စွန်းမန်ကျား၏ ခြိမ်းခြောက်မှု
Vol. 96 Ch. 1435
အန်းနင် တစ်စုံတစ်ရာကို ပြောရန် ဟန်ပြင်လိုက်သော်လည်း လင်းရီက တိတ်ဆိတ်ပြီး အတွေးနက်နေသည်ကို သတိပြုမိလိုက်လေသည်။
“ ငါ ပြောတာ မှားသွားလို့လား…”
“ မဟုတ်ပါဘူး… ဒီတိုင်း တစ်ခုခုကို ပြန်အမှတ်ရသွားလို့…”
လင်းရီ သူ၏ နာရီကို ကြည့်လိုက်ပြီး “ အချိန်တောင် မစောတော့ဘူး… မင်းလည်း ဆေးရုံကို ပြန်တော့ … ငါလည်း ဟိုတယ်ကို သွားတော့မယ်…”
“ အိုကေ… မနက်ဖြန် တွေ့ကြမယ်..”
ကလင် ကလင် ကလင်….
သူတို့နှစ်ယောက် လမ်းခွဲတော့မည့် အချိန်မှာပဲ အန်းနင်၏ ဖုန်းသံ မြည်ဟည်းလာခဲ့သည်။
“ ဘာပြောတယ် ... သူတို့တွေ ရောက်လာကြပြန်ပြီ….”
…………….
အန်းနင်နှင့် လင်းရီတို့ ထွက်သွားပြီး တစ်နာရီကျော်လောက် ကြာတော့ နီကျန်းရန်သည် သူ၏ ကုတ်တစ်ထည်ကို ခြုံလျက် ဆေးရုံ ဝင်ပေါက်ဝသို့ ရောက်လာခဲ့သည်။
မကြာမီ စွန်းမန်ကျားနှင့်အတူ လူသုံးယောက်က Lexus 570 နှင့် ရောက်လို့လာသည်။
“ ရို ဒေါက်တာနီ… မင်းက ဒီဆေးရုံမှာ အလုပ်လုပ်နေတယ်ပေါ့... ထင်မထားဘူး… မနေ့က နားလည်မှု လွဲသွားခဲ့တာပဲ… မင်း စိတ်ထဲ မထားဘူးမလား…”
စွန်းမန်ကျား လက်ဦးမှု ရယူ၍ သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး မနေ့က အဖြစ်အပျက်က မပြောပလောက်သကဲ့သို့ ပြုမူလိုက်သည်။
စွန်းမန်ကျားကဲ့သို့သော လူစားမျိုးတို့က အကျင့်စရိုက် တစ်မျိုးနှင့် ဖြစ်၏။
ကိုယ်က အလိုရှိတဲ့အခါ ဒါမှမဟုတ် ကိုယ်နှင့် ရန်ငြိုးရန်စ မရှိသည့်အခါ တစ်ဖက်သူနှင့် အေးဆေးသောက်စားပြီး အသာတကြည် စကားပြော၍ရသည်။ အဆင့်အတန်း ၊ လူတန်းစား မတူညီမှု၊ ဒါတွေကို သူ လုံးဝ ဂရုမစိုက်။
သို့ပေမယ့် နှစ်ယောက်ကြား အချင်းများကြသည့်အခါ ဒါမှမဟုတ် အကျိုးအမြတ်ကြောင့် စကားများကြရသည့် အခါ ၎င်းက ပထမဦးဆုံး နောက်ကျော ဓားဖြင့် ထိုးမည့်သူပင်။
စွန်းမန်ကျားကဲ့သို့သော လူစားမျိုးတို့က တော်တော်လေး ကြောက်ဖို့ ကောင်းလှသည်။
အခြားတစ်ဖက်ရှိ နီကျန်းရန်ကတော့ မတည်ငြိမ်နိုင်ပေ။
သူ့ရင်ထဲတွင် မပြေနိုင်သေးသည့် အထုံးတစ်ခုက ရှိနေသေး၏။ သို့သော် ယခု နှစ်ဦး နှစ်ဖက်က အတူလက်တွဲ အလုပ်လုပ်နေကြသူများဖြစ်တော့ ကိုယ်က အောက်ကချည်း နေရသော်လည်း အပြုံးတစ်ခုကို ညစ်ထုတ်ကာ စွန်းမန်ကျားထံ ဖော်ရွေစွာ စကားပြောရတော့သည်။
“ ငါလည်း ငါတို့နှစ်ယောက် ဒီလို ချိတ်မိကြလိမ့်မယ်လို့ မတွေးခဲ့မိဘူး…”
စွန်းမန်ကျား အပြုံးတုတစ်ခုဖြင့် ခေါင်းညိမ့်လိုက်သည်။
“ ငါ့ ညီအစ်ကို,ကို ဓားနဲ့ထိုးသွားတဲ့ ဟိုကောင် အခု ဘယ်မှာတုန်း… သူက ဘာလို့ ဆေးရုံ ရောက်နေရတာလဲ…”
