လင်းရီရဲ့ အထောက်အထား
Vol. 96 Ch. 1431
“ တစ်မိနစ်အတွင်းလား…”
နာ့စ်အငယ်လေးကနေပြီး “ ကျွန်မတို့ ဆိုရင်တောင် ဒါဝတ်ဖို့ သုံးလေးမိနစ် ကြာတာနော်…”
“ အဲ့တာ မင်းတို့ သေချာ မဝတ်တတ်လို့ပါ…”
ပိုးမွှား ကာကွယ်ရေး ဝတ်စုံကို ကိုင်ထားရင်း လင်းရီ လျင်လျင်မြန်မြန်ပဲ ကောက်ဝတ်လိုက်သည်။ ဖြစ်စဉ် တစ်ခုလုံးက တစ်မိနစ်ပင် မကြာလိုက်ချေ။ ဘေးကနေ ကြည့်နေသည့် နာ့စ်လည်း ပါးစပ် အဟောင်းသားနှင့် ဖြစ်သွားခဲ့တော့၏။
ဘေးတွင် စိတ် ပျာယာခတ်နေသည့် အန်းနင်လည်း နည်းနည်းလေး အံ့အားသင့်သွားခဲ့လေသည်။ သို့သော် သူမ၏ စိတ်အခြေအနေက အဆိုပါ ကိစ္စရပ်များကို အရေးလုပ်ရန် အာရုံ ရှိမနေခဲ့ချေ။
လင်းရီ၏ အကူအညီဖြင့် အန်းနင် အလျင်အမြန်ပဲ ပိုးမွှားကာကွယ်ရေး ဝတ်စုံကို ဝတ်ဆင်ပြီးသွားကာ အထဲသို့ အတူဝင်ရန် ဟန်ပြင်သည်။
ထိုအခိုက်အတန့်တွင် အခန်းတံခါး ပွင့်ဟလာခဲ့ပြီး နီကျန်းရန်နှင့် အခြား နာ့စ် နှစ်ဦး အထဲသို့ ဝင်လာခဲ့၏။
သူက တစ်စုံတစ်ရာကို နာ့စ်များအား ရှင်းပြနေပြီး သို့သော် လင်းရီကို မြင်တော့ သူမ၏ အမူအရာမှာ တစ်ရာ့ ရှစ်ဆယ် ဒီဂရီလောက်ကို ပြောင်းလဲသွားခဲ့တော့၏။
“ မင်း ဒီမှာ ဘာလာလုပ်နေတာလဲ…”
နီကျန်းရန် မေးခွန်းထုတ်လိုက်သည်။
“ ဒါ မင်းအိမ်မို့လို့လား ငါ မဝင်လာရအောင်…”
“ ဒါပေမယ့် ဒါက ICU လူနာဆောင်ကွ… မင်း ဝင်ချင်သလို ဝင်လို့ မရဘူး…” နီကျန်းရန် ပြောလိုက်သည်။
လင်းရီကို သူ၏ တိုက်ခိုက်နိုင်စွမ်းဖြင့် သွားဖိနှပ်လို့မရဘူးဆိုတာကို နီကျန်းရန် သိသည်။ သို့သော် ဤသည်က သူ၏ ပိုင်နက် ဖြစ်၏။ သူ လုပ်ချင်သလို ပြုလုပ်ခွင့် မပေးနိုင်ချေ။
“ ICU ကို လာလည်တာလောက်တော့ ခွင့်ပြုတယ်မလား… လင်းရီ ဝင်လာတာ ဘာများ မှားနေလို့လဲ…” အန်းနင် အမူအရာကင်းမဲ့စွာ မေးမြန်းလိုက်သည်။
“ နင်နင်… မင်း ဘာတွေ လုပ်ဖို့ ကြိုးစားနေတာလဲ…” နီကျန်းရန် တော်တော်လေး ဒေါသထွက်နေခဲ့ပြီး “ မင်းသူ့ဘက်ကနေ ကာပြီး စကားပြောနေတာ တစ်ကြိမ် မကတော့ဘူး… ခုလည်း သူ့ကို အထဲပေးဝင်နေပြန်ပြီ… မင်း ဘာတွေ စဉ်းစားနေတာလဲ…”
“ ငါ ပေးဝင်ချင်တဲ့လူကို ပေးဝင်မယ်… နင် ဝင်ပြီး စွက်ဖက်စရာ အကြောင်းရှိမယ် မထင်ဘူး…”
နီကျန်းရန် ဒေါသ ဆူပွက်နေပြီး သူ၏ မျက်လုံးကနေ မီးများပွင့်လာတော့မည့်သယောင် ဖြစ်နေလေသည်။
“ ဒါဆို ငါ့ကို ဘယ်လိုလူစားမျိုးလို့ မင်းက ထင်နေတာ… မင်း ဒီလို လုပ်တဲ့အချိန် ငါ့ရဲ့ ခံစားချက်တွေကိုကော ထည့်မစဉ်းစားပေးတော့ဘူးလား….”
