← Chapters

အထောက်အထား ဖော်ထုတ်ခြင်း

Vol. 96 Ch. 1439

အထောက်အထား ဖော်ထုတ်ခြင်း

Vol. 96 Ch. 1439

တစ်ချိန်တည်းတွင် လူနာဆောင် အပြင်ဘက်ရှိ ကော်ရစ်ဒါတွင် ဆူညံမှုတို့ ဆက်တိုက် ဖြစ်ပေါ်နေသည်။

လင်းရီ လူနာခန်းထဲ ဝင်သွားပြီးနောက် တာဝန်ကျ ဒေါက်တာက ကျန်းသရုံထံ ချက်ချင်း ဖုန်းခေါ်ပြီး မျက်မြင်တွေ့ရှိသူများအား ရဲ စခန်းသို့ ဖုန်းမဆက်ရန် ညွှန်ကြားထားလိုက်သည်။

လူတိုင်းက ဒါရိုက်တာကျန်း ရောက်သည်အထိ စောင့်ဆိုင်းရပေမည်။

ကျန်းသရုံလည်း တုံ့ဆိုင်းမနေခဲ့ချေ။ သတင်းကို လက်ခံရရှိသည်နှင့် ချက်ချင်း လက်ငင်း အပြေးလွှား ရောက်ရှိလာကာ ကိုင်တွယ် ဖြေရှင်းမှုများ ပြုလုပ်သည်။

သူက လူတိုင်းကို ဤကိစ္စ အပြင်သို့ မဖွရန် သတိပေးလိုက်ပြီး စုံစမ်းမှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းရမည်။ လင်းရီက အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ထိုသို့ ပြုလုပ်လိမ့်မည် မဟုတ်ဟု သူ့စိတ်က ပြောနေသည်။

အန်းနင်မှာမူ ပြတင်းပေါက်နားတွင် စိုးရိမ် ပူပန်စွာဖြင့် ရှိနေပြီး သူမ၏ မျက်မှောင်နှစ်ခုကို တင်းကြပ်စွာ ပူးကပ်ထားနေမိသည်။ သို့သော် သူမဘက်က တတ်နိုင်သည်ကလည်း ဘာမျှ ရှိမနေချေ။

“ ဒါရိုက်တာကျန်း… ကျုပ်တို့ ရဲခေါ်ဖို့ မလိုဘူးဆိုတာ သေချာရဲ့လား… သူက လူမြင်ကွင်းကြီးမှာ လူသတ်မှု ကျူးလွန်မလို့ လုပ်နေတာနော်… ကျုပ်တော့ဖြင့် ဒီတိုင်း တွေးကြည့်ရုံနဲ့တင် ကြက်သီးဖြန်းတယ်…”

အခြားတစ်ဖက်ရှိ ခေါင်းဆောင် ခွဲစိတ် ဆရာဝန်ကနေပြီး ညင်သာစွာ ပြောလိုက်သည်။

“ မလိုဘူး… ငါပြောတဲ့ အတိုင်းပဲလုပ်…” ကျန်းသရုံ လေးလေးနက်နက် ပြောကြားလိုက်သည်။

လင်းရီက အန္တရာယ်ရှိသည့် လူတစ်ယောက် မဟုတ်သည်ကို သူ လုံးဝ ကျိန်းသေသည်။

“ သူက ဟွာရှန်းဆေးရုံရဲ့ နှလုံးခွဲစိတ်ဌာနက ဒါရိုက်တာ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်.. တစ်ချိန်တည်းမှာ သူက ဟွာရှ ဆေးပညာ အဖွဲ့အစည်းကြီးရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဟုတ်တယ်… အဲ့လို လူစားမျိုးက လူသတ်မှု ကျူးလွန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… အဆိုးဆုံးမှ သူတို့နှစ်ယောက်ကြားမှာ အထိကရုဏ်း နည်းနည်း ဖြစ်ရုံလောက်ပဲ … ဌာနက လူတွေကို သွားပြီး ရှင်းပြလိုက်… တကယ်လို့ တစ်ယောက်ယောက်က ဒီကိစ္စကို ပေါက်ကြားစေမယ်ဆိုရင် ငါတို့ ပြဿနာ တက်လိမ့်မယ်…”

