မင်းတတ်တာ ဒါ အကုန်ပဲလား
Vol. 96 Ch. 1436
“ မင်းတို့ ဘာစကားတွေ လာပြောနေတာလဲ…” အန်းကော်ရုံ ဒေါသထွက်သွားခဲ့ပြီး လူကို ရိုက်နှက်ချင်လာခဲ့သည်။
“ ဦးလေး စိတ်လျှော့…. သူတို့ဘက်က လူတွေ အများကြီးပဲ…”
နီကျန်းရန် ကြားဝင်၍ အန်းကော်ရုံကို တားမြစ်လိုက်သည်။
စွန်းမန်ကျားက မည်သို့သော လူစားမျိုးဆိုတာကို သူကောင်းကောင်းကြီး သိနေသည်။ တကယ်လို့ သူတို့တွေ တိုက်ခိုက်ကြမည် ဆိုပါက အန်းကော်ရုံ သက်သာမည် မဟုတ်ပေ။
“ အဘိုးကြီး… ခင်များလို အားမရှိ၊ ချုံးချုံးကျ၊ တောင်ဝှေးထောက်နေရတဲ့ လူစားမျိုးကို ကျုပ် စိတ်မဝင်စားဘူး.. ကျုပ် ဒီနေ့လာခဲ့တာ ခင်များနဲ့ တွေ့ဖို့ မဟုတ်ဘူး…” စွန်းမန်ကျား စီးကရက်ကို မီးညှိရင်း ပြောလိုက်ပြီး “ လင်းရီကို ပြင်ပလူနာဌာန အမှတ် ၃၊ အခန်း ၇၀၆ ဆီ အမြန်လာခဲ့ဖို့ ပြောလိုက်… မဟုတ်ရင် ကုတင်ပေါ်က အဘိုးကြီး မနက်ဖြန်ထိ အသက်ရှင်နိုင်ဦးမလား ကျုပ် အာမခံ မခံနိုင်ဘူးနော်…”
ထိုသို့ပြောပြီးနောက် စွန်းမန်ကျား ကျန်သူများကို လူနာခန်း ပြင်ပသို့ ဦးဆောင်သွားခဲ့သည်။ နီကျန်းရန်လည်း ချွေးများကို ခက်ခက်ခဲခဲ သုတ်ချပစ်လိုက်ရ၏။
“ အန်တီ ဒီမှာ ခဏစောင့်နေဦး… ကျွန်တော် အပြင်ထွက်ပြီး ဒီကိစ္စ ကူဖြေရှင်းပေးမယ်…”
အပြစ်ရှိသလို ခံစားနေရရင်း နီကျန်းရန် လူနာခန်းထဲမှ ထွက်လာခဲ့ကာ စွန်းမန်ကျားတို့ အုပ်စုကို အလျင်အမြန်ပဲ လိုက်မီသွားခဲ့သည်။
“ မင်းတို့ ဒါ ဘာလုပ်တာ … ငါ မင်းတို့ကို အပြင်မှာ စောင့်နေဖို့ မပြောထားခဲ့ဘူးလား… ဘာလို့ ဒီနေရာကို လိုက်လာခဲ့တာလဲ…”
“ ငါလုပ်ချင်တာ ငါလုပ်တယ်ကွာ… မင်း ငါ့ရှေ့မှာ ယီးစကားတွေ လာမပြောနဲ့…”
“ မင်း လွန်မလာနဲ့… မင်းငါ့ကို ဘာကတိပေးထားလဲ မေ့သွားပြီလား…”
ဝှစ်…
စွန်းမန်ကျား နီကျန်းရန်ကို ကန်ကျောက်လိုက်သည်။
“ လကြောက်… ငါမင်းကို မျက်နှာသာ ပေးနေရင် မင်း လက်ခံလိုက်… ငါ့ကို မပျော်မရွှင် ဖြစ်အောင် လာမလုပ်နဲ့… မဟုတ်ရင် မင်းကို မီးရှို့သတ်ပစ်မယ်…”
ကြမ်းကြုတ် ခက်ထန်သည့် စွန်းမန်ကျားနှင့် ရင်ဆိုင်ရတော့ နီကျန်းရန် စကားတစ်ခွန်းပင် ပြန်ခံ မပြောဝံ့တော့ချေ။ သူ့ကို ဒီအတိုင်း စိုက်ကြည့်နေရုံသာ တတ်နိုင်လေသည်။
