ငါက ပြိုင်ဘက်ကင်းပဲ။
Vol. 170 Ch. 2378
ချင်းယွင်ထံတွင် ယင်နှင့်ယန်က အပြည့်အ၀ ပေါင်းစပ်လာပြီး လူတိုင်းကို ထိတ်လန့်စေသော ရောင်ဝါများ ပေးဆောင်လာ၏။
အဆုံးတွင် ထာဝရ တာအို ဟူသည် ကိုးပါးသာ ရှိသည်။ သို့သော် လင်းယွန် လက်၌ ယင်ယန် တံဆိပ်တစ်ခု ဖြစ်ပေါ်လာ၏။
ဓားဝိညာဉ် နှစ်ပါးက ခန္ဓာကိုယ်မှ ပျံထွက်လာပြီးနောက် အချင်းချင်း လိုက်ဖမ်း တော့သည်။
“ ပုံစံ ... ။ ”
လင်းယွန် အမိန့်ပေး လိုက်သည်နှင့် ဓားဝိညာဉ်နှစ်ပါး လောင်ကျွမ်းလျက် စူးရှသည့် ရောင်ဝါများ ထုတ်ပေးလာ၏။
စက္ကန့်ပိုင်း အတွင်း ခမ်းနားသော မီးတောက်ပန်းချီကား တစ်ချပ် ပေါ်လာသည်။
“ မီးတောက် ယင်ယန် ပန်းချီကား ။ ”
“ ဒါလည်း ယင်-ယန် တာအိုပဲ ... သူတို့နှစ်ယောက်က ထာဝရတာအိုရဲ့ တံခါးဝကို ရောက်နေပြီ။ ”
ပတ်ဝန်းကျင်မှ အာမေဋိတ်သံများ ထွက်ပေါ်လာပြီး ချင်းယွင်သည်ပင် ထိတ်လန့် သွားတော့၏။
ယင်-ယန် နှစ်ပါး ထိပ်တိုက်တွေ့သော အခါတွင် ၎င်းတို့နောက်၌ အဖြစ်အပျက်များ အစီအရီထွက်ပေါ်လာသည်။
“ ဒါ ... နဂါးပြာ ဘိုးဘေး ထားခဲ့တဲ့ လျှို့ဝှက်နည်းပညာ တစ်ခုပဲ ... တာအိုဂိုဏ်းကို မနှိမ်နင်းနိုင်ဘူးလို့ ငါမယုံဘူး။ ”
လင်းယွန် မျက်လုံးများတွင် ရွှေရောင်အလင်းများ တောက်လောင်လျက် ဓားဝိညာဉ် နှစ်ပါး လောင်ကျွမ်းသွား၏။
“ ဘာစွမ်းအားကြီးလဲ … ။ ”
လင်းယွန်၏ ယင်ယန် ပန်းချီကားတွင် စွမ်းအင်နှစ်မျိုး ပါ၀င်နေသည့် သက်ရှိနှစ်ပါးကို မြင်လိုက်ရ သောကြောင့် ချင်းယွင်မှာ ထိတ်လန့်သွားသည်။
“ ခရစ် ... ။ ”
“ ဝေါ့ ... ။ ”
ထို့နောက် သူ၏ ယင်ယန် ပန်းချီကား ကွဲအက်သွားပြီး အမြောက်ကျည် ကဲ့သို့ လွင့်စဉ် ပြုတ်ကျကာ သွေးများ အန်လိုက်ရ၏။
သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်မီ နောက်သို့ ခြေနှစ်လှမ်း ဆက်တိုက် ဆုတ်ခွာပေး လိုက်ရသည်။
တစ်ဖက်တွင် လင်းယွန်က ပန်းသင်္ချိုင်း ဓားကို လှမ်းဆွဲလျက် ချင်းယွင် မျက်နှာထံ ချိန်ရွယ် ပစ်ခတ်လိုက်၏။
“ ရွှပ် ... ။ ”
လျင်မြန်လွန်းသဖြင့် ချင်းယွင်ခမျာ ချက်ချင်း ရှောင်တိမ်း လိုက်ရပြန်သည်။
“ သွားကြရအောင် ... ။ ”