ဤကိစ္စတွင် လွဲချော်မှု တစ်စုံတစ်ရာ ရှိနေမည်ကို စွန်းမန်ကျား စိုးရွံ့သောကြောင့် သူ ဂရုတစိုက်နှင့် မေးနေရခြင်းပင်။
“ ငါ့ရဲ့ ခမည်းခမက်က နှလုံးဖောက်ပြီးမှ ဒီရောက်လာခဲ့တယ်လေ… ခုတော့ အဆင်ပြေသွားပါပြီ.. ဒါကြောင့်မို့ သူတို့တွေ ဒီမှာ ရှိနေကြတာ…”
“ အား… နားလည်ပြီ…” စွန်းမန်ကျား တွေးတွေးဆဆနှင့် ပြောလိုက်သည်။
“ သူတို့ အခု ထမင်းစားဖို့ ထွက်သွားကြတယ်… ညတော့ ကျိန်းသေပေါက် ပြန်လာကြမှာပဲ… မင်းရဲ့ လူတွေကို ခေါ်ခဲ့လို့ရတယ်…” နီကျန်းရန် ပြောလိုက်၏။ “ ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာ တစ်ခု ရှိတယ်…”
“ ပြော…”
“ အန်းနင်က ငါ့ ကောင်မလေး… မင်း သူ့အပေါ်မှာ ထပ်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိစေနဲ့…”
“ ဟားဟား….” စွန်းမန်ကျား ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး “ ဒါလေးများ ပြဿနာ မရှိဘူး… မတိုက်ခိုက်ဖူးရင် ရင်းနှီးမှာ မဟုတ်ဘူးတဲ့… ခု ငါတို့နှစ်ယောက်က ရင်းနှီးနေပြီဆိုတော့ ငါလည်း အလိုအလျောက်ပဲ သူ့အပေါ် ရည်ရွယ်ချက်တွေ မရှိတော့ပါဘူးကွ… မင်း အဲ့ကိစ္စ မပူနဲ့…”
“ မင်းတို့ တစ်နေရာမှာ ထိုင်နေလိုက်… သူပြန်လာရင် ငါအကြောင်းကြားပေးမယ်…”
“ ကောင်းပြီ… ဒါဆို အတည်ဖြစ်ပြီနော်…” စွန်းမန်ကျား ပြောလိုက်ပြီး “ တိုက်ဆိုင်ချင်တော့ ငါ့ ညီအစ်ကိုကလည်း မင်းတို့ ဆေးရုံမှာပဲ… ရောက်တုန်းရောက်ခိုက် သွားကြည့်လိုက်ဦးမယ်…”
“ ငါတို့ ဆေးရုံမှာလား…”
နီကျန်းရန် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ဤသည်က သူ ထင်မှတ်မထားသည့် ကိစ္စရပ်ပင်။
သို့သော် သေချာလေး စဉ်းစားကြည့်ပြီးနောက် ယင်းက ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ခံစားလိုက်ရလေသည်။
ပင်းချိန် ဆေးတက္ကသိုလ် ဆေးရုံက ပင်းချိန်မြို့ရှိ အကောင်းဆုံး ဆေးရုံကြီး နှစ်ခု အနက် တစ်ခု ဖြစ်ပြီး ထိုသို့သော အပြင်းအထန် ဓားထိုးဒဏ်ရာ ရရှိထားမှတော့ ဤနေရာသို့ လာပို့မည်မှာ သဘာဝပင်။
“ ကျန်တာ မင်းတို့ လုပ်ချင်သလို လုပ်လို့ရတယ်… ငါ အရင် သွားနှင့်ပြီ…”
“ အိုကေ … ဖြည်းဖြည်းသွားဦး…”
နီကျန်းရန် နောက်သို့လှည့်ပြီး ထွက်ခွာသွားခဲ့သည်။ စွန်းမန်ကျား သူ၏ လက်ကို ဖုန်ခါခပ်၍ အင်္ကျီကို သေချာ ချိန်ညှိလိုက်ပြီး အသံနိမ့်လျက် “ ဖုန်းဆက်ပြီး သူ့ ခမည်းခမက် ဘယ် နေရာမှာ ရှိနေလဲ စုံစမ်းလိုက်… သူက ဒီရောက်လာတယ်ဆိုမှတော့ သွားမလည်ရင် ရာဇဝင်ရိုင်းသွားမှာပေါ့…”
……………….
