ငါ မင်းနဲ့ အတူ လိုက်ခဲ့မယ်
Vol. 96 Ch. 1430
“ ဘယ်လိုဖြစ်နိုင်မှာလဲ… သူက အချိန်မီ ဒီရောက်လာခဲ့တာပဲလေ… ဘာလို့ ဒီလောက် အခြေအနေ ဆိုးနေရတာလဲ..”
ထိုသို့သော မေးခွန်းမျိုးနှင့် ရင်ဆိုင်ရတော့ နီကျန်းရန် မည်သို့ ပြန်ဖြေပေးရမှန်း မသိတော့ချေ။
မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေခြင်းတရားတို့က လုံးဝကို ကျိုးကြောင်းမသင့်တင့်သည့် အရာကြီးဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် မည်သူကမျှ လက်မခံချင်သည့်၊ လက်မခံလိုသည့် သဘာဝတရားကြီး တစ်ခု ဖြစ်၏။
“ အန်တီ… စိတ်မလောပါနဲ့… အန်တီ ထင်သလောက်လည်း မဆိုးရွားသေးပါဘူး… ကျွန်တော့်ဆီက သတင်းကိုသာ စောင့်နေလိုက်ပါ…”
ပြောပြီးနောက် နီကျန်းရန်သည် အန်နင်နှင့် လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး “ နင်နင် … သူက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ… မြန်မြန် သူ့ကို ထွက်သွားခိုင်းလိုက်တော့… ငါတို့အားလုံးက မိသားစုတွေကို ဘာလို့ အပြင်လူက ဒီမှာ ရှိနေတာလဲ…”
“ သူ့မှာ တခြား လုပ်စရာ မရှိလို့ ကူညီပေးရအောင် ဒီမှာ ရှိနေတာလေ…”
အန်းနင် တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး လင်းရီကို မောင်းထုတ်မည့် ရည်ရွယ်ချက် မရှိချေ။
အန်းမိသားစုဝင်များက အလိုအလျောက် လင်းရီနှင့် နီကျန်းရန်ကို ကြည့်မိလိုက်ကြပြီး သူတို့ နှစ်ဦးကြားတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ထားသည်ဟု ကိုးရီးယား ဒရာမာဆန်ဆန် ခံစားနေရလေသည်။
ထို့ပြင် ထို ပဋိပက္ခ၏ ဖြစ်ရင်းအကြောင်းတရားက သူတို့ သမီးလေး ဖြစ်နေခဲ့၏။
“ ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်… ဒါပေမယ့် ငါပြန်ရောက်လာရင် မင်း ဒီမှာ ရှိနေတာကို ဆက်မမြင်ချင်ဘူး…”
နီကျန်းရန် လင်းရီကို စိုက်ကြည့်လိုက်ပြီး “ မင်းမှာ အသိစိတ် တချို့ ရှိသေးတယ်ဆိုရင် ဒီမှာ ပလာစတာလိုမျိုး ကပ်ပြီး နေမနေနဲ့..”
လင်းရီ ပြုံးလိုက်ပြီး နီကျန်းရန်၏ ပခုံးကို ပုတ်ရင်း ပြောလိုက်၏။
“ မင်း မနေ့က ဟိုလူလို အဖြစ်မျိုး မကြုံချင်ဘူးဆိုရင် ပါးစပ်ပိတ်ပြီး အေးဆေးနေတာကောင်းမယ်… ငါ စိတ်တိုရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်ရတာနော်…”
“ မင်း…”
နီကျန်းရန်၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်သွားခဲ့၏။ သူ အေးစက်စက် နှာမှုတ်၍ ထွက်ခွာသွားခဲ့လေသည်။
“ သမီး … နင် ဒီလာဦး… အမေ နင့်ကို ပြောစရာ ရှိတယ်…”
“ ဘာပြောမို့လဲ အမေ… “ အန်းနင် လျှောက်လာပြီး မေးမြန်းလိုက်သည်။
“ ဘာတွေ ဖြစ်နေတာလဲ… နင်နဲ့ အဲ့ သူငယ်လေး လင်းရီရဲ့ ဆက်ဆံရေးက ဘယ်လို ပုံစံမျိုးလဲ…”
“ သမီး ခုလေးတင် ပြောပြီးပြီပဲလေ… သူက သမီးတို့ စင်တာက ကလိုင်းရန့်လို့…”
“ မဖြစ်နိုင်တာ….”
