အလွန်တရာကို ထူးခြားလှတဲ့ ဟင်းပွဲ
Vol. 96 Ch. 1434
ဒေါက် ဒေါက် ဒေါက်…
“ ဝင်ခဲ့…”
သူတို့နှစ်ယောက် စကားပြောဆိုနေစဉ် သီးသန့်ခန်းတံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီး စွန်းမန်ကျား အထဲကနေ ဖြေလိုက်သည်။
“ ဒါရိုက်တာစွန်း… မျိုးရိုးနာမည် နီနဲ့လူ ခုလေးတင် ဖုန်းဆက်လာပြီး ဒါရိုက်တာစွန်းနဲ့ စကားပြောချင်နေတယ် ပြောပါတယ်…”
“ နီက ငါ့ကို ရှာနေတယ် ဟုတ်လား… သူက ဘယ်သူတုန်း…”
“ မနေ့က အစ်ကိုလီ တစ်ခုခု ဖြစ်သွားခဲ့သေးတယ်မလား… သူ ပြောတာတော့ သူက လက်သည် ဘယ်မှာ ရှိလဲ သိတယ်တဲ့… သူပြောတာ မနေ့တုန်းက ဒါရိုက်တာစွန်းနဲ့လည်း တွေ့ခဲ့သေးတယ်ဆိုပဲ… ကျွန်မအထင် မနေ့က အရိုက်ခံလိုက်ရတဲ့ လူထဲက တစ်ယောက်နေမှာ…”
စွန်းညီအစ်ကို နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
ဤ ဖုန်းခေါ်ဆိုလာမှုက သူတို့ကို အံ့အားသင့်သွားစေသည်။
“ ဘယ်သူလဲ မင်းသိလား…”
“ ကြည့်ရတာတော့ ငါ ရိုက်နှက်လိုက်တဲ့ တစ်ယောက်ပဲ နေမှာ…”
စွန်းမန်ကျား အနှိပ်ခံသည့် ကုတင်မှာ ထ၍ သူ၏ ဖုန်းကို လှမ်းယူလိုက်သည်။
“ သူ့ဖုန်းနံပါတ်က ဘာတဲ့လဲ…”
ကောင်မလေးက နီကျန်းရန်၏ ဖုန်းနံပါတ် ရေးထားသည့် စာရွက် အသေးလေး တစ်ခုကို ကမ်းပေးလိုက်ပြီး စွန်းမန်ကျား ချက်ချင်း ဖုန်းခေါ်လိုက်သည်။
“ ငါက စွန်းမန်ကျားပဲ… မင်းက ငါ့နဲ့ စကားပြောချင်နေတယ်ကြားတယ်..”
“ ……. “
“ အိုး … ဟုတ်လား…”
“ မင်း ငါ ဘယ်လို လူစားမျိုးလဲ သိတယ်မလား… ငါ့ကို တစ်ပတ်ရိုက်မယ်ဆို ဘာဖြစ်သွားမလဲ မင်းသိတယ်နော်…”
“ ………. “
“ ငါ့ကို ဆေးရုံ ဝင်ပေါက်ဝမှာ စောင့်နေ… တစ်နာရီအတွင်း ငါ့လူတွေနဲ့ ရောက်လာခဲ့မယ်…”
မကြာမီ စွန်းမန်ကျား ဖုန်းချလိုက်ပြီး စွန်းမန်လုံ ထလျက် မေးလိုက်၏။
“ ဘယ်လိုလဲ.. တစ်ဖက်လူဆီက သတင်း သိရပြီလား…”
“ အဲ့ကောင် ပြောတာတော့ လင်းရီက ပင်းချိန် ဆေးတက္ကသိုလ် ဆေးရုံမှာတဲ့… ငါတော့ သူ လိမ်ဝံ့မယ်လို့ မထင်ဘူး… သူ့မှာ အဲ့လောက်ထိ ဇမရှိဘူး…”
“ ဒါဆိုလည်း လူတစ်ချို့ ခေါ်ပြီး သွားကြည့်ကြတာပေါ့..”
စွန်းမန်ကျား ခေါင်းညိမ့်လိုက်ပြီး “ အဲ့ကောင်က သိုင်းပညာ လေ့ကျင့်တဲ့သူ ဖြစ်ဖို့ များတယ်… ဒီတစ်ခေါက် သွားရင်တော့ လူများများ ခေါ်သွားမှ…..”