“ သွားစို့…”
စွန်းမန်ကျား ထွက်ခွာသွားပြီးနောက် နာ့စ်များက နီကျန်းရန်ကို မတ်တပ်ရပ်ရန် ကူညီပေးလိုက်ကြသည်။
“ ဒေါက်တာနီ … ကျွန်မတို့ ရဲကို ဖုန်းဆက်ကြရအောင်လား… ဒီလူတွေက မတရား စက်ဆုပ်ဖို့ ကောင်းတာပဲ… သူတို့ တကယ်ကြီး ဆေးရုံမှာ လာပြီး ပြဿနာ ရှာဝံ့နေကြတယ်…”
“ ရဲခေါ်ဖို့ မလိုဘူး…”
နီကျန်းရန် နာ့စ်များကို အားပြုထားရင်း သူ၏ ဝမ်းဗိုက်ကို နာကျင်စွာ ဖိထားမိသည်။ “ ပြဿနာ မဖြစ်အောင် ရှောင်တာပဲ ကောင်းတယ်… ဒီကိစ္စ မေ့ထားလိုက်ကြစို့…”
“ ကောင်းပြီလေ… ကျွန်မ ရှင့်ကို ထိုင်လို့ရအောင် ခေါ်သွားပေးမယ်…”
လူနာခန်းထဲတွင်တော့ အန်းမိသားစုဝင်များ အားလုံး ဒေါသတကြီးနှင့် ဖြစ်နေကြသည်။
“ မရီး… ဒီလူတွေက အစ်ကိုကြီးကို နှလုံးဖောက်အောင် လုပ်သွားတဲ့ လူတွေမလား… “ အန်းကော်ရုံ မေးလိုက်သည်။
“ အင်း…”
“ ဒါဆိုလည်း ဘာစောင့်နေမှာလဲ… ရဲကို ခေါ်လိုက်ကြစို့… ဒီ လူမိုက် အသေးလေးတွေက ပိုပိုပြီး ဥပဒေ မဲ့လာကြပြီပဲ…”
“ ငါ မနက်ခင်းတုန်းက ရဲကို ဖုန်းဆက်ကြည့်ပြီးပြီ… ဘာမှ အားကိုးလို့ မရဘူး… နင်နင်ကိုပဲ ခေါ်ကြစို့…”
“ တူမလေးကို ခေါ်ပြီး ဘာလုပ်မှာလဲ… သူကဖြင့် ဒီတိုင်း မိန်းမငယ်လေးရှိသေးတာ ခေါ်လို့ ဘာ အသုံးဝင်မှာ… သူ ဒီကိစ္စတွေကို မကိုင်တွယ်နိုင်ဘူး…”
“ လင်းရီက နင်နင်နဲ့ ရှိနေတာ မဟုတ်ဘူးလား.... သူတို့ကို ပြန်ခေါ်ပြီး ဘာဖြစ်နေလဲ မေးလိုက်မယ်လေ…”
အန်းကော်ရုံ ဘာမျှ မပြောတော့ချေ။ ထိုလူများက အထဲဝင်လာပြီးနောက် လင်းရီကို တောင်းကြလေသည်။
သူတို့နှင့် လင်းရီကြားတွင် တစ်ခုခု ဖြစ်ထားသည်မှာ သေချာသလောက် ရှိသဖြင့် လင်းရီကို ခေါ်လိုက်သည်က မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခုပင်။
ထို့နောက် လျိုကွေ့ချင် အန်းနင်ကို ဖုန်းခေါ်ပြီး ဖြစ်သွားခဲ့သည်များအား ရှင်းပြလိုက်၏။
“ နင်နင် ဘာပြန်ပြောလဲ…”
“ သူတို့ အခု လာနေပြီတဲ့…”
“ ဒါဆိုလည်း ငါတို့ ဒီမှာပဲ စောင့်ကြတာပေါ့..”
နာရီဝက်နီးပါးခန့် ကြာပြီးနောက် လူနာအခန်း တံခါး ပွင့်ဟလာခဲ့ပြီး လင်းရီနှင့် အန်းနင်တို့ အထဲ ဝင်လာခဲ့ကြသည်။
“ အမေ ဘာဖြစ်ခဲ့တာလဲ… ဘာလို့ အဲ့လူတွေ ဆေးရုံကို ရောက်လာခဲ့တာလဲဟင်….”
