← Chapters

မင်းသမီးက အဆင်သင့် ဖြစ်နေပြီလား

Vol. 012 Ch. 1135

မင်းသမီးက အဆင်သင့် ဖြစ်နေပြီလား

Vol. 012 Ch. 1135

“ဘာတွေ ဖြစ်နေတာလဲဟ” ရီဖူရှင်းကား မှင်တက်နေသည်။ ဤသို့ဖြစ်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ဖေးရွှီကား တစ်ဖက်လူ၏ ခံစားချက်များကို ခံစားမိနိုင်ရာ သူမက ရီဖူရှင်း၏စိတ်ထဲ ဖြစ်ပျက်နေသည်များကို ခန့်မှန်းနိုင်သည်မှာ သဘာဝ ဖြစ်ပေသည်။

သို့သော်လည်း ထိုအရာများမှာ သူမအပေါ် ရီဖူရှင်း၏ စပ်စုလိုစိတ်များကြောင့်ဟု တွေးကာ ညင်သာစွာ ရှင်းပြသည် … “ကျွန်မ ခန္ဓာကိုယ်ထဲမှာ ကြောက်စရာ ကောင်းတဲ့အရာ တစ်ခု ရှိနေတယ်။ အဲဒါက တစ်ချိန်တုန်းက အသက်ပေါင်းများစွာကို ဝါးမျိုခဲ့ဖူးတယ်။ အဲဒါက ကျွန်မ အသက်ကိုလည်း ဝါးမျိုသွားနိုင်တယ်။ ဒါကို ထိန်းချုပ်ဖို့ဆို အိပ်စက်ခြင်း တစ်နည်းပဲ ရှိတယ်။ အဖေ့ကြောင့်သာ မဟုတ်ရင် ကျွန်မက ကံကြမ္မာဆိုးနဲ့ ကြုံပြီးတာ ကြာလှပြီ”

ရီဖူရှင်းက ဖေးရွှီအား ကြည့်သည်။ သူမက ခေါင်းငုံ့၏။ သူမက လေသံကို နှိမ့်ကာ ညင်သာစွာ ပြောသော်လည်း သူမ၏ဝမ်းနည်း ဆွေ့မြည့်မှုကိုမူ တကယ်တမ်း ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

အကြောင်းအရင်းက ဤသို့လား။ ရီဖူရှင်းက တွေးသည်။

သည်ကဲ့သို့ သိမ်မွေ့သော မိန်းကလေးသည် မျက်လုံးကွယ်နေသလို အသက် ဆက်ရှင်သန်ရန်လည်း အမြဲတမ်း အိပ်စက်နေခဲ့ရ၏။ ဘဝကို အိပ်စက်ကာ အသက်ရှင်ခြင်းက မည်သို့ အဓိပ္ပာယ် ရှိမည်နည်း။

အိပ်စက်နေခြင်းက သေဆုံးခြင်းနှင့် မည်သို့ ခြားနားပါသနည်း။

ထိုအရာက မိမိကိုယ်ကို လိမ်ညာခြင်း တစ်မျိုးလည်း ဖြစ်ပေမည်။

နန်းတွင်း အကြံပေးကား သူမကို လက်မလွှတ်နိုင်ပေ။

ရီဖူရှင်းက လက်ဆန့်တန်းကာ သူမ၏ဆံပင်များကို ထိကိုင် လိုသော်လည်း တွန့်ဆုတ် နေမိသည်။

ဖေးရွှီက ခေါင်းမော့သည်။ သူမက မမြင်ရသော်လည်း ရီဖူရှင်း၏ လှုပ်ရှားမှုများကို ခံစားမိဟန် ရသည်။

ရီဖူရှင်းက လက်ကို သူမ၏ပခုံးတွင် အသာတင်ကာ နွေးထွေးစွာ ပြုံးလျက်ပြောသည် … “ဖေးရွှီကိုယ်ထဲက အရာဟာ ကြောက်စရာ ကောင်းတယ်လို့ ဘယ်သူက ပြောလဲ။ အဲဒါ ဘာမှန်း ကျုပ်မသိပေမဲ့ ဒါဟာ ကောင်းကင်ဘုံရဲ့ လက်ဆောင်၊ ဒဏ်အနည်းငယ် ခံပြီးမှ ရယူနိုင်တဲ့ အရမ်း တန်ဖိုးရှိတဲ့တစ်စုံတစ်ခု ဖြစ်မယ်လို့ ခံစားရတယ်”

