← Chapters

ရုတ်ချည်းဖြစ်လာတဲ့ အက်စီးဒင့်

Vol. 96 Ch. 1428

ရုတ်ချည်းဖြစ်လာတဲ့ အက်စီးဒင့်

Vol. 96 Ch. 1428

“ အံ့ဩစရာပဲ အံ့ဩစရာပဲ…”

လင်းရီ သူမကို လက်မထောင့်ပြလိုက်သည်။

“ ငါ့အမြင်က တစ်ဖက်သတ်ဆန်နေခဲ့တာပဲ…”

“ နင်သိရင် ပြီးတာပဲ….” အန်းနင် ပြောလိုက်ပြီး “ ကျိုးကြောင်းဆက်စပ်ပြီး ယူဆတာက အဆင်ပြေတယ်.. ဒါပေမယ့် ဒီကိစ္စက သေသေချာချာ သိပ္ပံနည်းကျ ကြည့်မှရမှာ… ဒီတိုင်း ယူဆလိုက်လို့ မပြီးသေးဘူး..”

“ ဟုတ်တယ် ဟုတ်တယ်… ငါ ဒီနေ့တော့ အသစ်တစ်ခု သင်ယူလိုက်ရတယ်…”

လင်းရီ နှုတ်ခမ်းကိုက်ထားရင်း အန်းနင်ကို စုံချည်ဆန်ချည် အကဲခတ်နေမိသည်။

တွေးကြည့်လိုက်တော့ မြောက်ပိုင်းသူလေးများက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု သူ မြင်မိ၏။ ဤသို့သော ခပ်မိုက်မိုက်ဖြစ်ပြီး ပြီးပြည့်စုံသည့် အရှိန်အဝါကို လျန်ရူရွှယ်ထံကနေ သူ ခံစားကြည့်ခဲ့ဖူးသော်လည်းပဲ မြောက်ပိုင်းသူလေး အန်းနင်နှင့် ယှဉ်ကြည့်မည်ဆိုပါက အနည်းငယ် လိုအပ်မှုတော့ ရှိနေဆဲပင်။

ဒီ အမျိုးသမီးက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ…

ကလင် ကလင် ကလင်….

ထိုအခိုက်အတန့်တွင် အန်းနင်၏ ဖုန်း အသံမြည်လာသည်။

“ အမေ…”

“ ဟင်… ဘယ်လိုဖြစ်တာလဲ… မနေ့ညက သမီး ဖုန်းဆက်တော့တောင် အဆင်ပြေနေတာပဲ မဟုတ်ဘူးလား…”

“ မပူနဲ့… သမီးအခုပဲ လာနေပြီ….”

အန်းနင်ထံသို့ ရောက်လာသည့် ဖုန်းခေါ်ဆိုမှုကြောင့် ကားထဲရှိ ပျော်ရွှင်ဖွယ် လေထုလေးမှာလည်း ရုတ်ချည်းဆိုသလို အုံ့မှိုင်း လေးလံ သွားခဲ့ရတော့သည်။

“ ဘာဖြစ်တာလဲတဲ့…”

“ ငါ့အဖေ ရုတ်တရက် နှလုံးသွေးကြော ပိတ်သွားလို့ ဆေးရုံတင်နေရတယ်… “

အလျင်လိုနေသဖြင့် အန်းနင် သူ၏ အမြင်ကိုပင် မမေးတော့ပဲ ကားကို ချက်ချင်းကွေ့ကာ ဆေးရုံသို့ ဦးတည်လိုက်လေသည်။

“ မဖြစ်ခင် သူ ကိစ္စတစ်ခုခုကြောင့် လှုံ့ဆော်ခံလိုက်ရတာများလား…”

နှလုံးခွဲစိတ်ဌာနရှိ ကျွမ်းကျင် ဆရာဝန်တစ်ဦး အနေဖြင့် နှလုံး သွေးကြော ရုတ်တရက် ပိတ်ဆို့သွားရခြင်း ဖြစ်စဉ်ကို ကောင်းစွာ နားလည်ထားသည်။

ဖြစ်ပွားစေသည့် အကြောင်းအရင်း အများအပြား ရှိသော်လည်းပဲ ယေဘုယျ ကျကျ ပြောရမည်ဆိုပါက ပြင်ပ ပရောဂ လှုံ့ဆော်မှုကြောင့် ဖြစ်သည်က ခပ်များများပင်။