နောက်ဆုံးတွင် ကျန်းဇီဟွာက မထိန်းနိုင်တော့ဘဲ ပန်းသင်္ချိုင်း ဓားကို ရိုက်ထုတ်ပစ်လိုက်ရသည်။
“ လောင်မြိုက်နေသော ကြက်သွေးရောင် ကောင်းကင်ကြီး ... ။ ”
ကောင်းကင် စာအုပ်က သူ့လက်ထဲရှိ ခေါက်ယပ်တောင်ကို ဝှေ့ယမ်းကာ နေမင်းကြီး တစ်စင်းဖြင့် ပစ်ခတ်လိုက်သည်။
“ ဝှစ် ... ။ ”
နေမင်းကြီးထံမှ မြှားများကဲ့သို့ မီးနဂါး(၁၈)ကောင် ထွက်လာ၏။ လင်းယွန်က လက်သီးများ ဆက်တိုက် ထိုးနှက်ကာ မီးနဂါးများကို ဖြိုခွင်းလိုက်သည်။
သို့တိုင် အကြိမ်တိုင်း ပြန်ဆုတ်ပေး လိုက်ရ၏။ စုစုပေါင်း ခြေလှမ်း (၁၈)လှမ်း ဆုတ်ခွာပေး လိုက်ရသည်။
“ သူတို့က နည်းနည်းတော့ ... အရှက်ကင်းမဲ့ လွန်းတယ် မဟုတ်လား။ ”
ကျန်းဇီဟွာနှင့် ကောင်းကင် စာအုပ်ကို ကြည့်ကာ လူတိုင်း ဒေါသထွက်လာ၏။
“ ဟား ဟား ဟား ... ပန်းသင်္ချိုင်း တောင်းပန်ပါတယ် ။ ”
ကောင်းကင် စာအုပ်က ရယ်သည်။ ထို့နောက် လင်းယွန် ရှေ့သို့ ဆင်းသက်လာပြီး၊
“ မဟာနေမင်း ဒိုမိန်း ... ။ ”
-ဟု အော်ဟစ်လိုက်၏။
မြေပြင်အနှံ မီးတောက်များ ပြန့်ကျဲ လောင်ကျွမ်းလျက် လင်းယွန်အပေါ် ဖိအားများ ပြိုကျလာတော့သည်။
“ မိုးပြာနဂါး ဓားဒိုမိန်း။ ”
လင်းယွန်ကလည်း သူ့ဒိုမိန်းကို လွှတ်ပေးလိုက်သည်။ သို့သော် ဓားဒိုမိန်းမှာ ချုပ်နှောင်ခြင်း ခံလိုက်ရ၏။
ဤအရာသည် လင်းယွန်အတွက် ပထမဆုံးအကြိမ် ကြုံလိုက်ရခြင်း ဖြစ်သဖြင့် အံ့သြသွားမိသည်။
“ ဟမ့် ... ပြိုင်ဘက်ကင်း ဓားသမားလား ... မင်းရဲ့ ဓားဒိုမိန်း မရှိတော့ရင် ... ဘာလုပ်နိုင်လဲ ငါကြည့်မယ်။ ”
ကောင်ကင် စာအုပ်က လှောင်ပြောင်၏။ ကျင့်ကြံမှုကို အားကိုးကာ တစ်ဖက်လူ အပေါ် အသာစီး ရယူထားနိုင်ပြီ ဖြစ်သည်။
“ ပြီးသွားပြီ ... ။ ”
ကျန်းဇီဟွာက ချင်းယွင်ရှေ့တွင် ရပ်ပြီး လင်းယွန်ထံ အားယူ လိုက်သည်။ ကောင်းကင် စာအုပ်ကို တိုက်ခိုက်နေရာမှ လင်းယွန်က ဓားအလင်း တောက်ထုတ်ပစ်၏။
“ ရွှပ် ... ။ ”
ဓားအလင်းက ပန်းသင်္ချိုင်းပေါ် ထိမှန်ပြီးနောက် အသက်ဝင်လာသလို တုန်ခါ သွားလေသည်။ သည့်နောက် လျင်မြန်သော အဟုန်ဖြင့် ကျန်းဇီဟွာထံ ပြေးဝင်လာ၏။
“ ငါ့ကို ဓားသမား မဟုတ်ဘူးလို့ ထင်နေတာလား ... မင်း သေချင်နေတာပဲ။ ”