ဖေးရွှီသည် ရီဖူရှင်း၏ ကြင်နာသနားမှုကို ခံစားမိဟန်ဖြင့် ပြုံးလျက်ပြောသည် ... “အခုလို နှစ်သိမ့်ပေးတာ ကျေးဇူးပါပဲ … သတ္တမဓား”

“ဒါက ဖေးရွှီကို နှစ်သိမ့်ဖို့ပြောတာ မဟုတ်ဘူး။ ဒါက အမှန်တရားပဲ။ ကျုပ်လို သန့်စင်တဲ့ ဓားသမားရဲ့ အာရုံကိုခံစားမိကို ယုံကြည်သင့်တယ်” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ကျွန်မက ရှင့်ကို ယုံကြည်ပါတယ် …” ဖေးရွှီက ပြုံးသည်။ သန့်စင်သော ဓားသမားတဲ့လား …။

သို့သော်လည်း သူသည် တခြားတစ်နည်းဖြင့် သန့်စင်ကြောင်း သူမ ခံစားမိသည်။

သူက သူမ၏အဖေအား မည်သို့ လှည့်စားနိုင်ခဲ့သည်ကို မသိပေ။ သူ့ထံမှ မကောင်းသော ဆန္ဒတစ်စုံတစ်ရာ သူမ မခံစားရပေသည်။ သူသည် တစ်ချိန်လုံး နားမလည်ခြင်း၊ တည်ငြိမ်ခြင်း၊ လေးစားခြင်းတို့ကိုသာ ဖော်ပြခဲ့သည်။ သူမအား ပြောဆိုသော အခါတွင်လည်း သူ့ထံမှ ကြင်နာ သနားမှုများကို ခံစားရ၏။

ရီဖူရှင်းက ဖေးရွှီ၏ အမူအရာကို ကြည့်ကာ သူမအား လှည့်စား၍ မရကြောင်း သိလိုက်သည်။ တစ်ဖက်လူ၏ စိတ်ခံစားချက်များအား ဖတ်နိုင်သော သူများကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်း၏။ သူက နန်းတွင်း အကြံပေးအပေါ် မကောင်းသော အတွေးအကြံများ မရှိခဲ့သည်မှာ ကံကောင်း၏။

တစ်ဖက်တွင် လုချွန်နှင့် ဖေးရွှီတို့သည်လည်း သူ့အား ရိုးသားစွာ ဖွင့်ဟ ပြောဆိုခဲ့ကြ‌ပေသည်။ ထို့ကြောင့်ပင် ရီဖူရှင်းက ယုံကြည်မှု၏ အလှတရားကို ခံစားရပေသည်။

နန်းတွင်းအကြံပေး အိမ်တော်မှ လူများအားလုံးက ရီဖူရှင်းအား မိသားစုဝင်တစ်ဦးလို အမှန်တကယ် သဘောထားကြကြောင်း သိသာနေပေသည်။ သူတို့က ရီဖူရှင်းအား သတိထား စောင့်ကြည့်ခြင်းများ စိုးစဉ်းမျှ မတွေ့ရ။

ရီဖူရှင်းက ဖေးရွှီအား လိမ်ခဲ့ခြင်း မဟုတ်ပေ။ သူ၏ သက်စောင့်ဝိညာဉ်အား တုံ့ပြန် သက်ဝင်စေသော တစ်စုံတစ်ခုသည် အလွန်တရာ စွမ်းအားကြီးကာ တန်ဖိုးရှိသော အရာဖြစ်ရပေမည်။

ဖေးရွှီသည် ထိုတန်ဖိုးကြီးမားသော ရတနာအား လူသားတို့၏ လောဘတက်တတ်သော သဘာဝအား ရည်ညွန်းကာ ကြောက်မက်ဖွယ် ကောင်းသောအရာဟု ရည်ညွန်းခဲ့ခြင်း ဖြစ်ရပေမည်။

အခြေအနေများအား ခြုံငုံမိလျှင် နန်းတွင်းအကြံပေးသည် ရှုပ်ထွေးသော နောက်ခံများ ရှိနိုင်သည်ဟု ရီဖူရှင်းက ခန်းမှန်းမိပေသည်။

