← Chapters

အန္တရာယ် အလှည့်အပြောင်း

Vol. 96 Ch. 1429

အန္တရာယ် အလှည့်အပြောင်း

Vol. 96 Ch. 1429

နီကျန်းရန် ရှက်ရွံ့သွားခဲ့လေသည်။ မနေ့က အဖြစ်အပျက်ကို ပြန်တွေးမိတော့ သူ့ကိုယ်သူ ပြန်ရှက်မိသွားခဲ့ပြီး သူ၏ အရှိန်အဝါတို့ပင် ချိနဲ့သွားခဲ့ရသည်။

“ မင်းကိုယ်မင်း အထင်ကြီးမနေပါနဲ့…. မင်း မရှိဘူးဆိုရင်တောင် ငါ ထွက်လာနိုင်ပါသေးတယ်…”

“ ဟားဟား…. အံ့ဩစရာပဲ … သိပ် အံ့ဩစရာပဲ…”

လင်းရီ၏ အရွဲ့တိုက် နိုင်လှသည့် စကားလုံးများကို ကြားတော့ နီကျန်းရန် ပိုလို့ပင် ဒေါသထွက်လာလေသည်။ သို့သော် သူ၏ ယူနီဖောင်းကြောင့် စိတ်လိုက်မာန်ပါ လုပ်လိုက်၍ မဖြစ်ချေ။

“ ကျန်းရန်… ရန်ဖြစ်မနေနဲ့လေ…” လျိုကွေ့ချင် ပြောလိုက်ပြီး “ သား အထဲသွားပြီး အခြေအနေကို တစ်ချက် မေးကြည့်ပေးပါလား… သား အန်ကယ် ဘယ်လိုနေသေးလဲလို့….”

“ အန်တီ… စိတ်ချပါဗျ…. ကျွန်တော် အခု ဒီရောက်လာတာလည်း အဲ့ဒီ အတွက်ပါပဲ..”

လျိုကွေ့ချင်နှင့် ရင်ဆိုင်ရာတွင် နီကျန်းရန်မှာ အင်မတန် ယဉ်ကျေးနေပြီး သူကိုယ်၌က မိသားစုဝင်တစ်ယောက် ဖြစ်နေသကဲ့သို့ ပြုမူနေလေသည်။

“ မြန်မြန်လေး သွားကြည့်ပေးစမ်းပါ သားရယ်… မဟုတ်ရင် အန်တီ့ နှလုံးက လည်ချောင်းကနေတောင် ခုန်ပေါက်ထွက်လာတော့ မလား မသိဘူး…”

“ ကျွန်တော် အခု သွားလိုက်မယ်…”

နီကျန်းရန် နောက်သို့ လှည့်ပြီး ထွက်ခွာသွားခဲ့သည်။ သို့သော် မသွားမီ လင်းရီကို အထင်တသေး ကြည့်ဖို့ရာလည်း မေ့မနေခဲ့ပါချေ။

လျိုကွေ့ချင်လည်း လင်းရီကို တစ်ချက် ခိုးကြည့်လိုက်ပြီး သူမ၏ အကြည့်တို့က ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေခဲ့ကာ သူ့သမီးကို ဘေးတစ်နေရာသို့ ဆွဲခေါ်သွားလိုက်၏။

“ သမီး… ဘာတွေ ဖြစ်နေတာလဲ… လင်းရီဆိုတဲ့ သူငယ်လေးက နင့်ရဲ့ ကလိုင်းရန့် မဟုတ်ဘူးလား… သူက ကျန်းရန်နဲ့ သိနေတာလား ဟုတ်လား…”

“ သူတို့ကြားမှာ မကျေနပ်မှု တစ်ချို့ ရှိခဲ့တာတော့ အမှန်ပဲ… ဒါပေမယ့် ခုတော့ အကုန် အဆင်ပြေသွားပါပြီ… အမေ မပူပါနဲ့…”

လျိုကွေ့ချင် သူ့သမီးကို ခြေဆုံး ခေါင်းဆုံး တစ်ချက် ကြည့်၍ “ နင် မနေ့ညက အိမ်ပြန်မလာဘူး … ပြီးတော့ ဒီမနက်လည်း အတူလာတယ်ဆိုတော့ နင်တို့နှစ်ယောက်က……”

“ အမေဘာတွေ လျှောက်စဉ်းစားနေတာလဲ…” အန်းနင် သူမ အမေကို မျက်လုံးလှန်ကြည့်လိုက်ပြီး “ သမီးရဲ့ ဓမ္မတာ လာနေတာကို ဘာများ လုပ်နိုင်မှာမို့လို့…”

ထိုစကားကြားတော့ လျိုကွေ့ချင် အများအပြား စိတ်သက်သာရာ ရသွားခဲ့သည်။

“ ဒါပေမယ့် အမေ့အထင် နင်တို့ နှစ်ယောက် မရိုးသားဘူးနော်… နင့်ကို ပြောမယ်… ပြဿနာ မရှာနဲ့ ဟုတ်ပြီလား..”