နီကျန်းရန် ဒေါသူပုန်ထစွာ ပြောလိုက်ပြီး အပြင်လူများ ရှိသည် မရှိသည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
“ မနေ့က ဖြစ်ပျက်ခဲ့တာက မတော်တဆ သပ်သပ်ပဲ … ငါလည်း ဘာမှမှ မတတ်နိုင်တာ… မင်းက အဲ့တာကို အငြိုးထားနေတုန်းပဲလား… ငါ့အပေါ် အသက်အန္တရာယ် ရှိမရှိက မင်းအတွက် အရေးမပါတော့ဘူးလား…”
“ နင် နောက်စကား တစ်ခွန်း ထပ်မပြောနဲ့… မနေ့က အကြောင်းတွေ ငါဘာမှ ပြန်မကြားချင်ဘူး… ပြီးခဲ့တာတွေ ဒီတိုင်းထားလိုက်တော့… ငါတို့ အခု သွားတော့မယ်.. လမ်းဖယ်….”
“ မင်း ဒီလို လုပ်ချင်တာ သေချာပြီလား…” နီကျန်းရန် အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်သည်။
“ သေချာတယ်…”
“ ကောင်းပြီ… အန်းနင်… မင်းက တစ်ခုခုတော့ တစ်ခုခုပဲ…” နီကျန်းရန် ဒေါသ ထွက်စွာဖြင့် စက်ဝိုင်းပုံစံ လှည့်ပတ်လျှောက်နေပြီး “ ငါတို့ချင်း တွဲလာတာ တစ်နှစ်ကျော်နေပြီ… မင်း ဒီကောင်နဲ့ သိတာ သုံးရက် မပြည့်သေးဘူး…”
“ ကောင်းပြီလေ… ငါမင်းကို ပြောလိုက်မယ်… မင်း ဒီလို ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် မင်းရဲ့ မိသားစု အရေးကိစ္စမှာ ငါ ဘာမှ ဝင်မစွက်တော့ဘူး… ကျန်တာ မင်းဘာမင်း ကြည့်ရှင်းတော့…”
အန်းနင် ခေါင်းမော့၍ သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ ငါနင့်ဆီ အကူအညီ တောင်းခဲ့လို့လား…”
“ ကောာင်းပြီလေ… ဒါဆိုလည်း ရှင်းအောင် လုပ်ကြတာပေါ့… စည်းမျဉ်းစည်းကမ်းအတိုင်းဆိုရင် လူတစ်ယောက်ပဲ အထဲဝင်လို့ရမယ်… ငါ ဒီမှာ ရှိနေတော့ သူ အထဲဝင်သွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
“ နင်….”
“ ကောင်းပြီ… ရန်ဖြစ်မနေကြနဲ့တော့… ဒီဟာက ICU အဆောင်… အနားယူနေတဲ့ လူနာတွေကို မနှောင့်ယှက်ကြနဲ့…” လင်းရီ ဝင်ပြောလိုက်သည်။
“ မင်းမှာ အသိစိတ်တော့ ရှိသေးသားပဲ…” နီကျန်းရန် နှာမှုတ်လိုက်သည်။
“ မြန်မြန် မင်းရဲ့ အဝတ်တွေ ပြန်ချွတ်လိုက်… ဒီကနေ ထွက်သွားလိုက်တော့… ငါ့ကို လုံခြုံရေး ခေါ်ရအောင် တွန်းအားမပေးနဲ့… ငါ လုပ်ရင် မင်းအရှက်ကွဲလိမ့်မယ်…”
လင်းရီ သူ၏ အဝတ်များကို သပ်ရပ်အောင် ချိန်ညှိလိုက်ပြီး “ အချိန်လည်း အတော်ကြာနေပြီ… ငါဘယ်သူလဲ ဆိုတာကို မင်း မသိသေးဘူး… ငါ့အထင် မင်းရဲ့ အဆင့်အတန်းက ဆေးရုံမှာ သိပ်မြင့်လှတာ မဟုတ်ဘူး… မင်းတို့ လက်ထောက် ဒါရိုက်တာ အထဲမှာ ရှိတယ်မလား… သူ့ကို အပြင်ထွက်လာပြီး ငါနဲ့ စကားလာပြောလို့ ပြောလိုက်…”
“ မင်းက ငါတို့ ဒါရိုက်တာနဲ့ စကားပြောချင်တာလား …” နီကျန်းရန် နှာခေါင်းရှုံ့လိုက်ပြီး “ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလို့… မင်းက ဒါရိုက်တာနဲ့ တွေ့ဖို့ ထိုက်တန်တယ်လို့များ ထင်လား…”
“ မင်းတို့ ဒါရိုက်တာကိုယ်၌က ငါနဲ့ ထွက်တွေ့ပြီး စကားပြောခွင့်ရတာကိုတောင် ဂုဏ်ယူရဦးမှာ…”
