ရုပ်ချောလို့ လွှတ်ပေးလိုက်တယ်
Vol. 96 Ch. 1437
“ မင်းက တစ်ခါကြိုးစားပြီးပြီကို လက်မလျော့နိုင်သေးဘူးပေါ့….”
“ အဲ့တာ အစောတုန်းက… ပြီးတော့ အခုက လက်ရှိ…”
ကျန်းကျင်းပေါင် ဘာမျှ မပြောတော့ပဲ ရှေ့ကနည်းတူ ပိတ်ဆို့ကာကွယ်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ အခြေအနေတို့က မတူညီတော့ချေ။
ကျန်းကျင်းပေါင် ကာကွယ်ရန် လှုပ်ရှားလိုက်သော်လည်း လင်းရီက သူ၏ လက်ကောက်ဝတ်ကို ဆုပ်ထားကာ ရှေ့သို့ ဆွဲလိုက်၏။
ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာ မှားယွင်းနေပြီကို ကျန်းကျင်းပေါင် ခံစားမိလိုက်သည်။
လင်းရီ၏ တုံ့ပြန်သည့် အမြန်နှုန်း ဒါမှမဟုတ် ခွန်အားက ဖြစ်စေ ၊ သူစိတ်ကူးထားသည်ထက်ကို ကျော်လွန်နေလေသည်။
အထူးသဖြင့် သူ၏ လက်မောင်းများပင်။ ပလာယာနှင့် ညှပ်ခံထားရသကဲ့သို့ မည်သို့ပင် ရုန်းကန်ပြီး လွတ်မြောက်ဖို့ ကြိုးစားစေကာမူ အသုံးမဝင်ပေ။
“ ယီးပဲ… ခွေး*သား…”
လင်းရီ ကျိန်ဆဲပြီး ကျန်းကျင်းပေါင်၏ မျက်နှာကို သူ၏ အခြား လက်တစ်ဖက်ဖြင့် ထိုးနှက်လိုက်၏။
“ အား….. ရှီးပဲ… ”
ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာပြီး ကျန်းကျင်းပေါင် သူ၏ နှာခေါင်းကို လက်ဖြင့် အုပ်ထားကာ ကြမ်းပြင်သို့ ဒူးထောက်ကျသွားခဲ့၏။ သူ၏ မျက်နှာ တစ်ခုလုံး နှာခေါင်းသွေးတို့ ပေကျံနေပြီး အလွန်တရာကို ရုပ်ပျက်ဆင်းပျက် နိုင်နေလေသည်။
ကျန်းကျင်းပေါင်၏ ရုပ်ပျက် ဆင်းပျက် အခြေအနေကို မြင်တော့ စွန်းမန်ကျားနှင့် သူ့လက်အောက်ငယ်သားများအားလုံး ကြက်သေသေသွားခဲ့ကြသည်။
ကျန်းကျင်းပေါင် ဆိုသူက သူတို့ အစ်ကိုကြီး၏ အယုံကြည်ရဆုံး ၊ အားအကိုးရဆုံး လက်ရုံး တစ်ဆူ ဖြစ်၏။ ထိုသို့သော သူမျိုးကို ခွန်အားအရာတွင် မေးခွန်းထုတ်စရာ မလိုချေ။ သို့တိုင် လက်သီး တစ်ချက်တည်းနှင့် အဘယ်ကြောင့် ရှုံးနိမ့်သွားခဲ့ရသနည်း။
အခန်းထဲရှိ လူတိုင်း လင်းရီကို တုန်လှုပ်ခြောက်ခြားကို ငေးကြည့်နေမိကြသည်။
“ ကျင်းပေါင်….”
