ထောင်ချောက် ... ။
Vol. 170 Ch. 2370
“ ဘယ်လိုလဲ ... ။ ”
“ ငါ သဘောတူတယ်။ ”
ချင်းယွင်၏ အကြံပြုလျက်ကို ကောင်းကင်စာအုပ်မှ ဦးစွာ သဘောတူသည်။
“ ပြောစရာ မရှိဘူး။ ”
ထို့နောက် ကျန်းဇီဟွာ ဖြစ်၏။ သွေးဘုရင်သည် ကြောက်မက်ဖွယ် ပြိုင်ဘက် ဖြစ်ချေပြီ။ အုပ်စုဖွဲ့ခြင်းသည် အကောင်း ပေပင်။
“ ငါ့မှာ ... ငြင်းဖို့ အကြောင်း ပြချက် မရှိပါဘူး။ ”
ထုံပါဟုန်က ပြုံးပြီး ခေါင်းညိတ်၏။ မုချင်းရွယ်နှင့် စန်းကျွယ်မှလည်း ခေါင်းညိတ် တော့သည်။
“ လင်းကျန်းရှန့် ... မင်းကော ဘယ်လိုလဲ။ ”
ကျန်းဇီဟွာက သတိတရ လှမ်းမေးသည်။ လင်းကျန်းရှန့်က တစ်ချက်သာ ပြန်ကြည့်ပြီး၊
“ သခင်လေးလင်း ဆန္ဒအတိုင်းပဲ။ ”
-ဟု ပြန်ဖြေလိုက်၏။
ကောင်းကင်ဓားခန်းမ၏ တပည့်များ အားလုံး မျက်လုံးပြူးသွားတော့၏။ ဤသည်မှာ မည်သို့သော အဓိပ္ပါယ် ဖြစ်သည်ကို လူတိုင်း နားလည်ချေပြီ။
လင်းကျန်းရှန့်ကို သူ့ထံ ဆွဲယူလိုသော ကျန်းဇီဟွာ၏ မျက်နှာမှာ ချက်ချက် မည်းမှောင် သွားတော့၏။
ရည်ရွယ်ချက်ရှိရှိဖြင့် လင်းယွန်ကို လျစ်လျူရှုထားခဲ့သော်လည်း မျက်နှာ ဖြတ်ရိုက် ခံလိုက်ရသည်။
လူတိုင်း ပြုံးစိစိ ဖြစ်လာပြီး ကောင်းကင် စာအုပ်က မနေနိုင်တော့ဘဲ၊
“ ဒါဆို သခင်လေးလင်း ... မင်းရော ဘယ်လိုထင်လဲ။ ”
-ဟု ရွှတ်နောက်နောက်ဖြင့် မေးလိုက်၏။
“ အဆင်ပြေပါတယ်။ ”
လင်းယွန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေ၏။
“ ကောင်းပြီ ... ဒါဆို လှုပ်ရှားကြမယ် ပူးပေါင်းချင်စိတ် မရှိတဲ့ လူတွေကို ရွှေဝိညာဉ် အမြုတေအတွက် ယှဉ်ပြိုင်ခွင့် မပြုဘူး။”
ချင်းယွင်က အဆုံးသတ်လိုက်သည်။ သွေးဘုရင်သည် သူတို့ စကားပြောနေချိန်တွင် ရွှေဝိညာဉ် အမြုတေကို ထုတ်ယူ ဝါးမျိုလိုက် တော့၏။
“ ဝှစ် ... ။ ”
ချင်းယွင်က ၎င်းအထက် ကောင်းကင်၌ ပေါ်လာပြီး ဓားဖြင့် ခုတ်ပိုင်းပစ်၏။ သူ့ဓားမှာ ဘုန်းဝိညာဉ် (၅)ပါး လက်ရာ ဖြစ်သည်။
“ မင်း ... သေလိုက်တော့။ ”
