မူလမှော်စာလုံး အစီအရင်ကို အဆင့်မြှင့်တင်ခြင်း
Vol. 23 Ch. 320
“ဒါက မူလမှော်စာလုံး အစီအရင်…”
မူလရေကန်၏ နက်ရှိုင်းသော တစ်နေရာတွင် ဇူယွမ်က ပေတစ်ထောင် သားရဲကြီးအား ချုပ်နှောင်ထားသော ရေပိုက်ကွန် အစီအရင်အား စိုက်ကြည့်နေရင်းမှ သူ၏ မျက်ဝန်းများမှာ အတွေးများဖြင့် တောက်ပနေခဲ့သည်။ သည်သတ္တဝါကို ရင်ဆိုင်ရန် နည်းလမ်းမရှိသည်တော့ မဟုတ်ပေ။
သို့သော်လည်း ဇူယွမ်က တိုက်ရိုက်ရင်ဆိုင်ရန် အစီအစဉ်မရှိပေ။ သူ၏ လက်ရှိသန်မာမှုနှင့် ဆိုလျှင် ဒဏ်ရာပြင်းထန်စွာ ရနေသည့် ပေတစ်ထောင် သားရဲကြီးကိုပင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သေးသော အရာဖြစ်သည်။
“ငါဒီ မူလမှော်စာလုံးအစီအရင်ကို သုံးလို့ရအောင် လုပ်လိုက်ရင်ရော…” ဇူယွမ်က တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ပြောလိုက်သည်။
ပြောရမည်ဆိုလှင် သည်မူလမှော်စာလုံး အစီအရင်ကြီးသည် အစောပိုင်းတွင် ပေတစ်ထောင် ရေနေသားရဲကြီးကို အပြင်းအထန် ထိုးနှက်ထားနိုင်ခဲ့ပေသည်။ သို့သော်လည်း ယခုအချိန်တွင် သည်အရာက သတ္တဝါကြီးအား ချုပ်နှောင်ရုံသာ ချုပ်နှောင် ထားနိုင်ခဲ့ပြီးနောက် မည်သည့် အတိုက်အခိုက် စွမ်းအားမှ မရှိတော့ပေ။
မဟုတ်လျှင် ထိုပေတစ်ထောင် သားရဲကြီးမှာ သည်ကဲ့သို့ အချိန်ကောင်းများရရှိမည် မဟုတ်ဘဲ အစီအရင်ကို ဖျက်ဆီးရန် စွမ်းအားများကို ဒီထက်ပိုမို အသုံးပြုရမည် ဖြစ်သည်။
“ငါသာ အစီအရင်ကို ပြန်ပြီး ပြုပြင်မွမ်းမံလိုက်ပြီး သည်အရာကို တိုက်ခိုက်နိုင်စွမ်း ရှိအောင် လုပ်လိုက်မယ်ဆိုရင် သည်ရေနေသားရဲကို အနည်းငယ်ပိုပြီးတော့ ထိခိုက်အောင် လုပ်လို့ရမယ်” ဇူယွမ်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သို့သော်လည်း မူလ မှော်စာလုံးပညာရှင်များသာ သူ၏ စကားများကို ကြားပါက သူတို့အားလုံးက သူ့အား လှောင်ရယ်ကြမည်သာ ဖြစ်သည်။
မူလမှော်စာလုံး အစီအရင်တစ်ခုသည် စက်ယန္တရားတစ်ခုနှင့် တူညီပြီး အစိတ်အပိုင်းတိုင်းက ဟန်ချက်ညီစွာ အလုပ်လုပ်နေကြပေသည်။ ခလုတ်တစ်ချက် အမှားတစ်ခုကပင် စက်တစ်ခုလုံးကို ပြိုကျ ပျက်စီးသွားနိုင်ပေသည်။