ကျန်းကျင်းပေါင်၏ အခြေအနေကို မြင်တော့ စွန်းမန်ကျား ရှော့ခ်ရသွားခဲ့၏။
သူ ကျန်းကျင်းပေါင်၏ အစွမ်းအစကို ကောင်းစွာ သိထားသည်။ ထို့ကြောင့်လည်းပဲ လင်းရီကို သင်ခန်းစာပေးရာတွင် လက်စလျော့ဖို့ သတိပေးထားခဲ့ခြင်းပင်။
သူ့အစ်ကိုကြီး ပြောသည့် စကားများအရတော့ အထူးတပ်ဖွဲ့က အင်အားစုများပင် တစ်ယောက်ချင်းယှဉ်ပါက ကျန်းကျင်းပေါင်၏ ပြိုင်ဘက် မဖြစ်နိုင်ဟု ပြောခဲ့လေသည်။ အဘယ်ကြောင့် ယခု ချမ်းသာသည့် ဒုတိယ မျိုးဆက် တစ်ယောက်က လက်သီးတစ်ချက်တည်း သုံးပြီး အနိုင်ယူသွားခဲ့ရသနည်း။
“ ကျင်းပေါင်… မင်း အဆင်ပြေလား…”
ကျန်းကျင်းပေါင် သူ့ နှာခေါင်းကို အုပ်ထားပြီး မီးတောက်လောင်နေသကဲ့သို့ စူးရှသည့် နာကျင်မှုကို ခံစားနေရသည်။
သူ့ဘက်က မဖော်ပြသော်လည်းပဲ အတော်လေး ရှော့ခ်ရနေမိ၏။
သာမန်ဆိုပါက ယခုလို လက်သီးလေးတစ်ချက်ဖြင့် ဤမျှလောက် ဒဏ်ရာရဖို့ရာက မဖြစ်နိုင်ပေ။
ဆိုတော့ သေချာနေပြီ။ ဤကောင်က အနည်းဆုံး D အဆင့်ပင်။
သို့သော် အစ်ကိုကြီးစွန်း ပြောခဲ့သည်မှာ ဤ ကောင်က ချမ်းသာသည့် ဒုတိယ မျိုးဆက်သခင်လေး တစ်ယောက်မျှသာ ဖြစ်သည်ဆို။ ဘယ်လိုလုပ် ဤမျှ ခွန်အားကြီးနေရသနည်း။
“ ငါ ပြေတယ်…”
ကျန်းကျင်းပေါင် မတ်တပ်ရပ်ပြီး နှာရှုံ့လိုက်၏။ သို့သော် လင်းရီကို သူ ကြည့်သည့် အကြည့်တို့ကတော့ ကြောက်ရွံ့သည့် အကြည့်တို့ဖြင့်ပင်။
“ မင်း ရသေးလား…” စွန်းမန်ကျား အသံကို နိမ့်၍ မေးလိုက်၏။
“ ပြေတယ်… ငါ ခုနက ဂရုမစိုက်မိလိုက်လို့ ဒီလို ဖြစ်သွားခဲ့တာ…” ကျန်းကျင်းပေါင်၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်တို့ တစ်ဖန် ပြည့်နှက်လာခဲ့ပြီး သူ၏ လေသံမှာ နက်ရှိုင်းသထက် နက်ရှိုင်းလို့လာသည်။
“ ကံကောင်းတာ ဒီနေ့ မင်းပါလာခဲ့လို့ပေါ့… ဒီက သာမန်လူတွေနဲ့သာဆိုရင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး… ဂရုစိုက်…”
ကျန်းကျင်းပေါင် ခေါင်းညိမ့်လိုက်သည်။ “ မင်း နောက်ဆုတ်နေလိုက်… ဒီတစ်ကြိမ်တော့ ငါ အတည်လုပ်တော့မှာ… မတော်တဆ မင်းကို ထိခိုက်မိမှာမျိုး မလိုချင်ဘူး…”
“ အိုကေ…”
စွန်းမန်ကျားနှင့် ကျန်သူများ ဂရုတစိုက်နှင့် နောက်ဆုတ်လိုက်ကြပြီး လမ်းဖယ်ပေးလိုက်ကြသည်။
ကျန်းကျင်းပေါင် သူ၏ နောက်ကျောသို့ ထိလိုက်ပြီး ခေါက်ဓား တစ်ချောင်းကို ချွင်ခနဲ ထုတ်လိုက်သည်။
“ လာခဲ့စမ်း… မင်းရဲ့ အရည်အချင်း အစစ်တွေ ထုတ်ပြလိုက်စမ်း…”
“ အထိုးခံထားရတာတောင် မမှတ်သေးဘူး ရှေ့ဆက်ချင်သေးတယ်ပေါ့…”
“ ရှီးပဲ… ငါ မင်းကို သတ်မယ်ကွ…”
ကျိန်ဆဲသံနှင့်အတူ ကျန်းကျင်ပေါင် လင်းရီထံသို့ ဓားတစ်ချောင်းနှင့် တိုးဝင်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် လင်းရီသည် သူ့ရှေ့ရှိ ဤလူက သူကဲ့သို့ လေ့ကျင့်သူ တစ်ယောက်ဖြစ်ကြောင်းကို ပိုပြီး သေချာသွားခဲ့၏။
သူက မရိုးရှင်းပေ။
ဖက်….