သွေးဘုရင်က သံကြိုးနှစ်ချောင်းကို လက်ဖြင့်ဆွဲယူပြီး ဓားပေါ် တားဆီးတော့၏။ တစ်ချိန်တည်းမှာပင် ဟောက်သံပြုပြီး အသံ လှိုင်းများ ထုတ်လွှတ်လိုက်သည်။
“ ချွင် ... ချွင် ... ။ ”
ဓားနှင့် သံကြိုးများ ထိပ်တိုက် တွေ့သောအခါ မီးပွားများ လွင့်ပျံလာသည်။ သို့သော် သွေးဘုရင်၏ ဟောက်သံမှာ တစ်စုံတစ်ရာ ထူးခြားချေ၏။
ဆိုလိုသည်မှာ သွေးဘုရင်သည် သူ၏ သူတော်စင်ဘုရင် ရောင်ဝါအတွင်း အသံလှိုင်းကို ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။
ဤနည်းဖြင့် ချင်းယွင်၏ သူတော်စင် ဝိညာဉ်မှာ နာကျင်သွားရပြီး ညည်းတွားသံ ပြုလျက် ပြန်လှည့် ပြေးလိုက်ရသည်။
ထိုသို့ အရေးကြီးသော အခိုက်တွင် ယင်ယန်ပန်းချီကား ဆင့်ခေါ်လျက် အသံလှိုင်း အပေါ် ပြန့်ကျဲစေလိုက်၏။
“ သွားကြရအောင် ... ။ ”
ချင်းယွင် ဆုတ်ခွာသွားသဖြင့် လူတိုင်းက နက္ခတ်များ ဆင့်ခေါ်လျက် ပြေးဝင်လိုက်ကြ တော့သည်။
“ မင်းတို့ ဒီမှာပဲနေ ... ။ ”
လင်းယွန်က အမျိုးသမီး နှစ်ယောက်ကို သတိပေး ပြီးနောက် တိုက်ပွဲအတွင်း ပျံသန်း သွားတော့၏။
“ ခေါင်းဆောင် လင်းယွန် လာပြီ။ ”
ကောင်းကင်ဓားခန်းမမှ တပည့်တစ်ဦးက ကျန်းဇီဟွာကို အသိပေး၏။ ထိုဓားသမားသည် ကျင့်ကြံမှု အနိမ့်ဆုံး ဖြစ်သော်လည်း ရောင်ဝါမှာ ကြောက်မက်ဖွယ် ကောင်းချေပြီ။
သူတို့အားလုံးသည် အဋ္ဌမအဆင့် သူတော်စင်သခင် ဖြစ်သော်မှ ဖိအားအချို့ကို ခံစားရ၏။
“ ရွှေနတ်ဆိုး ရူရ်တွေလား ... ။ ”
လင်းယွန်က မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်သည်။ သူ့ဓားရည်ရွယ်ချက်မှာ အသုံး မဝင်သောကြောင့် အခြားပါရမီရှင်များက လှောင်ပြုံး ပြုံးလိုက်ကြ၏။
“ ချွင် ... ချွင် ... ။ ”
တစ်ဖက်တွင် သွေးဘုရင်က သံကြိုးများကို ဝှေ့ယမ်းလျက် လေဟာနယ်ကို ပုံပျက်စေသဖြင့် မည်သူမျှ မပေါ့ဆ ဝံ့ချေ။
“ ချင်းယွင် ... ဒီကောင်ရဲ့ ရွှေရောင် နတ်ဆိုးရူရ်တွေက ကြောက်စရာ ကောင်းလွန်း နေတယ်။ ”
ကောင်းကင် စာအုပ်က မှတ်ချက်ပေး လိုက်သည်။