ထိုမြင်ကွင်းက ကျန်းဇီဟွာကို ဒေါသထွက်စေသည်။ သက်မဲ့ ဓားတစ်လက်ဖြင့် သူ့ကို ဟန့်တားနိုင်မည်ဟု ထင်နေခဲ့၏။
“ ထန် ... ထန် ... ။ ”
ဒေါသတကြီးဖြင့် ပန်းသင်္ချိုင်းကို ခုတ်ဖယ်လိုက်မိသည်။ သို့သော် ဓားနှစ်လက် ထိတွေ့သောအခါ သူ့အပေါ် ဓားရောင်ဝါကြီး အဆတ်မပြတ် ပြိုကျလာသည်ကို ခံစားလိုက်ရ၏။
တော်ဝင် ဓားအစီရင် အသက်ဝင်လာပြီး တောင်ခုနစ်လုံး၏ အကန့်အသတ်မဲ့ ရောင်ဝါက ပန်းသင်္ချိုင်းထံ ထောက်ပံ့ ပေးနေခြင်းပေပင်။
“ ငါတို့ တိုက်ပွဲကို ... မင်းအလေး မထားဘူး။ ”
လင်းယွန်သည် သူ့နှင့် တိုက်ခိုက်နေစဉ် အာရုံခွဲကာ ကျန်းဇီဟွာကို ဟန့်တားနေသဖြင့် ကောင်းကင်စာအုပ်က ဒေါသထွက်လာ၏။
“ ဒါဆို ... ငါက အလေးအနက် မထားရင်ရော မင်းဘာလုပ်နိုင်မှာ မို့လဲ။ ”
လင်းယွန်က ပြုံးပြီး မိုးပြာနဂါး နတ်ရူရ်ကို ညာဘက်ခြေသို့ ပို့ဆောင်ကာ ကြမ်းပြင်အပေါ် နင်းချလိုက်သည်။
သူ့ခန္ဓာကိုယ်က ပြိုကျလာသော တောင်ကြီးတစ်လုံးကဲ့သို့ အာကာပြင်အပေါ် ကွဲအက်သွားစေသည်။ ကောင်းကင်စာအုပ် ခမျာ ချက်ချင်း နောက်ဆုတ်လိုက်ရ၏။
တစ်ဆက်တည်းမှာပင် မိုးပြာနဂါးကြီး ပေါ်လာပြီး နဂါး ဟောက်သံက ကောင်းကင်အ တခွင် ပဲ့တင်ထပ်လာတော့သည်။
“ ဝှစ် ... ။ ”
လေထဲ ၎င်း၏ ဆံပင်များ ဝဲပျံလျက် အသံလှိုင်းအပေါ် တားဆီးရန် ယပ်တောင်ကို ခတ်ထုတ်လိုက်ရ၏။
သို့သော် သူ့တစ်သက် မမေ့နိုင်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ လင်းယွန်၏ ခြေထောက်အောက်၌ နဂါးကြီး တစ်ကောင် ပေါ်လာခြင်း ဖြစ်၏။
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က ရယ်မောလျက် လေထဲခုန်တက်ကာ နဂါးခေါင်းပေါ် ဆင်းသက် လိုက်၏။ ဆံပင်များ ယိမ်းထိုးလျက် ကြီးစိုး နေချေပြီ။
သူ့ဓားရောင်ဝါက မိုးပြာနဂါးနှင့် ပေါင်းစပ်ပြီး ထက်ရှသော ခံစားချက်များကို ပေးစွမ်းနေသည်။ မည်သည့် အရာကမျှ ၎င်းကို ဟန့်တားနိုင်ခြင်း မရှိဟု ခံစားရစေ၏။
ဖိနှိမ်ခံထားရသော ဓားဒိုမိန်းက ရုန်းကြွလျက် မဟာနေမင်း ဒိုမိန်းအပေါ် ပြန်၍ ဖိအားပေးလာသည်။ မဟာနေမင်းဒိုမိန်း၌ အက်ကြောင်းများ ပေါ်လာတော့၏။
“ သေစမ်း ... ။ ”
