← Chapters

သက်စောင့်ဝိညာဉ်မှ တုံ့ပြန်မှု

Vol. 012 Ch. 1134

သက်စောင့်ဝိညာဉ်မှ တုံ့ပြန်မှု

Vol. 012 Ch. 1134

ရီဖူရှင်းက နန်းတွင်း အကြံပေးအား ကြည့်ကာ တိတ်တခိုး သက်ပြင်းချသည်။ နန်းတွင်းအကြံပေး၏ အဆင့်အတန်းဖြင့် ဆိုပါက သူသည် အင်ပါယာအား အကူအညီတောင်းလျှင် အင်ပါယာကိုယ်တိုင်က ဖေးရွှီအား ကုသပေးပေလိမ့်မည်။

သို့တိုင်အောင် ဖေးရွှီ၏မျက်လုံးမှာ ကွယ်နေသေးရာ သူ့အနေဖြင့် မေးနေစရာပင် မလိုတော့ပေ။

“ကျွန်မအတွက် စိတ်မကောင်း မဖြစ်ပါနဲ့ သတ္တမဓား … ကျွန်မက အဆင်ပြေပါတယ်” ဖေးရွှီက ရီဖူရှင်း၏ ခေါင်းထဲတွင် ဘာရှိသည်ကို သိသည့်အလား ပြုံးလျက်ပြော၏။

“ကျုပ်က စိတ်မကောင်း မဖြစ်ပါဘူး” ရီဖူရှင်းက  ငြင်းဆိုကာ ဆက်ပြောသည် … “တကယ်လို့ မိန်းကလေးသာ မျက်လုံးမြင်ရင် ဒီလို ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ဆို အရမ်း လှနေမှာပဲလို့ တွေးမိနေတာပါ”

ဖေးရွှီက ပြုံးသည်။ သူမ၏ မျက်လုံးများက သေနေသော်လည်း သူမ၏အပြုံးသည် မြင်သူရင်ကို အေးချမ်းစေ၏။

“ထိုင်ပါ” နန်တွင်း အကြံပေးကလည်း ပြုံးလျက်ပြောသည်။ သူတို့အားလုံးက အသီးသီး ထိုင်လိုက်ကြ၏။ ရန်ယွင်က ဘယ်ဘက်ခြမ်းတွင် ထိုင်ကာ သူ့ဘေး၌ နန်ကျိုင်း၊ မုချွန်းယန်နှင့် ဝမ်ကျုံးတို့က အစဉ်လိုက် ထိုင်ကြ၏။

ဖေးရွှီ၊ လုချွန်နှင့် ရီဖူရှင်းတို့က ညာဘက်ခြမ်းတွင် ထိုင်ကြသည်။

“ဆရာကတော် ဘယ်မှာလဲ စီနီယာအစ်ကို” ရီဖူရှင်းက လုချွန်အား စိတ်ဖြင့် လှမ်းမေးသည်။

လုချွန်က ရီဖူရှင်းအား မကြည့်ဘဲ စိတ်ဖြင့် ပြန်ပြောသည် … “ငါတို့က ဆရာကတော်ကို ဘယ်တုန်းကမှ မမြင်ဖူးဘူး။ သူမက ဆုံးသွားတာ ကြာပြီ။ ဒီကိစ္စကို ဆရာ့ရှေ့မှာ မပြောမိစေနဲ့”

“ကောင်းပါပြီ” ရီဖူရှင်းက တိတ်တခိုး ခေါင်းညိတ်သည်။

“သတ္တမဓား … အစဉ်အလာတွေကို အရမ်း ဂရုစိုက်မနေပါနဲ့။ ငါတို့အားလုံးက အခု တစ်မိသားစုတည်းပဲ” နန်းတွင်း အကြံပေးက ပြုံးလျက် ပြောသည်။

“သေချာတာပေါ့ ဆရာ …” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူတို့အုပ်စုက စတင်၍ စားသောက်ကြသည်။ သူတို့အားလုံးက အေးဆေးစွာ စားသောက်ကြကာ လွတ်လပ် ပေါ့ပါးစွာ ပြောဆိုနေကြ၏။