ဘေးတွင် ရပ်နေသည့် အန်းနင်မှာ ရှုပ်ထွေးသွားခဲ့လေသည်။
လင်းရီ၏ စကားလုံးများက သူမကို ရှုပ်ထွေးသွားစေခဲ့၏။
သူက ဆေးနယ်ပယ် အသိုင်းအဝိုင်းမှာလည်း လွှမ်းမိုးမှု တစ်ချို့ ရှိနေတာများလား…
“ မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ… မင်းတို့ကောင်တွေ non stop(တရစပ်) စကားများနေကြတာ အထဲထိတောင် ကြားနေရတယ်… မင်းတို့ကိုယ် မင်းတို့ ဘယ်နေရာ ရောက်နေလဲ ဆိုတာရော သိကြရဲ့လား..”
နှစ်ယောက်လုံး မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်နေစဉ်မှာပဲ ICU တံခါး တွန်းပွင့်လာခဲ့ပြီး အသက်ငါးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း လူကြီး တစ်ယောက်က ဒေါသထွက်နေသည့် မျက်နှာထားဖြင့် အပြင်သို့ ထွက်လာလေသည်။
ပြောလိုက်သူကတော့ ပင်းချိန် ဆေးတက္ကသိုလ် ဆေးရုံ၏ လက်ထောက် ဒါရိုက်တာ ကျန်းသရုံ ဖြစ်ပြီး ထင်ရှားကျော်ကြားသည့် နှလုံး ခွဲစိတ်ဆရာဝန် တစ်ဦးလည်း ဖြစ်လေသည်။
“ ဒါရိုက်တာကျန်း … ဒီမှာ စိတ်ဝေဒနာရောဂါသည် တစ်ယောက် ရောက်နေလို့ပါ… သူက ဒါရိုက်တာနဲ့ တွေ့ချင်နေတယ်တဲ့… ကျွန်တော် လုံခြုံရေး ခေါ်ပြီး သူ့ကို မောင်းထုတ်ပစ်လိုက်တော့မလို့…”
“ ငါ့ကို တွေ့ချင်နေတာလား…”
သဘာဝအလျောက် ကျန်းသရုံ၏ အကြည့်က လင်းရီထံ ကျရောက်သွားခဲ့ပြီး သူ့မျက်နှာပေါ်ရှိ ဒေါသက ရေနှင့်ပက်ငြိမ်းလိုက်သကဲ့သို့ ဟုန်းခနဲ အငွေ့ပျံသွားခဲ့ကာ နေရာ၌ တုန်လှုပ်စွာဖြင့် ကျောက်ရုပ်ကြီး ဖြစ်နေတော့သည်။
“ ဒါ … ဒါရိုက်တာလင်း မလား…”
“ ဒီတော့ ကျွန်တော့်ကို သိတယ်ပေါ့.. ကောင်းတယ်.. ဒါဆိုလည်း ပေါက်ကရ ပြောတာတွေ တော်လိုက်ကြစို့…”
မည်သူကမျှ ကျန်းသရုံ၏ နှုတ်ကနေ ဒါရိုက်တာလင်းဆိုပြီး ထွက်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။
အန်းနင် မည်သို့ပင် စဉ်းစားပါစေ၊ စဉ်းစားလို့ မပေါက်နိုင် ဖြစ်နေသည်။ လင်းရီက တုံးစန်းကောင်တီ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဌာန၏ လက်ထောက် ဒါရိုက်တာ တစ်ယောက်မျှသာ ဖြစ်၏။ ကျန်းသရုံက ဒါရိုက်တာလင်းဟူ၍ ခေါ်သင့်သည့် အကြောင်းအရင်း ရှိမည်လို့ သူမ မထင်ပေ။
လင်းရီ၏ အထောက်အထားကို အတည်ပြုပြီးသည့်နောက် ကျန်းသရုံ အလျင်အမြန် ပြေးလာပြီး သူ၏ လက်ကို ဆွဲယူလိုက်သည်။
“ ဒါရိုက်တာလင်းကို ဒီမှာ တွေ့ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ.. မင်း ရောက်လာပြီးမှတော့ ကျိန်းသေပေါက် လမ်းညွှန်ပေးရမယ်နော်… ဒါမှ ငါတို့က အမှားတွေ ပြင်နိုင်မှာ…”
သူတို့တွေ ကျန်းသရုံ လင်းရီကို ကပ်ဖားလျက်ဖား ပြုသည့် လေသံဖြင့် ပြောနေသည့် မြင်ကွင်းကို အကြောင်သား ကြည့်နေကြရ၏။
အန်းနင်နှင့် နီကျန်းရန်တို့ နှစ်ဦးလုံး ကြက်သေသေသွားကြလေသည်။
သူ့ရဲ့ လွှမ်းမိုးမှုက ဒီလောက်တောင်မှလား….