“ ငါ့ အမေပြောတာတော့ ခုလေးတင် ငါတို့အိမ်ကို လူတစ်စု ရောက်လာပြီး သူတို့ပြောတာ ငါက လူငှားပြီး သူတို့ သူငယ်ချင်းကို ဒဏ်ရာရစေတယ်တဲ့… ဆေးဖိုး ယွမ် ၂ သောင်း မပေးရင် ရဲတိုင်မယ်ဆိုပြီး ပြောတယ်…” အန်းနင် ရှင်းပြလိုက်သည်။

လင်းရီ မျက်မှောင်ကြုတ်လိုက်မိပြီး အကြောင်းအရင်းကို ချက်ချင်း နားလည်သွားခဲ့တော့၏။

“ စွန်းမန်ကျားရဲ့ လူတွေပဲ ဖြစ်ရမယ်…”

“ ဖြစ်ဖို့များတယ်… အမေပြောတာ သူတို့က လမ်းဘေးလူမိုက်အုပ်စုတဲ့…” အန်းနင် ပြောလိုက်ပြီး “ ငါ့အဖေက စစ်တပ်ထဲမှာ ဆယ်နှစ်ကျော် တာဝန်ထမ်းဆောင်လာခဲ့ဖူးတယ်… နောက်ပြီး မြောက်ပိုင်းသားစစ်စစ်လည်း ဖြစ်တော့ ဒေါသက အရမ်းကြီးတာ… သူတို့နဲ့ ငြင်းခုန်ရင်း နောက်ဆုံး ဒေါသ အရမ်းထွက်တော့ ရုတ်တရက်ကြီး နှလုံးသွေးကြောပိတ်သွားခဲ့တာပဲ… အခြေအနေ မဟန်တော့ ရောက်လာတဲ့ လူတွေလည်း ပြန်ပြေးသွားကြတယ်..”

“ သူတို့ပဲ ဖြစ်ရမယ်…” လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း “ မြန်မြန် ဆေးရုံရောက်အောင် မြန်မြန်မောင်း…”

“ ဒါနဲ့ နင် ဓာတ်ခွဲခန်းကို သွားမယ်မလား… ငါနင့်ကို လိုက်မပို့ပေးနိုင်တော့ဘူး… ဟိုနားက လမ်းဆုံမှာ ချခဲ့ပေးမယ်… နင့် အဲ့မှာ တက္ကစီငှားပြီး သွားလိုက်…”

မနေ့ညက ကိစ္စများ ဖြစ်ပျက်ပြီးသည့်နောက် နှစ်ယောက်ကြားရှိ ရင်းနှီးမှုက ပြောပြစရာလိုအောင် ရင်းနှီးလာခဲ့လေသည်။

မဟုတ်ပါက လမ်းဘေးချပေးခဲ့ပြီး ကိုယ့်ဘာကိုယ် တက္ကစီသွားခိုင်းမည့် စကားလုံးမျိုး သူမ ပြောထွက်မည် မဟုတ်သည်မှာ ကျိန်းသေသည်။ အနည်းဆုံးတော့ သူမကိုယ်တိုင် တက္ကစီငှားပေးပြီး တက္ကစီခပါ ရှင်းပေးလိမ့်ဦးမည်။

“ မလိုဘူး… ငါလည်း မင်းနဲ့အတူ ဆေးရုံ လိုက်ခဲ့မယ်…” လင်းရီ ပြောလိုက်သည်။ “ ပြီးတော့ ဒီလိုတွေ ဖြစ်တာကလည်း ငါ့ကြောင့်လို့ ပြောရင် မမှားဘူး… ပြောကြေးဆို ငါက သွားပြီး ကြည့်ကို ကြည့်သင့်တာ…”

“ နင်အဲ့လိုတော့ ပြောလို့ ဘယ်ရမှာ… ဒါက ဒီတိုင်း တိုက်ဆိုင်သွားရုံပဲ… နင်လည်း ဒီလိုဖြစ်ချင်လို့မှ မဟုတ်တာ…”

“ ရတယ်… ငါ့ကိုပါ ခေါ်သွားလိုက်…” လင်းရီ ပြောလိုက်ပြီး “ မြန်မြန်လေးမောင်း…”