“မင်းတို့ လေ့ကျင့်မှု အခြေအနေတွေ ဘယ်လိုရှိလဲ” နန်းတွင်း အကြံပေးက သူတို့အားလုံးကို မေးသည်။

“ကျွန်တော်က ဆရာ့ရဲ့အဆင့်ကို ဘယ်တော့မှ ရောက်မလဲ မသိဘူး …” ရန်ယွင်က ပြုံးလျက်ပြောသည်။

“ရန်ယွင် … မင်းရဲ့စွမ်းရည်က လောကဓာတ်တွေကို ခံစားနိုင်စွမ်း အပေါ်မှာ မူတည်တယ်။ ဒါကပဲ မင်းကို အားကောင်းစေတာ။ မင်းက ငါ့လိုဖြစ်လာဖို့ အချိန်တစ်ခုပဲ လိုတယ်” နန်းတွင်း အကြံပေးက ပြောသည်။

“ဆရာ … ကျွန်တော်ကတော့ သတ်သတ် မှတ်မှတ် ဖြစ်ချင်တာ မရှိဘူး။ ကျွန်တော် စိတ်ဆန္ဒရှိတာတွေကိုပဲ လေ့ကျင့်တယ်” နန်ကျိုင်းက ပြောသည်။

“အင်း …” နန်းတွင်းအကြံပေးက ခေါင်းညိတ်သည် … “ငါက မင်းတို့တွေကို စိတ်မပူဘူး။ ဝမ်ကျုံး … မင်းရဲ့ စွဲလမ်းစိတ်က အရမ်း အားကောင်းတယ်။ ဒါကို လက်လွှတ်ဖို့ ငါကပြောလည်း အလကားပဲ။ မင်းရဲ့အစွဲအလမ်းက မင်းကို ပိုအောင်မြင် စေနိုင်သလို ချောက်နက်ထဲ သို့လည်း ဆွဲချနိုင်တယ် ဆိုတာ မင်းသိထားဖို့ လိုတယ်”

“ကျွန်တော်က ဆရာ့ကို သေချာပေါက် ကျော်ဖြတ် နိုင်မှာပါ” ဝမ်ကျုံးက ပြောသည်။

“ငါ စောင့်နေပါ့မယ်” နန်တွင်း အကြံပေးက ခေါင်းညိတ်သည်။

ရီဖူရှင်းက ဝမ်ကျုံးကို ကြည့်ကာ အံ့အားသင့်ရသည်။ ဝမ်ကျုံးသည် တခြားလူများနှင့် မတူ ထူးခြားသည်ဟု ရီဖူရှင်းက တွေးထင်ထားခဲ့သည် သို့သော်လည်း ယခု သူ၏အမြင်အရ ဝမ်ကျုံးသည် မတူခြားနားသည်ထက် ပိုဟန်ရသည်။ သူနှင့် နန်းတွင်း အကြံပေးတို့သည် ကောင်းမွန်သော ဆက်ဆံရေးရှိဟန် မရပေ။

ဤသို့ဆိုလျှင် သူ့အား နန်းတွင်း အကြံပေးက အဘယ်ကြောင့် တပည့်အဖြစ် လက်ခံခဲ့သနည်း။

“သတ္တမဓား … မင်းက ဘာလို့ ကျင့်ကြံခြင်း လမ်းစဉ်ထဲ ရောက်လာတာလဲလို့ ငါမေးခဲ့တယ်” နန်းတွင်းအကြံပေးက ဆက်ပြောသည် … “မဟာလမ်းစဉ်ဟာ အကန့်အသတ် မဲ့တယ် .. ဒီစကား တစ်ခွန်းကြောင့် မင်းကိုငါ တပည့်အဖြစ် လက်ခံခဲ့တယ်။ ငါတောင်မှ မင်းလို့ ကောင်းမွန်တဲ့ အမြင်မရှိဘူး”

