← Chapters

အံ့အားသင့်မှုနှင့် နောင်တ..

Vol. 96 Ch. 1432

အံ့အားသင့်မှုနှင့် နောင်တ..

Vol. 96 Ch. 1432

“ နှလုံးသွေးကြော CT စကန် ရိုက်ပြီးပြီလား…” လင်းရီ မေးလိုက်၏။

“ လုပ်ပြီးပြီရှင့်…” နာ့စ်အငယ်လေးက ပြန်ပြောလိုက်ပြီး ရလဒ်များကို လင်းရီထံ ကမ်းပေးလိုက်သည်။

“ သူ့ကို ခွဲစိတ်ခန်းထဲ ခေါ်သွားလိုက်… ပျက်စီး ပိတ်ဆို့နေတဲ့ နှလုံးသွေးကြော ပြန်အစားထိုးဖို့(vascular replacement) အချိန်ရှိသေးတယ်…” လင်းရီ ညွှန်ကြားလိုက်သည်။

“ နားလည်ပါပြီ…”

ကျန်းသရုံ စိတ်လှုပ်ရှားစွာဖြင့် ဆော်ဩလိုက်၏။ “ လူနာကို ခွဲစိတ်ဖို့ အဆင်သင့်လုပ်တော့…”

အမိန့်ကို ကြားတော့ ငယ်ရွယ်လှပသည့် နာ့စ်များက စတင် အလုပ်လုပ်ကြတော့သည်။

“ ဒါရိုက်တာလင်း … ငါတို့ ဆွေးနွေးဖို့ လိုသေးလား…” ကျန်းသရုံ မေးလိုက်ပြီး “ လူနာမှာ သွေးတိုးရောဂါ အခံ မှတ်တမ်း ရှိထားတယ်… သူ့ကို သွေးကြော အစားထိုး ခွဲစိတ်မှု လုပ်မယ်ဆိုရင် အောင်မြင်နိုင်ချေက ၁ ရာခိုင်နှုန်းထက် နည်းတယ်နော်…”

“ ဆွေးနွေးဖို့ မလိုတော့ဘူး… ကျွန်တော်တို့ ဂရုတစိုက်နဲ့ လုပ်မယ်ဆိုရင် အဆင်ပြေတယ်…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော့်ဖို့ ခွဲစိတ်ခန်း အဝတ်အစား တစ်စုံ ပြင်ထားပေး.. တကယ်လို့ ဒါရိုက်တာကျန်း စိတ်မရှိဘူးဆိုရင် ကျွန်တော့်ရဲ့ လက်ထောက် လုပ်ပေးလို့ ရမလား.. ကျွန်တော် တစ်ယောက်တည်း မဖြစ်လို့…”

“ ဒါပေါ့ ဒါပေါ့… ဝမ်းမြောက်ဝမ်းသာနဲ့ လုပ်ပေးမှာပေါ့…” ကျန်းသရုံ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

လင်းရီက သူ့ထက် အသက်ငယ်သော်လည်းပဲ ဆေးပညာ နယ်ပယ်ရှိ သူ၏ အရည်အချင်းနှင့် နာမည် ဂုဏ်သတင်းတို့က သူ့ထက် သာလွန်လေသည်။

ပွင့်လင်းစွာ ထုတ်ပြောရမည် ဆိုပါက ယနေ့ လင်းရီ၏ လက်ထောက် ပြုလုပ်ရမည်မှာ ကျန်းသရုံအဖို့ ဂုဏ်ယူဖွယ်ရာ ကိစ္စရပ်ကြီးပင်။

“ ဒါရိုက်တာလင်း… ငါ မရိုမသေ တစ်ခုလောက် တောင်းဆိုချင်လို့…”

“ ဟုတ် ပြောလေ…”

“ ခွဲစိတ်နေတဲ့ အချိန်ကျရင် ငါ့ဆေးရုံက ဆရာဝန်တွေကို ဘေးကနေ ကြည့်ခိုင်းလို့ရနိုင်မလားလို့ပါ…”

“ ပြဿနာ မရှိဘူး… ခွဲစိတ်မှုကို အနှောင့်အယှက် မဖြစ်သရွေ့တော့ ခင်များ လုပ်ချင်သာတာ လုပ်…”

“ ကျေးဇူးပါ ဒါရိုက်တာလင်း… ငါ အခုပဲ ခွဲစိတ်ခန်းကို အဆင်သင့် သွားလုပ်လိုက်ဦးမယ်… ခွဲစိတ်မှုကို မိနစ် နှစ်ဆယ်အတွင်း စမယ်…”

“ ကောင်းပြီ… မြန်မြန်လေး လုပ်ပေးပါ….”