“ ဒီမှာ speed limit ရှိတယ်…. ရှေ့မှာ မြန်နှုန်းတိုင်း ကိရိယာတွေ တပ်ထားတယ်…”

“ အဲ့တာ ပါကင် ဆိုင်းဘုတ်ပါဟ…. Speed limit မဟုတ်ပါဘူး…”

“ အိုး…”

“ ရှေ့က မီးနီကိုလည်း စောင့်မနေနဲ့… ကင်မရာက အလုပ်မလုပ်တော့ဘူး… ဒီတိုင်း ဖြတ်သွားလိုက်…”

“ နင် သေချာလို့လား….”

“ ငါ့စကားသာ နားထောင်စမ်းပါ…”

လင်းရီ၏ အားပေးအားမြောက် ပြုမှုအောက်တွင် အန်းနင် ဆယ်မိနစ် အတွင်းမှာပဲ ပင်းချိန် ဆေးတက္ကသိုလ်၏ ဆေးရုံသို့ ရောက်ရှိလာပြီး ICU သို့ အပြေးလေး ရောက်လာသည်။

ဆေးရုံတွင် ယခင်က အလုပ်လုပ်ခဲ့ဖူးသောကြောင့် ICU ဝင်ပေါက်က ဆေးရုံတစ်ခုလုံးတွင် အရှုပ်ထွေးဆုံး နေရာတစ်ခု ဖြစ်ကြောင်းကို လင်းရီ သိရှိထားသည်။

လူများက ထိုင်ခုံပေါ်၊ ကြမ်းပြင်ပေါ် နှင့် ပြတင်းပေါက် ဘောင်၌ပါ မကျန် ထိုင်နေကြပြီး လူတို့ကလည်း အလွှာမျိုးစုံကပင်။

ချမ်းသာသည့် ငနဲများ၊ ထင်ရှားသည့် နောက်ခံနှင့် လူများ၊ တစ်ဘဝလုံး လယ်ထဲတွင် နွား နှစ်ကောင်နှင့် ရုန်းကန်လာခဲ့ကြရသူများ ၊ သာမန် အလုပ်သမားများ၊ ကော်လံပြာ လုပ်သားများ စသဖြင့် အစုံအစုံပင်။

လူ့အဖွဲ့အစည်းကြီး၏ လူတန်းစားပေါင်းစုံသည် အတူစုဝေးနေကြပြီး သူတို့၏ ခံစားချက်တို့နှင့် စိတ်အခြေအနေတို့မှာတော့ အံ့အားသင့်ဖို့ကောင်းလောက်အောင် တူညီစုစည်းနေလျက် ရှိကြသည်။ အကုန်လုံးက မျက်မှောင်ကြီးများ ကြုတ်ထားကြပြီး စိုးရိမ်ပူပန်သည့် မျက်နှာထားများဖြင့် ဖြစ်နေကြ၏။ အပြုံးတစ်ပွင့် ဖြစ်ပေါ်ရန် မဆိုထားနှင့် စကားတစ်ခွန်းပြောဖို့ရာပင် ဝန်လေးနေကြလေသည်။

သူ ဟွာရှန်းဆေးရုံတွင် အလုပ်လုပ်စဉ်အခါက စိတ်ဖိအား အများဆုံးနေရာကို ပြပါဆိုလျှင် ICU လူနာဆောင်ပင်။

လေထုက တော်တော်လေး မွန်းကြပ်လှ၏။

သူသာ ထိုသို့သော နေရာမျိုး၌ အချိန်အတော်ကြာအောင် နေရမည် ဆိုပါက စိတ်ကျရောဂါပင် ခံစားလာရမည်ဟု ထင်မိသည်။

လင်းရီနှင့် အန်းနင်တို့ နှစ်ဦး၏ ရောက်ရှိလာမှုက လူအများအပြား၏ အာရုံကို ဆွဲဆောင်နိုင်ခြင်း မရှိပါချေ။ သူတို့နှစ်ဦးက လူချောလေးနှင့် မိန်းမလှလေး စုံတွဲ ဖြစ်နေလျှင်ပင် တစက္ကန့်လှည့်ကြည့်ဖို့ရာ ဝန်လေးနေခဲ့ကြ၏။