လျိုကွေ့ချင် ရှင်းရှင်းလင်းလင်း သတိပေးမှု ပြုလုပ်လိုက်၏။

“ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့လို့ကတော့ နင် ဘယ်လို ရှင်းမလဲ ကြည့်စမ်းဦးမယ်…”

သူမ အမေရဲ့ စကားကိုကြားတော့ အန်းနင် မနေ့ညက မတော်တဆ အဖြစ်အပျက်ကို ပြန်မြင်ယောင်မိသွားခဲ့ပြီး မျက်နှာတစ်ခုလုံး ရဲတက်လာလေတော့သည်။

“ အမေ ဘာတွေ စဉ်းစားနေတာလဲ… အမေ့သမီးက အဲ့လို လူစားမျိုးလားလို့…”

“ ဘာပဲ ဖြစ်ဖြစ် နင့်ကို သတိပေးထားပြီးပြီ… နင်က ငယ်တော့တာ မဟုတ်ဘူး… ကိုယ့်ဘာကိုယ် ဂရုစိုက်…”

“ စိတ်ချပါ အမေရယ်… သမီး လုပ်နေတာတွေ သမီးသိပါတယ်…”

“ အန်းကော်ဟွားရဲ့ မိသားစု….”

အမေနှင့် သမီး နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ ICU ထဲကနေ နာ့စ်တစ်ယောက် ထွက်လာခဲ့လေသည်။

“ ဒီမှာပါရှင့် ဒီမှာပါ…”

လျိုကွေ့ချင်နှင့် အန်းနင်တို့ အလျင်အမြန် လက်ဝှေ့ရမ်းပြလိုက်ကြပြီး နာ့စ်အနားသို့ ရောက်လာလေသည်။

“ ဆရာမ… ဘာများ ဖြစ်လို့လဲရှင်…”

“ ဆေးကုသစရိတ်က မလောက်ဘူး… ရှင်တို့ နောက်ထပ် ယွမ် ငါးသောင်း သွင်းဖို့ လိုမယ်…”

“ ဟင်… ကျွန်မတို့ စလာကတည်းက ယွမ် သုံးသောင်း သွင်းထားတာလေ… ဒီလောက် အမြန်ကြီး သုံးလို့ ကုန်သွားပြီပေါ့….”

နာ့စ်က ခေါင်းညိမ့်ပြလိုက်သည်။ “ လူနာရဲ့ အခြေအနေက ခုထိ မတည်ငြိမ်သေးဘူး… ဆရာဝန်ကြည့်ခနဲ့ တခြား စစ်ဆေးခတွေ နှုတ်လိုက်တော့ အကောင့်ထဲမှာ ယွမ် တစ်သောင်းပိုပိုပဲ ကျန်တော့တယ်… ခုလောလောဆယ်တော့ လောက်ပါသေးတယ်… ဒါပေမယ့် ကျွန်မကတော့ ရှင်တို့ကို ပိုပြီး ပိုက်ဆံ များများ ထပ်ရှာထားဖို့ အကြံပေးချင်တယ်… တကယ်လို့ ကျွန်မတို့ လိုလာရင် ရှင်တို့ အချိန်မရွေး သွင်းလို့ရတာပေါ့…”

နာ့စ်က အလျင်အမြန် စကား ပြောသွားခဲ့သည်။ ပြောစရာရှိသည်များကို ပြောပြီးသည့်နောက် နောက်သို့ လှည့်ပြီး ICU လူနာဆောင်ထဲ ပြန်ဝင်သွားခဲ့လေသည်။

လျိုကွေ့ချင်၏ တစ်ကိုယ်လုံး နုံးချိသွားခဲ့တော့၏။ အန်းနင်ကြောင့်သာ မဟုတ်ပါက သူမ ကြမ်းပြင်သို့ ဘိုင်းကနဲ ပစ်လဲကျသွားပြီးလောက်ချေပြီ။

အန်းမိသားစုက တော်တော်လေး ကြွယ်ဝသည့် မိသားစုထဲ၌ ပါသည်။ ပင်းချိန်မြို့တော်၌ သူတို့အိမ် နှစ်လုံးရှိပြီး အပန်းဖြေသည့် အိမ်တစ်လုံးလည်း ရှိသည်။ လက်ထဲတွင် ငွေသား များများစားစား မရှိသော်လည်းပဲ ယွမ် သုံးလေးသိန်း ထုတ်ဖို့ရာတော့ ပြဿနာ မရှိချေ။