“ အဲ့လောက်ထိ ရေးကြီးခွင်ကျယ် လုပ်စရာ မလိုပါဘူး… ကျင်းပေါင် တစ်ယောက် ခေါ်သွားလိုက်… သူနဲ့တင် လုံလောက်ပြီ..”
“ ငါ ကျင်းပေါင်ရဲ့ အဆင့်ကို သိတယ်… စံချိန်စံနှုန်း တိုင်းထွာမှုတွေ အရဆိုရင် အဲ့ကောင်က E အဆင့်မှာပဲ…”
“ အရင်လတွေမှာ တော်တော်လေး တိုးတက်ခဲ့တာဆိုတော့ ခုလောက်ဆို အဆင့်သစ်နဲ့ အခြေကျနေလောက်ပြီ…” စွန်းမန်လုံ ပြောလိုက်ပြီး “ လင်းရီကို သင်ခန်းစာပဲပေးပြီး ဗွီဒီယို ယူခဲ့လိုက်… ဘာပဲ ဆိုဆို ဒီကောင့် နောက်ခံကလည်း သေးတာ မဟုတ်ဘူး… ဒဏ်ရာ ရသွားတာတို့ ၊ ဒုက္ခိတ ဖြစ်သွားတာတို့ဆို ကောင်းမှာ မဟုတ်ဘူး…”
“ ဒါဆိုရင်တော့ ကျင်းပေါင်ကို လက်စထိန်းဖို့ ပြောရတော့မှာပဲ.. မဟုတ်ရင် တစ်ချက် ထိုးလိုက်တာနဲ့ လင်းရီ ဆိုတဲ့ကောင် ဆေးရုံမှာ တစ်လလောက် နားနေရလောက်တယ်..” စွန်းမန်ကျား အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အစ်ကို… မင်း ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ… မင်း အခု ဘယ်အဆင့်မှာလဲ…”
…………….
အန်းနင်၏ ဦးဆောင်မှုအောက်တွင် နှစ်ဦးစလုံး လမ်းကြားတစ်ခု၏ ဝင်ပေါက်ဝသို့ ရောက်လို့လာလေသည်။
“ အထဲမှာ ဆိုင်တစ်ဆိုင်ရှိတယ်… အစားအသောက်က အရမ်း စားကောင်းတာ ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ သိပ်မကောင်းဘူး… နင် စိတ်မရှိဘူးလို့ မျှော်လင့်ရတာပဲ…”
“ ဒါပေါ့ ဘယ်စိတ်ရှိမှာ… ငါလည်း ဒီလို စားသောက်ဆိုင် အသေးလေးတွေကို ကြိုက်တယ်… လူတွေ အများကြီးနဲ့ လှုပ်ရှားသက်ဝင်တယ်လေ…”
“ အွန်း ဟုတ်တယ်.. ငါလည်း အဲ့လို ခံစားရတယ် သိလား… ပြီးတော့ အရသာကလည်း အရမ်း အရသာရှိတာ … နင် စားကို စားကြည့်သင့်တာ…”
အန်းနင်၏ ဦးဆောင်မှု အောက်တွင် သူတို့နှစ်ယောက်စလုံး လူနေရပ်ကွက်တစ်ခုထဲရှိ ချောင်ကျသည့် နေရာ တစ်နေရာရှိ ဘာဘီကျူးဆိုင်သို့ ရောက်ရှိလာလေသည်။
ဆိုင်ထဲသို့ မဝင်ခင်၌ပင် အထဲ၌ ဆူဆူညံညံ အသံများကို ကြားနေရပြီး နေရာက ချောင်(ဂျောင်)ကျသော်လည်းပဲ စီးပွားရေးက အတော်လေး ကြိတ်ကြိတ်တိုးနေသည်။
ဆိုင်၏ ဝင်ပေါက်ဝတွင် သူတို့နှစ်ယောက် ဆယ်မိနစ်လောက် စောင့်ဆိုင်းလိုက်ရပြီး ထိုအခါမှသာ ထိုင်ခုံလွတ်၍ ဝင်ထိုင်နိုင်တော့သည်။ ဆိုင်ထဲတွင် ဘာဘီကျူး အနံ့များဖြင့် သင်းပျံ့နေပြီး ဆာလောင်နေသူ အဖို့တော့ အစားအသောက် နိဗ္ဗာန်ဘုံထဲ ရောက်ရှိလာသလိုပင်။