“ သူက ဆေးပညာ အဖွဲ့အစည်းရဲ့ အထွေထွေ အတွင်းရေးမှူးပေါ့…”

“ သူ့လို အဆင့်ရှိတဲ့ ပုဂ္ဂိုလ်မျိုးဆိုတာ မင်းတွေ့ဖို့ လွယ်ကူတာ မဟုတ်ဘူး…” ကျန်းသရုံ ပြောလိုက်ပြီး “ ဒီမွန်းလွဲပိုင်းမှာနော် လူနာတစ်ယောက် သေလုမြောပါး ဖြစ်နေပြီ.. အဲ့တာတောင် လင်းရီက ငရဲတံခါးဝကနေ အတင်းအကြပ် ကယ်တင်ပေးခဲ့တာ… သူ ဘယ်လောက်တော်လဲ မင်း အဲ့တာသာ တွေးကြည့်တော့…”

ခေါင်းဆောင် ခွဲစိတ်ဆရာဝန်၏ နှုတ်ခမ်းများ တွန့်ကွေးတက်သွားခဲ့သည်။ ဒါရိုက်တာကျန်း ပြောသွားသည့် လူနာကို သူသိသည်။ သူပဲ စမ်းသပ်မှုများ ပြုလုပ်ခဲ့တာ ဖြစ်၏။ သို့တိုင် ထိုလူ၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်လော။

ကြောက်မက်ဖွယ်ရာပင်။

“ ဒီလို အရည်အချင်းမျိုးနဲ့ဆိုရင် … သူက ကောင်းကင်ကို ဖီဆန်နေတာနဲ့ မတူဘူးလား…”

“ မဟုတ်ရင် ဒီလောက် ငယ်ငယ်လေးနဲ့ ဟွာရှ ဆေးပညာ အဖွဲ့အစည်းရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်လာနိုင်မယ် ထင်လား…. “ ကျန်းသရုံ အခန်း ၇၀၆ ဘက်သို့ လှမ်းကြည့်ပြီး အသံကို နိမ့်၍ ပြောလိုက်သည်။

“ ကောင်းပြီ… ဆက်မပြောကြနဲ့တော့… ဒီကိစ္စက အသေးအမွှား ကိစ္စလေး မဟုတ်ဘူး… ဘာကိုမှ မှားယွင်း မသွားစေနဲ့..”

“ နားလည်ပြီ…”

ဌာန ဒါရိုက်တာက ခေါင်းညိမ့်ပြီး ထွက်ခွာရန် ဟန်ပြင်သည်။ သူ ညွှန်ကြားချက်များကို ထပ်မံ သွားပေးတော့မလို့ပင်။

သို့သော် ထိုအချိန်မှာပဲ ဓာတ်လှေကား တံခါး ပွင့်ဟလာပြီး သူ့ကို အံ့အားသင့်သွားစေခဲ့သည်က ရဲ အရာရှိ ဆယ်ဦးကျော်မှာ ဓာတ်လှေကားထဲကနေ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်းပင်။

“ ဒါ... ဒါရိုက်တာကျန်း… ရဲတွေ ရောက်လာခဲ့ပြီ…”

“ ငါ ရှီးတဲ့မှ … မင်းတို့ကို ရဲမခေါ်ဖို့ ငါ မပြောခဲ့ဘူးလား… သူတို့က ဘယ်ကနေ ရောက်လာခဲ့တာတုန်း..”

ရဲများရောက်လာသည်ကို အန်းနင် မြင်တော့ သူမ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့တော့၏။ သူမ၏ တဒုတ်ဒုတ် ခုန်နေသည့် နှလုံးက လည်ချောင်းဝသို့ တစ်ဆို့လာလေတော့သည်။

ရဲများ ရောက်ရှိလာမှုက ကျန်းသရုံကို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ပျက်သွားစေသည်။

သူတို့က ဤနေရာသို့ လင်းရီကို လာဖမ်းခြင်း ဖြစ်ကြောင်း တုံးအစွာ သွားမေးနေရန် မလိုပေ။