လင်းရီလည်း အနည်းငယ် စိတ်လောနေမိသည်။ အဘယ်ကြောင့်ဆိုသော် အန်းကော်ဟွား၏ အခြေအနေက ဤမျှ ဆိုးရွားနေလိမ့်မည်လို့ မျှော်လင့်မထားသောကြောင့်ပင်။

ဆရာဝန်များ၏ ကုသမှုက အကျိုးမရှိတာ မဟုတ်ဘဲ အခြေအနေကိုက အမှန်တကယ် ဆိုးရွားနေသောကြောင့်ပင်။

အကယ်လို့ လင်းရီသာ ရောက်မလာဘူးဆိုပါက လီချူးဟန်ပင် ယခုလို အနေအထားမျိုးကို ကိုင်တွယ်နိုင်မည် မဟုတ်မှာ သေချာသည်။ ရုတ်ချည်းဆိုသလို လင်းရီ၏ လက်မောင်း ရုတ်တရက် တင်းကြပ်လာခဲ့ပြီး အန်းနင် သူ၏ လက်မောင်းကို ဆုပ်ကိုင်ထားကာ ကိုယ်လုံးလေးက တုန်ယင်နေသည်ကို လင်းရီ သတိပြုမိလိုက်သည်။

“ အဆင်ပြေမယ်ဆိုတာ နင် သေချာပါတယ်နော်…”

“ မျှော်လင့်ချက် ရှိတယ်လို့ ငါပြောပြီးပြီပဲ…. ဒီတော့ စိတ်မပူနဲ့… အပြင်ကနေ ငါ့သတင်းကိုပဲ စောင့်နေ…” လင်းရီ သူမ၏ ပခုံးကို ပုတ်ပေး၍ နှစ်သိမ့်ပေးလိုက်သည်။

“ ဒီ ကိစ္စတွေက ငါ့ကြောင့်မို့ ဖြစ်လာခဲ့တာ ငါ အပြည့်အဝ တာဝန်ယူပေးမယ်…”

“ ကျေးဇူးတင်ပါတယ် ….”

မျက်ရည်များက အန်းနင်၏ မျက်နှာထက် စီးကျလာခဲ့ပြီး ဤတစ်ကြိမ်တွင်တော့ ဝမ်းနည်းမှုကြောင့် မဟုတ်ဘဲ စိတ်ထဲ ခံစားသွားရသောကြောင့်ပင်။

“ ဟေး… လူကြီး ဖြစ်နေပြီကို ဘာလို့ ငိုပဲ ငိုနေတာ… မင်းရဲ့ မိသားစုကို ခွဲစိတ်ခန်း ဝင်ပေါက်ဝမှာ စောင့်နေဖို့ ပြောလိုက်… ဒီမှာ နေစရာ မလိုဘူး…”

“ အွန်း….”

အန်းနင် နောက်သို့လှည့်ပြီး ထွက်ခွာသွားခဲ့သည်။ လင်းရီကတော့ ICU အတွင်း၌သာ ရှိနေပြီး အန်းကော်ဟွားအတွက် လိုအပ်သည်များကို ပြင်ဆင်နေသည်။

ဆယ်မိနစ် ကြာပြီးနောက် အကြိုကုသမှုများ အားလုံး ပြီးစီးသွားခဲ့ပြီး လင်းရီ တစ်စုံတစ်ယောက်ကို အန်းကော်ဟွားအား ခွဲစိတ်ခန်းထဲသို့ တွန်းလာခဲ့ရန် ပြောလိုက်သည်။

တစ်ချိန်တည်းတွင် အန်းနင်နှင့် သူ၏ မိသားစုလည်း ခွဲစိတ်ခန်း ဝင်ပေါက်ဝသို့ ရောက်လာခဲ့ပြီး စိတ်လေးပင်စွာဖြင့် စောင့်ဆိုင်းနေကြ၏။

“ သမီး… နင် ပြောတာ အဲ့ လင်းရီဆိုတဲ့ သူငယ်လေးက ဟွာရှန်းဆေးရုံရဲ့ ဒါရိုက်တာ ဟုတ်လား…”