“ကျွန်‌တော်က ဒီအတိုင်း လျှောက်ပြောတာပါ” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ဒီလောက်မှာ အကန့်အသတ်တွေ ရှိတာ သံသယ ဖြစ်စရာမလိုဘူး။ ဒါပေမဲ့ အကန့်အသတ် မရှိတာကို သိတဲ့ ဘယ်တန်ခိုးရှင်မဆို လွတ်လပ်တဲ့ စိတ်နှလုံး ရှိသူပဲ။ ငါက တစ်ခါမှ ဒီလို စိတ်နှလုံးမျိုး မရှိခဲ့ဘူး။ ဒါကပဲ ငါလိုအပ်နေတာ ဖြစ်သွားတဲ့အတွက် ဒါကို သိမြင်ခွင့်ရတာ ငါ့အတွက် ပျော်ရွှင်ဖွယ်ရာပဲ”

ရီဖူရှင်းက နန်းတွင်း အကြံပေးကို ကြည့်ကာ မေးသည် … “ကျွန်တော် နားမလည်တာ ရှိတယ်။ ဆရာက ဖြေပေးပါလား”

“ပြောပါ” နန်းတွင်း အကြံပေးက ခေါင်းညိတ်သည်။

“လမ်းစဉ်ဟာ အကန့်အသတ်မဲ့တယ် ဆိုတဲ့စကားကို ဆရာက သဘောတူရင် ဘာလို့ တာလီကို အင်အား ကောင်းအောင် လုပ်ပြီး တခြားဘုံတွေနဲ့ တိုက်ခိုက်တာမှာ ကူညီတာပါလဲ” ရီဖူရှင်းက မေးသည်။

နန်းတွင်း အကြံပေးက မည်သို့သောလူ ဖြစ်သည်ကို သူက အမြဲတမ်း သိလိုခဲ့ရာ ယခု အခွင့်အရေး ရသောအခါ သူက မေးမြန်းလိုပေသည်။

“ငါက မင်းကို လမ်းစဉ်နဲ့ ပတ်သက်ပြီး မေးတဲ့အခါ မင်းက မျှော်လင့်တယ်လို့ ပြောခဲ့တယ်။ မင်းက မကျင့်ကြံတော့တဲ့ အချိန်ကို ရောက်ရင်တောင်မှ လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့် ရှိချင်တယ်။ ဒါက မင်းတစ်ယောက်တည်း မဟုတ်ဘဲ တာလီတစ်ပြည်လုံးပဲ။ ယှဉ်ပြိုင် တိုက်ခိုက်ခြင်းဟာ ရှေးခေတ်ကတည်းက ရှိတဲ့အရာပဲ။ လွန်ခဲ့တဲ့နှစ်သုံးရာက တိုက်ပွဲ အရှုပ်အထွေးတွေ၊ အကျိုး သက်ရောက်မှုတွေဟာ ငါတို့စွမ်းအားနဲ့ လှုပ်ခတ်စေနိုင်တဲ့ဟာတွေ မဟုတ်ဘူး။ ဘုံတွေအကြား တိုက်ပွဲတွေကလည်း အမြဲတမ်း ဖြစ်နေခဲ့တယ်။ ငါတို့သာ တာလီကို အားကောင်းအောင် မလုပ်ခဲ့ရင် ရှေ့မှာ ပျက်စီးခြင်းတစ်ခုပဲ ရှိတယ်။ ငါတို့အတွက် လွတ်လပ်စွာ ရွေးချယ်ခွင့် ဆိုတာလည်း ရှိမှာ မဟုတ်တော့ဘူး”

နန်းတွင်း အကြံပေးက ရီဖူရှင်းအား ကြည့်ကာ ဆက်ပြောသည် … “ငါ့ဘဝမှာ အမှားတွေ အများကြီးလည်း လုပ်ခဲ့တယ်။ ကောင်းတာတွေလည်း အများကြီး လုပ်ခဲ့တယ်။ တစ်စုံတစ်ယောက်ဟာ သူလုပ်ခဲ့တဲ့ အရာအတွက် ပြန်ပေးဆပ်ရမှာပဲ။ ငါပြောခဲ့သလိုပဲ လောကကြီးရဲ့ အကန့််အသတ်မဲ့ခြင်းကို ငါတစ်ခါမှ မတွေးခဲ့ဘူး။ ဒါပေမဲ့လည်း ငါပြောင်းလဲ နိုင်တာတွေကိုတော့ ငါကြိုးစားပြီး ပြောင်းလဲတယ်”