အန်းနင် သူမ၏ အပေါ် ကုတ်အင်္ကျီကို ချွတ်ပြီး ထိုင်ခုံပေါ် တင်ထားလိုက်၏။ ဆွဲဆောင်မှု ရှိလှသည့် ကောက်ကြောင်းများအား ဖော်ပြနေရင်း လင်းရီထံ မီနူး တွန်းပို့လာသည်။ သူလည်း လက်ခံလိုက်ပြီး အော်ဒါများ စတင်မှာယူရန် ဟန်ပြင်လိုက်၏။ သို့သော် မီနူးစာရွက်ကို ကြည့်ပြီးနောက် လင်းရီ အနည်းငယ် ကြက်သေသေသွားခဲ့တော့သည်။
တော်တော်များများကို စားကြည့်ဖူးဖို့ရာ မပြောနှင့် ကျိုးဟိုင်တွင် လုံးဝ လုံးဝ မရှိသည့် အရာများပင်။ အကုန်လုံးက မြောက်ပိုင်း၏ အထူး စားသောက်စရာများ ဖြစ်လေသည်။
“ နေပါဦး ငါ တစ်ခု မေးချင်လို့…”
“ မေးလေ…”
“ ဒီရဲ့ blue fairy ဆိုတာ ဘာကြီးလဲ…” လင်းရီ ဇဝေဇဝါ ဖြစ်နေသည့် မျက်နှာထားဖြင့် မေးလိုက်ပြီး “ ငါ blue smurf ( စမတ်ဖ်ပြာ) ကိုတော့ သိတယ်.. သူတို့နှစ်ခုက ဆက်စပ်နေတာလား ဟုတ်လား…”
“ အာ…..”
အန်းနင် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး အနည်းငယ် အခက်တွေ့နေဟန် ပေါက်နေသည်။ သူမ တစ်စုံတစ်ရာကို ပြောလိုက်ချင်သည့်ဟန်ဖြင့် နှုတ်ခမ်း အကြိမ်ကြိမ် လှုပ်ရှားသွားခဲ့သော်လည်းပဲ အဆုံးတွင် သူမ မပြောဖို့ကိုသာ ရွေးချယ်ခဲ့၏။
“ အဲ့တာက စကားနဲ့ ပြောရခက်တယ်… နင် အွန်လိုင်းပေါ်မှာ ရှာကြည့်ကြည့်ပါလား….”
“ ဘာကို ဖော်ပြဖို့ ခက်နေတာ… ဒီတိုင်း ပြောလိုက်စမ်းပါ…”
အန်းနင် ဘေးဘီကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး မည်သူကမျှ သူမတို့ ရှိသည့် နေရာသို့ အာရုံစိုက်မနေကြောင်း သေချာသွားတော့ သူမ လည်ချောင်း ရှင်းပြီး လင်းရီကို မည်သို့သော ဟင်းပွဲမျိုး ဖြစ်သည်အား ရှင်းပြရန် ဟန်ပြင်လိုက်သည်။
“ တကယ်တမ်းကျ… အဲ့ဒီဟာက…..”
“ ဒီတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်လို့ မရဘူးလား… ဘာလို့ ဝေ့လည်ကြောင်ပတ် လုပ်နေတာလဲ… မင်း ကြည့်ရတာ မြောက်ပိုင်းသူလို့ကို မထင်ရဘူး…”
“ ငါ ဘယ်လောက်ပဲ မြောက်ပိုင်းသူ ဖြစ်ဖြစ် ငါက မိန်းကလေးလေ….”
“ အဲ့တာ ဘာလောဂျစ်ကြီးတုန်း… အဲ့ဒီနှစ်ခုကြားမှာ ဆက်စပ်မှု တစ်ခုတော့ ရှိနေရမယ် ငါပြောတာ မှန်တယ်ဟုတ်…”
“ လာ အနားကိုတိုးခဲ့… ဘာလဲ နင့်ကို ပြောပြမယ်…”
လင်းရီ အနားသို့ တိုးလာပြီး အန်းနင် သူ၏ နားအတွင်းသို့ တစ်စုံတစ်ရာ တီးတိုးပြောပြလိုက်သည်။
“ မင့် ဒါကြီးကို ကင်လို့ရလို့လားဟ….”