ဟွာရှန်း ဆေးရုံ ဟူသည်ကား အဘယ်နည်း။ ဟွာရှတွင် မသိသူ မသိရှိသလောက် နည်းပါးသည့် နာမည်ကြီး ဆေးရုံတစ်ခုပင်။ ထိုသို့သော နေရာမျိုး၌ ဒါရိုက်တာ ဖြစ်သည် ဆိုကတည်းက တော်ရုံ အရည်အချင်းနှင့်တော့ မဖြစ်နိုင်သည်မှာ ကျိန်းသေသည်။

“ သမီးလည်း အဲ့အကြောင်းကို ခုနကမှ သိရတာ… ပြီးတော့ ဒါရိုက်တာကျန်းက သူ့အပေါ် အရမ်း ရိုသေနေတယ် … အဲ့တာကို ကြည့်လိုက်ရင် သူ့ရဲ့ အရည်အချင်းတွေကို စိတ်ချလို့ရပါတယ်…”

အန်းနင် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် သူမ ဆက်ပြော၏။

“ တခြားနည်းလမ်းလည်း မရှိမှတော့ သမီးတို့ရဲ့ မျှော်လင့်ချက်တွေ အကုန်လုံးကို လင်းရီအပေါ်မှာပဲ ပုံအောထားလိုက်ကြတာပေါ့…”

“ ဒီလူငယ်လေးက အံ့ဩစရာပဲ… ဒီလောက် အံ့ဩဖို့ကောင်းတဲ့ အရည်အချင်းတွေ ရှိဖို့ကို သူ့ အသက်က ဘယ်လောက်ပဲ ရှိသေးတာမို့လို့…”

အန်းနင်လည်း သူ့ကို မည်သို့ ကြည့်ရမှန်း မသိ ဖြစ်နေတော့သည်။

သူမ၏ မျက်လုံးထဲ၌ နီကျန်းရန်ကပင် ထူးချွန်ပြောင်မြောက်သည့် လူတစ်ဦး ဖြစ်နေပြီးသားပင်။

လင်းရီက သူ့ထက်ပင် ပို၍ သာလွန်နေမည်လို့ ထင်မှတ်မထားခဲ့ပါချေ။

ယခုကဲ့သို့ အသက်ငယ်ငယ်လေးဖြင့် ဟွာရှန်း ဆေးရုံ၏ ဒါရိုက်တာ ဖြစ်လာပြီး ဟွာရှ ဆေးပညာ အဖွဲ့အစည်း၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်နေသေးသည်။ အကယ်၍ သူ့တွင် အံ့အားသင့်ဖို့ကောင်းသည့် အရည်အချင်းတို့ ရှိမနေဘူးဆိုပါက ယခုလို ပြုလုပ်နိုင်မည် မဟုတ်သည်မှာ ကျိန်းသေလေသည်။

အရေးကြီးဆုံးကတော့ သူ၏ အသက်အရွယ်က နှစ်ဆယ်ကျော်အတွင်း၌သာ ရှိသေး၏။

သူမ လင်းရီ၏ အသက်အရွယ်တုန်းကဆိုလျှင် သူမ၏ ဒေါက်တာဘွဲ့ရ စာတမ်းအတွက် စိုးရိမ်ပူပန်နေရသည့် အချိန်ပင်။

သူတို့အားလုံးက ပခုံးနှစ်ခုကြားကနေ ခေါင်းပေါက်ကြသည့် လူများဖြစ်ပြီး လင်းရီက အဘယ်ကြောင့် ဤမျှ ထူးချွန်နေရသနည်း။

ထိုအချိန်တွင် အလျင်လိုသည့် ခြေလှမ်းသံများ ထွက်ပေါ်လာပြီး ဒါဇင်ကျော်သည့် ဆရာဝန်များနှင့် နာ့စ်များက လင်းရီအနောက်ကနေ လိုက်ပါလာပြီး ခွဲစိတ်ခန်းထဲသို့ ဦးတည်လာနေသည်။

လင်းရီကို မြင်တော့ အန်းမိသားစုမှာ ရှေ့သို့ တက်လာပြီး သူနှင့် စကားပြောသည်။ သို့သော် ထိုအခိုက်အတန့်တွင် အန်းနင်မှာ မည်သည်ကို ပြောရနိုးနိုး ဖြစ်လို့နေသည်။

သို့တိုင် သူမ ဘာမျှ မပြောလျှင်ပင် လင်းရီ သူမကို နားလည်နိုင်လိမ့်မည်လို့ အန်းနင် ယုံကြည်ပါသည်။