သို့သော် နာ့စ်က လူနာရဲ့ အခြေအနေ တည်ငြိမ်ခြင်း မရှိသေးဟု ပြောသွားခဲ့လေသည်။ ယင်းက သူမ၏ နှလုံးကို နောက်တစ်ကြိမ် ကဆုန်ဆိုင်းသွားစေခဲ့သည်။

“ အမေ… အဲ့ဒီ နာ့စ်တွေ ပြောသမျှ စွတ်ယုံမနေနဲ့…” အန်းနင် ပြောလိုက်ပြီး “ သူတို့က လူနာ ပိုက်ဆံ မသွင်းမှာစိုးလို့ တစ်ခါတစ်လေ အဲ့လိုတွေ ခြိမ်းခြောက်ပြီး ပြောတတ်ကြတယ်… အမေ ထိုင်ခုံမှာ ခဏ ထိုင်နေဦး… သမီး အရင် ပိုက်ဆံသွားသွင်းလိုက်ဦးမယ်…”

“ သွား သွား…” လျိုကွေ့ချင် လက်ခါပြလိုက်ပြီး သူမ၏ ခွန်အားများအားလုံး ဆုံးရှုံးသွားခဲ့လေသည်။

ထိုမြင်ကွင်းကို မြင်တော့ လင်းရီ တော်တော်လေး စိတ်မသက် မသာ ဖြစ်မိ၏။

မည်သို့ပင် ဆိုစေ ဤကိစ္စက သူနှင့် တစ်မျိုးတစ်ဖုံ ဆက်စပ်နေခဲ့သည် မဟုတ်ပါလား။

“ မင်း အမေ့ဘေးနားမှာ နေပေးလိုက်ပေါ့… ငါ သွားပြီး ပိုက်ဆံ သွင်းလိုက်မယ်…”

“ မလိုဘူး… အတူသွားကြတာပေါ့…” အန်းနင် သူမ၏ ဆံပင်ကို ဖြီးသပ်ရင်း ပြောလိုက်ပြီး “ ငါ့အမေက သူ့တစ်ဘဝလုံး အလုပ်ကြိုးစားလာခဲ့တာ အဲ့လောက်ထိ စိတ်မပျော့ပါဘူး…”

လျိုကွေ့ချင်ကို စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် နှစ်ယောက်သား ဓာတ်လှေကားထဲသို့ အတူဝင်လိုက်ကြသည်။

ဝှစ်…

တံခါး ပိတ်သွားသည့် အခိုက်အတန့်တွင်ပဲ အန်းနင် ဓာတ်လှေကား ဘေးနံရံသို့ မှီလိုက်ပြီး အသက်လု၍ ခပ်ပြင်းပြင်း ရှူရှိုက်နေရလေသည်။ သူမ ရင်ထဲ မျိုသိပ်ထားရသည့် ခံစားချက်တို့က အင်မတန် လေးလံလှပါသည်။

သူမ၏ ဖိအားကို လျော့ချရန်အတွက် သီးသန့် နေရာတစ်ခုကို သူမ လိုအပ်၏။

“ စိတ် မလောနဲ့ဦး… အနည်းဆုံး ခုလောလောဆယ် ဘာစိုးရိမ်စရာမှ မဖြစ်သေးဘူးလေ…” လင်းရီ ပြောလိုက်ပြီး “ သူတို့ ထွက်လာရင် ဒေါက်တာ ဘာတွေ ပြောလဲ နားထောင်ကြည့်ကြတာပေါ့…”

ယခုလို အချိန်တွင် ဆရာဝန်ဘက်က ဆေးစရိတ် ထပ်တောင်းလာသည်မှာ စမ်းသပ်စစ်ဆေးမှုများ ပိုပြီး ပြုလုပ်ရန် လိုအပ်သောကြောင့်ပင်။ မဟုတ်ပါက မီးသဂြိုဟ်သည့် နေရာသို့သာ တန်းသွားရန် အကြံပေးလိုက်ကြလိမ့်မည်။

လင်းရီ၏ အမြင်တွင်တော့ လက်ရှိ အခြေအနေက ထိန်းချုပ်၍ ရသေး၏။ အခြား စိုးရိမ်ရသည့် အန္တရာယ် မရှိသေးသရွေ့ သူ ဝင်ပါကူညီပေးရန် မလိုအပ်သေးချေ။