သို့သော်လည်း ရီဖူရှင်းက ဘာမှ မမေးပေ။ ဖေးရွှီ အိပ်ပျော်သွားသည်ကို ရီဖူရှင်းက မြင်ခဲ့၏။ သူမသည် အိပ်စက်ခြင်း အစီအရင်တစ်ခု အတွင်း၌ အေးချမ်းစွာ အိပ်မောကျ သွားခဲ့ခြင်းဖြစ်သည်။

***

ရှားရှင်းယွန်သည် ရှောင်ရှမ်းအား တစ်ချိန်လုံး စောင့်ကြည့် နေခဲ့သော်လည်း မည်သည့် သဲလွန်စမှ မတွေ့ရပေ။ မတော်တဆ ဖြစ်ရပ်များမှာ သူနှင့် မဆိုင်သည့်အလား …။

ရှောင်ရှမ်းက သံသယဖြစ်ဖွယ်ရာ အကောင်းဆုံးလူ မဟုတ်ပါက ရှားရှင်းယွန်သည် သူ့အား အတွေးထဲပင် ထည့်မည်မဟုတ်ပေ။

အင်ပါယာလီဘုံတွင် လီယောင်သည် ရီဖူရှင်းအား အမဲလိုက်ပွဲသို့ တက်ရန် ဖိတ်ခေါ်ခဲ့သည်။

ရီဖူရှင်းကလည်း သဘောတူခဲ့ကာ အစီအစဉ်အတိုင်း အမဲလိုက်ပွဲသို့ သွားရောက်ခဲ့သည်။

ယနေ့တွင် တော်ဝင်နန်းတော်၏ ဝင်းထဲ၌ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များ စုစည်းကြ၏။

တော်ဝင် မိသားစုဝင်များမှ လူငယ်မျိုးဆက်များ အားလုံး ရောက်နေကြပြီ ဖြစ်သည်။ သူတို့အား ဦးဆောင်ပေးမည့် စီနီယာများလည်း ပါဝင်ကြပေသည်။

တာလီ၏ တော်ဝင်မိသားစုမှာ အလွန်ကြီးမားကာ အရေအတွက် များပြားပေသည်။ မည်သို့ဆိုစေ သူတို့ကား တာလီတွင် အင်အား အကြီးဆုံးကလန် မဟုတ်ပါလား။

မိသားစုခွဲများမှာလည်း များပြားပြီး ထိုအထဲတွင် အင်ပါယာလီ ကိုယ်တိုင်၏ သွေးမျိုးဆက်များ သီးသန့်ပင် မဟုတ်တော့ပေ။

မိသားစုခွဲများကို ဘေးဖယ်၍ အင်ပါယာလီ ကိုယ်တိုင်တွင် သားသမီး ၁၂ယောက် ရှိပေသည်။ သူတို့မှာ မင်းသား ကိုးယောက်နှင့် မင်းသမီး သုံးယောက်တို့ ဖြစ်ကြ၏။

လီယောင်ကား သူတို့ထံတွင် အငယ်ဆုံး ဖြစ်ပေသည်။

ထိုအခိုက်တွင် တော်ဝင်မိသားစု၏ လူငယ် မျိုးဆက်များအပြင် သူတို့၏ သက်တော်စောင့်များနှင့် အခြွေအရံများလည်း လိုက်ပါလာကြသည်။ သို့ကြောင့် ကွင်းကြီး တစ်ခုလုံးသည် ရွှေရောင် ဝတ်စုံလူများဖြင့် ပြည့်နှက်နေပေသည်။

သည်အမဲလိုက်ပွဲကား တာလီတွင် နှစ်တိုင်းပြုလုပ်ကာ လူငယ်မျိုးဆက်များ၏ စွမ်းအားများကို အကဲဖြတ်ခြင်းလည်း ဖြစ်ပေသည်။

အနောက်ဘက် တောင်ကုန်းများ၌ ပိတ်လှောင်ထားသော သားရဲများ အားလုံးမှာ ရှီအဆင့်များ ဖြစ်ကြသည်။ ထိုအထဲတွင် လူသားအသွင် ပြောင်းနိုင်သော ရှန့်ထိုသားရဲများလည်း ပါဝင်ကာ သူတို့သည် အလွန်တရာ ဉာဏ်ရည် ထက်မြက်ကြပေ၏။ သူတို့သည် လူသားတို့၏ အသုံးချခံ ကံကြမ္မာကို သိနားလည်ကြရာ အလွန်တရာဒေါသကြီးပြီး ရက်စက် ကြမ်းကြုတ်ကြ၏။ သူတို့က အခွင့်အရေးရပါက မည်သူ့ကိုမဆို သတ်ဖြတ်ရန် အတတ်နိုင်ဆုံး ကြိုးစားကြပေသည်။

