နည်းလမ်း နှစ်သွယ် ... ။
Vol. 170 Ch. 2380
ကြာပန်းပလ္လင် လေးလုံး တောက်ပစွာ ထွန်းလင်းလာသော အခါတွင် ကောင်းကင်ဘုံ ဧည့်ခံပွဲအတွက် နေရာများကို ဆုံးဖြတ်ပြီး ဖြစ်ခဲ့ကြသည်။
နဂါးပြာ နတ်ဆေးအိုး ဘေးတွင် ရပ်နေသော တော်ဝင် ကောင်းကင် သခင်က၊
“ ကောင်းကင်ဘုံ ဧည်ခံပွဲကို တက်ရောက်ခွင့် ခွဲတမ်း ထွက်ပေါ်လာပြီ၊ လင်းယွန်၊ အောင်းကြွယ်၊ ရှန်းထျန်းနန်နဲ့ လင်းကျန်းရှန့် ...
... ကျန်တဲ့ ခွဲတမ်းအတွက် ပြိုင်ပွဲတွေ မရှိတော့ဘူး ဒီတစ်ကြိမ် ငါတို့က ခွဲတမ်း ငါးခုပဲ ယူမယ်။ ”
-ဟု ကြေငြာလိုက်၏။
အရာအားလုံး ပြီးဆုံးသွားသော်လည်း လူတိုင်း အံ့သြနေဆဲ ဖြစ်၏။ ဤသတ်မှတ်ချက် အတွက် မည်သူမျှ မျှော်လင့် မထားသည်မှာ အမှန်ပေပင်။
“ ရှက်စရာ ကောင်းလိုက်တာ ... သူတို့အားလုံးကို လင်းယွန်ရဲ့ အဖွဲ့ပဲ ရခဲ့တယ် ခွန်လွန်ရဲ့ ဂုဏ်ကျက်သရေကို တကယ် ဆောင်နိုင်ပုံရတယ်။ ”
“ ကောင်းကင်ဘုံ ဧည့်ခံပွဲက စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ် ... ငါတို့ အချိန်ရရင် သွားကြည့်ရအောင်။ ”
“ ဓားတာအိုမှာ ပန်းသင်္ချိုင်းက ပြိုင်ဘက်ကင်းပဲ ဘုံသုံးထောင်တောင် မယှဉ်နိုင်ဘူး။ ”
လူအများ၏ စကားကို ကြားချိန်၌ ရှန်ထျန်းနန်က အိပ်မက်ထဲမှ လန့်နိုးလာသည်။ ထို့နောက် ပြုံးပြီး၊
“ ငါ့လို နဂါးသတ် အောက်ဆုံးအဆင့်ရဲ့ လူတစ်ယောက်က ကောင်းကင်ဘုံ ပျက်စီးခြင်း ဧည့်ခံပွဲ တက်ခွင့်ရတယ် ဆိုတာကို ... အိမ်က အဖိုးကြီးသိရင် မေ့လဲသွားနိုင်တယ် ... ဟား ဟား ဟား။ ”
-ဟု ရယ်မောလိုက်သည်။
“ မယုံနိုင်သေးဘူး ... ။ ”
အောင်းကြွယ်က ပြုံးလိုက်သည်။ ဘိုးဘေး နတ်ဘုရားမှ တပည့်အဖြစ် ခေါ်ယူရန် မျှော်လင့် မထားချေ။ ကြီးစွာသော ဆုလာဘ်များသာ ရပေလိမ့်မည်။
“ အစ်ကိုလင်း ... ကျေးဇူးတင်ပါတယ်။ ”
လင်းကျန်းရှန့်က ပြောသည်။ ထို့နောက် အောင်းကြွယ်နှင့် ရှန်းထျန်းနန်က ပြုံးရယ်ပြီး အရိုအသေ ပေးလိုက်ကြ၏။ လင်းယွန်က ခေါင်းညိတ်သည်။
“ ငါတို့က သူငယ်ချင်းတွေပဲ အဆင်ပြေပါတယ်။ ”
“ ကောင်းပြီ ... ငါတို့ခွဲတမ်းကို ဆုံးဖြတ်ပြီးပြီ ဆိုတော့ မင်းတို့အားလုံး ... ကောင်းကင် လွင်ပြင်မှာ တစ်လလောက် ... ဆက်နေလို့ရပါတယ် ...