“ ဟယ်ဟို အရာရှိကြီးတို့ … ကျုပ်က ဆေးရုံရဲ့ ဒုဒါရိုက်တာပါ… ဒါက နားလည်မှု လွဲနေတာပါ… ကျုပ်တို့ဘာကျုပ်တို့ ကိုင်တွယ်လို့ ရပါတယ်… အရာကြီးတို့ကို ဒုက္ခမပေးတော့ပါဘူး…”

ကျန်းသရုံ အခြေအနေကို ကောင်းစွာ နားလည်ထားသည်။

အကယ်လို့ အခင်းဖြစ်ပွားသည့် နေရာကို မြင်တွေ့ပြီးပါက လင်းရီသည် ဟွာရှဆေးအဖွဲ့အစည်း၏ အထွေထွေ အတွင်းရေးမှူး ဖြစ်နေလျှင်ပင် လက်ပိုက်ပြန်သွားမည် မဟုတ်တာကို သူသိသည်။

ထို့ပြင် ဆေးရုံအတွင်းရှိ ဒေါက်တာများနှင့် နာ့စ်များသာမက လူနာမိသားစုဝင်များကလည်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သတင်း အချက်အလက် တစ်ချို့ကို သိရှိထားကြလေသည်။

တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးသက်ရောက်မှုက တိုင်းတာ၍ ရလိမ့်မည် မဟုတ်ချေ။

ဤကိစ္စကို ဖိနှိပ်ထားဖို့ရာ ခက်ခဲသွားနိုင်သည်။

“ ဟယ်လို ဒါရိုက်တာကျန်း … ကျုပ်က ချိန်လီရှန်းပါ… ဒါရိုက်တာကျန်းက ကျုပ်တို့နဲ့ ပူးပေါင်းပေးမယ်လို့ မျှော်လင့်ပါတယ်…” ချိန်လီရှန်း ပြောလိုက်ပြီး “ ကျုပ်တို့ အဲ့လူကို ခေါ်သွားပြီး စစ်ဆေးကြည့်ဖို့ လိုတယ်… ကျုပ်တို့ကို မတားပါနဲ့..”

“ ကျုပ်တို့ ပူးပေါင်းပေးမှာပါ… ဒါပေမယ့် ဒါက နားလည်မှု လွဲရုံ သပ်သပ်ပဲလေ… ရေးကြီး ခွင်ကျယ်တွေ လုပ်နေစရာ မလိုပါဘူး…”

“ နားလည်မှု လွဲသလား ဆိုတာကို ကျုပ်တို့ စုံစမ်း စစ်ဆေးပြီးမှပဲ အတည်ပြုနိုင်ပါမယ်… “ ချိန်လီရှန်း ပြောလိုက်ပြီး “ ဆိုတော့ သေချာသွားအောင် အခန်း ၇၀၆ အနား ဘယ်သူ့ကိုမှ မလာပါစေနဲ့… တခြား အန္တရာယ်တွေ ရှိဦးမလား မပြောနိုင်သေးဘူး…”

ကျန်းသရုံ ရင်ထဲ စိုးရိမ်ပူပန်နေသည်။ သူ လင်းရီကို ကူညီပေးချင်သော်လည်း လက်ရှိ ပြဿနာကို မည်သို့ ကိုင်တွယ်ရနိုးနိုး ဖြစ်နေခဲ့၏။

ထိုအချိန် ရဲဒါဇင်ကျော်က အခန်း ၇၀၆ ထံ ဂရုတစိုက်နှင့် ချဉ်းကပ်နေပြီး တစ်ချိန်တည်းတွင် ချိန်လီရှန်းနှင့် ကျန်နှစ်ယောက်က သူတို့၏ သေနတ်များကို ထုတ်ကာ ထင်မှတ်မထားသည့် မတော်တဆမှုများအတွက်လည်း အသင့်ပြင်ထား၏။

ထိုမြင်ကွင်းကိုမြင်တော့ အန်းနင်မှာ မူးမေ့တော့မယောင် ဖြစ်သွားခဲ့သည်။

သူမ တားမြစ်ချင်သော်လည်း ဘာပြောရမှန်း မသိ ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် သက်သေများက သိသာထင်ရှားလှပြီး လင်းရီက လူတစ်ဦးကို ဓားဖြင့် ထိုးခဲ့ကာ သွေးသံတရဲရဲ ဓားဖြင့် ဆေးရုံတွင်း ထွက်လာသည်ကို လူတိုင်းက မြင်တွေ့ခဲ့လေသည်။