ကျန်းကျင်းပေါင် သူ့ထံသို့ ဓားဖြင့် ပြေးလာပြီး ထိုးသည့် အချိန်တွင်ပဲ လင်းရီ၏ လက်က တစ္ဆေအရိပ်ကဲ့သို့ လှုပ်ရှားကာ သူ၏ လက်ကောက်ဝတ်ကို ထပ်မံ ဖမ်းဆုပ်ထားလိုက်သည်။
ချက်ချင်းဆိုသလို ပတ်ပတ်လည်ရှိ အချိန်သည် ရုတ်ချည်း ရပ်တန့်သွားခဲ့ပုံရသည်။
ကျန်းကျင်းပေါင်၏ မျက်လုံးများက ပြူးကျယ်နေပြီး လေထဲတွင် လင်းရီနှင့် အကြည့်ချင်း ရင်ဆိုင် ဆုံတွေ့သွားခဲ့၏။
သူ၏ မျက်ဝန်းတို့က မယုံကြည်နိုင်သည့် ၊ ရှော့ခ်ရမှုတို့ဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းမျိုးပင်။ နောက်ရှေ့ဆက်ဖြစ်လာမည့် သူ၏ ကံကြမ္မာကိုလည်း ကြိုပြီး စဉ်းစားမိနေသည့်ပုံပင်။
ဤ လှုပ်ရှားမှု တစ်ခုတည်းနှင့် သူတော့ ဇာတ်သိမ်းပြီ ဖြစ်ကြောင်းကို ကျန်းကျင်းပေါင် တပ်အပ်သိလိုက်သည်။
လင်းရီ မျက်ဝန်းထဲကနေ တောက်လောင်နေသည့် သတ်ဖြတ်လိုစိတ်တို့က ကျန်းကျင်းပေါင်းကို ခုခံလိုစိတ်များ ပျောက်ဆုံးသွားစေခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ရိုက်ချိုးခံလိုက်ရတော့၏။
“ အဲ့ဒီ ကုတင် ပေါ်က အမှိုက်ကလည်း မနေ့က မင်းလိုပဲ… ဒီနေ့တော့ မင်းအလှည့်ပေါ့…”
လင်းရီ ကျန်းကျင်းပေါင်ကို အခွင့်အရေး လုံးဝ မပေးဘဲ ဓားကို ဆွဲလု၍ ၎င်း၏ ဝမ်းဗိုက်အတွင်းသို့ ထိုးသွင်းလိုက်၏။
“ အု….”
ခပ်အုပ်အုပ် အသံနှင့်အတူ ကျန်းကျင်းပေါင်၏ ပါးစပ်ထဲက သွေးတို့ ယိုစီးကျလာသည်။ နောက်တစ်ခဏ၌ ဗိုက်ကို ဆုပ်ကိုင်ထားရင်း ကြမ်းပြင်ရှိ သွေးအိုင်ထဲတွင် လဲကျသွားခဲ့တော့သည်။
စွန်းမန်ကျားနှင့် ကျော့ချွင်လီတို့ လင်းရီကို ပါးစပ် အဟောင်းသား ဖြစ်စွာ ငေးကြည့်နေခဲ့ကြသည်။ သူတို့၏ ပါးစပ်များက ပန်းသီး ပစ်ထည့်နိုင်လောက်သည်အထိ ပွင့်အာနေခဲ့ကြ၏။
ကျန်းကျင်းပေါင် တဒင်္ဂအတွင်း ရှုံးနိမ့်သွားလိမ့်မည်လို့ သူတို့ ထင်မထားခဲ့ကြပါလေ။
“ အား…….”
အခြားသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လင်းရီ လှည့်ကြည့်လိုက်တော့ တံခါးဝတွင် နာ့စ်နှစ်ဦး မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့နှစ်ဦးက တစ်ဦးကို တစ်ဦး ဖက်၍ အသံပြဲအောင် အော်ဟစ်နေကြလေသည်။
“ ရတယ် ရတယ်.. မကြောက်ကြနဲ့…”
လင်းရီ ဓားရမ်းပြ၍ ဖြောင်းဖြလိုက်ပြီး နည်းနည်းလေး ကူကယ်ရာမဲ့နေမိသည်။ ဤနေရာက ဆေးရုံဆိုတာကို သူ မေ့နေခဲ့လေသည်။
“ ပြေးကြ….”