နှစ်စဉ် သည်စမ်းသပ်မှု၌ လူအများအပြား ဒဏ်ရာရ၊ သေကျေခဲ့ကြ၏။

မင်းသားများနှင့် မင်းသမီးတို့မှာမူ ဘေးကင်းကြပေသည်။ သူတို့သည် သည်အမဲလိုက်ပွဲတွင် အမြင့်ဆုံး ကာကွယ်ပေးရမည့် အရေးကြီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ရီဖူရှင်းသည် လီယောင်နှင့်အတူ ကွင်းထဲသို့ ရောက်လာခဲ့သည်။ သူက ရှေ့မှ ဧရာမ လူအုပ်ကြီးအား ကြည့်၏။ အင်ပါယာလီဘုံ၏ တော်ဝင်မိသားစုသည် အင်ပါယာရှားဘုံထက် ပိုအားကောင်းဟန် ရှိနေသည်။

“သတ္တမဓား …” အဝေးမှ အသံတစ်သံကို ကြားရသည်။ ထိုနေရာမှ လီစွမ်းသည် သူ့ထံသို့ လျှောက်လာ၏။

လီစွမ်းကား မင်းသားကိုးပါးထဲတွင် နံပါတ်၅ဖြစ်သည်။ သူနှင့်လီယောင်တို့သည် မိခင်တစ်ဦးတည်းမှ မွေးခြင်းဖြစ်ရာ ညီအစ်ကိုအရင်းများ ဖြစ်၏။

“အရှင့်သားကို နှုတ်ဆက်ပါတယ်” ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်သည်။

“လီယောင်က မင်းကို ခေါ်ထားတယ်လို့ ပြောတယ်။ အနောက်ဘက် တောင်ကုန်းက မင်းနဲ့ တကယ် သင့်တော်တယ်” လီစွမ်းက ပြုံးလျက် ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ ဘာမှ မပြောတော့။

“အစ်ကို … သူက သတ္တမဓားလား” အနီးမှ ဖြတ်သွားသော တစ်ယောက်က မေးလျှင် ရီဖူရှင်းက လှမ်းကြည့်၏။ သူကား ချောမောခန့်ညားကာ တော်ဝင်မိသားစုဝင် ဖြစ်ဟန်ရ၏။ သူသည် နောက်ထပ် မင်းသားတစ်ပါး ဖြစ်သည်မှာ သေချာပေသည်။

“ဟုတ်တယ် …” လီစွမ်းက ခေါင်းညိတ်ကာ ပြောသည် … “ဒါက ငါတို့ ညီအစ်ကိုတွေထဲ နံပါတ်၈ ပဲ”

“နှုတ်ဆက်ပါတယ် … အရှင့်သား” ရီဖူရှင်းက ပြောသည်။

“အစဉ်အလာတွေ မလိုပါဘူး။ သတ္တမဓားဟာ လူငယ်မျိုးဆက်ထဲ နာမည် အကျော်ကြားဆုံးပဲ။ နန်းတွင်းအကြံပေး တပည့်ဖြစ်ပြီးတော့ ရှန့်ထိုအဆင့်အောက်မှာ ပြိုင်ဘက်ကင်းတယ်” မင်းသား၈က ပြောသည်။ မင်းသား၈၏နောက်မှ အေးစက်သော အကြည့်ကို ခံစားမိသည်။ ထိုနေရာတွင် လီကျွမ်းအား တွေ့ရပြီး တခြား တော်ဝင် မိသားစုဝင်များလည်း ရှိကြပေသည်။

“အရှင့်သားက ချီးကျူးလွန်းပါပြီ” ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ သူက မင်းသားများ၏ အကြောင်းကို စုံစမ်းပြီးဖြစ်၏။ မင်းသား၈ကား လူမှုဆက်ဆံရေး ကောင်းသူဖြစ်၏။ သူနှင့် နာမည်ကျော် မင်းသား၃တို့မှာ မိခင်တစ်ဦးတည်း ဖြစ်သည်။