“ကျွန်တော် နားလည်ပါပြီ ဆရာ …” ရီဖူရှင်းက ခေါင်းညိတ်ကာ သက်ပြင်းချသည်။ နန်းတွင်း အကြံပေးက အမှန်ကို ပြောနေခြင်း ဖြစ်သည်။ ရပ်တည်ချက်ကို ပြောရမည် ဆိုပါက တာလီသည် အမှန်ပင် လုံလောက်‌အောင် အားမကောင်းပေ။ တခြား အင်အားကြီးဘုံများက တာလီကို အချိန်မရွေး လာရောက် ဖျက်ဆီးနိုင်ပေသည်။

“တကယ်လို့ မင်းတို့က အပြောင်းအလဲကို မြင်ချင်ရင် ပထမဆုံးအနေနဲ့ ပြောင်းလဲရမယ့်နေရာမှာ အမြင့်ဆုံးအဆင့် ရှိနေဖို့လိုတယ်။ အရင်တုန်းက အရှင်ဒွန်ဟောင်နဲ့ ဧကရာဇ်ရီချင်တို့က လောကကြီးကို ပြောင်းလဲဖို့ လောကရဲ့ အမြင့်ဆုံးနေရာသို့ တက်လှမ်းခဲ့ကြတယ်” သူ၏မျက်လုံးထဲတွင် လေးစားမှု အငွေ့အသက်များအား မြင်ရသည် … “ငါက သူတို့လို ဖြစ်ဖို့ ဆန္ဒမရှိပေမဲ့ မင်းတို့ကတော့ ဒီလိုလူတွေ ဖြစ်လာဖို့ မျှော်လင့်တယ်”

“ဆရာ … တာလီမှာတော့ ဆရာက အရမ်းကို လုံလောက်နေပါပြီ” ရန်ယွင်က ပြောသည်။

“ဒါက မင်း တစ်ယောက်တည်း ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး။ ဝမ်ကျုံးကို သူဘယ်လိုထင်လဲ မေးကြည့်လေ” နန်းတွင်း အကြံပေးက ဝမ်ကျုံးကို ကြည့်ကာ ပြောသည်။ ရန်ယွင်က မမေးပေ။ သူ့အနေဖြင့် အဖြေလည်း ရနိုင်မည် မဟုတ်ပေ။

ရီဖူရှင်းသည် နန်းတွင်းအကြံပေး၏ အကြောင်းကို ပိုမို သိနားလည်လာခဲ့ကာ ပို၍ လေးစား လာခဲ့မိ၏။

အင်ပါယာရှားဘုံသည် တာလီနန်းတွင်း အကြံပေးနှင့် ပတ်သက်၍ သိသည့် အကြောင်းအရာများမှာ အလွန် နည်းပါးပေသည်။

နန်းတွင်းအကြံပေး ပြောခဲ့သည်များ မှာလည်း မမှားပေ။ သူကား အရှင်ဒွန်ဟောင်လည်း မဟုတ်သလို ဧကရာဇ်ရီချင်လည်း မဟုတ်ပေ။ သူ၏စွမ်းရည်များမှာ အကန့်အသတ်ရှိပြီး အင်ပါယာလီဘုံကိုသာ အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲပေး နိုင်ပေသည်။

“ဆရာ .. ကျွန်တော်က အတင့်ရဲပြီး မေးခွန်းတစ်ခု မေးချင်ပါတယ်။ ဆရာက ဘာလို့ ကျင့်ကြံခဲ့တာပါလဲ” ရီဖူရှင်းက မေးသည်။

နန်းတွင်းအကြံပေးက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။ တစ်စုံတစ်ယောက်က သူ့အား အဘယ်ကြောင့် ကျင့်ကြံသနည်းဟု တစ်စုံတစ်ယောက်က ပထမဆုံး မေးခွန်းထုတ်ခြင်း ဖြစ်သည်။

သူက သည်မေးခွန်းကို တခြားလူများသို့သာ မေးမြန်းခဲ့ဖူးပေသည်။

“ငါက ဒီမေးခွန်းကို တစ်ခါမှ မစဉ်းစားခဲ့ဘူးဆိုရင် မင်းယုံမလား” နန်းတွင်း အကြံပေးက မေးသည်။