... ဒါကြောင့် ကျင့်ကြံခြင်း ဒါမှမဟုတ် ရတနာတွေ ရှာခြင်း ကြိုက်ရာ လုပ်ပါ ပြီးတော့ ရတနာတွေကို ဖလှယ်ချင်ရင်လည်း မြို့တော် သွားပြီး ကောင်းကင်တံခါးမှူးကို ရှာပါ။ ”
တော်ဝင်ကောင်းကင် သခင်က ကြေငြာလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ... ။ ”
“ ကောင်းပြီ ... လူတိုင်း ထွက်သွားပါ ဧည့်ခံပွဲတက်မဲ့ လူတွေပဲ ... နေခဲ့ ငါပြောစရာ ရှိတယ်။ ”
အဆုံးတွင် ရင်ပြင် တစ်ခုလုံး လင်းယွန်နှင့်အဖွဲ့သာ ကျန်ရစ်ခဲ့တော့၏။
“ မင်းတို့ တစ်လနေရင် ဒီကို ပြန်လာခဲ့ ... ကောင်းကင်ဘုံ ဧည့်ခံပွဲကို ငါလိုက်ပို့ပေးမယ်။ ”
“ ကောင်းကင်ဘုံ ဧည့်ခံပွဲက ဘယ်မှာလဲ။ ”
လင်းယွန်က ပြန်မေးမိ၏။
“ ကောင်းကင်တံခါးရဲ့ ဘိုးဘေးမြေ။ ”
လင်းယွန် တစ်ယောက် တိတ်ဆိတ် သွားတော့သည်။ ဤသည်မှာ ဘုံသုံးထောင်သို့ အမှန်တကယ် သွားရမည့် ခရီး ပေပင်။ သူက၊
“ ကျွန်တော့်မှာ မေးစရာ ရှိတယ် ... ဘိုးဘေးနတ်ဘုရားက ခွန်လွန်ကို ပြန်ပို့ပေး နိုင်မလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ လွယ်မှာ မဟုတ်ဘူး ... ဘိုးဘေးအဆင့် ဖြစ်ရင်တောင် ခွန်လွန်ရဲ့ ကောင်းကင် တာအိုက ချိုးဖြတ်ရခက်တယ် ... ကောင်းကင် လမ်းကို ဖြတ်တောက် လိုက်တည်းက ခွန်လွန်က သီးခြား ဖြစ်တည်နေပြီ။ ”
လင်းယွန် မျက်နှာ ပြောင်းသွား၏။ ဤသည်မှာ ပြန်ရန် နည်းလမ်းမရှိဟု အဓိပ္ပါယ် ရလေသည်။ ထိုရလဒ်ကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း လက်မလျော့လိုချေ။
“ ညီအစ်ကိုလင်း ... ဘာလို့ ပြန်မှာလဲ ... မင်းရဲ့ ခွန်အားနဲ့ ဘုံသုံးထောင်မှာ ... ကြိုက်တဲ့ အင်အားစုကို ရွေးလို့ရပါတယ်။ ”
ရှန်းထျန်းနန်က ပြုံးပြီး အကြံပြုသည်။ လင်းယွန်က ကူကယ်ရာမဲ့စွာ ပြုံးလျက် စကား မပြန်ခဲ့ချေ။
“ အစ်ကိုကြီးလင်းမှာ ပြန်သွားရမယ့် အကြောင်းပြချက်ရှိတယ်။ ”
ကျိကျစ်ရှီက မနေနိုင်တော့ဘဲ ဝင်ပြောလာသည်။
“ ခွန်လွန်ကို သွားဖို့ ဒီလောက်လွယ်ရင် ဝိညာဉ်နတ်မိစ္ဆာ မျိုးနွယ်စုက သိမ်းပိုက်ခဲ့တာ ကြာပြီပေါ့ ... ဒါပေမယ့် မင်းက သူတော်စင် နယ်ပယ်ပဲ ဆိုတော့ တစ်နေ့ နည်းလမ်း ရှာတွေ့လာမှာပါ။ ”