“ရှန့်ထိုအဆင့်အောက်မှာ ပြိုင်ဘက်ကင်း ... ဟုတ်လား။ ငါ့အမြင်ကို ဘယ်သူမှ မမေးကြတော့ဘူးလား”

စူးရှရှ အသံတစ်ခုကို ကြားရကာ တစ်စုံတစ်ယောက် သူတို့ထံသို့ လျှောက်လာခဲ့သည်။ ရောက်လာသူကား အလွန်တရာပဲများဟန်ရကာ မောက်မာသော မျက်နှာထားရှိသည်။ တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်သည့်အတွက် သူမ၏ရုပ်ရည်ကို သိပ်ပြောစရာ မလိုပေ။ သူမကား လီယူကဲ့သို့ပင် လှပချောမော ပေသည်။

သူမ၏မျက်လုံးက ရီဖူရှင်းထံသို့ ရောက်လာကာ ပြောသည် … “ရှင်က သတ္တမမဓားလား … ရှင် ဘယ်လောက်တော်လဲ ကျွန်မကိုပြပါ”

“လီရှောင် … မင်းရဲ့စွမ်းရည် နည်းနည်းလေးနဲ့ သတ္တမဓားကို ဘယ်လို ယှဉ်နိုင်မှာလဲ” လီစွမ်းက ပြုံးလျက်ပြောသည်။ သည်မိန်းကလေးကား မင်းသမီး သုံးဦးထဲတွင် အငယ်ဆုံးဖြစ်သည်။ သူမသည် လီယူနှင့် အသက်အတူတူ ဖြစ်ကာ ရှီအဆင့် အမြင့်ဆုံးတွင်ရှိ၏။

သတ္တမဓားကား တာလီပြည်ထောင်တွင် နံပါတ်တစ်အဖြစ် လူအများက သတ်မှတ်ထားကြ သော်လည်း သူမက သတ္တမဓားကို အနိုင်ယူလို နေသည်။

“စိတ်မကောင်းပါဘူး မင်းသမီး။ ကျုပ်ဓားက အလှပြဖို့ မဟုတ်ပါဘူး” ရီဖူရှင်းက လီယောင်ကို ပြောသည်။

“ရှင်က ဘာကို ဆိုလိုတာလဲ” လီယောင်၏ အမူအရာက အေးစက်နေသည်။ ပြပါဟု သူမက ပြောခြင်းမှာ လက်ရည်စမ်းရန် ဖြစ်သည်။ သို့သော်လည်း သတ္တမဓားက သူမနှင့် တိုက်ခိုက်လိုခြင်း မရှိပေ။

“ကျုပ်က မင်းသမီးကို ထိခိုက်မိစေရင် အဆင်မပြေပါဘူး” ရီဖူရှင်းက ပြောသည်။ သတ္တမဓား၏ စရိုက်အတိုင်း သူက ထီမထင်စွာ ဆိုသည်။ သူကား တာလီနန်းတွင်း အကြံပေး၏တပည့်လည်း ဖြစ်၏။ သူ့အနေဖြင့် တာလီမင်းသမီး တစ်ပါးရှေ့တွင် များစွာ ကျိုးနွံနေစရာ မလိုပေ။

လူအများအပြားက ကွင်းထဲသို့ လှမ်းကြည့်ကြသည်။ သတ္တမဓားသည် ကောလာဟလများ အတိုင်းပင် မောက်မာဝင့်ကြွားပေသည်။ သူက မင်းသမီးတစ်ပါးကို ဤသို့ ပြန်ပြောရဲ၏။

“အတင့်ရဲတယ် … သတ္တမဓား။ မင်းက မင်းသမီးကို စော်ကားနေတာလား” လီကျွမ်းက အခွင့်အရေးရသည်နှင့် ချက်ချင်း ဝင်ရောက် ထိုးနှက်သည်။

ရီဖူရှင်းက လီကျွမ်းအား အေးစက်စွာ ကြည့်သည်။

“ရှင့်ဓားကို ထုတ်ပါ …” လီကျွမ်းသည် ကောင်းကင်ထက်တွင် ရပ်ကာ ဆိုသည်။ သူမထံမှ အားကောင်းသော အရောင်အဝါများသည် ရီဖူရှင်းထံသို့ ဖိအားပေး ကျဆင်း လာခဲ့၏။