တစ်ချိန်တည်းတွင် နီကျန်းရန်သည် အန်းကော်ဟွား၏ အခန်းထဲသို့ တိတ်တဆိတ် ရောက်ရှိလာသည်။
“ အန်တီ… စားနေပြီလားဗျ…”
ထိုအခိုက်အတန့်တွင် နီကျန်းရန် အထဲသို့ ဝင်လာပြီး အပြုံးလေးဖြင့် နှုတ်ဆက်၏။
အန်းမိသားစုဝင် သုံးယောက်က နီကျန်းရန်ကို မြင်တော့ သူတို့ ပြောလက်စ စကား၀ိုင်းက ပြတ်တောက်သွားခဲ့ပြီး အပြုံးများက ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ကာ နေရခက်သွားခဲ့ကြသည်။
အထူးသဖြင့် လျိုကွေ့ချင်ပင်။ သူမမှာ စိတ်ပျာယာခတ်လွန်း၍ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ချေ။ ဝတ္တရားအရ စားဦး ၊ ပြုဦး ပြောဖို့ရန်ပင် သတိမရပဲ ဖြစ်နေလေသည်။
လက်ရှိ နီကျန်းရန်နှင့် သူမ၏ သမီးက စုံတွဲများ ဖြစ်ကြ၏။ သို့သော် လင်းရီဆိုသည့် သူငယ်လေးက မိသားစု၏ ကျေးဇူးရှင် ဖြစ်နေသည်။ ထို့ပြင် လူချင်းယှဉ်လျှင်လည်း သူက နီကျန်းရန်ထက်ကို အပြတ်သတ် သာလွန်နေသည်။
အရေးကြီးဆုံးကတော့ သူမတို့ သမီးလေး၏ သဘောထားကို ယခုထက်ထိ မသိရသေးခြင်းပင်။
ရလဒ် အနေဖြင့် သူမ နီကျန်းရန်နှင့် နောက်တစ်ကြိမ် မျက်နှာချင်း ဆိုင်ရတော့ လျိုကွေ့ချင် မျက်နှာကို မည်သို့ ထားလို့ထားရမှန်းမသိ ဖြစ်နေပေတော့၏။
“ ဟုတ်တယ်သား… အန်တီတို့ အဖေကြီးအန်းကို ရေပတ်တိုက်ပေးပြီးလို့ ထမင်းစားနေကြတာ…”
လျိုကွေ့ချင် သူမ၏ ထိုင်ရာ ထိုင်ခုံကနေ ထလိုက်ပြီး နီကျန်းရန်ကို ယဉ်ကျေးစွာ စကားပြောလိုက်သည်။
“ အန်ကယ့် အခြေအနေ ဘယ်လို ရှိသွားပြီလဲ… မထင်မှတ်ထားတာတွေရော ဖြစ်သွားသေးလား….”
“ ဆရာလေးလင်းပြော… အဲ အကုန် အဆင်ပြေတယ်သား… ဘာမှစိတ်ပူစရာ မလိုတော့ဘူး..”