ကောင်းကင်စာအုပ်က ကျိန်ဆဲပြီး လင်းယွန်ကို ပြေးဝင် တိုက်ခိုက်လိုက်ပြန်သည်။ သို့သော် ဤတစ်ကြိမ်၌ ဖိနှိမ်ခံရသူမှာ သူ ဖြစ်နေ၏။
“ ရွှပ် ... ။ ”
“ ထန် ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်းထံသို့ ဓားအလင်းဖြင့် ပစ်ခတ်ကာ ထပ်မံ အားဖြည့် ပေးလိုက်သည်။
“ သူ ဒီလို လုပ်နိုင်တာလား။ ”
ဤမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့် သွားစေ၏။ အရိပ် နတ်ဘုရား နန်းတော်နှင့် ကောင်းကင် ဓားခန်းမ၏ တပည့်များ အသက်ရှူ ရပ်ကုန်သည်။
“ ညီအစ်ကိုလင်းက အရမ်းသန်မာတယ် ... ဒီလို အစွမ်းထက်တဲ့ ဓားသမားမျိုး ငါ့တစ်သက် တစ်ခါမှ မတွေ့ဖူးဘူး … ။ ”
ရှန်းထျန်းနန် မျက်နှာတွင် ခံစားချက် များစွာဖြင့် ပြည့်နှက်လာ၏။ လက်ရှိ ခံစားချက် အပေါ် ဖော်ပြရန် ပြီးပြည့်စုံသော စကားလုံးများ မရှိချေ။
“ Bravo ... ။ ”
ထို့ကြောင့် (Bravo) -ဟုသာ အော်ဟစ် လိုက်သည်။ သူ့အားပေးသံက အောင်းကြွယ်နှင့် လင်းကျန်းရှန့်ကို အံ့ဩကာ လှည့်ကြည့် မိစေ၏။
“ နဂါးပြာ ဘိုးဘေးတောင် ... သူ့အရွယ်မှာ သူ့ထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ... ငါ မထင်ဘူး။ ”
တော်ဝင် ကောင်းကင် သခင်က ပြုံးရယ်လျက် မှတ်ချက်ပေး၏။ ကျိကျစ်ရှီမှ ကျေနပ်စွာ နားထောင်နေသည်။
ဤမြင်ကွင်းကို ခွန်လွန်၌ သူမ အကြိမ်ကြိမ် မြင်ဖူးသည်။ ဤသည်မှာ ပန်းသင်္ချိုင်းပုံစံ ဖြစ်ပြီး စကြာဝဠာ၌ပင် ပြိုင်ဘက်ကင်းချေ၏။
ချင်းယွင်က ဘေးမှ ရပ်ကြည့်နေသည်။ ဒဏ်ရာများ ပြန်လည် သက်သာလာသော်လည်း ရှုံးခဲ့ပြီး ဖြစ်သဖြင့် တိုက်ပွဲ မဝင်လိုတော့ချေ။
သို့သော် လင်းယွန်ကို ယခုအချိန် မနှိမ်နှင်းနိုင်ပါက ဒုတိယအကြိမ် အခွင့်အရေး ရှိတော့မည် မဟုတ်ကြောင်း နားလည်မိ၏။
“ ဟိတ် ... ။ ”
ထိုအတွေးက သူ့ကို ရူးသွပ်စေပြီး ကောင်းကင်ပေါ် ချက်ချင်း ခုန်တက်လိုက်ကာ တိုက်ပွဲဝင်လိုက်တော့သည်။
ဤမြင်ကွင်းသည် ရုတ်ခြည်း ဖြစ်သောကြောင့် လင်းယွန်က အံ့အားသင့်စွာ တစ်ချက် မော့ကြည့်လိုက်၏။
“ သူ့ကို အထင်မသေးနဲ့။ ”
ကောင်းကင် စာအုပ်က ဝမ်းသာအားရ သတိပေးသည်။ နှစ်ယောက်သား အတွဲညီညီ တိုက်ပွဲ ဝင်နိုင်တော့မည် ဖြစ်သည်။