တကယ်တော့ သည်အရာက မူလမှော်စာလုံး အစီအရင်ကို ပြင်ဆင်မွမ်းမံရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းမဟုတ်ပေ … သို့သော်လည်း ထိုသို့လုပ်ဆောင်ရန် မူလမှော်စာလုံး အစီအရင်၏ အချက်အလက်တိုင်းကို နက်ရှိုင်းသော သိနားလည်မှု ရှိရန်လိုအပ်ပြီး ထိုအစီအရင်အတွင်းမှ မူလချီစီးဆင်းမှုကို ရှင်းလင်းစွာ မြင်နိုင်ရန် လိုအပ်ပေသည်။
ထို့ကြောင့် ယဲ့ကယ်ပင် ထိုသို့လုပ်ဆောင်ရန် ယုံကြည်ချက် ရှိမည် မဟုတ်ပေ။
“အခြားသူတွေအတွက် မဖြစ်နိုင်ပေမဲ့ ... ငါကတော့ ကြိုးစားလို့ ရနိုင်တယ်” ဇူယွမ်မှာ ညင်သာစွာ ရယ်မောလိုက်ပြီးနောက် သူ၏ မျက်ဝန်းအိမ်အတွင်းမှ ရှေးဟောင်း မှော်စာလုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာမှာ သိသာစွာပင် အနက်ဖော် သူတော်စင်စာလုံး ဖြစ်သည်။
ထိုအရာပေါ်လာသည်နှင့် တစ်ပြိုင်နက် မူလက ဇူယွမ်မြင်နေရသည့် မူလမှော်စာလုံး အစီအရင်၏ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့ပြီးနောက် အစီအရင်၏ တည်ဆောက်မှုပုံစံနှင့် အတွင်းရှိ မူလချီစီးဆင်းမှုများကို သူ့မျက်လုံးနှင့် ရှင်းလင်းစွာ မြင်လာနိုင်ခဲ့ပေသည်။
တစ်ခဏမျှ ကြာပြီးနောက်တွင် မူလမှော်စာလုံးအစီအရင် မည်သို့ အလုပ်လုပ်သည်ကို နားလည်သွားတော့သည်။
“အံ့အားသင့်စရာပဲ သည်အစီအရင်မှာ အဆင့်လေးမူလမှော်စာလုံး ဆယ့်ရှစ်ခုနဲ့ အဆင့်သုံး မှုလမှော်စာလုံးက ရှစ်ဆယ်ကျော်ပါပြီးတော့ အဆင့်နိမ့် မှော်စာလုံးပေါင်း ရာချီတယ် ...” ဇူယွမ်က ချီးမွမ်းလိုက်သည်။ အဆင့်လေး မူလမှော်စာလုံးမှာ တော်တော်လေးကို အံအောဖွယ်ရာ ကောင်းပေသည်။ ထိုအရာကို ပြင်ဆင်ရန်အတွက် အချိန်ဘယ်လောက်များ ယဲ့ကယ် ပြင်ဆင်ခဲ့ရသနည်း။
အချိန်အချို့ခန့် လေ့လာကြည့်ပြီးနောက်တွင် သူ၏ ခေါင်းအတွင်း၌ အတွေးအမြင်အချို့ ပေါ်လာခဲ့သည်။
သူမည်သည်မှ မလုပ်ဆောင်ရသေးမီတွင် မူလမှော်စာလုံး အစီအရင်တွင် ယဲ့ကယ်၏ စိတ်ဝိညာဉ်စွမ်းအားများ ပါဝင်နေသည်ကို သတိပြုမိခဲ့သည်။ ဇူယွမ်အနေဖြင့် မည်သည့် ပြောင်းလဲမှုမှ မလုပ်ဆောင်မီတွင် ပထမဆုံး ထိုစိတ်ဝိညာဉ် စွမ်းအားများကို ဖယ်ရှားပစ်ရန် လိုအပ်ပေသည်။
သို့သော်လည်း ထိုအရာကိုသာ ယဲ့ကယ်သိရှိသွားပါက သူ၏ အတွေးတစ်ချက်နှင့်အတူ မူလမှော်စာလုံး အစီအရင်တစ်ခုလုံးကို ဖျက်ဆီး ပစ်လိုက်နိုင်ပြီး ဇူယွမ်၏ အစီအစဉ်များမှာ မီးခိုးအလား ကွယ်ပျောက်သွားမည် ဖြစ်သည်။