ရီဖူရှင်းက အံ့အားသင့် သွားခဲ့၏။

သို့သော်လည်း နန်းတွင်းအကြံပေးက ပြုံးလျက် ပြောသည် … “ဒီမှာ ရှိတဲ့သူတွေ အကုန်လုံးက ငါ့ထက် စိတ်အား ထက်သန်တဲ့ သူတွေချည်းပဲ။ ငါက ကျင့်ကြံတယ်ဆိုတာ ကျင့်ကြံတာကို သဘောကျရုံ သက်သက်ပဲ။ ဘာလို့ကျင့်ကြံလဲ ဆိုတာကိုတော့ မစဉ်းစားခဲ့ဘူး။ တစ်ရက် ကံဆိုးမှုက မင်းဆီ ရောက်လာတဲ့အခါ မင်းမှာ ရွေးချယ်ခွင့် မရှိဘူးဆိုတာ သိလိုက်ရလိမ့်မယ်။ ဒါကြောင့် မင်းက တန်ခိုးရှင် တစ်ယောက်အနေနဲ့ ရွေးချယ်ခွင့် ရချင်တယ်လို့ ပြောတဲ့အခါ ဒါက တကယ်မြင့်မားတဲ့ ရည်မှန်းချက်လို့ ငါပြောခဲ့တာ။ မင်းက ကျင့်ကြံသူ ဖြစ်ရင်တောင်မှ မင်းအနေနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် မရှိတဲ့အချိန်တွေ အများကြီး ရှိလာလိမ့်မယ်”

“အခု ငါ့ဆန္ဒကတော့ အရမ်းရိုးရှင်းတယ်။ ဖေးရွှီကို ရိုးရှင်း အေးဆေးတဲ့ ဘဝတစ်ခုမှာ ရှင်သန်စေချင်တယ်။ တပည့် အချို့လက်ခံပြီးတော့ တာလီကျောင်းတော်ကို ကောင်းမွန်တဲ့ ကျင့်ကြံခြင်း ပတ်ဝန်းကျင်တစ်ခု ဖန်တီး ပေးချင်တယ်။ ဒီထက်တော့ ငါ့မှာ ဘာမှ အတွေးမရှိဘူး”

ရီဖူရှင်းက နန်းတွင်း အကြံပေးအား ကြည့်ကာ မည်သို့ ပြောရမည် မသိတော့ပေ။

လက်ရှိ သူ၏ရှေ့မှ နန်းတွင်း အကြံပေးကား သူ၏အဆင့်ဖြင့်ပင် အလွန်တရာ ငြိမ်းချမ်း တည်ငြိမ်သော စိတ်နှလုံးကို ပိုင်ဆိုင်ထား၏။

“ဆရာက တခြားဘုံတွေကို သွားဖို့ မစဉ်းစားဖူးဘူးလား” ရီဖူရှင်းက မေးသည်။

“မင်းက ဘုံတွေရဲ့ တိုက်ပွဲကို ကြုံဖူးခဲ့ရင် ဒီလို တွေးမှာ မဟုတ်ဘူး။ တကယ်လို့ ငါက တခြားဘုံတွေကို စစ်ပွဲတွေ မပါဘဲ ထိန်းချုပ်ခွင့်ရမယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါမေပဲ့လည်း ဒါက ငါတစ်ခါမှ လုပ်မှာ မဟုတ်တဲ့ကိစ္စပါပဲ” နန်းတွင်းအကြံပေးက ရီဖူရှင်းအား ပြုံးလျက်ပြောသည်။

နန်းတွင်း အကြံပေးပြောသော ဘုံတိုက်ပွဲများ ဆိုသည်မှာ ကြီးမားသော စစ်ပွဲကြီးများကို ဆိုလိုပေသည်။ သည်လောကတွင် ဘုံပေါင်း သုံးထောင်တည်ရှိပြီး အချို့ဘုံများမှာ အသက်များပင် ခန်းခြောက်နေခဲ့ကာ တချို့ဘုံများသည် စစ်ကြောင့် ဘုံတစ်ခုလုံး ပျက်စီးခြင်းများပင် ရှိသည်ဟု ရီဖူရှင်းက ကြားဖူးသည်။