မည်သို့ပင်ဆိုစေ ပင်းချိန် ဆေးတက္ကသိုလ် ဆေးရုံက နာမည်ကြီး ဆေးရုံ တစ်ခု ဖြစ်ပြီး ၎င်း၏ စံချိန်စံနှုန်းတို့ကလည်း မဆိုးတဲ့အထဲ ပါသည်။

“ အဲ့လူတွေက အရမ်း စက်ဆုပ်ဖို့ ကောင်းတာပဲ…” အန်းနင် ဒေါသထွက်စွာ ပြောလိုက်ပြီး “ ငါသာ မိုးနတ်မင်းကြီးဆိုလို့ကတော့ ဒင်းတို့ကို အရှင်ထားမနေဘူး… တစ်ခါတည်း မိုးကြိုးပစ်ပြီး သတ်ပစ်လိုက်တယ်…”

လင်းရီ အန်းနင်ကို ပြုံးလျက် ကြည့်မိလိုက်သည်။ ဤသည်က မြောက်ပိုင်းသူလေးများ၏ ပုံမှန် စိတ်နေစိတ်ထားတစ်ခုပင်။ ကျီချင်းရန်၊ လီချူးဟန်၊ ဒါမှမဟုတ် ဝမ်ရင်းထံကနေ ထိုသို့သော စကားမျိုး ကြားရသည်မှာ အင်မတန်ခဲယဉ်းလှသည်။ သို့သော် လျန်ရူရွှယ်ထံကနေတော့ သူ ဆင်တူသည့် စကားလုံး တော်တော်များများ ကြားဖူးလေသည်။

“ တစ်ကြိမ်ကို တစ်လှမ်းခြင်း လှမ်းကြတာပေါ့… လက်ရှိ ဒီကိစ္စကို အရင်ဖြေရှင်းပြီးမှ ကျန်တာကို ဖြည်းဖြည်းချင်း ကိုင်တွယ်ကြမယ်…”

“ အင်း…”

လင်းရီ အနားတွင် ရှိနေတော့ အန်းနင် အနည်းနှင့်အများ အားရှိမိသည်။ သူစိမ်းဆိုသော်လည်းပဲ ယခုလို အခိုက်အတန့်တွင် ကိုယ့်ဘေးနား လူတစ်ယောက်တော့ ရှိသေးပါလား ဟူသော အတွေးဖြင့် ခံစားချက်တို့ သိပ်ပြီးမှ ကသောင်းကနင်း မဖြစ်မိချေ။

လူ့သဘာဝက ထိုသို့ဖြစ်ဟန်ပင်။ နေထိုင်မကောင်းဖြစ်သည့်အခါ တစ်စုံတစ်ယောက်က သူတို့ ဘေးနား ရှိနေဖို့ကို ဆန္ဒရှိကြ၏။ စကားပြောဖော် မရလျှင်ပင် တိတ်တဆိတ် ရှိနေပေးခြင်းဖြင့် လူကို အများအပြား သက်တောင့်သက်သာ ဖြစ်စေလေသည်။

ဓာတ်လှေကားက ဖြည်းညင်းစွာဖြင့် ပထမထပ်သို့ ဆင်းသက်လာခဲ့ပြီး သူတို့နှစ်ယောက် ပိုက်ဆံရှင်းသည့် ကောင်တာထံ ရောက်တော့ ယွမ်ငါးသောင်း ထပ်သွင်း၍ ဓာတ်လှေကားထံ ပြန်လာခဲ့ကြသည်။

သူတို့ ပြန်ရောက်လာသည့် အချိန်၌ သက်လတ်ပိုင်း စုံတွဲ တစ်တွဲက လျိုကွေ့ချင်၏ နံဘေးတွင် ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။

သူတို့၏ နာမည်က အန်းကော်ရုံနှင့် လျိုဖန်းတို့ ဖြစ်ကြ၏။ သူတို့က အန်းနင်၏ ဒုတိယ ဦးလေးနှင့် ဒေါ်လေးတို့ ဖြစ်ကြလေသည်။ လျိုကွေ့ချင်က မျက်ရည်များသုတ်နေစဉ် သူတို့နှစ်ယောက်ကတော့ သူမထံ စကားတွေ ပြောပေးနေကြ၏။

“ ဒုတိယ ဦးလေး၊ ဒုတိယ ဒေါ်လေး…”

သူတို့နှစ်ယောက်ကို မြင်တော့ အန်းနင် သွားပြီး နှုတ်ဆက်လိုက်သည်။

အန်းကော်ရုံနှင့် လျိုဖန်းတို့လည်း အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိမ့်ပြလိုက်ကြ၏။ တစ်ချိန်တည်းတွင် ဘေးရှိ လင်းရီထံ အကြည့်ပို့လိုက်ကြသော်လည်း မည်သူ မည်ဝါဆိုတာကိုတော့ သူတို့ မမေးကြချေ။