ထို့ကြောင့် သည်အနေဖြင့် မူလမှော်စာလုံး အစီအရင်ပေါ်တွင် ရှိနေသော ယဲ့ကယ်၏ အာရုံခံနိုင်မှု ရပ်တန့်ရန် လိုအပ်ပေသည်။
ဇူယွမ်က တစ်ခဏမျှ စဉ်းစားနေပြီးနောက်တွင် သူ၏ဦးခေါင်းကို မော့လိုက်သည်။ မူလချီများကို အသုံးပြုကာ သူ၏ အသံလှိုင်းကို ရေပြင်ပေါ်သို့ နောက်တစ်ခေါက် ထုတ်လွှင့်လိုက်ပြီးနောက် ယဲ့ကယ်နှင့် မူလမှော်စာလုံးတိုက်ပွဲကို စိတ်ဝင်တစား တိုက်ခိုက်နေသည့် ယောင်ယောင်၏ နားဆီသို့ ရောက်ရှိသွားခဲ့သည်။
“အမကြီး ယောင်ယောင်၊ ဒီလူရဲ့ စိတ်ဝိညာဉ်အာရုံခံစားမှုကို ခဏလောက် ပြတ်တောက်သွားအောင် လုပ်ပေးပါလား”
မူလမှော်စာလုံးစုတ်တံကို ကိုင်ဆောင်ထားသည့် ယောင်ယောင်၏ လက်များမှာ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ရေကန်၏ နက်ရှိုင်းသော နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ခဏအကြာတွင် ဇူယွမ်၏ အစီအစဉ်ကို ရိပ်မိသွားကာ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“မဆိုးပါဘူး… နောက်ဆုံးတော့ ဦးနှောက်ကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာ နင်သင်ယူနိုင်ခဲ့ပြီပဲ” ယောင်ယောင်မှာ တိုးညင်းစွာဖြင့် ရေရွတ်လိုက်သည်။
သူမ၏ မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ်မှာ ရုတ်တရက် တောက်ပစွာ လင်းလက်လာခဲ့ပြီးနောက် စိတ်ဝိညာဉ်လှိုင်းများမှာ ပျံ့နှံ့လာခဲ့ပြီး ဆူညံစွာဖြင့် ယဲ့ကယ်ထံသို့ တိုးဝင်သွားခဲ့သည်။
ထိုအရာက စိတ်ဝိညာဉ်တိုက်ခိုက်မှု ဖြစ်သည်။
ယဲ့ကယ်က ထိုအရာကို ချက်ချင်းပင် ခံစားမိလိုက်ပြီးနောက် သူ၏ နှလုံးသားမှာ တုန်ယင်သွားတော့သည်။ စိတ်ဝိညာဉ် တိုက်ခိုက်မှုသည် မူလချီတိုက်ခိုက်မှု တစ်ခုလောက် အထင်ကြီးလောက်စရာ မရှိသော်လည်း ထိုအရာက လွန်စွာ အန္တရာယ်များလှပေသည်။ ထိုတိုက်ခိုက်မှုကို ဂရုမစိုက်ပဲနေမိပါက စိတ်ဝိညာဉ်မှာ အသားခုတ် စဉ်းတီတုံးပေါ်မှာ အသားအပိုင်းအစများ ကဲ့သို့ ပြန့်ကျဲသွားပေလိမ့်မည်။
ထို့ကြောင့် ချက်ချင်းပင် သူ၏ စိတ်ဝိညာဉ်စွားအားများကို ဖြန့်ထုတ်လိုက်ပြီးနောက် သေးငယ်သော စိတ်ဝိညာဉ် ဒိုင်းကာတစ်ခုက သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။
ဘန်း ...