ကျန်းသရုံ အနားကိုတောင် တကယ်ကြီး ရောက်နိုင်တယ်ပေါ့…”
“ ဒါရိုက်တာကျန်း… ဒါ ဘာတွေ ဖြစ်နေတာလဲ…”
“ ငါမင်းတို့ကို မိတ်ဆက်ပေးမယ်…. ဒီခု မင်းတို့ ရှေ့ရပ်နေတဲ့လူက ကျိုးဟိုင်၊ ဟွာရှန်းဆေးရုံ နှလုံးခွဲစိတ် ဌာနမှာ ဒါရိုက်တာ ဖြစ်ခဲ့ဖူးတယ်… သူက ကမ္ဘာ့ အဆင့် နှလုံးခွဲစိတ် အထူးကုကြီးပဲ…” ကျန်းသရုံ တည်ကြည်စွာ ပြောလိုက်ပြီး “ ပြီးတော့ သူက ဟွာရှ ဆေးပညာ အဖွဲ့အစည်းရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဟုတ်တယ်… ဒီနေ့ ငါတို့ ဆေးရုံကို သူရောက်လာတာက ငါတို့ ဆေးရုံရဲ့ ဂုဏ်ယူဖွယ်ရာပဲ… မင်းတို့ သူ့ဆီကနေ ကောင်းကောင်းသင်ယူရမယ်…”
ဘုန်း….
လင်းရီ၏ အထောက်အထား အစစ်အမှန်ကို သိရှိပြီးနောက် အန်းနင်နှင့် နီကျန်းရန်တို့ နှစ်ဦးလုံး သူတို့ခေါင်းအတွင်း တစ်စုံတစ်ရာက ပေါက်ကွဲသွားခဲ့သည်ဟု ခံစားလိုက်ရသည်။
ဟွာရှန်းဆေးရုံ နှလုံး ခွဲစိတ်ဌာနရဲ့ ဒါရိုက်တာ…..၊
ဟွာရှ ဆေးပညာ အဖွဲ့အစည်းရဲ့ အထွေထွေ အတွင်းရေးမှူး …၊
ဤ အထောက်အထား နှစ်ခုထဲက မည်သည့် အရာပဲ ဖြစ်ပါစေ လူကို ရှော့ခ်ရအောင် ပြုလုပ်ရန် လုံလောက်လေသည်။
အကြောင်းပြချက် မရှိပါဘဲ နီကျန်းရန်၏ ခန္ဓာကိုယ်သည် အလိုအလျောက် တုန်ယင်လာခဲ့၏။
ကျန်းသရုံက လိမ်ညာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထို အထောက်အထား နှစ်ခုက စစ်မှန်ဖို့ရာ များသည်။
သူနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက သူက လုံးဝကို မတူညီသည့် အဆင့်တစ်ခု၌ ရှိနေလေသည်။
အန်းနင်လည်း နီကျန်းရန်နည်းတူ ရှော့ခ်ရနေမိသည်။
လင်းရီကို ဒေါက်တာတစ်ယောက် ဖြစ်နေလိမ့်မည်လို့ သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။
ထို့ပြင် ဆေးနယ်ပယ်၌ ရထားသည့် အောင်မြင်မှုကြီးကပါ ကြောက်ခမန်းလိလိ ဖြစ်နေလေသည်။
“ ဒါရိုက်တာကျန်းက ယဉ်ကျေးလွန်းနေပါပြီ…” လင်းရီ ပြောလိုက်ပြီး “ အထဲမှာ အန်းကော်ဟွားလို့ ခေါ်တဲ့ လူနာ တစ်ယောက် ရှိတယ်… သူက ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ အဖေလေ… အဲ့တာ တစ်ချက် သွားကြည့်ချင်လို့ ပြဿနာ မရှိလောက်ဘူးမလား…”