“ ဒါဆို ကောင်းတာပေါ့…” နီကျန်းရန် ရွှင်မြူးစွာ ရယ်မောလိုက်ပြီး “ အန်ကယ်က နောက်နှစ်လောက်ဆို အပြည့်အဝ ပြန်ကောင်းလောက်ပြီ… ကျွန်တော်နဲ့ နင်နင် လက်ထပ်ပွဲကို တက်ဖို့ ပြဿနာ မရှိလောက်ဘူး…”
လူနာခန်းထဲရှိ သုံးဦးစလုံး နီကျန်းရန် လက်ထပ်ပွဲ အကြောင်း စကားစလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
နှစ်ဦးနှစ်ဖက်က လက်ထပ်ရန်ထိ ကြံရွယ်ထားခဲ့ကြသည် ဆိုပေမယ့် ဆုံးဖြတ်ထားပြီးသည့် အနေအထားသို့တိုင် မရောက်ရှိသေးချေ။
ထို့ပြင် နှစ်ဖက်မိဘများကလည်း တွေ့ဆုံရန် ကျန်နေသေး၏။ နီကျန်းရန် အဘယ်ကြောင့် ရုတ်တရက်ကြီး ဆုံးဖြတ်ပြီးသလိုဖြင့် စကားလာစနေမှန်း သူမ နားမလည်နိုင် ဖြစ်နေတော့သည်။
သာမန်ဆို လျိုကွေ့ချင်က လူငယ်များ၏ အရေး ကိစ္စတွင် ဝင်စွက်ဖက်လေ့ မရှိသော်လည်းပဲ ဤကိစ္စကိုတော့ သူမ သမီးနှင့် သားအမိနှစ်ယောက် သေချာလေး စကားပြောရမည်။ ထို့ကြောင့် လျိုကွေ့ချင် ချက်ချင်းလက်ငင်းကြီး တသမှတ်တည်း မပြောလိုက်နိုင်ချေ။
“ မျှော်လင့်ရတာပေါ့…” လျိုကွေ့ချင် သာမန် အတိုင်းသာ ပြောလိုက်ပြီး “ ဒီ နှစ်သစ်ကူး မတိုင်ခင် ဆေးရုံက ဆင်းမယ် ထင်တာပဲ…”
“ ဒါပေါ့.. ဆင်းဖို့ သေချာပေါက် ပြဿနာ မရှိဘူး… ကျွန်တော် လက်ထပ်ဖို့ ကြိုပြီး ပြင်ဆင်ရေးတွေ လုပ်ထားလိုက်မယ်… ဒါမှ အချိန်ကျရင် ဘာမှ လောစရာ မလိုတော့မှာ.. ကျွန်တော်တို့ ခြိမ့်ခြိမ့်သဲသဲကြီး ကျင်းပကြမယ်…”
လျိုကွေ့ချင် မျက်မှောင်ကြုတ်လိုက်သော်လည်းပဲ သူမ ပြုံးထားဆဲ ဖြစ်၏။
“ အလျင်လိုစရာ မလိုပါဘူး… ဒီတိုင်း အခမ်းအနား တစ်ခုပဲ မလား… “
နီကျန်းရန် ပြောလိုက်ပြီး “ ကျွန်တော်လည်း အဲ့လို ထင်တယ်… ဒါကြောင့်မို့ ကျွန်တော် စဉ်းစားနေတာ ကျွန်တော်နဲ့ နင်နင် အမြန်ဆုံး လက်ထပ်ပြီး ဆက်ဆံရေးကို အခြေချသင့်ပြီလို့.. သည့်ထက်ကြာအောင် အချိန်ဆွဲစရာ မလိုတော့ဘူး ထင်တာပဲ… အန်တီရော အဲ့ကိစ္စ ဘယ်လိုမြင်လဲ….”
“ တကယ်တမ်းကျ…..”