လျိုကွေ့ချင် ပြောလိုက်ပြီး “ ဒီတိုင်း အလုပ်သဘော ဆက်ဆံရေးသာဆိုရင် ကျန်းရန်က သူနဲ့ ပတ်သက်ပြီး ဒီလိုတွေ ဖြစ်နေမှာ မဟုတ်ဘူး…”
“ နင့် အမေ ပြောတာ အဓိပ္ပာယ် ရှိတယ်…” အန်းနင်၏ ဒုတိယ ဒေါ်လေး လျိုဖန်းက ပြောလိုက်ပြီး “ နင်တို့နှစ်ယောက်က နှစ်ဖက်မိဘဆွေမျိုးတွေ သိအောင် တွဲနေကြတဲ့ စုံတွဲတွေ… နင်က ဒီလို သူစိမ်းယောက်ျားလေး တစ်ယောက် ခေါ်လာတော့ ကျန်းရန် ဘယ်လို ထင်မလဲ…”
အကယ်လို့ လင်းရီကသာ ပုံဆိုးပန်းဆိုးကြီးဆိုပါက အန်းမိသားစုသည် များများစားစား တွေးတောမိကြမည် မဟုတ်သော်လည်းပဲ ပြဿနာက အဆိုပါ လူငယ်လေးမှာ အင်မတန် ခန့်ညားချောမောလှပြီး သူ့ သမီးကလည်း ရုပ်ဆိုးတဲ့ထဲ မပါချေ။ ထို့ပြင် အန်းနင် မနေ့ညက အိမ်ပြန်မလာသည့် ဖြစ်ရပ်ကလည်း သူမ စိတ်ထဲ ရှိနေသေး၏။ ထိုသို့သော အဖြစ်အပျက်မျိုး မဖြစ်ပျက်နိုင်ပါဘူးဟု သူမ စိတ်ထဲ တွေးနေသော်ငြား မသိစိတ်က ဖြစ်နိုင်ချေ ရှိသည်ဟု ပြန်ပြီး ပြောနေလေသည်။
ထို့ကြောင့် နီကျန်းရန်က ခြိမ်းခြောက်မှုကို ခံစားနေရပြီး စိတ်မချ ဖြစ်နေရတော့၏။
“ သူ့ဘာသူ ထင်ချင်သလို ထင်ပေါ့… သမီးဘာ သမီးလည်း မားမားမတ်မတ်ရပ်ပြီး ခေါင်းကို မော်ကြွားနိုင်ပါတယ်… ဘယ်လိုပဲ ဖြစ်ဖြစ် အမေတို့ ထင်နေသလို မဟုတ်ရပါဘူး အမေရယ်….”
“ နင်နင်…. နင့် အဲ့တာက ဘယ်လိုပုံစံကြီးလဲ…”
အန်းကော်ရုံ ပြောလိုက်ပြီး “ ဦးလေးတို့ လူကြီးတွေက မင်းတို့ လူငယ်တွေ ကိစ္စထဲ ဝင်စွက်ဖက်ဖို့ အရည်အချင်း မမီဘူးဆိုပေမယ့် နင်တို့ နှစ်ယောက်က နောက်နှစ်ဆိုရင် ယူကြတော့မှာလေ… တစ်ဖက်သား စိတ်ပျက်အောင်လို့တော့ ဘယ်လုပ်လို့ သင့်မှာ…”
“ ယူမယ့် ကိစ္စကို နောက်မှ ဆက်ပြောကြတာပေါ့… သမီး ခုထိ မဆုံးဖြတ်ရသေးဘူး..”
“ ဒါက….”
အန်းမိသားစု အကြီးအကဲ သုံးဦးလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်းဖြင့် တစ်ခုခု လွဲချော်နေသည်ကို ခံစားနေကြရသည်။
“ သမီး … အမေ့ကိုပြော… နင်တို့ နှစ်ယောက် ရန်ဖြစ်ထားကြတာလား….”