အရေးကြီးသည့် အခိုက်အတန့်တွင် စွန်းမန်ကျား ချက်ချင်းဆိုသလို လှုပ်ရှားပြီး တံခါးဝသို့ အသက်လုပြေးတော့၏။
ထိုအခိုက်အတန့်တွင် သူ မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ချေ။
အကယ်လို့ သူသာ ထွက်မသွားဘူးဆိုပါက လင်းရီသည် ကျိန်းသေပေါက် သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
ကျန်သည့် လူနှစ်ယောက်လည်း အချိန်မီ တုံ့ပြန်ကာ စွန်းမန်ကျား နောက်ကနေ လိုက်ပြေးလေသည်။
“ ဒီချိန်ကြီးမှတော့ ပြန်မနေနဲ့တော့လေ…”
ဘန်း ဘန်း…
နှစ်ကွက်တည်းနှင့် လင်းရီ နှစ်ယောက်လုံးကို အမှောက်သိပ်ပေးလိုက်သည်။
ယင်ကောင်လေး နှစ်ကောင်ကို အသာအယာ တောက်ထုတ်ပြီးနောက် လင်းရီ အချိန်ဖြုန်းမနေပဲ အပြင်ဘက်သို့ ပြေးထွက်သွားခဲ့လေသည်။
ကော်ရစ်ဒါ၌ လူများက စွန်းမန်ကျား အသည်းအသန် သရဲတစ္ဆေ မြင်ခဲ့သလို ထွက်ပြေးလာသည်ကို မြင်တော့ အနည်းငယ် ကြောင်တက်တက်နှင့် ဖြစ်သွားခဲ့ကြ၏။
သို့သော် ၎င်းအနောက်၌ လင်းရီက သွေးသံတရဲရဲ ဓားမြောင်ကြီးကိုင်ပြီး ပြေးလာနေသည်ကို မြင်တော့ သူတို့ ခေါင်းတစ်ခုလုံး တဝီဝီ မြည်ဟည်းသွားခဲ့လေသည်။
အမယ်လေး စိတ္တဇ လူသတ်သမားကြီးလား… မဲမဲမြင်ရာ အကုန် လိုက်သတ်တော့မှာများလား…
တစ်ချိန်တည်းတွင် လင်းရီ စွန်းမန်ကျားနောက်ကနေ ပြေးလိုက်လာပြီး ခုန်အုပ်၍ နောက်ကျောကို ဆောင့်ကန်လိုက်သည်။
ဝှစ်…
စွန်းမန်ကျား ဟန်ချက်ပျက်သွားခဲ့ပြီး ရှေ့သို့ အရှိန်လွန်သွားကာ ကြမ်းပြင်ပေါ်သို့ အုန်းခနဲ ပစ်လဲကျသွားခဲ့တော့သည်။
“ ကယ်ကြပါဦး… ဒီမှာ လူလိုက်သတ်နေပါတယ်…”
" ကယ်ကြပါဦး.... "
ထိုအခိုက်အတန့်တွင် စွန်းမန်ကျားသည် ဂန်းစတားတို့၏ သိက္ခာ ဘာညာ သာရကာတို့ကို ဂရုစိုက်မနေဘဲ ကော်ရစ်ဒါထဲ၌ ငကြောင်တစ်ကောင်ကဲ့သို့ ဖင်ကုန်းအော်ဟစ်နေလေသည်။
“ မင်း… ဟိုကောင်… မင်း ဘာတွေ လုပ်နေတာလဲ… အဲ့ဓားကြီးကို ချထားစမ်း…”
အဆောက်အအုံအတွင်းရှိ အခြေအနေကို သတင်းရတော့ လုံခြုံရေး ဌာနရှိ အစောင့်များက ချက်ချင်းဆိုသလို အခင်းဖြစ်သည့် နေရာသို့ အပြေးရောက်လာခဲ့ကြသည်။
သူတို့လက်ထဲတွင် ရဲဘက်တံများ ရှိနေပြီး လင်းရီထံသို့ တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။