“မင်းသမီးက ကျုပ်ဓားကို ထုတ်ဖို့ အတင်း ဖိအားပေးနေပေမဲ့ တကယ်တမ်း မင်းသမီးအတွက် ခံနိုင်ရည်မရှိမှာ စိုးရိမ်ရပါတယ်” ရီဖူရှင်းက ဂရုမစိုက်ပေ။

“ရှင် …” လီရှောင်၏ မျက်လုံးများက အေးစက်နေသည်။ တစ်စုံတစ်ယောက်က သူမ၏ရှေ့တွင် ရိုင်းစိုင်းရဲသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

လီရန်နှင့် လီယူတို့သည် လူအုပ်ထဲတွင် ရှိနေကြသည်။ လီယူမှာ မျက်လုံးများပင် ပြူးသွားမိ၏။ သည်အကောင်ကား အနည်းငယ်မျှ မပြောင်းလဲပေ။

လီရှောင်ကား အင်ပါယာလီ၏ အငယ်ဆုံးသမီး တစ်ဦးဖြစ်ရာ သူမကား လူအများက အလိုလိုက်ခြင်းကို ခံခဲ့ရကာ အနည်းငယ် ဆိုးသွမ်း၏။ သူမ၏အဆင့်အအတန်းဖြင့် ဆိုပါက မည်သူမှ သူမအား မဆန့်ကျင်ရဲကြပေ။

သူမအား မျက်နှာသာ မပေးသော ပထမဆုံးလူမှာ သတ္တမဓား ဖြစ်ပေသည်။

“ကျွန်မက မင်းသမီးတစ်ပါး အနေနဲ့ ရှင့်ဓားကို ထုတ်ဖို့ အမိန့်ပေးတယ်” လီရှောင်က အေးစက်စွာ အမိန့်ပေးသည်။

အနီးမှ မင်းသားများ အားလုံးက အံ့အားသင့် ကြရသည်။ သို့သော်လည်း မည်သူမှ သူမအား မတားကြ။ လီစွမ်းက သတ္တမဓားကို စိတ်ဖြင့် လှမ်းပြောသည် .. “သူမကို မမေ့နိုင်အောင် သင်ခန်းစာ တစ်ခုသာ ပေးလိုက်တော့”

ရီဖူရှင်းက ခေါင်းကို ဆတ်ခနဲညိတ်ကာ ရှေ့သို့ တက်သွားသည်။ ဓားအသိတစ်ခု ဖြစ်ပေါ်လာကာ ပုစဉ်းတောင်ပံများကဲ့သို့ ပါးလွှာသော ဓားတစ်လက် ဖွဲ့စည်း ဖြစ်ပေါ်လာ၏။ ထိုဓားကား ကျားယဲ့ဓား ဖြစ်ပေသည်။

လီရှောင်က ရှေ့သို့ တက်လာခဲ့လျှင် ကြီးမားသော ကိုယ်ရောင်ကိုယ်ဝါ လှိုင်းတစ်ခု ဖြစ်ပေါ် လာသည်။

ဝုန်း …

လျှပ်စီး အလင်းတန်းတစ်ခု လေထုကို ဖြတ်သန်း သွားသည့်အလား သူမက ပျံသန်းလာခဲ့သည်။ ထိုနေရာမှပင် အမြင့်သံတစ်ခု ကြားရကာ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတို့ တစ်ချိန်တည်း ဖြစ်ပေါ်သွားဟန် ရ၏။ သူမထံမှ အလင်းများမှာ တစ်စချင်း မြန်ဆန်စွာ ပြိုကွဲပျက်စီး သွားခဲ့သည်။

ဓားအသိက သူမကို ရစ်ပတ်လာခဲ့လျှင် သူမကား ခွန်အားများကိုပင် စုစည်းနိုင်ခွင့် မရှိတော့။ ကျားယဲ့ဓားကား သူမ၏မျက်လုံးရှေ့တွင် ဖြစ်သည်။

“မင်းသမီးက ကျုပ်ကို ဓားထုတ်ဖို့ ပြောတယ်။ ဒီအတွက် မင်းသမီး အဆင်သင့် ဖြစ်ပြီလားလို့ ကျုပ်က မေးချင်ပါတယ်” ရီဖူရှင်းက မည်သူ့ကိုမှ မျက်နှာသာ မပေးဘဲ ပြောသည်။

***

All Chapters