“ မဟုတ်ဘူးလို့… အမေတို့ အတွေးလွန်မနေကြနဲ့…”
လျိုကွေ့ချင် သက်ပြင်းချလိုက်သည်။ “ ဘာပဲ ဖြစ်ဖြစ်ပါလေ… နင်တို့ နှစ်ယောက်က တစ်နှစ်ကျော်အောင် တွဲလာခဲ့ကြတာ… ပြီးတော့ တွဲရင် တစ်ခါတစ်လေ စကားများကြတဲ့ အချိန်တွေ ဆိုတာ ရှိကြမှာပဲ… ကိစ္စကို စကားနဲ့ပဲ ပြောပြီး ဖြေရှင်းကြပေါ့အေ…. နင့် အမေနဲ့ အဖေကိုပဲကြည့်… ငါတို့ဆိုလည်း ခဏ ခဏ ရန်မဖြစ်ကြဘူးလား… ဒါတောင် နှစ်တွေ အကြာကြီး အတူ ရှိလာခဲ့ကြတဲ့ လူတွေနော်…”
“ နင့်အမေ ပြောတာ မှန်တယ်.. ရန်ဖြစ်တာက ထုံးစံပဲ… ပြဿနာကို စကားပြောပြီး အေးအေးဆေးဆေး ပြန်ဖြေရှင်းလို့ ရတယ်…” အန်းကော်ရုံ ပြောလိုက်သည်။ “ ပြီးတော့ အခု သူ့ကို ကြည့်စမ်း… နင့် အဖေကြောင့်နဲ့ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ ပျာယာကိုခတ်လို့… ဆိုလိုတာ သူ တကယ်ကြီး နင်နဲ့ အတူရှိချင်လို့… တအားကြီးလည်း စိတ်ဆိုးမနေနဲ့ကွာ…”
“ ကျွန်မ နားလည်တယ် အန်ကယ်… ကျွန်မကို နားချပေးစရာ မလိုပါဘူး… ကျွန်မ အရွယ်ရောက်ပြီးသားပါ… ကိုယ့်ဘာကိုယ် ဘာလုပ်နေလဲ နားလည်ပါတယ်…”
“ ဒါဆိုလည်း နင့်ဘာနင် စဉ်းစားတော့…”
အန်းမိသားစုဝင်များက အန်းနင်၏ အကျင့်ကို သိကြပြီး စကားများများ ပြောခြင်းက အခြေအနေကို ပိုဆိုးသွားလိမ့်မည် ဖြစ်သဖြင့် သူတို့တွေ သိပ်အများကြီး မပြောဝံ့ကြပေ။
ထို့နောက် သူတို့ တစ်နေရာရာတွင် သွားထိုင်နေပြီး ရလဒ်ကို တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေကြသည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး တစ်နာရီ နီးပါးလောက် ကြာပြီးနောက် ငယ်ရွယ်သည့် နာ့စ် တစ်ဦးက ICU လူနာဆောင်ထဲကနေ ထွက်လာခဲ့လေသည်။
“ အန်းကော်ဟွားရဲ့ မိသားစု ရှိလား…”
နာ့စ်ရဲ့ အသံကို ကြားတော့ အန်းမိသားစုဝင်များအားလုံး ခေါင်းထောင်လာကြပြီး အပြေးအလွှား ရောက်လာခဲ့ကြသည်။
“ ကျွန်မတို့ပါ ကျွန်မတို့ပါရှင့်… အခြေအနေ ဘယ်လိုရှိလဲဟင်…”
“ လူနာရှင်က ဘယ်သူလဲ မသိဘူး…” ငယ်ရွယ်သည့် နာ့စ်က သူမအနား ရောက်လာသူများကို ကြည့်ပြီး မေးလိုက်သည်။
“ ကျွန်မက သူ့မိန်းမပါ… ဒါက သူ့ရဲ့ သမီး…”
နာ့စ်က ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး “ အထဲသွားကြတာပေါ့… ဒီမှာ လူတအား များလွန်းတယ်….”