“ အမေလည်း မသိဘူး… သူတို့ ဝင်လာတော့ ဒါရိုက်တာလင်း ရောက်လာရင် ပြင်ပ လူနာဌာန ၃ ၊ အခန်း ၇၀၆ မှာ လာရှာဖို့ မှာသွားတာပဲ…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ အန်ကယ်ရော အဆင်ပြေတယ်မလား…”
“ သူ အဆင်ပြေတယ်… အားလုံး အဆင်ပြေတယ်…” လျိုကွေ့ချင် ဘေးကြပ်နံကြပ် ဖြစ်နေစွာဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် နင် သူတို့ဆီ ရောက်မလာခဲ့ဘူးဆိုရင် ဒီလာပြီး တိုက်ခိုက်မယ်လို့ ပြောသွားခဲ့တယ်…”
“ အသေးမွှား ကိစ္စလေးပါ… ကျွန်တော် သွားပြီး ဖြေရှင်းလိုက်မယ်… အန်တီတို့ ဒီမှာပဲ အေးဆေး စောင့်နေလိုက်…”
“ နင် တစ်ယောက်တည်း ဖြစ်လို့လား…”
လင်းရီ ထွက်ခွာသွားတော့မည်ကို မြင်တော့ အန်းနင် သူ၏ လက်မောင်းကို နောက်ကနေ လှမ်းဆွဲပြီး မေးသည်။
သူမ အနေနှင့်ကတော့ ရဲခေါ်ပြီး ပြဿနာ ရှင်းမည့် နည်းလမ်းကို ပိုပြီး အားသန်နေသည်။
“ အသေးမွှား ကိစ္စလေးပါပဲ… ဒီမှာပဲ စောင့်နေလိုက်…”
သူ အန်းနင်၏ လက်ကို သပ်ချပြီး ပြင်ပ လူနာ ဌာန အမှတ် ၃ သို့ ဦးတည်လာခဲ့လိုက်သည်။
………..
ပြင်ပလူနာ ဌာန အမှတ် ၃၊ အခန်း ၇၀၆ ။
ဤအခန်းက တစ်ဦးတည်း နေရသည့် သီးသန့်ခန်း ဖြစ်၏။ သို့သော် အန်းကော်ဟွား ရှိနေသည့် အခန်းလောက်တော့ ဇိမ်မကျ၊ မခမ်းနားချေ။
ကျော့ချွင်လီ၏ အပေါ်ပိုင်း ခန္ဓာက ဗလာကျင်းနေပြီး သူ၏ အောက်ဝမ်းဗိုက်နေရာတွင် ပတ်တီးများ စည်းထားသည်။ အနာက အနည်းငယ် သက်သာနေပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း တစ်ချို့ ပြုလုပ်၍ ရနေချေပြီ။
ကျော့ချွင်လီ အပြင် စွန်းမန်ကျားနှင့် ကျန်သူများလည်း ဤနေရာသို့ ရောက်ရှိနေခဲ့ကြ၏။ သူတို့က အခြား ကုတင် တစ်လုံးပေါ်တွင် လဲလျောင်း၍ ဖုန်းကြည့်နေကြကာ ကျော့ချွင်လီထက် ပိုပြီး အပူပင်ကြောင့်ကြမဲ့နေကြသည်။
“ အစ်ကို …. ခုဆို နာရီဝက်တောင် ရှိနေပြီနော်.. ဘာလို့ ခုချိန်ထိ ဘာသံမှ မကြားရသေးတာ… ဒီကောင် လာဖို့ ကြောက်နေတာများလား…” ကျော့ချွင်လီ မေးလိုက်၏။
“ အဲ့လိုတော့ မဟုတ်လောက်ဘူး…”
စွန်းမန်ကျား ပြောလိုက်ပြီး “ သူက ငါ့အစ်ကိုကြီးရဲ့ ပြေးလမ်းကိုတောင် လုယူပြီးမှ မင်းကိုလည်း ဓားနဲ့ထိုးရဲတယ်… အဲ့တာနဲ့တင် သူ ဘယ်လောက်ထိ မဆင်မခြင် နိုင်လဲဆိုတာ ပြဖို့ လုံလောက်တယ်.. သူ့လိုလူမျိုးက ဂုဏ်သတင်းကို ကောင်းကင်ကြီးထက်တောင် ပိုပြီး အလေးပေးတတ်ကြတယ်… သူရဲဘောကြောင်တဲ့ ကောင်တော့ လုံးဝ မဖြစ်နိုင်ဘူး…”
ပြောပြီးနောက် စွန်းမန်ကျား တစ်ဖက်သို့ လှည့်၍ နံရံကို လှန်မီနေပြီး လက်ပိုက်လျက် ရှိနေသည့် လူငယ်ကို ကြည့်လိုက်သည်။
“ ကျင်းပေါင်… ခဏနေ တစ်ဖက်လူ ရောက်လာရင် မင်း ညင်သာရမယ်… လက်စကို မလွန်စေနဲ့….”