လင်းရီ ပြုံးလျက် “ ဒီမှာစောင့်နေ… ဒါက ပြဿနာကြီး မဟုတ်ဘူး…”

“ မင်းတို့တွေ ဒါရိုက်တာလင်းလို လူမျိုးနဲ့ ရင်းနှီးနေတာ တအား ကံကောင်းတယ်…” ကျန်းသရုံ ကျီစယ်ချင်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ဒါရိုက်တာလင်းလို ဒေါက်တာမျိုးတွေက ပါတီ အကြီးအကဲခေါင်းဆောင်တွေ ၊ တကယ့် ပုဂ္ဂိုလ်ကြီးတွေတောင် ဆေးကုသချင်ရင် ကြိုပြီး စာရင်းပေးကြရတာ… သာမန်လူတွေဆို ကုသမှု ခံယူနိုင်တဲ့ အနေအထားမျိုး မရှိဘူး… “

ထိုစကားကြားတော့ အန်းမိသားစုဝင်များမှာ ပိုပြီး စိတ်သက်သာရာ ရသွားခဲ့ကြသည်။

“ ငါတို့ အထဲ အရင်ဝင်နှင့်ပြီ… ဒီ ခွဲစိတ်မှုက ကြန့်ကြာနေလို့ မရဘူး… ဒီမှာပဲ စောင့်နေ…”

“ အွန်း… ငါတို့ နင့်ကို ဒီမှာ စောင့်နေမယ်..”

လင်းရီ ခေါင်းညိမ့်ပြီး လူတိုင်းကို ခွဲစိတ်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

“ ဒီလူငယ်လေးက သူ့ရဲ့ ခွန်အားတွေကို သိုဝှက်ထားတာပဲ… ငါတို့ သူ့အပေါ် မှားယွင်း အကဲဖြတ်မိကြတယ်…” အန်းကော်ရုံ သက်ပြင်းချကာ ဆိုသည်။

“ အဟုတ်ပဲ… တို့တူမလေး အပြင်မှာ တစ်ညလုံး နေနေတာ မဆန်းတော့ပါဘူး… သူက တကယ့်ကို ထူးချွန်နေတာကိုး…” လျိုဖန်း အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဒေါ်လေး ဘာတွေ လာပြီး ပြောနေတာလဲ…” အန်းနင် ရှက်ရွံ့စွာ ပြန်ဟစ်လိုက်၏။

“ ကျွန်မတို့က ဒီတိုင်း အရက်အတူ သွားသောက်ရုံလေးပဲ… ဘာမှ မဖြစ်ခဲ့ဘူး… အထင်မလွဲနဲ့..”

“ အေးပါဟယ်.. အေးပါ… အဲ့တာ ညဉ်းတို့ လူငယ်ကိစ္စပါ… ဒီလို ထူးချွန်တဲ့ လူစားမျိုးကို ကိုယ့်ဘက်က အပိုင်ချုပ်ထားမှပေါ့…..”

“ မင်း ကလေးကို ဘာတွေလျှောက်သင်ပေးနေတာ… နင်နင်က ကောင်လေး ရှိပြီသားလေ… ပေါက်ကရတွေ လျှောက်မပြောနဲ့…” အန်းကော်ရုံ ပြောလိုက်သည်။

“ ကောင်လေး ရှိတော့ရော ဘာဖြစ်လဲ… လက်ထပ်ပြီးပြီမို့လို့လား… လက်ရှိထက် သာတဲ့လူ တစ်ယောက်နဲ့ ဆုံမှတော့ ပါတနာ ပြောင်းလိုက်ရုံပဲပေါ့… ဒါက ကိုယ့်တစ်ဘဝလုံးနဲ့ သက်ဆိုင်နေတဲ့ ကိစ္စလေ… ဘာမှ ရှက်စရာ အကြောင်း မရှိဘူး…”

အန်းနင်၏ မျက်နှာ နီရဲသွားခဲ့ပြီး သူမ၏ နှလုံးခုန်သံမှာ စတင် မြန်ဆန်လာသည်။

လင်းရီရဲ့ စရိုက်အမူအကျင့်က လျှပ်တစ်ပြက် ကြည့်လိုက်လျှင် စက်ဆုပ်ဖို့ ကောင်းသည့်ဟန် ပေါက်သော်လည်းပဲ သေချာပြန်တွေးကြည့်တော့ သူ့ဘက်က မှားယွင်းသည့် တစ်စုံတစ်ရာကိုမျှ မပြုခဲ့ပါချေ။ သူမဘက်ကသာလျှင် အမြင်တို့ တိမ်းစောင်းပြီး ထင်ရာ မြင်ရာသို့ ဆွဲတွေးနေခြင်း ဖြစ်၏။