လူတိုင်းက နားလည်သွားကြပြီး မည်သူမျှ မရှိသည့် နေရာသို့ လိုက်လာခဲ့ကာ နေရာကို ရောက်တော့ နာ့စ်က ပြော၏။
“ ရှင်တို့က ဒေါက်တာနီရဲ့ ဆွေမျိုးတွေဆိုတော့ အထဲက အခြေအနေကို သေချာလေး ရှင်းပြပေးမယ်…”
“ လူနာက ခု အရမ်း အန္တရယ်များတဲ့ အခြေအနေမှာ ရှိနေတယ်… ကျွန်မတို့ အခု သူ အသက်ရှူနိုင်အောင် အောက်စီဂျင်စက် တပ်ပေးထားရတာ.. ကျွမ်းကျင်တဲ့ ခေါင်းဆောင်ကြီးတွေ၊ ကျွန်မတို့ရဲ့ ဆေးရုံ ဒုအုပ်ကြီး အပါအဝင် လူအများကြီးက အခြေအနေကို စမ်းစစ်ကြပြီးပြီ… ဒီလိုမျိုး ဆက်ပြီး ကုသမယ်ဆိုရင် အဆုံးမရှိတဲ့ တွင်းကြီးထဲ ပိုက်ဆံ ပုံအောထည့်နေသလို ဖြစ်မှာပဲ… ဒီတော့ ရှင်တို့အားလုံး……..”
နာ့စ်က တစ်စုံတစ်ရာကို ပြောချင်သော်လည်း တုံ့ဆိုင်းနေခဲ့၏။ ယခုလို အခြေအနေရောက်မှတော့ လူနာ၏ မိသားစုက နားလည်လိမ့်မည်လို့ သူမ ထင်ပါသည်။
အဆိုပါ သတင်းက အန်းမိသားစုအတွက်တော့ နွေခေါင်ခေါင် မိုးကြိုးကြီး ပစ်ချလိုက်သကဲ့သို့ပင်။ သူတို့အားလုံး သတင်းကောင်းကို စောင့်မျှော်နေကြသော်လည်းပဲ သတင်းဆိုးက ရောက်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။
“ အဖေကြီးအန်း… နင်ထွက်သွားတော့မယ်ဆို ငါ တစ်ယောက်တည်း ဘယ်လို နေရမှာလဲ….”
လျိုကွေ့ချင် စိတ်ပိုင်းဆိုင်ရာ လဲပြိုသွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲခွေကျသွားခဲ့တော့သည်။
မျက်ရည်များက အန်းနင်၏ မျက်လုံးအိမ်ထဲ ပြည့်နှက်လာသော်လည်းပဲ သူမ စိတ်ကို ခိုင်ခိုင်ထိန်းထား၏။ အင်မတန် စိတ်မာသည့် မိန်းကလေး တစ်ယောက်ပင်။
“ တကယ်ကြီး တခြား နည်းလမ်းတွေ မရှိတော့ဘူးလား…”
နာ့စ်က ကိုးရို့ကားယား ဖြစ်စွာ ခေါင်းညိမ့်လိုက်ပြီး “ ဒေါက်တာ နီက အထဲမှာ.. တကယ်လို့ နည်းလမ်းသ ရှိရင် သူ သေချာပေါက် သုံးပြီးပြီပေါ့… ကျွန်မတို့လည်း ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်… တကယ်လို့ ဒီလို အခြေအနေအတိုင်း ဆက်ကုနေမယ်ဆိုရင် ပိုက်ဆံ ဖြုန်းတီးရာပဲ ကျလိမ့်မယ်… ဒီတော့ ကျေးဇူးပြုပြီး ဘာဆက်လုပ်မလဲဆိုတာ သေချာလေး စဉ်းစားကြပါ.. တကယ်လို့ တခြား ဆွေမျိုးတွေ ရှိတယ်ဆိုရင်လည်း အသိပေးပြီး လူနာကို နောက်ဆုံးတစ်ခေါက် လာကြည့်ခိုင်းလိုက်ပါ….”
“ ကျွန်မ အခု အထဲဝင်ပြီး ကြည့်လို့ရမလား….” အန်းနင် မေးမြန်းလိုက်၏။
“ အင်း … ရတယ်… ကျွန်မတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဆိုရင် လူတစ်ယောက်ပဲ ဝင်ခွင့်ပြုနိုင်မယ်… ဒါပေမယ့် ဆယ်မိနစ်တည်း တွေ့ခွင့်ရှိမယ်…”
“ ဟုတ် ဟုတ် ဒါဆို အထဲဝင်ပြီး တစ်ချက်လောက် ကြည့်ပါရစေနော်…”
“ ငါရော သူနဲ့ အတူ အထဲ လိုက်ဝင်လို့ရမလား…” လင်းရီ မေးလိုက်၏။
အန်းနင် လင်းရီကို ကြည့်လိုက်ပြီး “ နင်….”