သို့သော် မိုးပြာနဂါး ဓားဒိုမိန်းအတွင်း ဝင်လိုက်သောအခါ ချင်းယွင်က နောင်တရသွား တော့သည်။ လင်းယွန်က နဂါးအမြီး ကဲ့သို့ သူ့ကို ကန်ထုတ်လာ၏။
“ အရှုံးသမားက ငါ့ကို ခိုးဝင်တိုက်ဖို့ သတ္တိရှိလား ... မင်း သေရတော့မယ်။ ”
ချင်းယွင်နှင့် ကောင်းကင် စာအုပ်ကို ခြေကန်ချက်ဖြင့် ခွဲထုတ်ပစ်ပြီး ညာလက်၌ စုပ်ယူမှု စွမ်းအားများ စုစည်းလိုက်၏။
မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ဖြစ်ပျက်သွားခြင်း ပေပင်။ လင်းယွန်သည် ဤမျှ မြန်မည်ဟု မည်သူမျှ မမျှော်လင့်ထားချေ။
“ သတ် ... ။ ”
နှစ်ယောက်သား တုန်လှုပ်သွားကာ ချက်ချင်း ပြန်လည် တိုက်ခိုက် လိုက်တော့၏။ လင်းယွန်၏ နဂါးလက်သည်းကို ဖွင့်ခွင့် မပေးနိုင်ချေ။
“ ကောင်းလိုက်တာ ... ။ ”
လင်းယွန်က နဂါးလက်သည်းအစား ပိုးစုန်းကြူးနတ်ဓားကို လက်နှစ်ချောင်းဖြင့် ပြောင်းလဲ ဖန်တီးလိုက်သည်။ ဘယ်လက်မှလည်း ပန်းသင်္ချိုင်းအဟုန်ကို မြှင့်တင်ရန် စေညွှန်နေခဲ့၏။
သုံးယောက် တစ်ယောက် တိုက်ပွဲတွင် စင်မြင့် တစ်ခုလုံး လင်းယွန်၏ ဓားရောင်ဝါသာ ပြည့်နှက်နေသည်။
“ ဘယ်လိုတောင် ကြီးစိုးလိုက်လဲ။ ”
လူတိုင်း အံသြသွားကြ၏။ ဤနေရာတွင် နဂါးသတ် အဆင့် ပါရမီရှင် အပါအဝင် နယ်ပယ် သုံးထောင်၏ ပါရမီရှင်အများအပြား ရှိသည်။
သို့သော် မည်သူမျှ ဤတိုက်ပွဲဝင် ပုံစံမျိုး အပေါ် စိတ်ကူး မယဉ်နိုင်ချေ။ ကောင်းကင်ဓား ခန်းမ၏ တပည့်ကြီးကို ဓားတစ်လက်ဖြင့် ဟန့်တားထား၏။
ကောင်းကင် စာအုပ်နှင့် ချင်းယွင်ကိုမူ လက်နှစ်ချောင်းဖြင့် နှိမ်နှင်းထားချေပြီ။ လက် နှစ်ချောင်း၌ ပိုးစုန်းကြူးအလင်းကဲ့သို့ ဖျပ်ခနဲ- ဖျပ်ခနဲ တောက်ပနေတတ်၏။
အလင်းတစ်ချက် လက်သွားတိုင်း ပြိုင်ဘက်ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ချက် ပေါ်လာသည်။
ဆယ်ကြိမ်ပြည့် ပြီးနောက် ထိုဒဏ်ရာများသည် ပြန်လည် ကုသရန် ခက်ခဲကြောင်း ချင်းယွင် သိလိုက်၏။
လင်းယွန်၏ အကြည့်များက သူ့အပေါ် ကျရောက်သောအခါ ရေခဲရေဖြင့် လောင်းချ ခံစားလိုက်ရသလို တောင့်တင်းသွားသည်။
ထိုအချိန်တွင် သက်တံတစ်စင်း ပွင့်လာပြီး အုပ်စိုးရှင် နဂါးတံဆိပ် ဖြစ်တည် လာတော့၏။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