မကြာမီ အန်းနင် သူမ၏ အမေကို ICU ဝင်ပေါက်ဝ၌ ရှာတွေ့သွားခဲ့သည်။

အန်းနင်၏ မိခင်က လျိုကွေ့ချင် ဖြစ်ပြီး အစိုးရပိုင် စီပွားရေး လုပ်ငန်းတစ်ခု၌ ဝန်ထမ်း တစ်ယောက်ဖြစ်၏။ သူမက အနီရောင် ချည်ထည် ဂါဝန်ကို ဝတ်ဆင်ထားပြီး အန်းနင်နှင့်လည်း အတော်လေး ရုပ်ချင်းဆင်တူသည်။

“ သမီး… နင် ရောက်လာပြီလား…”

အန်းနင်ကို မြင်တော့ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေသည့် လျိုကွေ့ချင်သည် မည်သို့မျှ ထိန်းမထားနိုင်တော့ပဲ သမီးကို ဖက်၍ ငိုကြွေးမိတော့၏။

“ အမေ… အဖေ ဘယ်လိုနေသေးလဲ…”

“ သမီး……..”

လျိုကွေ့ချင် အန်းနင်၏ အဝတ်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မျက်ရည်များအား လက်ဖြင့် သပ်လိုက်၏။

“ သူ့ကို တွန်းလှည်းနဲ့ ခေါ်သွားကြတာပဲ… ဒေါက်တာက ဘာဖြစ်နေလဲ ခုထိလာမပြောသေးဘူး…”

“ အဖေ အဆင်ပြေမှာပါ…” အန်းနင် သူ့အမေကို နှစ်သိမ့်ပေးလိုက်ပြီး “ ဒီကို အချိန်မီလေး ရောက်လာတာပဲလေ…”

“ အမေ ခုလေးတင် ကျန်းရန်ကို ဖုန်းခေါ်ထားတယ်… သူလည်း အဲ့လိုမျိုး ပြောတာပဲ … ဒါပေမယ့် အမေ ခုထိ စိတ်မချနိုင်သေးဘူး…”

“ အဆင်ပြေမှာပါ…. အဖေ အဆင်ပြေမှာပါ…” အန်းနင် လျိုကွေ့ချင်၏ ပခုံးကို ဖက်ပြီး နှစ်သိမ့်ပေးလိုက်သည်။

“ ဒီဆေးရုံကလည်း ပေါ့တန်တန်မှ မဟုတ်တာ အမေရဲ့… စိတ်မပူပါနဲ့…”

အမှန်တွင်တော့ သူမလည်း အတော်လေးကို စိတ်ပူနေမိသည်။ သို့သော် ယခုလို အချိန်တွင် သူမက မိသားစုကို ဦးဆောင်နေသူ တစ်ယောက်အနေဖြင့် မားမားမတ်မတ် ရှိရပေမည်။ မဟုတ်ပါက တစ်မိသားစု စိတ် ဘိုင်းဘိုင်း(ဘုံးဘုံး) လဲသွားနိုင်သည်။

“ အင်း… အဖေကြီး အဆင်ပြေမှာပါ…”

အန်းနင်၏ ဖြောင်းဖြနှစ်သိမ့်ပေးမှုအောက်တွင် လျိုကွေ့ချင်၏ စိတ်အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာလေသည်။ သူမ၏ မျက်ရည်များကို သုတ်ပစ်လိုက်သော်လည်းပဲ မျက်နှာထက်တွင်တော့ စိုးရိမ်ပူပန်ရိပ်တို့ဖြင့် ပြည့်နှက်နေသေးသည်။

ထိုအချိန်ကျမှပဲ လျိုကွေ့ချင် ဘေးတွင်ရပ်နေသည့် လင်းရီကို သတိထားမိသွားခဲ့တော့သည်။

“ သမီး… ဒီသူငယ်လေးက ဘယ်သူတုန်းကွဲ့….”