လျိုကွေ့ချင် ပြောလိုက်ချင်သော်ငြား ဘာပြောရမှန်း မသိ ဖြစ်နေသည်။ ထို့ကြောင့် အခြေအနေကို အရင်ဆုံး တတ်စွမ်းသလောက် ကိုင်တွယ်ထားပြီး သူမ သမီး ပြန်အလာကို စောင့်ရန်သာ ရှိတော့သည်။
“ ကျန်းရန်… နင် ဒီ မွန်းလွဲပိုင်း တစ်ခုလုံး အန်တီတို့ကြောင့် ပင်ပန်းထားတယ်မလား… ပင်ပန်းနေမှာပေါ့… နင် ဒီမှာ ဘာမှ လုပ်ပေးစရာ မလိုပါဘူးအေ… သွားသွား .. မြန်မြန် သွားပြီး နားတော့… ကိုယ့်ကိုယ် အပင်ပန်း မခံနဲ့….”
“ ကျွန်တော် ဘယ်လောက်ပဲ ပင်ပန်းပါစေ အန်ကယ့်ကိုတော့ လာကြည့်ရမယ်လေ… ကျွန်တော်တို့က လက်ထပ်မှတ်ပုံတင် မလုပ်ရသေးဘူးဆိုပေမယ့် မိသားစုတွေ ဖြစ်နေပြီးသားပဲမလား… ဒီလို အရေးကြီး ကိစ္စ ဖြစ်ထားမှတော့ ဂရုစိုက်ပေးသင့်တာ သဘာဝပါပဲ…”
“ ဒါကကျ…..”
လျိုကွေ့ချင် တစ်စုံတစ်ရာကို ပြောလိုက်ချင်သော်လည်း တုံ့ဆိုင်းနေမိခဲ့၏။ အတိတ်တွင်တုန်းက သူမ ဤသူငယ်လေးက တော်တော်လေး ဉာဏ်အလိမ္မာရှိပြီး မဆိုးဟု ထင်ခဲ့မိ၏။ သို့သော် ယနေ့တွင်တော့ တော်တော်လေး သောက်မြင်ကပ်စရာ ကောင်းနေလေသည်။ အရိပ်ပြလို့လည်း အကောင်မမြင်တတ်ချေ။
ချလပ်…
လျိုကွေ့ချင် တစ်စုံတစ်ရာ ပြောတော့မည့် အချိန်မှာပဲ တံခါး လှပ်သံ တစ်သံကို ကြားလိုက်ရသည်။
သူမ သမီး ပြန်လာပြီဟု ဦးနှောက်က တွေးလိုက်မိသော်လည်း မျက်လုံးက လူလေးယောက် အထဲသို့ ဝင်လာသည်ကို မြင်လိုက်ရလေသည်။
နှစ်ဖက်စလုံးက သူစိမ်းများ ဖြစ်ကြပေမယ့် ထိုအနက် နှစ်ယောက်ကိုတော့ သူမ မှတ်မိနေသည်။
တစ်ယောက်က သူမတို့အိမ် လာပြီး သူမ ချစ်လင်ကို နှလုံးဖောက်အောင် လုပ်သွားခဲ့သည့် လူပင်။
နီကျန်းရန် ကြက်သေသေသွားခဲ့၏။
စွန်းမန်ကျား သူ့လူများကို အထဲသို့ ခေါ်လာလိမ့်မည်လို့ သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပါ။
သို့သော် သူ ဘာမျှ မတတ်နိုင်။ မည်သို့ပင်ဆိုစေ သတင်းပေးခဲ့သည့်လူကလည်း သူသာလျှင် ဖြစ်၏။
“ နင်တို့ကောင်တွေ ဒီမှာ ဘာလာလုပ်တာလဲ… နင်တို့ မလုံလောက်သေးလို့လား…” လျိုကွေ့ချင် အော်ဟစ်လိုက်ပြီး “ ဒီကနေ ထွက်သွားစမ်း…”
“ မဟုတ်တာ ဒေါ်ကြီးကလည်း … ကျုပ်တို့က ဒီကို မကောင်းတဲ့စိတ်နဲ့ လာခဲ့တာ မဟုတ်ဘူး… ဒီတိုင်း ဒေါ်ကြီး ယောက်ျားဆီ အလည်လာတာ… တစ်ခုခု ဖြစ်ရင် သဂြိုဟ်စက်ဆီ အချိန်မီ ပို့လို့ရအောင် ကားခေါ်ပေးလို့ ရတာပေါ့…” စွန်းမန်ကျား ပြောလိုက်သည်။