“ အ ... ။ ”
၎င်းကို တားဆီးရန် ကြိုးစားလိုက် သော်လည်း နောက်ကျသွားသည်။ ရင်ဘတ်ပေါ် ထိမှန်ကာ အပေါက်တစ်ပေါက် ဖြစ်လာ၏။
သူတော်စင် မူလကို တိုက်ရိုက် ထိမှန် သွားချေပြီ။ ကြမ်းပြင်၌ နာကျင်စွာ လူးလှိမ့်ကာ အသက်ဓာတ်များ လျော့ပါး လာ၏။
ခုနစ်ပတ် လှိမ့်ပြီးနောက် သွေးသားများ ခမ်းခြောက်လျက် သစ်ကိုင်းခြောက် တစ်ခုလို သေဆုံးသွားတော့သည်။
ကောင်းကင် စာအုပ် တစ်ယောက် မျက်လုံးပြူး သွား၏။ ချက်ချင်း ဆုတ်ခွာလျက် အရှုံးပေးရန် ပြင်မိသည်။
သို့သော် လင်းယွန်က ခွင့်မပြုချေ။ သူ့လက်ကို ဖမ်းဆွဲလာသည်။
“ သွား ခွင့်ပြုပါ ... ။ ”
ကောင်းကင် စာအုပ်က ချက်ချင်း နောင်တရလာသည်။ စကား မဆုံးမီ သူ့ကို လေထဲ ပစ်တင်ခြင်း ခံလိုက်ရ၏။
ထို့နောက် မိုးပြာနဂါး ပေါ်လာပြီး လေထဲ၌ပင် သူ့ကို နှစ်ခြမ်း စုပ်ဖြဲတော့သည်။ စင်မြင့်ပေါ် သွေးမိုးများ ရွာကျလာ၏။
ကျန်းဇီဟွာက ပန်းသင်္ချိုင်းကို ဂရုမစိုက်အားတော့ဘဲ ချက်ချင်း ဆုတ်ခွာလိုက် တော့သည်။
သူ့လမ်းကြောင်းသည် အရိပ် နတ်ဘုရား နန်းတော်၏ နတ်တပည့်များ ရှိရာ ရှန့်ကွမ်ကြွယ်နှင့် ကျောက်ကျန်းလီထံ ဖြစ်၏။
အဘယ့်ကြောင့် ဆိုသော် ကျန်ရှိနေသည့် ပြိုင်ပွဲဝင်များအနက် ဤနှစ်ယောက်သည်သာ အသန်မာဆုံး ပေပင်။
“ အားလုံး အတူတူ သွားရအောင် ... သူ့ ကန့်သတ်ချက်ကို ရောက်အောင် လုပ်ရမယ် ။ ”
နတ်တပည့် ခုနစ်ယောက်က ရှန့်ကွမ်ကြွယ်နှင့် ကျောက်ကျန်းလီထံ ပြန်ကြည့်၏။
လက်ရှိအချိန်၌ သူတို့ ခေါင်းဆောင်မှာ အစိတ်စိတ် အမွှာမွှာ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ဤနှစ်ယောက်သည်သာ ဆုံးဖြတ်နိုင်ချေ၏။
“ ဝှစ် ... ။ ”
လင်းယွန်က ပြုံးသည်။ မိုးပြာနဂါး နတ်ရူရ်များ ရေးထွင်းထားသော ဖဲကြိုး(၃၀၀၀) နှင့် ပစ်လွှတ်လိုက်သည်။
ထို့နောက် နတ်ဖီးနစ် ဖဲကြိုး (၃၀၀၀)ထောင်အပြင် သတ္တု ဖဲကြိုး (၃၀၀၀) ကိုပါ ထပ်မံ လိုက်ပါစေ၏။
ဤအခိုက်အတန့်တွင် သူတော်စင် စွမ်းအင်နှင့် ဓားရည်ရွယ်ချက်များ အားလုံးကို ထည့်သွင်းထားသည်။
“ တကယ်တော့ မင်းတို့တွေ ငါ့ဆီ အတူတူ လာသင့်တယ် ... ငါက ပြိုင်ဘက်ကင်းမို့ ... ဒါကို စိတ်ဆိုးနေမှာ မဟုတ်ဘူး။ ”
***