တော်ဝင် ကောင်းကင် သခင်က နှစ်သိမ့်လိုက်သည်။ လင်းယွန်သာ နဂါးတံခါး၌ ဆက်နေပါက နှစ်(၅၀)အတွင်း ဧကရာဇ်ငယ် တစ်ပါး ပိုင်ဆိုင်လာပေမည်။ တွေးကြည့်ရုံနှင့် သူ့ကို ရင်ခုန်စေ၏။
“ ဒါနဲ့ ... မင်းငါ့ကို အဲဒီတုန်းက လိမ်ခဲ့တာ မဟုတ်လား ... အုပ်စိုးရှင် နတ်နဂါး ဆေးပြားကို မင်းသန့်စင်ခဲ့ပြီးပြီ မဟုတ်လား။ ”
“ မဟုတ်ဘူး ... မသုံးရသေးပါဘူး။ ”
လင်းယွန်က ခေါင်းယမ်း ပြသည်။ ထိုဆေးပြားကို မည်သို့ သုံးရမည်မှန်း တကယ် သူ မသိခဲ့ချေ။
“ မဖြစ်နိုင်တာ ... ဒါဆို မင်းရဲ့ မိုးပြာနဂါးနတ်ခန္ဓာ ဘယ်လိုလုပ် အားကောင်း လာတာလဲ ... မင်း နဂါးဒုက္ခကို ခံပြီးပြီလား။ ”
“ နဂါးဒုက္ခကို မကြုံဖူးသေးသလို ... အုပ်စိုးရှင် နတ်နဂါး ဆေးပြားလည်း မသုံးရ သေးပါဘူး ... ဒါကြောင့် စီနီယာ ဆီက လမ်းညွှန်မှု တောင်းချင်ပါတယ်။ ”
လင်းယွန်က ပါးနပ်စွာ ပြန်ဖြေသည်။ တော်ဝင် ကောင်းကင် သခင်က ပြုံးလေသည်။
“ ဒါဆို မြို့ကို မပြန်နဲ့တော့ ... ဒီမှာ ကျင့်ကြံပါ ဧကရာဇ်တွေတောင် ဒီမှာ ကျင့်ကြံဖို့ အကောင်းဆုံးပဲ သူတော်စင် ရောင်ဝါတွေ အပြည့်ရှိတယ် ... ။ ”
... နဂါးဒုက္ခ ခံယူတဲ့ အခါ ... ငါကူညီပေးနိုင်တယ် ပြီးတော့ ကောင်းကင်ဓား ခန်းမနဲ့ တာအိုဂိုဏ်းကလည်း ... ဒီကိုလာရမှာ မဟုတ်ဘူး အထူးသဖြင့် မြေခွေးအိုကြီးတွေ။ ”
“ ကျေးဇူးတင်ပါတယ်။ ”
လင်းယွန်က အရိုအသေ ပြန်ပေးလိုက်သည်။
“ ဟား ဟား ဟား ... ဒါက ဘာမှ မဟုတ်ပါဘူး။ ”
တော်ဝင် ကောင်းကင် သခင်က မုတ်ဆိတ်မွေးများ ပွတ်သပ်လျက် ကျေနပ်စွာ ရယ်မောတော့၏။
“ မင်းငါ့ကို အံ့သြစရာတွေ ပေးခဲ့တယ်၊ ကောင်းကင်ဘုံ ဧည့်ခံပွဲမှာ တောက်ပနိုင်မယ်လို့ ငါယုံကြည်ပါတယ်။ ”
စကားစမြည် ပြောပြီးနောက် လူတိုင်း ထွက်ခွာလာခဲ့သည်။ စင်ပေါ်မှ ဆင်းသည်နှင့် လင်းကျန်းရှန့်က သူ့အနား ကပ်လာပြီး၊
“ ခွန်လွန်ကို ပြန်ဖို့ နည်းလမ်းနှစ်ခု ရှိတယ်။ ”
-ဟု ပြောကြားလာသည်။
“ ဟမ့် ... ။ ”
လင်းယွန် တစ်ယောက် မျက်ဝန်းများ တောက်ပလာ၏။
“ ပထမ နည်းလမ်းက ရှေးခေတ် တည်နေရာရွေ့ပြောင်း အစီရင် ... ခွန်လွန်ရဲ့ အထွတ်အထိပ် အချိန်တွေတုန်းက ဒီလို အစီရင်ကို ခင်းထားဖူးတယ်၊ ဒါက ...
... ရှာဖွေရခက်ခဲတယ် ဆိုပေမယ့် ... ငါတို့အနားမှာ ဒီလို အစီရင်အချို့ရဲ့ ခြေရာ လက်ရာတွေ ရရှိထားတယ် ...