ထိုအခိုက်အတန့်တွင် လူနာ အခန်းတံခါး ပွင့်လာသည်ကို လူတိုင်းက မြင်တွေ့လိုက်ရ၏။ လင်းရီ အပြင်သို့ ထွက်လာပြီး ချိန်လီရှန်းတို့နှင့် ပက်ပင်းတိုးသည်။

လူအုပ်စု နှစ်ခုက တစ်ယောက်ကို တစ်ယောက် အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေမိကြ၏။

“ အိုး… ရဲမှူးကြီးတို့ကိုး… ဒီကို လူလာဖမ်းကြတာလား…”

“ အမ်…”

ချိန်လီရှန်း နည်းနည်း ရှုပ်ထွေးသွားခဲ့သည်။

သူက ဆေးရုံကို လူလာဖမ်းဖို့ မဟုတ်ရင် ထမင်းစားဖို့လား..

“ မင်း နာမည်ပြော….”

ချိန်လီရှန်း လင်းရီကို သေနတ်ဖြင့် ရွယ်ထားပြီး မေးလိုက်သည်။ သူ သတိကို အပြည့်ကပ်ထား၏။

“ လင်းရီ…”

လင်းရီ ဖြစ်ကြောင်း သေချာသည်နှင့် နှစ်ဖက်ရှိ လေထုက ချက်ချင်း တင်းကြပ်လာသည်။

“ မလှုပ်နဲ့ … ငါတို့နဲ့ ခုချက်ချင်း လိုက်ခဲ့…”

“ ဟင်… ဒီလာတာ ကျွန်တော့်ကို ဖမ်းဖို့လား… ဒါ အဓိပ္ပာယ်တော့ မရှိဘူးနော်…”

“ မင်း လူတစ်ယောက်ကို ဓားနဲ့ တိုက်ခိုက်ခဲ့တယ်…. မင်းငါ့ကို ကတ်တီးကပ်ဖဲ့ ပြောချင်သေးလား…”

“ လူတစ်ယောက်ကို ဓားနဲ့ထိုးခဲ့တယ်ဆိုတာ ဝန်ခံတယ်.. ဒါပေမယ့် အထဲက လူက လူကောင်းတွေမှ မဟုတ်တာ… ကျွန်တော်က ရဲမှူးကြီးတို့ကိုယ်စား လူ့အသိုင်းအဝိုင်းကြီး သန့်ရှင်းအောင် ကူညီပေးနေတာနော်… ကျွန်တော့်ကို ဖမ်းမယ်ဆိုတာကြီးကတော့ မဟုတ်သေးဘူးလေ … ဟုတ်တယ်ဟုတ်…”

“ အထဲက ဘယ်သူလဲ ငါမသိဘူး… ဒါပေမယ့် မင်းက အမှုကို လူမြင်ကွင်းကြီးမှာကျူးလွန်ခဲ့တယ်… တရား ဥပဒေအရ မင်းကို အရေးယူရမှာပဲ…”

ကျန်းသရုံ ကူကယ်ရာမဲ့စွာဖြင့် နဖူးကို ရိုက်မိလိုက်သည်။ ယခုတော့ သက်သေက လယ်ပြင် ဆင်နင်းသလို သိသာနေပြီး ဖြစ်ရာ ပြန်လည် ငြင်းခုန်နိုင်သည့် အခွင့် အရေး မရှိတော့ချေ။ ကိစ္စများက ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းနေပြီဟု ခံစားနေရလေသည်။

“ လင်းရီ.. ပြုံးတုံ့တုံကြီး လုပ်နေတာ တော်လိုက်တော့… လေးနက်စမ်းပါ… ရဲအရာရှိကြီးတွေနဲ့ ပူးပေါင်းပေးလိုက်… ခုက ဟာသလုပ်နေရမယ့် အချိန် မဟုတ်ဘူး..” အန်းနင် အော်ပြောလိုက်သည်။

“ မင်း အသံကို တိုးတိုးပြောဟ… ဒီနေရာက ဆေးရုံ… မအော်နဲ့ ... မကောင်းဘူး…”