“ မြောက်ပိုင်းမှာ ကင်လို့ မရတဲ့ အရာဆိုတာ မရှိဘူး…”
“ မင်းက ဒါတောင် သိတယ်ပေါ့… ဝေါင်း… ဗဟုသုတ နှံ့စပ်လိုက်ပါဘိ….”
ထိုစကားကြောင့် အန်းနင် ရှက်ရွံ့သွားခဲ့ပြီး လင်းရီကို ပြန်ရှင်းပြလိုက်သည်။
“ ငါလည်း အစတုန်းက မသိသေးဘူး.. ငါ့ bff ပြောပြလို့ သိတာ…”
“ အဲ့တာက မှော်ဆန်တဲ့ အရာဆိုမှတော့ သေချာပေါက်ကို စားပေးရမှာပေါ့…”
“ အရင်ဆုံး blue fairies ငါးခုနဲ့ ကျောက်ကပ် ငါးခုနဲ့ စလိုက်မယ်… ပြီးတော့ ငါ့ကို အဲ့ဒီ ပေါက်ကွဲထွက်စေမယ့် ဥစ္စာ နှစ်ခုလည်း ပေးဦး…”
လင်းရီ ထို အရာများအား အော်ဒါမှာလိုက်သည့် အသံကြားတော့ အန်းနင်၏ အမူအရာမှာ ထူးဆန်းသွားခဲ့လေသည်။
“ နင် ဒါတွေ စားချင်တာ သေချာပြီလား…”
“ သေချာတာပေါ့… အကုန်လုံးက အာဟာရ ဖြစ်စေတဲ့ ဥစ္စာတွေချည်းပဲလေ…”
“ ငါ ပြောလိုက်မယ်… နင် ငါ့အပေါ် ဘာ မကောင်းတဲ့ အကြံဉာဏ်တွေမှ မရှိရင် ကောင်းမယ်နော်… နောက်သုံးလေးရက်ထိ ငါ ဘာမှ လုပ်လို့ရဦးမှာ မဟုတ်ဘူး…”
လင်းရီ ခေါင်းမော့၍ အန်းနင်ကို ကြည့်လိုက်သည်။ “ နောက် သုံးလေးရက်အထိ ဆိုတာ ဘာကို ပြောချင်တာ… ဒီတိုင်း ရက် နည်းနည်းလေးပဲမလား….”
“ အာ…..”
“ အဲ့လို မဟုတ်ဘူး… ငါ ပြောချင်တာ နင် ငါ့အပေါ် တခြားအတွေးတွေ မရှိနဲ့လို့ ပြောတာ…”
“ ငါလည်း ခုလောလောဆယ် အာသီသ ရှိမနေပါဘူး…” လင်းရီ ပြောလာပြီး “ နောင်အတွက် ကြိုပြီး အားဖြည့်ထားတာ…”
ဒေါက်ဖိနပ်ချွတ်၍ ခုံအောက်တွင် လင်းရီ၏ ခြေထောက်ကို ဆောင့်ကန်လိုက်သည်။
“ စကားပြောတာ တော်တော့… ဆိုင်ထဲမှာ လူတွေ အများကြီးပဲ … နင် ပြောတာ တစ်ယောက်ယောက်ကြားသွားရင် ကောင်းမှာ မဟုတ်ဘူး… မှာချင်ရင် တခြားဟာမှာ… အမဲအူကြမ်းလည်း ကောင်းတာပဲ… အဲ့ဒါ သူတို့ မိသားစုရဲ့ အထူးလက်ရာလေ.. try ကြည့်ကြည့်…”
“ ကောင်းပြီလေ…”
လင်းရီ အများအပြား မှာယူလိုက်ပြီး စားပွဲဝိုင်းကြီး တစ်ခုလုံး ပြည့်နှက်သွားခဲ့တော့သည်။ အင်မတန် ဗုန်းဗောလအော နိုင်လှ၏။ နှစ်ယောက်တည်းနှင့် စားလို့ မကုန်နိုင်ဘူးဆိုသော်လည်းပဲ တစ်စုံတစ်ယောက်ကို ထမင်းကျွေးသည့်အခါ ဤသည်က ရှိသင့်ရှိထိုက်သည့် အစဉ်အလာပင်။