... ဒုတိယ နည်းလမ်းက ပထမ နည်းလမ်းထက် ပိုပြီး လုံခြုံတယ် ... အန္တရာယ် နည်းတယ် ... ဘယ်လိုပဲ ဖြစ်ဖြစ် အစီရင်တွေက အချိန်ကြာနေပြီ ဆိုတော့ ပြဿနာ ရှိနိုင်တယ် မဟုတ်လား။ ”
“ ဒါဆို ... ဒုတိယ နည်းလမ်းကို ပြောပြပါဦး အစ်မလင်း။ ”
ကျိကျစ်ရှီက စိတ်လှုပ်ရှားလာ၏။
“ ဘိုးဘေးအဆင့် တစ်ပါးက အခကြေးငွေယူပြီး ပို့ပေးဖို့ ဆန္ဒရှိတယ် ဆိုရင် ခွန်လွန်ကို လွတ်လွတ်ကျွတ်ကျွတ် ပြန်ရောက် နိုင်တယ် လင်းယွန်က ...
... ခွန်လွန်မှာ မွေးပြီး ခွန်လွန်မှာပဲ ... သူတော်စင် ဖြစ်လာတာဆိုတော့ ... ခွန်လွန်ရဲ့ ကောင်းကင်တာအိုက ငြင်းမှာ မဟုတ်ဘူး။ ”
“ ဒါပေမယ့် ... စီနီယာ တော်ဝင် ကောင်းကင် သခင် ပြောတာက ... ။ ”
လင်းယွန်က ရှုပ်ထွေးလာသည်။
“ သူပြောတာ အားလုံး မမှန်ပါဘူး ... ဘုံသုံးထောင်ပဲ ခွန်လွန်ကို သွားရတာ ခက်ခဲ တာပါ ... အထူးသဖြင့် ဘိုးဘေးအဆင့် တန်ခိုးရှင်တွေ ...
... ဒါပေမယ့် ဘိုးဘေးနယ်ပယ်က နတ်ဘုရားတွေကို အလွယ်တကူ ချေမှုန်းနိုင်ပြီး သူတို့က ငါတို့ မျှော်လင့်ထားတာထက် ပိုတန်ခိုးကြီးတာကို မမေ့နဲ့ ...
... သူတို့ မသွားနိုင်ပေမယ့် ကောင်းကင် ပျက်စီးခြင်း ဘိုးဘေးသာ ဆန္ဒရှိရင် ... ပြန်ပို့ပေး နိုင်တယ် ...
... ဒါပေမယ့် ... တော်ဝင် ကောင်းကင် သခင်က ဆန္ဒ ရှိပုံမရဘူး ... နင့်ကို ကောင်းကင် တံခါးမှာ နေစေချင် နေတယ်။ ”
“ ငါသိပြီ ... ။ ”
လင်းယွန်က ကူကယ်ရာမဲ့စွာ ပြုံးပြီး သက်ပြင်းချ လိုက်သည်။
“ ဒါက ပုံမှန်ပဲ ... ငါလည်း သူ့နေရာမှာ ဆိုရင် ... မင်းကို ပြန်သွားစေချင်မှာ မဟုတ်ဘူး မင်းရဲ့ အရည်အချင်းက နှစ်တစ်ရာအတွင်း ဧကရာဇ် ဖြစ်လာလိမ့်မယ်။ ”
အောင်းကြွယ်က ခေါင်းညိတ်ကာ သုံးသပ်လိုက်သည်။
“ ဒါပေမယ့် ဧည့်ခံပွဲမှာ ... ဘိုးဘေး နတ်ဘုရားနဲ့ ကိုယ်တိုင် တွေ့ခွင့် မရတော့ရင် ဒီနည်းလမ်းက အလုပ် မဖြစ်နိုင်ပါဘူး။ ”
ရှန်းထျန်းနန်က ဟာကွက်ကို ဝင်ထောက်ပြ၏။ ထို့ကြောင့် လင်းကျန်းရှန့်က ခေါင်းညိတ်လျက်၊
“ ဒီအတွက် စိတ်ပူနေစရာ မလိုဘူး ... ငါ့ဆရာက နတ်ဘုရားတစ်ပါး ဖြစ်ပြီး အချိန်နဲ့ အာကာသကို နားလည်တဲ့ ...