ကျင်းပေါင်ဟု ခေါ်သည့် လူငယ်၏ နာမည် အပြည့်အစုံက ကျန်းကျင်းပေါင်ဖြစ်သည်။ သူက စွန်းမန်လုံ၏ ယုံကြည်ရသည့် လက်ရုံးများထဲက တစ်ယောက်ဖြစ်ပြီး သူတို့အဖွဲ့အစည်းအတွက် နှစ်ပေါင်းများစွာ အလုပ်ကြိုးစားပေးလာခဲ့သူပင်။ ထို့ကြောင့် အဖွဲ့အစည်းအတွင်း၌ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထား၏။
“ ငါတို့ ထွက်မလာခင်ကတည်းကရင် အစ်ကိုကြီးစွန်းက ငါ့ကို သေချာ မှာခဲ့ပြီးပြီ.. ငါ ဘာလုပ်ရမလဲ ဆိုတာ ငါသိတယ်… အစ်ကိုကြီးကို ပြဿနာတက်အောင်တော့ ငါမလုပ်ဘူး…”
“ ဒါဆို ငါစိတ်ချပြီ ဝါး…” စွန်းမန်ကျား ပြောရင်း သမ်းဝေပြီးနောက် “ ဒါပေမယ့် ငါတို့တွေ ဒီည သူ့ကို မေ့မရတဲ့ ညတစ်ည ဖြစ်အောင် ဖန်တီးပေးရမယ်… ဒီနေရာက သူ စိတ်တိုင်းကျ လုပ်ချင်သလို လုပ်လို့ ရတဲ့ နေရာ မဟုတ်ဘူးဆိုတာ အသိပေးရမယ်…”
ချလပ်…
တံခါး တွန်းပွင့်လာပြီး လင်းရီ ဘာကိုမျှ ဂရုမစိုက် အထဲသို့ ဝင်လာလေသည်။
“ မင်းတို့ ငါ့ကို လိုက်ရှာနေတယ်လို့ ကြားတယ်…”
လင်းရီ ဝင်လာသည်ကိုမြင်တော့ စွန်းမန်ကျားနှင့် ကျန်သူများအားလုံး တစ်ပြိုင်နက် မတ်တပ်ရပ်လိုက်ကြ၏။
“ မင်းကို လိုက်ရှာနေတာ တော်တော်လေးတောင် ကြာနေပြီ… မင်းက ငါ့ညီကို,ကို ဓားနဲ့ထိုးသွားတယ်ဆိုတော့ ဒီတိုင်း လွှတ်ပေးလိုက်လို့တော့ ဘယ်ဖြစ်မှာ… မျက်လုံးတစ်လုံးကို မျက်လုံးတစ်လုံးပဲ…”
“ ဒီလောက်နဲ့ မကျေနပ်နိုင်သေးဘူးပေါ့… အနည်းဆုံးတော့ မင်းကောင်က အသက်ရှင်နေသေးတာပဲလေ…”
စွန်းမန်ကျား မျက်လုံးပင့်လိုက်ပြီး လင်းရီကို အချိန်အတော်ကြာအောင် အကဲခတ်နေသည်။
“ ဘာလား… မင်း လေသံ နားထောင်ရတာ တောင်းပန်မယ့် ပုံစံ မရှိပါလား… ကြည့်ရတာ ငါတို့ကိုတောင် ပြန်ပြီး လုပ်ချင်နေတဲ့ ပုံစံနဲ့…”
“ ဒီလိုဖြစ်အောင် မင်းတို့ပဲ လုပ်ခဲ့တာ မဟုတ်လား..” လင်းရီ ပြောလိုက်ပြီး “ အရင်ဆုံး မင်းတို့တွေ အန်းနင်ရဲ့ မိဘအိမ်ကို သွားပြီး ရုတ်ရုတ်ရုတ်ရုတ် ဖြစ်အောင် လုပ်တယ်… ပြီးတော့ ဆေးရုံလာပြီး သူတို့ကို ခြိမ်းခြောက်တယ်… မင်းတို့ရဲ့ အနေအထားနဲ့ဆိုရင် လွှမ်းမိုးမှု တော်တော်လေး ရှိတဲ့လူတွေလို့ ပြောလို့ရတယ်… အဲ့တာတောင် ဘာလို့ ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်နေရတာလဲ… တစ်ချက်ကြည့်လိုက်တာနဲ့ မင်းတို့ကောင်တွေက အဆင့်မရှိတဲ့လူတွေဆိုတာ ပြောနိုင်တယ်…”