ထွက်လာစဥ်တုန်းက နည်းနည်းပဲ သောက်ရန် ပြောခဲ့သော်ငြားလည်း အဆုံးတွင် လင်းရီက အရက် ခုနစ်လုံး ကုန်သွားခဲ့ပြီး အန်းနင်ကတော့ လေးလုံး ကုန်သွားခဲ့၏။ ဤပမာဏက နည်းသည်လို့ မဆိုသာချေ။
သူမ၏ ကတ်ရှ်မီးယားကုတ်ကို ခြုံထားရင်း အန်းနင်မှာ အထူးတလှယ် လှပနေလျက်ရှိတော့သည်။
“ ဘယ်လိုနေလဲ… ငါတော့ ကောင်းတယ်ထင်တာပဲ…”
“ ကင်တဲ့ အစားအစာတွေကတော့ ကောင်းတယ်… ကျိုးဟိုင်ထက် အများကြီး သာတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် တခြား အေးတဲ့ ဟင်းလျာတွေကတော့ ငါ့လောက်မကောင်းဘူး…”
“ ကြွားနေလိုက်… အဲ့မှာ ကြွားနေလိုက်… စားသောက်ဆိုင်က ပိစိလေးဆိုပေမယ့် နာမည်ကြီး စားဖိုမှူးနဲ့ သေသေချာချာ ချက်ထားတာ… နင့်လို လူရဲ့ လက်ရာက ယှဉ်နိုင်မယ်များ ထင်လား…”
“ ဟေ့ မင်း ဘယ်သူ့ကို လာပြီး လှောင်ပြောနေတာ… ဒီကလည်း အရင်က စားသောက်ဆိုင် ဖွင့်ခဲ့တဲ့ ကောင်ပါနော်…”
“ နင်က စားသောက်ဆိုင် ဖွင့်ဖူးတယ်ပေါ့….”
“ ဒါပေါ့ တစ်လကျော်ကျော်လောက် ဖွင့်ခဲ့ဖူးတယ်… နောက်ဆုံးကျ တခြား ကိစ္စလေးတွေကြောင့် ပိတ်လိုက်ရတာ…”
စားသောက်ဆိုင် အကြောင်းပြောတော့မှ လင်းရီသည် ယနေ့ အဖြစ်အပျက်က ယမန်နှစ်က အဖြစ်အပျက်နှင့် တော်တော်လေး သွားဆင်တူနေသည်ကို သတိထားမိလိုက်လေသည်။
ယင်းကလည်း ရုတ်တရက် ဖြစ်ပေါ်လာသည့် မတော်တဆမှုတစ်ခု ဖြစ်ပြီး သူတို့ နှစ်ယောက်လုံးက ICU တွင် ရှိနေခဲ့၏။
မတူညီသည့် တစ်ခုတည်းသော ကွာဟချက်က အမယ်အိုကြီးမှာ ကယ်တင်ခြင်း မခံလိုက်ရဘဲ အန်းကော်ဟွားကတော့ ကယ်တင်ခြင်း ခံခဲ့ရသည်။
လင်းရီ အသက်ပြင်းပြင်း ရှူသွင်းမိလိုက်၏။
အချိန်က တစ်နှစ်တောင် ကျော်ခဲ့ပြီ။ သဘာဝတရားကြီးက ၎င်း ချမှတ်ထားသည့် စည်းမျဉ်းအတိုင် လည်ပတ်နေပြီး သူသည်လည်း အကြောင်းအရာမျိုးစုံနှင့် ရုန်းကန်လှုပ်ရှားနေခဲ့ရ၏။
သို့တိုင် လင်းရီကို နက်နက်ရှိုင်းရှိုင်း အမှတ်ရနေစေခဲ့ကာ သူ့စိတ်အတွင်းမှ ထုတ်မပစ်နိုင်သည့် တစ်စုံတစ်ခုသော အဖြစ်အပျက်ပင် ဖြစ်လေသည်။