မြင်တွေ့နိုင်စွမ်း မရှိသော လှိုင်းတစ်ခုက လာရောက် ရိုက်ခတ်ပြီးနောက် တိုးညင်းသော အသံတစ်ခုကို ထပ်မံကြားလိုက်ရတော့သည်။ ထိုလှိုင်းပျံ့နှံ့လာသော စက်ဝန်းတစ်ခု အတွင်းတွင် ရှိနေသည့် မည်သည့်သက်ရှိမဆို သူတို့၏ စိတ်ဝိညာဉ်များ ပြိုကွဲပျက်စီးသွားမည်သာ ဖြစ်သည်။
စိတ်ဝိညာဉ်ဒိုင်းနှင့် ကာကွယ်ထားသော ယဲ့ကယ်၏ စိတ်ဝိညာဉ်ပင်လျှင် ခဏမျှ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီးနောက် သူ၏ တုံ့ပြန်မှုကို အနည်းငယ် နှေးကွေးသွားစေသည်။
“သူမရဲ့ စိတ်ဝိညာဉ်က တကယ်ကို စွမ်းအား ပြည့်ဝတာပဲ”
ယဲ့ကယ်၏ အမူအရာမှာ စိုးရိမ်မှုများ တိုးလျက်ရှိသည်။ အစောက တိုက်ခိုက်မှုတွင် ယောင်ယောင်၏ စိတ်ဝိညာဉ်မှာ သူ၏ ခြေထောက်အောက်ရှိ မူလရေကန်နှင့်ပင် တူညီပြီး အတိုင်းအဆမဲ့သည်ဟု ခံစားမိလိုက်ပေသည်။
သူ၏ စိတ်ဝိညာဉ်ကို ပြန်လည် ဆုတ်ခွာလိုက်ပြီးနောက် သူ၏စွမ်းအားများကို ပြန်လည် စုစည်းလိုက်သည့် အတွက်ကြောင့် ရေကန်၏ နက်ရှိုင်းသော နေရာတွင် တည်ရှိနေသည့် မူလမှော်စာလုံး အစီအရင်ကို အာရုံစိုက်နိုင်ခြင်း မရှိတော့ချေ။
ထိုစဉ် ရေကန်၏ အနက်ပိုင်းတွင် တည်ရှိနေသည့် ဇူယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူ၏ အနက်ဖော်မူလစာလုံးဖြင့် မူလမှော်စာလုံး အစီအရင်ပေါ်မှ အားနည်းလာသော ယဲ့ကယ်၏ စိတ်ဝိညာဉ်စွမ်းအားကို မြင်နေရပြီ ဖြစ်သည်။
သည်အဓိပ္ပါယ်မှ ယဲ့ကယ်၏ ထိန်းချုပ်မှုများ လျော့နည်းလာသည်ကို ပြသခြင်းဖြစ်သည်။
“ငါအခု စလုပ်လို့ရပြီ”
ဇူယွမ်က သူလက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီးနောက် ကောင်းကင်ဘုံ ယွမ်စုတ်တံကို ဆုပ်ကိုင်လိုက်သည်။ အနက်ဖော် သူတော်စင်စာလုံးမှာ သူ၏ မျက်ဝန်းအတွင်းတွင် လည်ပတ်လျက်ရှိပြီး ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွတ်ပေးလျက်ရှိသည်။ သူ့စုတ်တံ၏ ထိပ်ဖျားမှာ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့ပြီး နောက်တွင် အစီအရင်ကို ထိတွေ့လိုက်သည်။
ထိုနှစ်ခု ထိစပ်သွားချိန်တွင် အစီအရင်အတွင်းတွင် လှိုင်းထနေသော မူလချီများမှာ လှုပ်ခတ်သွားတော့သည်။
ဇူယွမ်၏ အမူအရာမှာ အရင်တိုင်းပင် ရှိနေခဲ့ပြီး စုတ်တံ၏ ထိပ်ဖျားအား ညင်သာစွာ လှုပ်ရှားလိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိညာဉ်မှာ တောက်ပလာခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအားများမှာ စုတ်တံ၏ ထိပ်ဖျားဆီမှာ အပြင်သို့ စီးဆင်းလာခဲ့သည်။
ရှုပ်ထွေးသော စုတ်ချက်များနှင့် မူလမှော်စာလုံးပုံသဏ္ဌာန်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာအား ရေးဆွဲ၍ ပြီးမြောက်သွားချိန်တွင် စုတ်တံထိပ်ဖျားမှာ အရှေ့ကို အရှေ့တို့ တွန်းလွှတ်လိုက်ပြီးနောက် မှော်စာလုံးကို အစီအရင်ထဲသို့ ဝင်ရောက်သွားစေခဲ့သည်။