နတ္ထိဘုံတိုက်ပွဲကား ပုံမှန်အားဖြင့် အသေးစား တိုက်ပွဲမျှသာ ဖြစ်သည်။

တခြား တစ်ဖက်တွင် နန်းတွင်းအကြံပေးက သူသည် စစ်မှန်သော ဘုံတိုက်ပွဲများအား ကြုံဖူးသည်ဟု ဆိုသည်။

ဘုံတိုက်ပွဲများအား မကျော်ဖြတ်ဘဲ တခြားဘုံများကို ပြောင်းလဲနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထိုသို့လုပ်ရန်လည်း အမြင်ဆုံးသော ကျင့်ကြံခြင်း အဆင့်ကို လိုအပ်ပေသည်။ ဥပမာ သူ့အနေဖြင့် အင်ပါယာလီကိုသာ အနိုင်ယူနိုင်ပါက ဘုံတိုက်ပွဲများကို ခင်းနေစရာ မလိုပေ။

လက်ရှိသူ၏ အမြင်တွင် နန်းတွင်း အကြံပေးသည် ဘုံတိုက်ပွဲများအား မလိုလားသူဖြစ်သည်။

သူတို့အုပ်စုက ဟိုဟိုဒီဒီ‌ ပြောဆို စားသောက်နေကြရာ ရီဖူရှင်းသည် နန်းတွင်း အကြံပေးနှင့် ပတ်သက်၍ ပိုမို၍ သိနားလည်လာခဲ့၏။

စားသောက်ပြီးနောက် လုချွန်က နန်းတွင်း အကြံပေးအား ပြောသည် … “လုချွန် … ဖေးရွှီကို သွားအိပ်ခိုင်း လိုက်တော့”

“အိပ်တယ် …” ရီဖူရှင်းက နားမလည်ပေ။

“ဖေးရွှီက သူမရဲ့ ကျင့်ကြံခြင်းကြောင့် မကြာမကြာ အိပ်ဖို့လိုတယ်။ သူမက ငယ်ရွယ်ပုံ ပေါ်နေပေမဲ့ တကယ်တမ်း အချိန်အများစုကို အိပ်ခြင်းမှာ ကုန်ဆုံးစေခဲ့တာကြောင့် အမှန်က မင်းထက် အသက်ပိုကြီးတယ်” နန်းတွင်း အကြံပေးက ရှင်းပြသည်။

ရီဖူရှင်းက အံ့အားသင့် သွားသည်။

နောက်ဆုံးတွင် နေ့လယ်စာစားပွဲ အဘယ်ကြောင့် ပြုလုပ်သည်ကို နားလည်လိုက်သည်။ သည်အချိန်ကား ဖေးရွှီ အိပ်ရာမှ နိုးသော အချိန်ဖြစ်၏။

သူက ဖေးရွှီအား ကြည့်သည်။ ကံကြမ္မာကား သူမအပေါ် သက်ညှာခဲ့ခြင်း မရှိပေ။ သို့တိုင်အောင် သူမထံတွင် ငြိမ်းချမ်းသော အပြုံးတစ်ခုကို သူမြင်ရသည်။

ဖေးရွှီအား အေးချမ်းသော ဘဝတွင် နေခွင့်ရရန်သာ မျှော်လင့်ကြောင်း နန်းတွင်း အကြံပေးက ဆိုသည်။ သူက အဘယ်ကြောင့် ထိုသို့ပြောခြင်းကို ရီဖူရှင်း နားလည်လိုက်သည်။

“သေချာတာပေါ့” လုချွန်က ခေါင်းညိတ်ကာ ထရပ်သည်။ ဖေးရွှီကလည်း ထရပ်ကာ ထွက်သွားရန် ပြင်သည်။

“ကျွန်တော်လည်း လိုက်ခဲ့မယ်” ရီဖူရှင်းက ပြောသည်။ သူကလည်း ထရပ်ကာ လုချွန်နှင့် ဖေးရွှီတို့နောက်သို့ လိုက်ပါ သွားခဲ့၏။

