲ့တာမို့ သူတို့က ကျုပ်တို့ကိုနှုတ်ပိတ်ချင်ကြတယ်၊ ဒါပေမယ့်အဲဒီအစား ကျုပ်တို့ သူတို့ကိုသတ်ပစ်ခဲ့တယ်၊ ဒီလိုပါပဲ"
ထိုစကားကိုကြားသောအခါ ဟွမ်အိုရော မဟာအကြီးအကဲပါ မျက်မှောင်ကြုတ်လိုက်ကြ၏။
တဘက်လူကလိမ်နေခြင်းမဟုတ်ပေ။
သူတို့၏ကျင့်ကြံခြင်းနယ်ပယ်နှင့် အတွေ့အကြုံများအရ တချက်တည်းဖြင့် ဒါကိုပြောနိုင်ပါသည်။
တချိန်တည်းမှာပင် တပည့်များ၏ ခေါင်းညိတ်မှုနှင့်ရှင်းပြချက်များက ဒါကမှန်ကန်တယ်ဆိုတာ အတည်ပြုစေသည်။
ဟွမ်အိုဆက်မေးသည်။
"ကြယ်တာယာလျှို့ဝှက်နယ်မြေက ကြယ်စွမ်းအားပျောက်ကွယ်မှုက ဒီသေတ္တာကြောင့်လား"
ယဲ့ချိုးပိုင်တို့ခေါင်းညိတ်ကြသည်။
ယခုအချိန်တွင် သူတို့ကအမှန်တရားကို ပြောပြရလောက်သည်အထိ မတုံးအသေးပါ။ မဟုတ်ပါက သူတို့တကယ်ပင် အုပ်စုဖွဲ့ဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။
"ဒီလိုဆိုရင် သေတ္တာကိုလက်လွှဲပေးပါ"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများဖြေသည်ကိုပင် စောင့်မနေတော့ဘဲ ဟွမ်အိုဖမ်းကိုင်ပြီး သေတ္တာကို သူ့လက်ဖဝါးထဲတွင် စုပ်ယူသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ချက်ချင်းဆိုသလို ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ထုတ်ယူကာ ဖျစ်ညှစ်လိုက်ကြ၏။
ရုတ်ချည်းဆိုသလို သူတို့၏ကိုယ်ခန္ဓာများက လျှပ်စီးများအဖြစ်ပြောင်းလဲသွားကြသည်။
သို့စေကာမူ မမြင်ရသည့်လှောင်အိတ်တခုက သူတို့အနီးတဝိုက်တွင်ပေါ်လာသည်။
ဒီဂူကို တောင်တန်းတခုနှင့်ဆင်တူသည့် ခမ်းနားကြီးကျယ်သော ကြယ်ဆန္ဒကနေတဆင့်ဖန်တီးထားခြင်းဖြစ်ပြီး အရာအားလုံးကို ဖိနှိပ်နိုင်သည့်စွမ်းအားရှိသည်။
လျှပ်စီးစွမ်းအားကလည်းအလားတူဖြစ်သည်။
ဟွမ်အို လက်ချောင်းဖြင့်ညွှန်ရင်း အသံနိမ့်ကာပြောသည်။
"လှည့်ကွက်တွေနဲ့ဆော့ကစားဖို့မကြံနဲ့၊ ကောင်းကင်အင်မော်တယ်တပါးရှေ့မှာ ဒီနည်းစနစ်တွေကအသုံးမ၀င်ဘူး"
ကောင်းကင်အင်မော်တယ်နယ်ပယ်က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ထိပ်တန်းတည်ရှိမှုတခုပေတည်း။
မုဖူရှန်းညင်သာစွာခေါင်းခါယမ်းမိသည်။
တကယ်တမ်းတွင် ကောင်းကင်အင်မော်တယ်တစ်ဦးထံမှ အောင်မြင်စွာ လွတ်မြောက်ရန်အတွက် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို အားကိုးခြင်းက အနည်းငယ်မောက်မာရာရောက်သည်။
ထိုအချိန်တွင် ဟွမ်အိုကလည်း လက်ထဲက ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာအား စစ်ဆေးကြည့်နေစဉ် ကြယ်စွမ်းအားအနည်းငယ်ကသာ အထဲတွင် ကျန်နေတော့တာကို တွေ့လိုက်ရသည်။
ဒါက သူ့အမူအရာကို အနည်းငယ်ဆိုးသွားစေသည်။
"မင်းကြယ်စွမ်းအားကိုစုပ်ယူလိုက်တာလား"
"မင်းကိုယ်ထဲမှာ....ကြယ်စွမ်းအားအော်ရာရှိတာလား"
"ဂျူနီယာ၊ မင်းကကြယ်စွမ်းအားကို ကျင့်ကြံတာလား"
ထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက် ဒါကဆူနာမီကဲ့သို့ အုတ်သောင်းအုတ်နင်းတခုကို ဖြစ်သွားစေသည်။
လူတိုင်းက ရှီရှန်းအား အထိတ်တလန့်ကြည့်လိုက်ကြသည်။
ကြယ်စွမ်းအား!
ရှောင်ဟိုင်မျက်မှောင်ကြုတ်ကာ ရှီရှန်းအစားရှင်းပြသည်။
"သူကကြယ်စွမ်းအားကိုကျင့်ကြံတာမို့ ဒီသေတ္တာကိုမလိုအပ်ဘူး"
မုဖူရှန်း ရှောင်ဟိုင်ပခုံးကိုပုတ်လိုက်ပြီး ခါးသီးစွာပြုံးသည်။
"အစ်ကိုရှောင်ဟိုင်၊ ဒီတကြိမ် အစ်ကိုရှီရှန်းအတွက် ပြောနေစရာမလိုပါဘူး၊ ကျွန်တော်တို့ နှလုံးသားထဲမှာ သန့်ရှင်းနေရင်ရပြီ"
ဟွမ်အို၏မျက်လုံးများက စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
မဟာအကြီးအကဲနှင့် ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲတို့ကလည်းအတူတူပင်။
"ဒီလိုဆိုမှတော့ ကြယ်စွမ်းအားကို ကျင့်ကြံနိုင်မယ့်နည်းစနစ်ကို ငါတို့လက်ထဲပေးလိုက်ပါ၊ ငါတို့အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပေးလိုက်မယ်"
အပိုင်း(568) coming။