... မိတ်ဆေွ တစ်ယောက် ရှိတယ် ... အဲဒီစီနီယာက ဘိုးဘေးအဆင့် တန်ခိုးရှင်ကို မယှဉ်နိုင်ပေမယ့် ... နင့်ကို ပြန်ပို့ပေး နိုင်တယ်လို့ အာမခံတယ်။ ”
ကျိကျစ်ရှီက ဝမ်းသာသွားပြီး လင်းကျန်းရှန့်လက်ကို ဆုပ်ကိုင်လိုက်သည်။
“ အစ်မလင်းက အကောင်းဆုံးဆိုတာ ငါသိတယ်။ ”
“ ဟမ့် ... သခင်လေးလင်း ပြန်သွားရင် မင်းဘာဆက်လုပ်မှာလဲ။ ”
လင်းကျန်းရှန့် ပြုံးပြီး မေးလိုက်၏။
“ ငါ … ။ ”
ကျိကျစ်ရှီ တစ်ယောက် တုန်ယင်သွားသည်။
“ ငါ ပြန်သွားပြီးရင် ... ကောင်းကင်လမ်းကို ပြန်ပြင်မှာပါ။ ”
လင်းယွန်က သူမအစား အဖြေ ပြန်ပေး လိုက်သည်။
“ အစ်ကိုကြီးလင်းကို ငါယုံတယ်။ ”
သို့မှသာ ကျိကျစ်ရှီ တစ်ယောက် ပြုံးရယ်လာ၏။
“ မင်းဘာလို့ ... ဒီလောက် ပြန်ချင် နေရတာလဲ ကောင်းကင်တံခါးမှာ ကျင့်ကြံတာ ခွန်လွန်ထက် ပိုကောင်းတယ် မဟုတ်လား။ ”
ရှန်းထျန်းနန်က မေးသည်။ လင်းယွန်က သူ့အခြေအနေကို ရှင်းပြလိုက်၏။ အထူးသဖြင့် ဆရာသခင်၏ ဒုက္ခအကြောင်းကို ဦးစားပေး ခဲ့သည်။
“ ဒါဆို ... မှန်တယ် ... မင်းပြန်သင့်တယ်။ ”
ရှန်းထျန်းနန်က နားလည်သွားသည်။
“ ကောင်းကင်လမ်း ဖြတ်ချလိုက် တာတောင် ဒီလို ကျွမ်းကျင်သူတွေ အများကြီး ရှိနေတာလား အံ့သြစရာပဲ ... ခွန်လွန်က ငါတို့ ထင်ထားသည်ထက် ပိုပြီး အခွင့်အရေးတွေ အများကြီး ရှိနေပုံရတယ်။ ”
အောင်းကြွယ်က အံ့ဩလာ၏။
“ ခွန်လွန်က ဟိုတုန်းက အုပ်စိုးရှင် နယ်မြေပဲ ... ဒါက အံ့သြစရာတော့ မရှိပါဘူး ကောင်းကင်လမ်း ပြတ်သွားလို့ နတ်ဘုရားတွေ မဖြစ်နိုင်ပေမယ့် သူတော်စင်နဲ့ ဧကရာဇ်တွေ ငါတို့ထက် ပိုများနေတယ်။ ”
လင်းကျန်းရှန့်က တွေးတွေးဆဆဖြင့်၊
“ ကောင်းကင်လမ်းကို ပြုပြင်နိုင်ရင် ခွန်လွန်က အထွတ်အထိပ်ကို ပြန်ရောက်လာ လိမ့်မယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
ရှန်းထျန်းနန်က ခေါင်းကုတ်လိုက်ပြီး၊
“ မင်းက ငါ့ကို ... ခွန်လွန် သွားချင်စိတ် ပေါက်အောင် လုပ်နေတာပဲ ဘုံသုံးထောင်ထက် အမွေနဲ့ အခွင့်အလမ်းတွေ အများကြီးရှိမယ် ထင်တယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
“ ငါလည်း လိုက်မယ်။ ”
အောင်းကြွယ်က ပြုံးကာ ဝင်ပြောလာ၏။
“ ဒါဆို ဂုဏ်ယူစရာပေါ့။ ”
လင်းယွန်က ဝမ်းသာသွားသည်။ ၎င်းတို့သည်သာ ဆန္ဒရှိပါက သူ့အတွက် အကူအညီ အနည်းငယ် ရချေမည်။
***