အန်းနင် မျက်နှာ မည်းခနဲ ဖြစ်သွားတော့သည်။ အခြေအနေကသာ ခွင့်ပြုမည်ဆိုပါက သူမ သွားပြီး လင်းရီ၏ ကျောကုန်းကို တဖြန်းဖြန်း ရိုက်ပစ်လိုက်ချင်သည်။

‘ နင်က ဒါကို ဂရုစိုက်နေသေးရင် နင် သူများကို ဓားနဲ့ထိုးတုန်းက ဘာတွေ တွေးနေခဲ့တာလဲ…’

စိတ်တိုဖို့ ကောင်းလိုက်တာ… တကယ်တည်း

“ မင်းတို့နှစ်ယောက်လုံး အာရုံစိုက်ထားကြစမ်း… ခုက စကားပြောနေရမယ့် အချိန်မဟုတ်ဘူး…” ချိန်လီရှန်း လင်းရီကို သေနတ်ဖြင့် ညွှန်ပြလိုက်ပြီး “ မင်းရဲ့ လက်ကို လေပေါ် မြှောက်ထား..”

“ အိုကေ ရဲ အရာရှိကြီး အေးဆေး အေးဆေး … ခင်များက တာဝန်အရလုပ်နေတာ ကျုပ်သိတယ်..” လင်းရီ ချိန်လီရှန်းကို ပြောလိုက်ပြီး “ ကျုပ်နဲ့ လိုက်ခဲ့… ခင်များကို တစ်ခု ပြစရာ ရှိတယ်…”

“ မင်းငါ့ကို လှည့်စားမယ် မကြံနဲ့နော်… မင်း ဘာလုပ်ဖို့ ကြံနေလဲ ငါ မသိဘူးများ ထင်နေလား….”

“ ခင်များတို့က သေနတ်ကြီးတွေနဲ့လေ… ကျုပ်မှာက *တောင် မရှိတာကို ခင်များတို့က ကြောက်နေသေးတာလား…”

ချိန်လီရှန်း လင်းရီကို သတိဖြင့် ကြည့်လိုက်ပြီး သူ၏ သေနတ်ဖြင့် ပြတင်းပေါက်ထံ ညွှန်ပြလိုက်၏။

“ အဲ့မှာ သွားပြောကြစို့…”

“ အိုကေ…”

လင်းရီ ပြတင်းပေါက်သို့ လမ်းလျှောက်သွားပြီး ချိန်လီရှန်းမှာ နောက်ကနေ ဂရုတစိုက်ဖြင့် လိုက်လာခဲ့သည်။

နှစ်ယောက်ကြားတွင် မီတာဝက်လောက် အကွာအဝေးခြားထား၏။

အကယ်လို့ ထင်မှတ်မထားသည့် တစ်စုံတစ်ရာ ဖြစ်ပျက်လာမည်ဆိုပါ အချိန်မီ တုံ့ပြန်နိုင်လေသည်။

“ အဲ့လောက်ထိ စိတ်ပူနေစရာ မလိုပါဘူး… အမှန်အတိုင်းဆို ကျုပ်တို့က တစ်ဖက်တည်းတွေ…”

လင်းရီ ပြတင်းပေါက် ဘောင်ကို မှီရင်းဖြင့် အေးအေးလူလူ ပြောလိုက်ပြီး သူ၏ အိုင်ဒီကို ချိန်လီရှန်းထံ ပစ်ပေးလိုက်၏။

ယင်းက ဘာလဲ ဆိုတာကို ချိန်လီရှန်း မသိသော်လည်း ဖမ်းယူပြီးနောက် ကြက်သေသေနေမိ၏။ အဘယ်ကြောင့်ဆိုသော် အနီရောင် အိုင်ဒီ၏ အပေါ်တွင် ကြယ်ငါးလုံး ရှိနေသောကြောင့်ဖြစ်သည်။

ဂရုတစိုက်နှင့် ဖွင့်ကြည့်လိုက်တော့ ချိန်လီရှန်း၏ မျက်ဝန်းတို့ ပြူးကျယ်လာလေသည်။

“ မင်းက တကယ်ကြီး…….”

All Chapters