“ ကောင်လေး… မင်း အသက်ငယ်ငယ်လေး ရှိသေးတာကို ဘာလို့လဲ… မင်း တစ်စုံတစ်ယောက်ကို သတ်လိုက်ရင် မင်းဘဝကြီး လူညွှန့်တုံးသွားမှာနော်… မင်း … လက်ထဲက ဓားကို ချလိုက်… ငါတို့ အေးဆေး စကားပြောကြမယ်…”
လုံခြုံရေး အဖွဲ့ခေါင်းဆောင်ကနေပြီး ပြောလိုက်သည်။
“ ကောင်လေး.. စိတ်လျော့ပါ… အေးအေးဆေးဆေး ပြေရာပြေကြောင်း ပြောလို့ရပါတယ်… ရှေ့ဆက်ရဦးမယ့် ဘ၀ကြီးက အရှည်ကြီး ရှိသေးတယ်လေ... “ တာ၀န်ကျ ဒေါက်တာကလည်း သူ့ကို ဖြောင်းဖြသည်။
“ ကြမ်းပြင်မှာ လဲနေတဲ့လူက လက်မှာ တက်တူးနဲ့… သူ့ ကြည့်ရတာ လူကောင်းနဲ့ မတူဘူးနော်…”
လူနာ မိသားစုဝင် တစ်ဦးက တံခါးဝ၌ မှီရင်း တီးတိုးရေရွတ်လိုက်သည်။
“ သူက အဲ့ လူချော အစ်ကိုလေးကို အနိုင်ကျင့်ခဲ့လို့ ဖြစ်မယ်… မဟုတ်ရင် အဲ့ဒီ အစ်ကိုလေးက ဒီလောက်ထိ စိတ်တိုနေမှာ မဟုတ်ဘူး…”
“ ငါလည်း အဲ့လို ထင်တယ်… ဒီ စက်ဆုပ်ဖို့ ကောင်းတဲ့ဟာတွေကတော့ သူတို့ အဲ့တာနဲ့ပဲ တန်တယ်…”
လင်းရီ တည်ငြိမ်သွားသည်ကို မြင်တော့ ဘေးကနေ ကြည့်ရှုနေကြသူများက အရင်လို မကြောက်ရွံ့ကြတော့ချေ။ ထို့ပြင် အမျိုးသမီး အများစုကလည်း လင်းရီဘက်ကနေ ပြောပေးနေပြီး အမျိုးမျိုး ကောက်ချက်တွေ ပေးနေကြလေသည်။
ကနေဦးပိုင်း၌ လင်းရီကို ဖြောင်းဖြပြောဆိုခဲ့သည့် ဒေါက်တာလည်း ပြောစရာ ကင်းမဲ့သွားခဲ့တော့၏။
‘ သူက လူတစ်ယောက်ကို ဓားနဲ့ ထိုးတော့မလို့လေ… မင်းတို့က အဲ့တာကို သူ့ဘက်နေ ပြောပေးနေရသလားဟ…’
‘ ရုပ်ချောတာနဲ့ပဲ ဒုစရိုက်သမား မဖြစ်နိုင်ဘူးလို့ မင်းတို့တွေ ထင်နေကြလား….’
“ လင်းရီ…”
လင်းရီ စွန်းမန်ကျားကို ခြေလက်တွေ ရိုက်ချိုးပြီး အဝေးသို့ ခေါ်သွားတော့မည့် အချိန်မှာပဲ ရုတ်တရက်ဆိုသလို ငိုသံနှင့် ပုံရိပ်တစ်ခုက သူ့အရှေ့ ရောက်ရှိလာလေသည်။
ထိုပုံရိပ်ကတော့ အန်းနင် ဖြစ်၏။
“ မင်း ဒီကို ဘာလာလုပ်တာ…”
“ နင့်ကို စိတ်ပူလို့ပေါ့…”
“ ဒီတိုင်း လူမိုက် တစ်အုပ်ကိုပဲ ဘာများ စိတ်ပူစရာ လိုလို့…”
ပြောပြီးနောက် လင်းရီသည် ဒေါက်တာများနှင့် ရောက်ရှိနေသည့် လုံခြုံရေး အစောင့်များဘက်သို့ လှည့်ကြည့်၍ “ ကျန်းသရုံကို ဖုန်းဆက်ပြီး ငါ့နာမည် လင်းရီလို့ ပြောလိုက်.. သူ ဒီကိစ္စ ကိုင်တွယ်လိမ့်မယ်…”
လင်းရီ ပြောရင်းဖြင့် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး “ ငါ့ကိစ္စကိုတော့ မင်းတို့ ဘေးရှောင်နေလိုက်…”