“ ဒီကောင်မလား…” ထိုအချိန် ကျန်းကျင်းပေါင် ဝင်ပြီး ပြောလာသည်။
စွန်းမန်ကျား ခေါင်းညိမ့်လိုက်၏။ “ အပြင်ထွက်စရာ မလိုဘူး…ဒီမှာပဲ လုပ်ပြီး ငါတို့ရဲ့ ရန်ငြိုးတွေကို အခုချက်ချင်း သင်ပုန်းချေလိုက်ကြတာပေါ့…”
ကျန်းကျင်းပေါင် ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး လင်းရီရှေ့တွင် ရပ်လိုက်၏။
“ အစ်ကိုကြီးပြောတာတော့ မင်းက သိုင်းပညာ လေ့ကျင့်တဲ့သူဆိုပဲ… မင်းရဲ့ စကေးတွေကို စမ်းကြည့်ရတာပေါ့….”
“ ငါ့ရဲ့ စကေးတွေကို စမ်းမယ်ပေါ့ ….”
လင်းရီ ဘာမျှ မပြောဘဲ ကျန်းကျင်းပေါင်ထံ သာမန် ရိုးရိုးရှင်းရှင်း ကိုယ်ဟန်ဖြင့် လက်သီးတစ်ချက် ထိုးလိုက်၏။
အံ့အားသင့်ဖို့ကောင်းစွာဖြင့် တစ်ဖက်သူမှာ သူ၏ လက်မောင်းကို ဘေးသို့ ချော်စေပြီး တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။
“ မဆိုးဘူး… ငါ တကယ်ကြီး မင်းကို မှားယွင်း အကဲဖြတ်ခဲ့မိတာပဲ…” လင်းရီ အံ့အားသင့်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။
သူ၏ လက်ရှိ လှုပ်ရှားမှုကနေတဆင့် တစ်ဖက်သူ၏ အဆင့်က E အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူ ပြောပြနိုင်သည်။
သို့သော် ဤအကြောင်းအရာကနေ တဆင့် တစ်စုံတစ်ခုကို သူခန့်မှန်းလိုက်၍ရသည်။
စွန်းမန်လုံနှင့် သူ၏ လက်အောက်ငယ်သားများက အလွန်ဆုံးမြင့်လှ သူ့ရှေ့ရှိ လူထက် အဆင့်တစ်ဆင့်ပင်။
ကျန်းကျင်းပေါင် သူ၏ ခေါင်းကို စိတ်ပျက်စွာ ခါယမ်းလိုက်ပြီး မျက်ဝန်းတို့က အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ ဒီတော့ မင်းတတ်တာ ဒါ အကုန်ပဲပေါ့… ၊ ငါ မင်းကို တကယ်ကြီး အထင်ကြီးခဲ့မိတာပဲ…”
“ မလောစမ်းပါနဲ့.. တစ်ကွက်တည်းက အရာအားလုံးကို ဘယ်ရှင်းပြနိုင်မှာ … ဆက်လုပ်ကြတာပေါ့…”
ပြောပြီးနောက် လင်းရီ ကျန်းကျင်းပေါင်ထံ နောက်လက်သီး တစ်လုံး ပစ်သွင်းလိုက်သည်။