“ ရွှေနတ်ဆိုး ရူရ်ကို ရေးထွင်းထားတဲ့ နတ်သွေးရဲ့ သိပ်သည်းဆက ငွေနတ်ဆိုး ရူရ် တွေထက် ... ဆယ်ဆ ပိုအားကောင်းတယ် ဒါကြောင့် သူ့ရဲ့ ကာကွယ်ရေး အလွှာကို ဖြတ်ဖို့ခက်လိမ့်မယ်။ ”
ချင်းယွင်က ပြန်ဖြေ၏။
“ တကယ်တော့ ဒါဟာ ပြိုင်ဘင်ကင်း မဟုတ်သေးပါဘူး .. ညီအစ်ကိုချင်းရဲ့ ယင်-ယန် ပန်းချီကားက တာအို မျက်နှာပြင်ကို ထိနေပြီ မဟုတ်လား ... ။ ”
“ ဟား ဟား ဟား ... ။ ”
ဤသည်မှာ ထာဝရ တာအို ဖြစ်သည်။ ချင်းယွင်က ရယ်မော လိုက်တော့၏။ စကားပြန် ပြောခြင်း မပြုချေ။ သည်နေရာရှိ မည်သူမဆို ဝှက်ဖဲများ ရှိသည် မဟုတ်လော။
ထိုဝှက်ဖဲများဖြင့် ရွှေရောင် နတ်ဆိုး ရူရ်များကို အလွယ်တကူ ချိုးဖြတ်နိုင်သည်မှာ သံသယ ဖြစ်စရာ မလိုချေ။
သို့သော် ဝှက်ဖဲဟူသည် ဝှက်ထားနိုင်မှသာလျှင် အဓိပ္ပါယ် အပြည့် ရှိ၏။ မဟုတ်သော် ရွှေဝိညာဉ် အမြုတေကို စွန့်ရပေ လိမ့်မည်။
“ နည်းလမ်း တစ်ခု ရှိတယ် ... ငါတို့အားလုံးက နဂါးအဆင့် ပါရမီရှင်တွေပဲ မဟုတ်လား။ ”
ကျန်းဇီဟွာနှင့် ကောင်းကင် စာအုပ်က အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့ အသံများကို အခြားသူများထံ ပေးပို့လိုက်သည်။
မုချင်းရွယ်၊ စန်းကျွယ်နှင့် ကျန်လူများက အံ့သြသွား၏။ ဤအစီအစဉ်သည် ကောင်းမွန် သော်လည်း ယုတ်မာလွန်းချေပြီ။
လူတိုင်း လင်းယွန်ထံ ဖြတ်ခနဲ လှမ်းကြည့်မိ၏။ ဓားရည်ရွယ်ချက်ကို စမ်းသပ် နေသဖြင့် လင်းယွန်က သတိမထားမိချေ။
ဤသည်မှာ သူတို့ အမြင်ဖြစ်သည်။ လင်းယွန်အတွက်မူ ခန္ဓာကိုယ်ဖြင့် ကွယ်ကာ ပြုံးလိုက်တော့၏။
ရုတ်တရက် ကျန်းဇီဟွာ မျက်ဝန်း၌ တန်ခိုးကြီးသော ရောင်ဝါတစ်ခု ထွက်ပေါ်လာ လေသည်။ အုပ်စိုးရှင် လေးပါးကို ကိုယ်စား ပြုသော ရွှေရောင် ပန်းလေးပွင့် ထွက်ပေါ် လာ၏။
၎င်းတို့က သူ့ဓားရောင်ဝါထဲ ပေါင်းစပ်သွားကာ ‘ကောင်းကင်ဘုံ နတ်ဓား’ -ဟု အော်ဟစ်လိုက်သည်။
ဤမြင်ကွင်းက လင်းကျန်းရှန့်ကို မျက်ဝန်းများ မှေးစင်းသွားစေ၏။ ဤလူသည် ဝှက်ဖဲကို သုံးရလောက်အောင် သည်မျှ သဘောထား ကြီးမည် မဟုတ်ချေ။