နှမြောဖို့ ကောင်းသည်က သူ့တွင် ကောင်မလေး ရှိပြီးသား ဖြစ်နေလေသည်။ သူနှင့် ရေရည် ဆက်ဆံဖို့ရာ အဆင်ပြေလိမ့်မည် မဟုတ်ချေ။

ထိုအကြောင်း စဉ်းစားမိသွားတော့ အန်းနင် စိတ်ထဲ စိတ်ပျက်သလို ခံစားလိုက်ရ၏။

အံ့အားသင့်ရသည့် ခံစားချက်တို့နောက်ကွယ်တွင် နောင်တ တရားတို့က ကပ်လျက် လိုက်ပါလာလေသည်။

အချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးသွားခဲ့ပြီး မသိလိုက်ခင်မှာပဲ ငါးနာရီ ကုန်ဆုံးသွားခဲ့ပြီးဖြစ်၏။ အပြင်ဘက်ရှိ ကောင်းကင်သည်လည်း မည်းမှောင်နေချေပြီ။

“ မီးပွင့်လာပြီ…”

အန်းကော်ရုံ၏ အော်သံက အန်းနင်နှင့် ကျန်သူများကို စိတ်လှုပ်ရှားသွားစေသည်။

မကြာမီ ခွဲစိတ်ခန်း တံခါး ပွင့်ဟလာခဲ့ပြီး လင်းရီနှင့် ဒေါက်တာအချို့ အပြင်သို့ ထွက်လာခဲ့၏။

အန်းနင် အရင်ဦးဆုံး ရှေ့သို့ ပြေးတက်လာကာ မေးလေသည်။

“ အခြေအနေ ဘယ်လိုနေလဲဟင်…”

“ မပူနဲ့တော့… ခွဲစိတ်တာ အောင်မြင်တယ်…”

လင်းရီ သူ့နဖူးရှိ ချွေးများအား သုတ်ရင်း ပြောလိုက်ပြီး “ ပြန်သွားရင် မင်းအဖေကို လေ့ကျင့်ခန်း များများ လုပ်ပြီး ဝိတ်ချဖို့ ပြောလိုက်… ငါ့ ဂုဏ်သတင်းတွေက သူနဲ့ ကလှည့်ကျမှ ဆုံးရှုံးရတော့မလို့…”

“ ဟင်… ဘာဖြစ်သွားခဲ့လို့လဲ…”

“ ငါ ဓားနဲ့ဖြတ်တော့ ဘာ သွေးမှ မမြင်ရဘူး… အဆီတွေက အရင်ဆုံး ထွက်လာတယ်… ငါ ထင်တာ ငါ မှားများ ဖြတ်မိပြီလားလို့ပေါ့…”

အန်းနင် ငိုရမှန်း မသိ ၊ ရယ်ရမှန်း မသိ ဖြစ်သွားခဲ့တော့သည်။ သူမ တစ်သျှူးကို ထုတ်၍ လင်းရီ၏ ချွေးများအား သုတ်ပေးလိုက်၏။

“ ငါ့အဖေကို ခွဲစိတ်ပေးခဲ့တဲ့အတွက် ကျေးဇူးပါနော်…”

“ ငါ အပြည့်အဝ တာဝန်ယူပေးမယ်လို့ ပြောပြီးပြီမလား… ပြောတဲ့အတိုင်း လုပ်ပေးရမှာပေါ့…”

“ အင်း… ငါလည်း နင့်ကို ညစာ ကျွေးမယ်လို့ ကတိပေးထားတယ်…”

သူတို့နှစ်ယောက် အပြန်အလှန် စကားတွေ ပြောရင်း ရယ်မောနေသည်ကို မြင်တော့ လူအုပ်ကြီး၏ နောက်ကွယ်တွင် မတ်တပ်ရပ်နေသည့် နီကျန်းရန်သည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် စိတ်ထဲတွင် ခံပြင်း ဒေါသတို့ အကြိမ်ကြိမ် ထွက်နေမိသည်။

All Chapters