“ ငါ အထဲဝင်ပြီး တစ်ချက်ကြည့်ကြည့်မယ်… တခြားနည်းလမ်း ရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ….”
“ ဒါပေမယ့် နင်က…..”
လင်းရီ အန်းနင်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး ယခုလို အခိုက်အတန့်တွင် အကြီးမားဆုံး နှစ်သိမ့်မှု ပေးနေသကဲ့သို့ ရှိ၏။
“ ရှင် ခြွင်းချက် ထားပြီး ကျွန်မတို့နှစ်ယောက်ကို အထဲပေးဝင်ကြည့်လို့ ရမလား…”
အထက်က မူဝါဒများ ချမှတ်သော်လည်းပဲ အောက်က ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိကြသည်။ အဆက်အသွယ် ရှိသရွေ့ လူနှစ်ယောက် ဝင်ရောက်ဖို့ရာ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
အကယ်လို့ အခြား တစ်စုံတစ်ယောက် ဖြစ်မည်ဆိုပါက နာ့စ်သည် ချက်ချင်း မဆိုင်းမတွ ငြင်းဆန်ပြီးပြီ ဖြစ်၏။
သို့သော် ဤ အစ်ကိုလေးက သိပ်ကို ချောမောနေသည့် အပြင် ဒေါက်တာနီရဲ့ ဆွေမျိုး ဖြစ်နေသည်ကိုပါ ထည့်တွက်လိုက်တာ့ သူမ မငြင်းရက်နိုင်တော့ပေ။
“ ကောင်းပြီလေ… ရှင်တို့က ဒေါက်တာနီရဲ့ ဆွေမျိုးတွေ ဆိုမှတော့ ကျွန်မ ခြွင်းချက် ထားပေးလိုက်မယ်… ဒါပေမယ့် မှတ်ထားနော်… ဝင်ပြီးရင် ဆူဆူညံညံ လုံးဝ လုပ်လို့ မရဘူး… သူများတွေ သိသွားရင် ကောင်းမှာ မဟုတ်ဘူး….”
“ နားလည်ပြီ… ကျေးဇူးပါပဲ…”
ထိုအချိန်တွင် လျိုကွေ့ချင်မှာ စိတ်ဓာတ်က တွင်းအောက်ဆုံးသို့ ရောက်လုရောက်ခင် အခြေအနေ ဖြစ်နေပြီး အန်းနင် သူမ၏ မျက်ရည်များကို သုတ်ပေးကာ “ အမေ ဒီမှာစောင့်နေနော်… သမီး အထဲ ဝင်ပြီး တစ်ချက် ကြည့်လိုက်ဦးမယ်…”
ပြောပြီးနောက် အန်းနင် နောက်သို့ ပြန်သားစွာ လှည့်၍ လင်းရီနှင့်အတူ ICU လူနာဆောင်ထဲ ဝင်လာခဲ့လိုက်သည်။
တံခါးဝကို ဖြတ်ပြီးနောက် နှစ်ယောက်သည် ပိုးသတ်ရန် ပိုးသတ်ခန်းထဲသို့ ဝင်ပြီး အကာအကွယ်ဝတ်စုံများ ဝတ်လေသည်။
“ ဒီရဲ့ အကာအကွယ် ဝတ်စုံက ဝတ်ရတာ နည်းနည်း ခက်တယ်… ရှင်တို့ကို ဘယ်လို ဝတ်ရမလဲ ဆိုတာ သင်ပေးမယ်… သေချာကြည့်နော်…” နာ့စ်ကနေပြီး စိတ်အားထက်သန်စွာ ပြောသည်။
သူမတွင်လည်း ယခုလို လုပ်ရခြင်း၏ ကိုယ်ပိုင် အကြောင်းအရင်းများ ရှိသည်။ ဤနည်းလမ်းဖြင့် လင်းရီအနား နီးကပ်ချင်လေသည်။
“ ဒါက ဝတ်ရတာ လွယ်ပါတယ်… မင်း သူ့ကိုပဲ သွားကူညီပေးလိုက်ပါလား.. ငါ ဒါကို တစ်မိနစ်အတွင်း ဝတ်လို့ ပြီးတယ်….”