သူတို့သုံးယောက်က လမ်းလျှောက်လာခဲ့ရင်း ရီဖူရှင်းက မေးသည် … “စီနီယာအစ်ကို .. ဖေးရွှီက ဘာဖြစ်တာလဲ”

“ငါလည်း မသိဘူး။ ငါ ဆရာ့ဆီကို ရောက်ကတည်းက ဒီလိုပဲ” လုချွန်က ခေါင်းယမ်းသည်။

“ဒါက အဆင်ပြေပါတယ် … သတ္တမဓား … ငါက အသားကျနေပါပြီ” ဖေးရွှီက ရီဖူရှင်းကို ကြည့်ကာ ပြောသည် … “ငါက အမြဲတမ်း နုပျိုနေတာပဲ။ ဒါက မကောင်းဘူလား”

“ဘယ်လောက် ကြာအောင် အိပ်ရမှာလဲ” ရီဖူရှင်းက မေးသည်။

“သေချာတဲ့ နှုန်းတော့ မရှိဘူး။ အချိန်အများစုကို အိပ်နေရတာပါပဲ” ဖေးရွှီက ပြုံးလျက်ပြောသည် … “ငါ့အတွက် ဝမ်းနည်းဖို့ မလိုပါဘူး”

“ဝမ်းမနည်းပါဘူး” ရီဖူရှင်းက ငြင်းဆိုသည်။

“အခုထိ ဝန်မခံသေးဘူးပေါ့” ဖေးရွှီက ပြုံးလျက် ပြောသည် … “ရှင်က ဓားအပေါ် ခံယူချက်ဟာ သန့်စင်တယ်လို့ အဖေက ပြောတယ်။ ဒါပေမဲ့ ရှင့်ခံစားချက်တွေဟာ အမြဲတမ်း လှုပ်ရှားနေပြီးတော့ အလွယ်တကူ ဝမ်းနည်းနိုင်တယ်။ ဓားကို လေ့ကျင့်တဲ့သူက ကျောက်တုံးလို ဖြစ်နေရမှာ မဟုတ်ဘူးလား”

ရီဖူရှင်းက ရှင်းပြရန် ဟန်ပြင်လိုက်စဉ် လုချွန်က သူ့အား သေသေချာချာ ကြည့်ကာ ပြောသည် … “ဖေးရွှီက တခြားလူတွေရဲ့ခံစားချက်ကို သိနိုင်တယ်”

“…”

ရီဖူရှင်းက ဖေးရွှီကို ကြည့်ကာ အံ့အားသင့်ရသည်။ ဤသို့ဆိုလျှင် သူသာ အမုန်းတရားများ အငြိုးတရားများကို သိုလှောင်ထားပါက ဖေးရွှီသည် သေချာပေါက် သိပေလိမ့်မည်။

“တစ်ချိန်လုံး ရှင့်ရဲ့စိတ်ခံစားချက်တွေကို ကျွန်မ သိနေတယ်” ဖေးရွှီက တောက်ပစွာ ပြုံးလျက်ပြောသည်။ သူမက လက်ကို ရင်ဘတ်တွင် ဖိလိုက်လျှင် ထူးဆန်းသော အလင်းများ သူမထံမှ ဖြာထွက်လာသည်။ ရီဖူရှင်းသည် ဖော်မပြတတ်သော ခံစားချက်များကို ရလာသည်။

အလွန်ထူးဆန်းသော စွမ်းအားတစ်ခု သူ့အား ရစ်ပတ်လာခဲ့၏။

ရုတ်တရက် သူ၏သက်စောင့်ဟော်နန်းထဲမှ ကမ္ဘာသစ်ပင်သည် လှုပ်ယမ်းလာခဲ့ကာ ထူးဆန်းသော အလင်းများ ဖြာထွက်လာခဲ့သည်။ ထိုအလင်းများမှာ ဖေးရွှီ၏စွမ်းအားများကြောင့် ပြန်လည် တုံ့ပြန်ခြင်းဖြစ်ဟန် ရသည်။

***

All Chapters