“ သူ့နာမည်က လင်းရီ အမေ… သမီးတို့ စင်တာက ကလိုင်းရန့် တစ်ယောက်ပဲ… သမီးက သူ့ကို ကြိုဆို ဧည့်ခံပေးဖို့ တာဝန်ယူထားရတာ…” အန်းနင် ပြောလိုက်ပြီး “ အမေ ဖုန်းဆက်လာတုန်းက သမီးတို့နှစ်ယောက်က အတူ ရှိနေတာလေ… ဒါကြောင့်မို့ အတူလာခဲ့လိုက်တာ…”

“ အမေ သဘောပေါက်ပြီ…”

ထိုအခိုက်အတန့်တွင် ဓာတ်လှေကား တံခါး ပွင့်ဟလာပြီး ဆရာဝန်ကုတ်ကို ဝတ်ဆင်ထားသည့် နီကျန်းရန် ထွက်လို့ လာခဲ့သည်။

“ နင်နင်… မင်း ရောက်လာပြီပေါ့… ငါက ဆက်သွယ်လို့ မရလို့ အရမ်း စိတ်ပူနေတာ…”

နီကျန်းရန်ကို ရှောင်ရှားရန်အတွက် အန်းနင် မနေ့က ကားထဲသို့ ဝင်ပြီးနောက် ဖုန်းကို စက်ပိတ်ထားလိုက်သည်။

ယနေ့ နံနက်ခင်း ဟိုတယ်က ထွက်လာတော့မှသာလျှင် ပြန်ဖွင့်ထားခြင်းပင်။

“ မနေ့က ငါ့ဖုန်း တစ်ခုခု ဖြစ်သွားလို့ ဆိုင်ပို့ထားတာ ဒီမနက်မှ ပြန်အဆင်သွားတာပဲ…”

နီကျန်းရန်နှင့် တဖန် ရင်ဆိုင်ရသည့် အခါတွင် အန်းနင်၏ စိတ်ခံစားချက်တို့ ရောထွေးနေမိ၏။ အချိန်တိုအတွင်းတော့ ကိစ္စများက အရင်လို ပြန်ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

“ ဒါဆို မနေ့ညက မင်း…..”

နီကျန်းရန် မနေ့ညက အန်းနင် ဘယ်သွားနေလဲ ဆိုတာကို မေးချင်သော်လည်း စကားလမ်း တစ်ဝက်၌ လင်းရီကို မြင်တွေ့သွားခဲ့ပြီး သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့တော့သည်။

“ မင်း ဘာလို့ ဒီမှာရှိနေတာလဲ…”

“ ဘာလဲ... ရှိလို့ မရဘူးလား…”

“ နီကျန်းရန်… နင် ဘာလုပ်နေတာလဲ…” အန်းနင် အေးစက်စွာ ပြောလိုက်သည်။

“ သူက မင်းတို့ စင်တာက ကလိုင်းရန့် မဟုတ်ဘူးလား… သူက ဘာလို့ ဒီမှာ ရှိနေရတာတုန်း…”

“ ငါ မနက်ခင်းတုန်းက သူ့ကို သွားကြိုပြီး စင်တာကို အတူသွားမလို့… လမ်းတစ်ဝက်မှာ အမေ့ဆီက ဖုန်းရလို့ ဒီကို အတူလာခဲ့တာ…”

နီကျန်းရန် လင်းရီကို အေးစက်စက် စိုက်ကြည့်နေလိုက်သည်။

“ ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး… ခုချက်ချင်း ထွက်သွား… ငါ့ရဲ့ ခမည်းခမက်ကို မင်း စိတ်ပူပေးစရာ မလိုဘူး…”

အကယ်လို့ အန်းနင်သာ ထိုစကားကို အရင်တစ်ချိန်က ကြားမည်ဆိုပါက များများစဉ်းစားမိမှာ မဟုတ်ပဲ ဒါ ဖြစ်သင့်တဲ့ ကိစ္စပဲဟုတောင် ထင်မိလိမ့်ဦးမည်။

သို့‌သော် ယခုမူကား… သူမ မည်သို့ပင် အကောင်းဘက်က တွေးပြီး စဉ်းစားစေကာမူ ကသိကအောက် ဖြစ်သလို ခံစားနေရပြီး စိတ်ထဲ နေမထိ ထိုင်မသာ သက်တောင့်သက်သာ မဖြစ်လှပေ။

“ မင်းက တကယ့်ကို လက်ပြန်ကိုက်တဲ့ သတ္တဝါပဲ… ငါ့ကြောင့်မို့သာ မဟုတ်ရင် မင်းမနေ့ညက အကောင်းအတိုင်း ပြန်ထွက်လာနိုင်မယ်လို့ ထင်လား…” လင်းရီ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

All Chapters