“ ဒါပေါ့… ငါတို့ကတောင် ပျော်ရွှင်ရဦးမှာ…”
ကျန်းသရုံ ဘေးသို့ ကပ်ရပ်လိုက်ပြီး ဖိတ်မန္တက ပြုသည့် လက်ဟန် ပြုလုပ်လိုက်သည်။
လင်းရီ ခေါင်းညိမ့်၍ အန်းနင်ဘက်သို့ လှည့်လိုက်သည်။
“ သွားစို့.. အထဲ ဝင်ကြရအောင်…”
“ အိုး … အိုကေ…”
ယခုအချိန်ထိတိုင်အောင် အန်းနင် ရှော့ခ်ရနေမှုကနေ သတိပြန်လည်လာခြင်း မရှိသေးပဲ လင်းရီ နောက်သို့ စက်ရုပ်တစ်ခုလို လိုက်ပါနေလျက် ရှိတော့သည်။ သူမ ရရှိလိုက်သည့် သတင်းကို ကြေညက်အောင် ချေဖျက်ဖို့ အချိန် လိုအပ်လေသည်။
ခေတ္တစဉ်းစားပြီးသည့်နောက် နီကျန်းရန်လည်း နောက်ကနေ လိုက်ပါလာခဲ့သည်။ ဘာဆက်ဖြစ်မလဲဆိုတာ သူသိချင်နေသည်။
သူတို့ အထဲကို ရောက်တော့ ကျန်းသရုံ၏ ဦးဆောင်မှုအောက်တွင် လင်းရီတို့ အန်းကော်ဟွာ၏ ကုတင်ထံ ရောက်လို့လာခဲ့သည်။
“ အဖေ….”
အန်းကော်ဟွား၏ လှုပ်ရှားမှုကင်းမဲ့နေသည့် အနေအထားကို မြင်တော့ အန်းနင် သူမ၏ မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပဲ ကုတင်ပေါ်ရှိ သက်လတ်ပိုင်းလူကို ပြေးဖက်ရန် ဟန်ပြင်လေသည်။
လင်းရီ အလျင်အမြန် သူမ၏ လက်မောင်းကို ဆွဲထားလိုက်၏။
“ စိတ်မလောနဲ့… မင်း ဒီတိုင်းလေးနေရင် ကုသနိုင်မယ့် အခွင့်အရေး ရှိဦးမယ်… မင်း ဒီမှာ ပြဿနာ ရှာမယ်ဆိုရင် ရှိနေတဲ့ အခွင့်အရေးကို ငါတို့ ဆုံးရှုံးရလိမ့်မယ်…”
လင်းရီ၏ စကားလုံးများက အန်းနင်ကို ချက်ချင်း ငြိမ်ကျသွားစေသည်။ သူမ၏ မျက်ရည်များကို ချက်ချင်း ဖယ်သပ်ပစ်လိုက်ပြီး နောက်တွင် နာနာခံခံနှင့် ရပ်နေကာ သူမ၏ မျက်ဝန်းများထဲ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေခဲ့၏။
“ တကယ်ကြီး မျှော်လင့်ချက် ရှိသေးတာလား…”
“ ငါ ဘယ်သူလဲ မင်း မသိဘူးလား…”
လင်းရီ အချက်ပြ စက်ကိရိယာများကို လှမ်းကြည့်လိုက်တော့ အနေအထားက သေခါနီး အခြေအနေသို့ ရောက်ရှိနေသည်။
နာ့စ် အငယ်လေး ပြောသွားခဲ့သည့် အတိုင်း လူနာ၏ အသက်ကို စက်ကိရိယာများဖြင့် ဆွဲဆန့်နေရပြီး အကယ်၍ စက်ကိရိယာကိုသာ ပိတ်လိုက်မည် ဆိုပါက လူနာသည် ငြိမ်းချမ်းစွာ ဘဝကူးပြောင်းသွားရလိမ့်မည်။
“ ဒါ ကိစ္စကြီးပဲ…” လင်းရီ သူ့ကိုယ်သူ တွေးတောလိုက်၏။