“ ဘုန်း ... ။ ”
ဓားက သွေးဘုရင်၏ ရူရ်များကို အက်ကွဲအက်ကြောင်းများ ဖြစ်ပေါ်လာစေ၏။ သွေးဘုရင်ခမျာ ဒေါသထွက်လာတော့သည်။
“ မင်း သေလိုက်စမ်း ... ။ ”
ကျန်းဇီဟွာထံ လှည့်ကြည့်ကာ အော်ငေါက်လိုက်သည်။
“ ဟား ဟား ဟား ... မင်းလို ဝိညာဉ် အကြွင်းအကျန် တစ်ယောက်က ကိုယ့်ကိုယ်ကို သူတော်စင်ဘုရင်လို့ တကယ် မှတ်ယူ နေတာလား။ ”
ကျန်းဇီဟွာက ရယ်မောလျက် နောက်ပြန်ဆုတ်လိုက်၏။
“ မင်း လွတ်အောင်ပြေး ... ။ ”
သွေးဘုရင်က သံကြိုးဖြင့် လှမ်းရိုက် တော့သည်။ နဂါးနှစ်ကောင်အလား သံကြိုးများ ကျန်းဇီဟွာထံ ဝင်ရောက်လာ၏။
“ ထန် ... ထန် ... ။ ”
“ ဟား ဟား ဟား ... ။ ”
“ ဝုန်း ... ဝုန်း ... ။ ”
ကျန်းဇီဟွာက ဓားဖြင့် ရိုက်ဖယ်ကာ ရယ်မောတော့သည်။ သံကြိုးများ မြေပြင်ပေါ် ကျသွားပြီးနောက် မီးလောင်ပေါက်များ ဖြစ်ကျန်ရစ်ခဲ့၏။
“ သတ် ... ။ ”
ချင်းယွင်၊ ထုံပါ့ဟုန်၊ ကောင်းကင် စာအုပ်၊ စန်းကျွယ်နှင့် မုချင်းရွယ်က ပြေးဝင်လိုက်သည်။ တိုက်ပွဲမှာ ချက်ချင်း ဖရိုဖရဲ ဖြစ်လာ၏။
သွေးဘုရင်တစ်ယောက် ရူးသွပ်သွားချေပြီ။ သူတော်စင် ရောင်ဝါများ ကျဆင်းလျက် ဒဏ်ရာ ပြင်းထန်စွာ ရရှိလာ၏။
ဤသည်မှာ နဂါးသတ် အဆင့် ပါရမီရှင်များ၏ ခွန်အား ပေပင်။ ထို့ကြောင့် ရပ်ကြည့်နေသူတိုင်း သက်ပြင်းချ လိုက်၏။
“ မင်းတို့ အားလုံး သေကြစမ်း။ ”
သွေးဘုရင်က စွမ်းအားကို ထပ်မံ မြှင့်တင် လိုက်ရသည်။ အငွေ့အသက်များ ပေါက်ကွဲလာ သဖြင့် လူအုပ်မှာ ချက်ချင်း နောက်ဆုတ် သွားတော့၏။
လင်းယွန် တစ်ဦးတည်းသာလျှင် ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် သွေးဘုရင်၏ ဒေါသမှာ သူ့အပေါ် ဖုံးလွှမ်းသွားလေသည်။
တစ်ဖက်တွင် သူတော်စင် ဘုရင်၏ ရောင်ဝါကို လူ(၇)ယောက် ဝိုင်းထမ်းထားရာမှ ချက်ချင်း တစ်ယောက်တည်း ထမ်းလိုက်ရခြင်း ဖြစ်သဖြင့် လင်းယွန်ခမျာ မသက်သာလှချေ။
“ ခရစ် ... ။ ”
ထို့ကြောင့် ဓားရောင်ဝါ ပြိုကျလျက် သွေးဘုရင်လက်မှ ပြန်ဆုတ်ရန် နောက်ကျသွား တော့၏။
***