“ ပိုက်ဆံရော လောက်လား… ဦးလေးရဲ့ ကတ်ကို ယူထားလိုက်…” အန်းကော်ရုံ ဆောက်လုပ်ရေး ဘဏ်ကတ်ကို ကမ်းပေးလာသည်။

“ မလိုဘူး အန်ကယ်.. ကျွန်မမှာ ပိုက်ဆံ လောက်ပါတယ်…”

“ လောက်လောက် မလောက်လောက် ယူထားလိုက်… ICU ဆိုတဲ့ နေရာက တစ်ညနေရာရင်ကိုပဲ ကြယ်ငါးပွင့် ဟိုတယ်ထက် ပိုက်ဆံ ပိုကုန်ရတယ်… လိုလိုမလိုလို ယူထားလိုက်…”

အန်းကော်ရုံ ကတ်ကို အန်းနင်၏ လက်ထဲ အတင်းထိုးထည့်ပေးလိုက်သည်။

“ အမေက ဘာလို့ ငိုနေသေးတာလဲ… အဖေက ခဏဆို ထွက်လာမှာပေါ့…” အန်းနင် ပြောလိုက်ပြီး “ ခုလို အတိုင်းသာဆို အဖေ မသွားခင် အမေက အရင် သွားရတော့မှာပဲ….”

“ ခုလေးတင် ကျန်းရန် လာသွားတယ်… သူ့ အမူအရာက မူမမှန်ဘူး… သူပြောတာ သူသွားပြီး လက်ထောက် ဆေးရုံ ဒါရိုက်တာကို သွားရှာဦးမယ်တဲ့… သမီး အဖေတော့ တစ်ခုခု ဖြစ်နေပြီ ထင်တယ်…”

“ သူက ဒီကို လက်ထောက် ဒါရိုက်တာ သွားခေါ်လာမယ်…”

အန်းနင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ရသည်။ အတွင်းရှိ ဒေါက်တာက ကိုင်တွယ်ဖြေရှင်းနိုင်သည် ဆိုပါက အဘယ်ကြောင့် လက်ထောက် ဒါရိုက်တာကို သွားခေါ်ရန် လိုအပ်နေပါမည်နည်း။

လင်းရီ၏ အမူအရာလည်း သိပ်ပြီးမှတော့ ကောင်းမွန်းမနေချေ။ အခြေအနေက အမှန်ပင် ဆိုးရွားနေလောက်၏။

“ ကျန်းရန် ခုလေးတင် ပြောသွားတာပဲ…” လျိုကွေ့ချင် သူမ၏ မျက်ရည်များအား သုတ်လိုက်ရင်း “ သူပြောတာတော့ သူနဲ့ လက်ထောက် ဒါရိုက်တာက ဆက်ဆံရေး ကောင်းတယ်တဲ့… ဒါကြောင့်မို့ တောင်းပန်ပြီ ဒီခေါ်လာပေးမယ် ပြောတယ်… အထဲမှာ ဘာတွေ အရမ်း အရေးကြီးနေလဲ မသိဘူးနော်…. “

“ ငါတို့ ဖုန်းဆက်ပြီး မေးကြည့်ကြမလား…” အန်းကော်ရုံ ပြောလိုက်သည်။

“ အထဲမှာ ရှိနေရင် သူ ဖုန်းကိုင်လို့ မရဘူး…” အန်းနင် ပြောလိုက်၏။

“ မြန်မြန် မြန်မြန် … ကျန်းရန် ပြန်လာပြီ.. မြန်မြန် ဘာဖြစ်နေလဲ သူ့ကို မေးလိုက်…”

ပြောပြီးသည်နှင့် လျိုကွေ့ချင်သည် နီကျန်းရန်ထံ မည်သို့ ရောက်မှန်းမသိ ရောက်လာခဲ့တော့၏။

“ ကျန်းရန်… အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ… စိုးရိမ်ရလား..”

နီကျန်းရန်၏ မျက်နှာမှာ အုံ့မှိုင်းနေလေသည်။

“ သိပ်ကောင်းနေတာတော့ မဟုတ်ဘူး အန်တီ… ကျွန်တော် တခြား ဌာနက ဒါရိုက်တာတွေ သွားခေါ်ဦးမယ်… သူတို့နဲ့ စကားပြောကြည့်မှ ရမယ့် အခြေအနေ တစ်ချို့ ရှိနေလို့….”

All Chapters