ထို့နောက် အစီအရင်မှာ စတင်ပြီး ပြိုကျပျက်စီးလုနီးပါး အထိ တုန်ခါလာခဲ့ပေသည်။
ထို့နောက် ဇူယွမ်မှာ မူလမှော်စာလုံးကို ထိန်းချုပ်လိုက်ပြီးနောက် သူ၏ မူလချီများကို လည်ပတ်စေလိုက်ပြီး ဖြည်းဖြည်းချင်း ငြင်းပယ်နေသည့် မူလမှော်စာလုံး အစီအရင်ထဲသို့ ပျံ့နှံ့စေကာ မှော်စာလုံးကို အစီအရင်ထဲသို့ ထည့်သွင်းလိုက်ပေသည်။
ကနဦးတစ်ခု အောင်မြင်သွားပြီးချိန်တွင် ဇူယွမ်မှာ နောက်တစ်ကြိမ် ပြန်လည် စတင်လိုက်ပြီးနောက် အစီအရင်ထဲသို့ မှော်စာလုံးများ တစ်ခုပြီးတစ်ခု ဆက်လက် ထည့်သွင်းလိုက်သည်။
“ရေထုမှခိုင်ခံ့ခြင်း မှော်စာလုံး”
“ရွှေကျောက်စိမ်း မှော်စာလုံး”
“ရောင်ပြန်သံချပ်ကာ မှော်စာလုံး”
“သတ္တုနံရံ မှော်စာလုံး”
“…”
အစီအရင်ထဲသို့ ဝင်ရောက်သွားသော မှော်စာလုံးများသည် အသက်ဝင်သေးခြင်း မရှိဘဲ သူတို့ တိုက်ခိုက်ရမည့် အခိုက်အတန့်ကိုသာ စောင့်ဆိုင်း နေခဲ့ကြသည်။
နောက်ဆုံး မှော်စာလုံးကို အထဲသို့ သွင်းပြီးချိန်တွင် ဇူယွမ်မှာ အသက်ရှူထုတ် လိုက်သည်။ သူက မျက်ခုံးနှစ်ခုကြားရှိ နေရာကို နှိပ်နယ်နေရင်းမှ အစီအရင်၏ အတွင်းပိုင်းကို ပြုံးပြီးကြည့်နေခဲ့သည်။ ပေတစ်ထောင်ရှည်သည့် ရေနေသားရဲကြီးသည် နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ပြီး သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက အစီအရင်ကို ဝင်ဆောင့်လိုက်သည်။ သူ၏ ဦးခေါင်းထိပ်တွင် စုစည်းနေခဲ့သော မူလချီများ၏ အားက တောင်တစ်လုံးကိုပင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားနိုင်အောင် အင်အား ကြီးမားလှပေသည်။
အဆုံးတွင် မှော်စာလုံးအစီအရင်မှာ ပျက်စီးတော့မည် ဖြစ်သည်။
သို့သော်လည်း ဇူယွမ်က သားရဲကြီး ရပ်သွားအောင် မလုပ်ဘဲ ဘေးမှကြည့်ကာ ညင်သာစွာ ရယ်မောနေခဲ့သည်။
ရေကန်ထဲရှိ ရေများမှာ အားလှိုင်းကြောင့် ပြင်းထန်စွာ တုန်ခါနေတော့သည်။
ဘုန်း ...
မျက်စိတမှိတ်အတွင်းတွင် ပေတစ်ထောင် သားရဲကြီးသည် သူကိုယ်သူ ပိုက်ကွန်ဆီသို့ ပစ်ဝင်လိုက်သည်။ ထို့ကြောင့် အလိုလိုပြောနိုင်သည်မှာ ရေပိုက်ကွန် အစီအရင်သည် သည်တစ်ကြိမ်တွင် ပျက်ဆီးတော့မည်။
ထိုသို့မဖြစ်မီ ဇူယွမ်သည် သူ၏ စိတ်ဝိညာဉ်ကို မူလမှော်စာလုံးများ ထံသို့ ဖြည့်သွင်းလိုက်သည်နှင့် အစီအရင်မှာ ရုတ်တရက် တုန်ခါလာပြီး အသက်ဝင်လာတော့သည်။
မူလမှော်စာလုံး အစီအရင်တစ်ခုလုံး ကြမ်းတမ်းစွာ တုန်ခါနေခဲ့သည်။
ကြည့်နေစဉ်မှာပဲ ပိုက်ကွန်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရေအကာအကွယ် တစ်ခုမှ ထိုနေရာတွင် ပေါ်လာခဲ့သည်။
ရေအကာအကွယ်မှာ ရွှေရောင် ကျောက်စိမ်းကဲ့သို့ အရောင်များ ရွန်းစိုနေပြီး အလင်းအလွှာများ ဖြာထွက်လာကာ ဖျက်ဆီးနိုင်စွမ်း မရှိသော ရေနံရံကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။